Chapter 1026

371 39 3
                                    

စာစဉ် 69 Chapter 1026 ဘယ်သူ အရင်သေမလဲ ကြည့်ကြတာပေါ့

“ငါ့လက်နဲ့ သေဖို့ မထိုက်တန်ဘူး”
ယဲ့ဖန်၏ စကားအဆုံး၌ မြေကွက်လပ်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ယင်ယန်လောကမှ သိုင်းပညာရှင်များနှင့် နတ်ဘုရားများအားလုံး ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်လာကြသည်။
“တော်တော် လေလုံးထွားတာပဲ၊ နတ်အဆင့်လေးနဲ့ မဟာဘုရင်သုံးပါးကို သူ့လက်နဲ့ သေဖို့ မထိုက်တန်ဘူးလို့ ပြောရသေးတယ်၊ တော်တော် မောက်မာတာပဲ”
“အရင်တုန်းက မဟာဘုရင်ကွမ်းမူ တစ်ယောက်တည်း ရှေးခေတ် သိုင်းပညာရှင် သောင်းချီကို သတ်ပစ်ခဲ့တာ၊ မဟာဘုရင် ထုလောင်ကလည်း လူတစ်သောင်းကို သတ်ခဲ့လို့ သားသတ်သမားလို့ နာမည်တွင်တာလေ၊ သူ့လက်ထဲမှ သေခဲ့တဲ့ အန္တိမအဆင့်တွေ မနည်းဘူး၊ ကောင်းကင်ဘုရင်အဆင့်တွေတောင် ပါသေးတယ်၊ မဟာဘုရင် မရဏ လူသတ်သမားကလည်း သူ့ရဲ့ မြေအောက်လက်ဝါးချက် တစ်ခုတည်းနဲ့ ရှေးခေတ်က နတ်ဘုရားတွေကို နှိမ်နင်းခဲ့တာ၊ ဒီငရဲဘုံကကောင်ကတော့ ရူးနေပြီ”
“ဟမ့် … သူ့လူတွေက မသေမျိုးဖုန်းဝမ်ကို သတ်ခဲ့တာကို၊ သူက သူကိုယ်တိုင် သတ်တယ် ထင်နေပါလား၊ သူ မသေမျိုး ဖုန်းဝမ်ကို သတ်နိုင်ခဲ့တယ်ဆိုရင်တောင်မှ မဟာဘုရင်သုံးပါးကို သူ သတ်နိုင်ပါ့မလား၊ အရူးပဲ”
“ဟားဟားဟား … မသေမျိုး ဖုန်းဝမ်က မဟာဘုရင်လေးပါးထဲမှာ အားအနည်းဆုံးပဲကို၊ ကြည့်နေ ငရဲဘုံကကောင် သေဖို့ သိပ်မလိုတော့ဘူး”
လက်ရှိအချိန်၌ ယင်ယန်လောကမှ သိုင်းပညာရှင် ရှစ်သောင်းကျော်က ယဲ့ဖန်ကို သရော်နေကြသည်။ သူတို့စိတ်ထဲတွင် မဟာဘုရင်သုံးပါးသည် လူသား အရှင်သခင်ပြီးလျင် ဒုတိယနေရာ၌ ရှိနေသောသူများဟု သတ်မှတ်ကာ နတ်မင်းများဟု မှတ်ယူထားကြသည်။
ယဲ့ဖန်အား လေလုံးထွားသော ငရဲဘုံမှ တွားသွားကောင်ဟု သတ်မှတ်ကာ သေရန် မလိုတော့သည့်သူဟု ထင်မှတ် နေ၏။ သူ ပိုမောက်မာလေလေ မြန်မြန်သေလေဟု မှတ်ယူထားသည်။
ယင်ယန်လောကမှ သိုင်းပညာရှင် ရှစ်သောင်းကျော်သာမက မဟာဘုရင်သုံးပါးသည်လည်း ယဲ့ဖန်ကြောင့် ဒေါသူပုန် ထသွားသည်။
“သိပ်ကောင်းတယ်၊ နှစ်နှစ်သိန်းအတွင်း ငါ မြင်ဖူးသမျှ လူတွေထဲမှာ မင်းက အမောက်မာဆုံးလူပဲ”
