Chapter 1059

346 36 2
                                    

စာစဉ် 71 Chapter 1059 နာမည်ကြီးလာသော လုပ်ငန်း

ချိုမြိန်မွှေးကြိုင် လွန်းလှသော ရနံ့က ဖျင်အန်းမြို့၏ စားသောက်ဆိုင်ရှိနေရာ နေရာတစ်ဝိုက်သို့ ပျံ့လွင့် သွားသည်။
လမ်းပေါ်၌ သွားလာနေကြသော လမ်းသွားလမ်းလာများအားလုံး လမ်းလျှောက်နေရာမှ ရပ်သွားကြပြီး နှာခေါင်းတရှုံ့ရှုံ့နှင့် ထိုမွှေးရနံ့ လာရာအရပ်သို့ အနံ့ခံကြလေသည်။
ထိုရနံ့ကို ရလိုက်သည်နှင့် မိမိတို့၏ သွေးကြောများထဲမှ ဆဲလ်တိုင်း အားပြည့်လာသည်ဟု သူတို့ ခံစား မိသည်။ ထိုမွှေးရနံ့က လူတိုင်း၏ စားချင်စိတ်ကို တိုးမြင့်လာစေပုံ ရသည်။
သူတို့သည်သာမက ဆိုင်ပေါင်းများစွာမှ စားသုံးသူများလည်း အပြင်သို့ ထွက်လာကြပြီး ထိုမွှေးရနံ့ လာရာအရပ်ကို ရှာလာကြသည်။ ထို့အတူ စားသောက်ဆိုင်လေးအတွင်းမှ လူများအားလုံး နားဝေ တိမ်တောင် ဖြစ်နေကြလေသည်။
“ဒီ … ဒီအနံ့က …”
ထိုင်ခုံ၌ ထိုင်နေကြသော ဧည့်သည်များအားလုံး ခပ်အုပ်အုပ် ရေရွတ်ရင်း တံတွေး မျိုချနေကြပြီး စားဖိုမှူးရှိရာ မီးဖိုချောင်သို့ လှမ်းကြည့်လာ၏။ ထိုအနံ့က မီးဖိုချောင်နောက်မှ ထွက်လာခြင်း ဖြစ်ကြောင့် သူတို့ သေချာအနံ့ရနေသည်။
“ဂလု”
အားပင်းနှင့် မိန်းမဝကြီးတောင်မှ တံတွေးမျိုချမိသည်။ မိန်းမဝကြီးသည် မရေတွက်နိုင်သော အရသာ ရှိသည့် ဟင်းလျာများကို စားဖူးခဲ့ပြီးသား ဖြစ်သည်။ အနံ့ရရုံနှင့် ဘယ်ဟင်းလျာဖြစ်ကြောင်း ပြောနိုင်၏။
သို့သော် ယခုအချိန်၌ သူမ၏ စိတ်ထဲတွင် ယခင်ဟင်းလျာများ၏ အနံ့အရသာက လက်ရှိ အနံ့ အရသာနှင့် အမှိုက်သာသာမျှသာ ရှိသည်ဟု ထင်မှတ်နေသည်။
“မဟုတ်ဘူး ... မဖြစ်နိုင်ဘူး၊ ဒီလိုအနံ့အရသာမျိုး ဘာလို့ ထွက်လာရတာလဲ၊ ဒါက ဒဏ္ဍာရီထဲက ရှေးဟောင်း စားကောင်းသောက်ဖွယ်နဲ့ တူနေတယ်”
သူမ အလွန်အမင်း မှင်တက်နေမိသည်။ ဤအနံ့အရသာသည် ယန်နယ်မြေ၏ ရှေးဟောင်း ဒဏ္ဍာရီထဲမှ ပျောက်ကွယ်နေသော ထိပ်တန်း စားကောင်းသောက်ဖွယ်နှင့် တူနေ၏။
ယန်နယ်မြေ၏ ရှေးခေတ်အချိန်အခါတွင် စားကောင်းသောက်ဖွယ်များစွာ ရှိခဲ့ပြီး ထိုဟင်းလျာများ အားလုံးက ဧကရာဇ်နှင့် ကျုံးကျိုးနယ်မြေမှ ထိပ်တန်းပုဂ္ဂိုလ်ကြီးများကို ဆက်သသော ဟင်းလျာများ ဖြစ်လေသည်။
ထိုဟင်းလျာများကို သာမန်လူများ မြင်တွေ့ရန် ခဲယဉ်းလှသည်။ လက်ရှိတွင် ထိုဟင်းလျာအများစုသည် ပျောက်ဆုံးသွားသည်မှာ အတော်ကြာနေလေပြီ။
ယခုအခါတွင်မူ မိန်းမဝကြီးသည် ဖြစ်နိုင်ချေများကို တွေးမိပြီး တုန်လှုပ်သွားသလို ယဲ့ဖန်အား သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြည့်လိုက်မိသည်။
*ဒါ ... ဒါက ဒီကောင် ရေးထားတဲ့ ချက်နည်းအတိုင်း တကယ် ချက်ထားတဲ့ဟာလား*
*မဖြစ်နိုင်လိုက်တာ*
သူမဘေးမှ အားပင်းသည်လည်း မျက်လုံးပြူးနေ၏။ ဦးလေးကျုံး၏ လက်ရာကို သူ အသိဆုံးပင်။ ဦးလေးကျုံး၏ စွမ်းရည်နှင့်ဆိုလျင် ဤသို့ အနံ့အရသာ ကောင်းမွန်သော ဟင်းလျာကို ဘယ်သောအခါမှ ဖန်တီးနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် ဤဟင်းလျာက ယဲ့ဖန် ရေးလိုက်သော ချက်နည်းထဲက ဟင်းလျာ ဖြစ်သည်ဟူသော အဖြေတစ်ခုတည်းသာ ရှိတော့သည်။
