Chapter 1028

336 37 0
                                    

စာစဉ် 69 Chapter 1028 လက်သီးသုံးချက်

*ခန္ဓာကိုယ်ထဲကို ယန်စွမ်းအင်တွေ ဖြည့်ပေးထားတယ်တဲ့လား*
ထိုစကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။ ယန်စွမ်းအင်သည် ယင်ယန်လောကမှ သိုင်းပညာရှင်များ အတွက် အလွန် အဖိုးတန်လှသည်။
ယန်စွမ်းအင်ဖြင့် သန့်စင်ထားပါက ခန္ဓာကိုယ်သည် ကြံ့ခိုင်သန်စွမ်းလာပြီး မိမိနှင့်အဆင့်တူသော လူအား အကြိမ်ပေါင်းများစွာ ဖိနှိပ်နိုင်၏။
ဤသည်မှာ လောက၌ အဖိုးအတန်ဆုံးအရာဖြစ်ပြီး ယင်ယန်လောက၏ ရတနာများထက် ဆယ်ဆမက ပို၍ အဖိုးထိုက်တန်လေသည်။
လူသားအရှင်သခင်နှင့် မျိုးနွယ်ကြီး သုံးခုတောင်မှ ယန်စွမ်းအင်ကို အသည်းအသန် လိုက်ရှာပါသော်လည်း မရခဲ့ပေ။
ယခုအခါတွင်မူ ကောင်းကင်တာအိုက ရွှယ်ယွမ်၏ ကိုယ်ထဲသို့ ယန်စွမ်းအင်များ ထည့်သွင်းပေးလိုက်သဖြင့် တုန်လှုပ်ဖွယ် ကောင်းလှသည်။
ရွှယ်ယွမ်၏ ခန္ဓာကိုယ်မှ ပုံမှန်မဟုတ်သော အငွေ့အသက်တစ်မျိုး အဘယ်ကြောင့် ခံစားခဲ့ရသလဲ ဆိုသည်ကို ယခုအခါတွင်မှ ယင်ယန်လောက၏ သိုင်းပညာရှင်များ နားလည်သွားကြသည်။
“ဆရာ့အမိန့်အတိုင်းပါ”
ထိုစဉ် ရွှယ်ယွမ်က ပြုံး၍ သူ့ဆရာကို အရိုအသေ ပေးလိုက်သည်။ ထို့နောက် ဟွမ်အာဘက်လှည့်ကြည့်ကာ ပြောလိုက်လေသည်။
“ငါ့မိန်းမ၊ ငါ မင်းကို ပြောဖို့ မေ့နေတာ၊ လွန်ခဲ့တဲ့အချိန်တွေတုန်းက ဆရာက ငါ့ကို ကောင်းကင်တာအိုဆီ ခေါ်သွားပြီး လျှို့ဝှက်တပည့်အဖြစ် လက်ခံဖို့ ပြောပေးခဲ့တယ်၊ ပြီးတော ငါ့ကို ယန်စွမ်းအင်ကို လက်ဆောင်အဖြစ် ပေးခဲ့တာလေ”
“အစတုန်းက ငါ မင်းကို ရှုံးခဲ့ပင်မယ့် အခုတော့ မင်း ငါ့ကို လုံးဝ အနိုင်ယူနိုင်တော့မှာ မဟုတ်ဘူး”
ရွှယ်ယွမ်က ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေသည်။ ထို့အပြင် ရွှယ်ယွမ်၏ ခန္ဓာကိုယ်မှ နေကဲ့သို့ ပူပြင်းသော အရှိန်အဝါများ ထွက်ပေါ်လာသဖြင့် ဟွမ်အာ၏ မျက်နှာထား ပြောင်းလဲသွားသည်။
ဟွမ်အာ၏နဖူးမှ ချွေးများ စီးကျလာသည်။ လက်ရှိ ရွှယ်ယွမ်က ယခင်လို မဟုတ်တော့ဘဲ ပြန်လည်မွေးဖွား လာသကဲ့သို့ အပြောင်းလဲကြီး ပြောင်းလဲနေသည်ကို သူမ ခံစားမိသည်။ သူ၏အရှိန်အဝါက မဟာဘုရင် သုံးပါးထက်ပင် ပို၍ ပြင်းထန်ကာ အန္တရာယ်များလှသည်။
ဟွမ်အာ ယဲ့ဖန်အတွက် အလွန်အမင်း စိုးရိမ်လာမိသည်။ လူသား အရှင်သခင်နှင့် နန်းတော်အစောင့်များက အလောင်းကောင်မျိုးနွယ်နှင့် ရှေးဟောင်းမိသားစုမှ လူများကို တိုက်ခိုက်မည်ဖြစ်သဖြင့် ယဲ့ဖန်က ရွှယ်ယွမ်နှင့် တိုက်ခိုက်ရပေမည်။ ထိုသို့ဆိုလျင် အန္တရာယ်က ပိုများလာနိုင်သည်။