“ဒါပေမဲ့ မောက်မာခြင်းက သေခြင်းကို ကိုယ်စားပြုတယ်ကွ”
မဟာဘုရင် ကွမ်းမူ၏ စကား၌ သတ်ဖြတ်လိုသော အရိပ်အယောင်များ ပြည့်နှက်နေ၏။ မဟာဘုရင် ထုလောင်က အသာပြုံး၍ ယဲ့ဖန်အား အထင်သေးစွာ ကြည့်နေသည်။
“မဟာနတ္ထိခေတ်တုန်းက ငါ လူပေါင်း တစ်သောင်းရှစ်ထောင့်ခြောက်ရာ ခုနစ်ဆယ့်နှစ်ယောက်ကို သတ်ခဲ့တယ်၊ ဒီနှစ်နှစ်သိန်းအတွင်း ငါ ဘယ်သူ့ကိုမှ မသတ်ရသေးဘူး”
“နှစ်နှစ်သိန်းကြာပြီးမှ ငါ့လက်ထဲမှာ ပထမဆုံး သေရမယ့်လူက မင်းဖြစ်နေလို့ ဂုဏ်ယူသင့်တယ်ကွ”
မဟာဘုရင် ထုလောင်က ယဲ့ဖန်အား သွေးဆာနေသော သားရဲသဖွယ် စူးစိုက်ကြည့်နေ၏။ မဟာဘုရင်နှစ်ပါး၏ စကားအဆုံး၌ မဟာဘုရင် မရဏ လူသတ်သမားက အထင်သေးဟန် အပြည့်ဖြင့် ခေါင်းယမ်းလေသည်။
“အစ်ကိုနှစ်ယောက်တို့ ဒီငရဲဘုံက ပုရွက်ဆိတ်လိုကောင်ကို အရေးမပါတာတွေ ဘာလို့ ပြောနေတာလဲ”
“သတ်မယ်လို့ တစ်ခွန်းတည်း ပြောလိုက်ရင် ပြီးနေတာပဲကို”
မဟာဘုရင် မရဏ လူသတ်သမား၏ စကားအဆုံး၌ မဟာဘုရင် သုံးပါးလုံး လှစ်ခနဲ လှုပ်ရှားလာကြသည်။ သုံးယောက်လုံးသည် အရပ်မျက်နှာတစ်ခုစီမှနေ၍ ယဲ့ဖန်ထံ ပြေးဝင်သွားသည်။
မဟာဘုရင်သုံးပါး ပြိုင်တူ လှုပ်ရှားလာသောအခါ ဖိအားက ကြောက်ခမန်းလိလိပင်။ လေဟာနယ်တစ်ခုလုံး ဗုံးပေါက်သကဲ့သို့ ဆက်တိုက် အက်ကွဲလာ၏။ ဖိအား အရှိန်အဝါကြောင့် ယင်ယန်လောကမှ သိုင်းပညာရှင် ရှစ်သောင်းကျော်ပင် နောက်ဆုတ်သွားရသည်။ မဟာဘုရင်သုံးပါး၏ တိုက်ခိုက်မှုဖိအားအောက်၌ မိမိကိုယ်မိမိ အားနည်းလွန်းလှသည်ဟု ခံစားလာမိသည်။
“ဒါ … ဒါက မဟာဘုရင်ရဲ့ ခွန်အားလား၊ ကြောက်စရာကောင်းလိုက်တာ”
“နှစ်နှစ်သိန်းတောင် ရှိသွားပြီ၊ မဟာဘုရင်တွေရဲ့ တိုက်ခိုက်မှုကို တွေ့ရမှာ စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ”
“သူ့ကိုသတ်၊ ငရဲဘုံကကောင်ကိုသတ်”
ထိုအခိုက်တွင် ယင်ယန်လောကမှ သိုင်းပညာရှင် ရှစ်သောင်းကျော်လုံး သွေးဆူနေကြပြီး သွေးဆာသော မျက်နှာထားများဖြင့် လက်သီးလက်မောင်းတန်းကာ ဟစ်ကြွေးနေကြသည်။
“သတ်”
“သတ်”
“သတ်”
ဟစ်ကြွေးသံများက မဟာဘုရင်သုံးပါးအား အားပေးနေသောအသံများ ဖြစ်သည်။ ဤမြင်ကွင်းကိုကြည့်ပြီး လူသား အရှင်သခင်က ပြုံးတယ်ဆိုရုံလေး ပြုံးလိုက်သည်။
မဟာဘုရင်သုံးပါးက ယခင်နှစ်နှစ်သိန်းကထက် ပို၍သန်မာကြမ်းကြုတ်လာသည်ကို သူ မြင်နေရသည်။ ဘေးနားမှ ရွှယ်ယွမ်ကလည်း ပြုံးနေပြီး ဟွမ်အာကို ပြောလေသည်။
“ငါ့မိန်းမ မင်း မြင်လား”
“မင်း ချစ်တဲ့ ငရဲဘုံက တွားသွားအောင်က ဒီဧကရာဇ် ဘာမှလုပ်စရာတောင်မလိုဘဲ သေရတော့မှာ၊ ဟားဟားဟား …”
ရွှယ်ယွမ် အလွန့်အလွန် ပျော်ရွှင်နေ၏။ ယဲ့ဖန်၏ ဆိုးရွားသော အဆုံးသတ်ကို မြင်ရရန် သူ မစောင့်နိုင်တော့ချေ။ ဟွမ်အာတစ်ယောက် ချစ်ရသူကြောင့် ရင်ကွဲရသည်ကို မြင်ချင်နေ၏။
ထိုအချိန်တွင် ဟွမ်အာ၏ အမူအရာက တည်ငြိမ်နေသည်။ သူမ ယဲ့ဖန်အပေါ် အလွန် ယုံကြည်မှုရှိပုံ ရသည်။
“သေမယ် ဟုတ်လား”
“ဘယ်သူ အရင်သေမလဲ ကြည့်ကြသေးတာပေါ့”
ရွှယ်ယွမ် မျက်နှာ မည်းမှောင်သွားသည်။ ဤအမျိုးသမီးက ငရဲဘုံမှ အကောင်နှင့် ပတ်သက်၍ စိတ်ကူးယဉ် နေလိမ့်ဦးမည်ဟု သူ ထင်မထားမိပေ။
*ငရဲဘုံကကောင်က မဟာဘုရင်သုံးပါးကို ခုခံနိုင်လိမ့်မယ်လို့ သူ တကယ် ထင်နေတာလား၊ ဟာသပဲ*
ထိုသို့တွေးတောပြီးနောက် ရွှယ်ယွမ် မချိုမချဉ်ပြုံး ပြုံးလိုက်သည်။
“အား…”
ထိုစဉ် ငယ်သံပါအောင် အော်ဟစ်သံ ထွက်ပေါ်လာသဖြင့် သူ ပိုပို၍ ပြုံးလိုက်မိသည်။
“မင်း ကြားလား၊ မင်းချစ်ရတဲ့ ပုရွက်ဆိတ်ကောင်က စပြီးအဖြစ်ဆိုးနေ … ဟမ်”
ရွှယ်ယွမ်သည် စကားဆုံးအောင် မပြောလိုက်ရဘဲ ရပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အော်သံက တစ်သံတည်း မဟုတ်သည်ကို သတိထားမိသွားသောကြောင့်ပင်။ အသံက သုံးသံ ဖြစ်နေ၏။
ထို့ကြောင့် ရွှယ်ယွမ်သည် တိုက်ပွဲနေရာသို့ အလျင်အမြန် လှမ်းကြည့်လိုက်မိသည်။ ထိုသို့လှမ်းကြည့် လိုက်သည်နှင့် သူ မျက်လုံးပြူးသွားရသည်။
သူ ကြည့်နေစဉ်မှာပင် ယဲ့ဖန်၏ အင်္ကျီလက်စထဲမှ အနက်ရောင် ပုရွက်ဆိတ်များ အုံလိုက်ကျင်းလိုက် ထွက်လာပြီး မဟာဘုရင်သုံးပါးအား လွှမ်းခြုံသွားသည်။
“မဟုတ်ဘူး”
“ဝိညာဉ်စား ပုရွက်ဆိတ်၊ ဒါ … ဒါ ဆင့်ကဲပြောင်းလဲသွားတဲ့ အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်တွေ”
မဟာဘုရင် ကွမ်းမူ အလွန် တုန်လှုပ်နေ၏။ ထိုစဉ် ဝိညာဉ်စား ပုရွက်ဆိတ်များက သူ့အား လွှမ်းမိုးလာပြီး ခြေလက်များ ကိုက်စားခံလိုက်ရကာ သွေးများ ပန်းထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှ အသားစများက ထောင်ချီသော ဓားများဖြင့် အမွှန်းခံရသကဲ့သို့ ဆက်တိုက် ပဲ့ကျလာ၏။