ဟွမ်အာ စိုးရိမ်နေစဉ်မှာပင် ရွှယ်ယွမ်က ယဲ့ဖန်ထံသို့ လျှောက်လှမ်းသွားသည်။ ယဲ့ဖန်နားသို့ တဖြည်းဖြည်း နီးကပ်လာသည်နှင့် သူသည် ရက်စက်သော အပြုံးမျိုး ပြုံးလိုက်သည်။
“ပုရွက်ဆိတ်ကောင် မင်းက တော်တော်လာပါလား”
“မင်းမှာ ငါ ထင်ထားတာထက်တောင် ပိုများတဲ့ လှည့်ကွက်တွေ ရှိနေသေးတယ်”
ရွှယ်ယွမ်က ခါးကိုမတ်ထားပြီး ယဲ့ဖန်အား သေးငယ်သော ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
“အဲ့လိုရှိနေတော့ရော ဘာဖြစ်လဲ၊ မင်းအစေခံတွေက ဘယ်လောက်ပဲ သန်မာနေပါစေ၊ မင်း ဘယ်လောက် လှည့်ကွက်တွေပဲ သုံးသုံး မင်းကို ဘာကမှ လာမကယ်နိုင်တော့ဘူး”
“ဘာလို့လဲဆိုတော့ မင်းသိုင်းအဆင့်က နိမ့်လွန်းတယ်၊ အဆင့်မရှိဘူး”
သူ၏စကားများက မောက်မာပြီး အထက်စီးဆန်လှသည်။ သူ ပြောချင်လည်း ပြောချင်စရာပင်။ ယဲ့ဖန်က နတ်အထွတ်အထိပ်အဆင့်၌သာ ရှိသေးသဖြင့် ယန်စွမ်းအင်တို့ဖြင့် ပြည့်နှက်နေသော ယင်ယန်လောက၏ နံပါတ်တစ် ပါရမီရှင် ရွှယ်ယွမ်နှင့် ရင်ဆိုင်ရလျင် နိုင်နိုင်ချေ မရှိလုနီးပါးပင်။
ထိုစဉ် ရွှယ်ယွမ်က လက်သီးကိုဆုပ်၍ ဝင့်ပြသည်။ သူ၏ လက်သီး၌ ပူပြင်းသော ယန်စွမ်းအင်များ ရစ်ဝဲနေ၏။ ထိုအရှိန်အဝါနှင့်တင် သန်မာသော ကောင်းကင်ဘုရင်အဆင့်များကို ကြောက်လန့်သွားအောင် ပြုလုပ်ရန် လုံလောက်နေလေပြီ။
“ဒါက ယန်စွမ်းအင်ပဲ၊ ငါ့ဆရာ ကောင်းကင်တာအိုက ငါ့ကိုယ်ထဲကို ယန်စွမ်းအင်တွေ ထည့်ပေးလိုက်ပြီး ကတည်းက ကောင်းကင်ဘုရင် နောက်ဆုံးအဆင့်ကို လက်သီးတစ်ချက်တည်းနဲ့ သေအောင် ထိုးနိုင်နေပြီ”
*ဘာ*
*ကောင်းကင်ဘုရင် နောက်ဆုံးအဆင့်ကို လက်သီးတစ်ချက်တည်းနဲ့ သေအောင် ထိုးနိုင်တယ်တဲ့လား*
ထိုစကားက ယင်ယန်လောက၏ သိုင်းပညာရှင်များအားလုံးကို ပွက်လောရိုက်သွားစေသည်။ ကောင်းကင်ဘုရင် နောက်ဆုံးအဆင့်သည် ယင်ယန်လောက၌ အလွန်ကြောက်စရာကောင်းသော တည်ရှိမှုဖြစ်သည်။ သို့ရာတွင် ထိုအဆင့်မှလူများက ရွှယ်ယွမ်၏ လက်သီးချက်နှင့် မယှဉ်နိုင်ဟု ပြောနေသည်။
*ဒါဆို ရွှယ်ယွမ်ရဲ့ တိုက်ပွဲဝင်ခွန်အားက ကောင်းကင်ဘုရင် အထွတ်အထိပ်အဆင့်နှင့် ယှဉ်နိုင်နေတာလား*
ထိုသို့တွေးမိပြီးနောက် နတ်ဘုရားများ၊ မိသားစုကြီးများနှင့် ယင်ယန်လောက၏ သိုင်းပညာရှင်များအားလုံး စိတ်လှုပ်ရှားလာပြီး လက်သီးလက်မောင်းတန်း၍ အားပေးလာသည်။
“ရွှယ်ယွမ် ပြိုင်ဘက်ကင်း”
“ပြိုင်ဘက်ကင်း ရွှယ်ယွမ်”
“…”
အားလုံးက ရင်ထဲအထိ လေးစားသောစိတ်များဖြင့် အော်ဟစ်နေကြသည်။ သူတို့စိတ်ထဲတွင် ရွှယ်ယွမ်သာ ဆက်လက် ကြီးပြင်းလာပါက လူသား အရှင်သခင်ထက်ပင် ကြောက်စရာ ကောင်းလာနိုင်သည်ဟု တွေးမိနေသည်။ အထူးသဖြင့် ကောင်းကင်တာအိုကို ဆရာတင်ထားသောကြောင့် သူ၏အနာဂတ်က အတိုင်းအဆ မဲ့နေပြီး ယင်ယန်တစ်လောကလုံးကို စိုးမိုးလာနိုင်သည်။
ဘေးပတ်လည်မှ အားပေးသော ဟစ်ကြွေးသံများကို နားထောင်ပြီး မြေကွက်လပ် အလယ်၌ ရပ်နေသော ရွှယ်ယွမ်တစ်ယောက် ကျေနပ်အားရနေ၏။
ဤခံစားချက်ကို သူ အနှစ်သက်ဆုံးပင်။ ထောင်သောင်းချီသော လူများ၏ လေးစားခြင်း ခံရပြီး သက်ရှိအားလုံး၏ ရိုသေခြင်းကို ခံရသော ခံစားချက်ကို သူ နှစ်သက်လှသည်။
ယခု ယဲ့ဖန်၏ သွေးအား သူ နင်းရမည့် ကျောက်တုံးအဖြစ် အသုံးချပြီး နတ်ဘုရားတစ်ပါးအဖြစ် သူ၏ နေရာကို ပုံဖော်နိုင်ပေတော့မည်။
“လက်သီးသုံးချက်”
ရွှယ်ယွမ်က လက်သုံးချောင်ထောင်ပြပြီး ယဲ့ဖန်အား သွေးဆာခက်ထန်သော အပြုံးဖြင့် ကြည့်နေသည်။
“ငါ မင်းကို သတ်ဖို့ လက်သီးသုံးချက်ပဲ သုံးမယ်”
“တစ်ချက်က ယင်ယန်လောကအတွက်”
“နောက်တစ်ချက်က လူသားအရှင်သခင်အတွက်”
“နောက်ဆုံးတစ်ချက်ကတော့ …”
ရွှယ်ယွမ်က ပြောလက်စစကားကို ရပ်၍ ဟွမ်အာကို ပြန်လှည့်ကြည့်လိုက်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“မင်းရဲ့အတိတ်အတွက်ပဲ”
လက်ရှိအချိန်တွင် နတ်ဘုရားများနှင့် ယင်ယန်လောက၏ သိုင်းပညာရှင်အားလုံးသည် ရွှယ်ယွမ်သည် လူသား အရှင်သခင်ကဲ့သို့ လွှမ်းမိုးနိုင်သော အရှိန်အဝါများ ထုတ်ဖော်နေသည်ဟု ထင်မှတ်နေ၏။
ယဲ့ဖန်သည် မည်သို့သော ကြောက်လန့်ဟန်ကိုမှ မပြသဘဲ စိတ်လှုပ်ရှားဟန်မျိုးသာ ပေါ်နေသည်။ ရွှယ်ယွမ်ထံမှ ယန်စွမ်းအင်ကို သူ ခံစားမိပါသည်။ ထိုယန်ချီစွမ်းအင်က သူ၏ ဒဏ်ရာနေသော စိတ်ဝိညာဉ်အား ကုသနိုင်သော လက္ခဏာမျိုး ပြနေလေသည်။ ထို့အပြင် ချိပ်ပိတ်ခံထားရသော လေးလွှာမြောက် မှတ်ဉာဏ်ပင် အက်စပြု လာသည်။
“ကျေးဇူးပဲ”
ယဲ့ဖန်၏စကားကြောင့် ရွှယ်ယွမ် မှင်တက်သွားသည်။
*ကျေးဇူးတင်တယ် ဟုတ်လား*
*ငါက သူ့ကို သတ်ချင်နေတာလေ*
*သူ့အစား ငါက ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား*
*ဒီကောင် … အကြောက်လွန်ပြီး ရူးသွားတာလား*
“ငါ့ဆီ ယန်စွမ်းအင် ယူလာပေးလို့ ကျေးဇူးပဲ”
ယဲ့ဖန်က အပြုံးကြီးပြုံးနေပြီး ထီမထင်ဟန် မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။
“ငါ ကျေးဇူးတင်ကြောင်း ပြတဲ့အနေနဲ့ မင်းဆန္ဒရှိသလို လက်သီးသုံးချက်နဲ့ မင်းကို ထိုးသတ်ဖို့ စိတ်ကူးထားတယ်”