သူသည်သာမက ဘေးနားမှ ထုလောင်နှင့် မရဏ လူသတ်သမားတို့သည်လည်း ပို၍ အဖြစ်ဆိုးနေကြသည်။ ထုလောင်၏ မျက်လုံးများ အကိုက်ခံလိုက်ရသဖြင့် သွေးများ ပန်းထွက်လာသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များက သူ၏မျက်လုံးထဲမှနေ၍ ဦးခေါင်းနှင့် ခန္ဓာကိုယ်ထဲသို့ ဆက်တိုက် ဖောက်ဝင် လာ၏။ သူ့ထံမှ သွေးများ ပန်းထွက်လာလေသည်။ မရဏ လူသတ်သမားသည်လည်း ဝိညာဉ်စား ပုရွက်ဆိတ်များကြောင့် ခန္ဓာကိုယ်တစ်ဝက် ဆုံးရှုံးသွားရသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်၊ ဘယ်လိုလုပ် ဝိညာဉ်စား ပုရွက်ဆိတ်တွေ ရှိနေရတာလဲ”
မဟာဘုရင်သုံးပါးလုံး အိပ်မက်ဆိုးထဲသို့ ကျရောက်နေပြီး သူတို့၏ အော်သံများကြောင့် လူတိုင်း ခေါင်းမွေးထောင် လာသည်။
ဤမြင်ကွင်းကြောင့် ယင်ယန်လောက၏ သိုင်းပညာရှင် ရှစ်သောင်းကျော်သာမက လူသားအရှင်သခင်နှင့် ရွှယ်ယွမ်တို့ မှင်တက်သွားကြသည်။
သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက သူတို့၏ လက်သည်းများနှင့် အစွယ်များကိုသုံးကာ မဟာဘုရင် သုံးပါးအား ကိုက်ဖဲ့နေကြသည်။
သွေးစက်များနှင့်အတူ အသားစများပါ ပဲ့ထွက်လာပြီး အရိုးများပါ ကိုက်ဖြတ်ခံလာရသည်။ ပို၍ ထိတ်လန့်စရာ ကောင်းသည်မှာ ထိုဝိညာဉ်စား ပုရွက်ဆိတ် တစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်က မာကျောလှပြီး တိုက်ခိုက်ရ ခက်လှသည်။ မဟာဘုရင် သုံးပါးလုံး အပြင်းအထန် တိုက်ခိုက်ပါသော်လည်း နည်းနည်းလေးမှ ခြစ်ရာ မထင်ပေ။
“ဘာတွေ ဖြစ်နေတာလဲ”
“ဝိညာဉ်စား ပုရွက်ဆိတ်အသိုက်ကို ငရဲဘုံမှာ ချိပ်ပိတ်ထားတာ နှစ်နှစ်သိန်းတောင် ရှိနေပြီလေ၊ သူတို့ မျိုးသုဉ်းသွားသင့်တာကို၊ ဘာလို့ ဒီလို ဖြစ်ရတာလဲ”
မဟာဘုရင်သုံးပါး၏ သွေးပျက်၍ မလိုလားသော အော်သံများ တိခနဲ တိတ်ကျသွားသည်။ မဟာဘုရင် သုံးပါး၏ ဦးခေါင်းများ ပေါက်ထွက်သွားပြီး ထိုဦးခေါင်းထဲမှ ဝိညာဉ်စား ပုရွက်ဆိတ်များ ပျံထွက်လာကြသည်။
ဘုတ်!
တစ်စစီ စုတ်ပြတ်နေသော အလောင်းသုံးလောင်းက မြေကြီးပေါ် ဘုန်းခနဲ ပြုတ်ကျသွားလေ၏။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now