ယဲ့ဖန်၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး ယဲ့ဖန် ရူးသွားပြီဟု ထင်သွားကြလေသည်။ သာမန်လူများဆိုလျင် ဤအခြေအနေမျိုး၌ ကြောက်လန့်ကာ ကျင်ငယ်ရည်ပင် ထွက်ကျလောက်သည်။ ဤသို့သော အဓိပ္ပာယ်မဲ့သည့် စကားမျိုး ပြောနိုင်ပေမည်နည်း။
“မင်းက အခေါင်းကို မမြင်ရသေးသရွေ့ အမြင်မှန်မရမယ့်ပုံပဲ”
ရွှယ်ယွမ်၏ အကြည့်များက ခက်ထန်နေပြီး ယဲ့ဖန်အား လက်သီးသုံးချက်ထိုး၍ သတ်ရန် မစောင့်နိုင်တော့ချေ။ ထို့နောက် မြေကြီးကို ခြေဆုန်ကန်၍ ယဲ့ဖန်ထံသို့ အရူးအမူး ခုန်ဝင်သွားသည်။
ရွှယ်ယွမ်၏ လက်သီးချက်၌ ပါဝင်နေသော ယန်စွမ်းအင်ကြောင့် မြေကွက်လပ်၏ လေဟာနယ် အရည်ပျော် လာသည်။ ပြင်းထန်သော မရဏ အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာ၏။
နတ်ဘုရားများနှင့် သိုင်းပညာရှင် တစ်သိန်းတို့သည် ဤလက်သီးချက်၌ ကောင်းကင်ဘုရင်အဆင့် တစ်ယောက်အား တစ်စစီပေါက်ကွဲအောက် လုပ်နိုင်သော ခွန်အားများ ပါဝင်နေကြောင်း ခံစားမိသည်။
မီတာနှစ်ဆယ်၊ ဆယ်မီတာ၊ ငါးမီတာ။
ထိုစဉ် ရွှယ်ယွမ်၏ လက်သီးချက်က ယဲ့ဖန်နှင့် နီးကပ်သထက် နီးကပ်လာပြီး မရဏ အငွေ့အသက်များက ပိုမို ပြင်းထန်လာသည်။
သို့သော် ယဲ့ဖန်က ကြောက်လန့်နေဟန်ဖြင့် နေရာ၌ ရပ်မြဲတိုင်းရပ်နေသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ထိုအခါ နတ်ဘုရားများနှင့် ယင်ယန်လောက၏ သိုင်းပညာရှင်များက လှောင်ပြောင်ရယ်မောလာပြန်သည်။
*လက်သီးချက်သုံးချက်ဆို*
သူတို့စိတ်ထဲတွင် ဤလက်သီးချက်ကို ယဲ့ဖန် ကြောက်လန့်နေသည်ဟု ထင်မှတ်ကာ အထင်သေးနေကြသည်။
*ပုရွက်ဆိတ်က ပုရွက်ဆိတ်ပါပဲကွာ*
ဟွမ်အာက အခြားသူများနှင့် မတူပေ။ ယဲ့ဖန်၏ အမူအရာကို မြင်လိုက်ရချိန်တွင် ဘာကြောင့်မှန်းမသိသော်လည်း သူမ စိတ်အေးသလိုဖြစ်သွားပြီး သက်ပြင်းချလိုက်မိသည်။ ယဲ့ဖန်ကို သူမ သိနားလည်ပါသည်။ သူ၏ပုံစံက အောင်ပွဲ ဆွတ်ခူးနိုင်သည့် အမူအရာမျိုးပင်။
“သေပေတော့”
ထိုစဉ် ရွှယ်ယွမ်က ရက်စက်ခက်ထန်သော အမူအရာဖြင့် ယဲ့ဖန်၏ဦးခေါင်းကို လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ယဲ့ဖန်၏ ဦးခေါင်းသို့ လက်သီးချက် ကျရောက်ရန် လက်မတင်သေးသာ လိုတော့သော်လည်း သူ၏ လက်သီးအောက်၌ ယဲ့ဖန် ဆိုးရွားစွာ သေဆုံးပြီး သွေးများ ပန်းထွက်လာတော့မည်ဟု မြင်ယောင်နေ၏။ ရွှယ်ယွမ် စိတ်လှုပ်ရှားကာ အပြုံးကြီး ပြုံးနေမိသည်။
ဒေါင်!
ထိုစဉ် ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ရွှယ်ယွမ်၏အပြုံးသည်လည်း အေးခဲသွားလေတော့သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now