“သူ...သူဌေးဝမ်၊ မစိုးရိမ်ပါနဲ့၊ အနံ့က တအားမွှေးနေပင်မယ့် အရသာက ဘယ်လိုရှိမလဲ သိမှမသိတာ”
“ရနေတဲ့အနံ့နဲ့ အရသာက တူမှာ မဟုတ်ပါဘူး”
အားပင်းက မိန်းမဝကြီးကို စကားလုံးများဖြင့် နှစ်သိမ့်လိုက်သည်။ သို့သော် သူကိုယ်တိုင်တောင်မှ ဤဆင်ခြေက မည်မျှဆိုးရွားလှကြောင်း သိနေ၏။
အခြားသူများနှင့် ယှဉ်လျင် အထိတ်လန့်ဆုံးသူမှာ ကျုံးလီအာပင်။ သူမဘေးမှ ယဲ့ဖန်ကို ငေးကြည့် နေမိသည်။ ထို့နောက် သူမ၏ အစ်ကိုယဲ့က သူမ ထင်ထားသည်ထက် ပို၍ဆန်းကြယ်သောသူ ဖြစ်ကြောင်း သတိပြုမိလာသည်။
“ပြီးသွားပြီ”
ကျုံးလီအာ စဉ်းစားနေချိန်တွင် ဦးလေးကျုံးက ဝမ်းသာနေသော မျက်နှာဖြင့် လင်ဗန်းတစ်ချပ်ကို ကိုင်၍ ထွက်လာ၏။ လက်ရှိတွင် သူသည် ငွေငါးသန်း ပေါက်သကဲ့သို့ စိတ်လှုပ်ရှားကာ မျက်နှာနီမြန်းနေသည်။ ယဲ့ဖန်ဘေးနားမှ ဖြတ်သွားချိန်တွင် ဦးလေးကျုံးက ယဲ့ဖန်ကို ပြောလိုက်သည်။
“ရှောင်ဖန်၊ ငါ ဟင်းလျာတွေကို မင်းချက်နည်းအတိုင်း သေချာချက်ထားတယ်၊ ပါဝင်ပစ္စည်းကော အပူချိန်ရော အတိအကျပဲ”
ဦးလေးကျုံးသည် စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်နေ၏။ မီးဖိုချောင်ထဲသို့ စဝင်သွားချိန်၌ သူ မည်မျှ အားလျော့နေကြောင်း သူသာ အသိဆုံးပင်။
သို့သော် ဟင်းအိုးထဲမှနေ၍ ပထမဆုံး အနံ့ထွက်လာချိန်တွင် သူ မှင်တက်သွားရသည်။ အဘယ်ကြောင့် ဆိုသော် ယဲ့ဖန် ရေးထားသော ချက်နည်းသည် ဟင်းချက်နည်းထက် ဆေးဝါးနည်းနှင့် ပိုတူနေသည်ကို သိလိုက်ရသောကြောင့် ဖြစ်သည်။
ဟင်းသီးဟင်းရွက်ဖြစ်စေ၊ အဆီနည်းသော အသားဖြစ်စေ၊ ပါဝင်သောအရာများတောင်မှ အသန့်စင်ဆုံး ရနံ့အဖြစ်သို့ သန့်စင်သွားလေသည်။ အားလုံးကို အတူတကွ ချက်ပြုတ်ပြီးနောက် မွှေးရနံ့က ဆယ်ဆမက ပိုတိုးလာ၏။
လက်ရှိတွင် ဦးလေးကျုံးသည် ယဲ့ဖန်အား ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်ပြီး ဧည့်သည်များ ထိုင်နေသော စားပွဲသို့ ဦးတည်သွားလိုက်သည်။
“အနံ့က မွှေးလိုက်တာ”
စိမ်းစိုလတ်ဆတ်သော ဟင်းလျာကို မြင်လိုက်ရသည့်နှင့် စိတ်မရှည်တော့သော ဧည့်သည်များ ပါးစပ်တပြင်ပြင် ဖြစ်လာလေသည်။
ပန်းကန် ရောက်လာသည်နှင့် တူကို အလျင်အမြန် ကောက်ကိုင်၍ ကျားသားတစ်တုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။
ထိုအခိုက်တွင် မိန်းမဝကြီး၊ အားပင်နှင့် ကျုံးသားအဖတို့ အလွန် စိုးရိမ်နေကြပြီး ဧည့်သည်များ၏ အမူအရာကိုသာ ကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ အမူအရာက ကျုံးမိသားစု၏ စားသောက်ဆိုင်လေး၏ သေရေး ရှင်ရေးကို ဆုံးဖြတ်နိုင်သောကြောင့်ပင်။ ယဲ့ဖန်တစ်ယောက်တည်းသာ စိတ်မဝင်စားသော မျက်နှာပေး ဖြင့် ရှိနေ၏။
ဤဟင်းလျာသည် သူ့အတွက် အလွန် ရိုးစင်းသော ဟင်းလျာတစ်ပွဲသာ ဖြစ်သည်။ သူသာ ဆန္ဒရှိပါက ဘုံကိုးပါး ဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ ရှေးဟောင်း ဟင်းလျာများကို ချရေးနိုင်လေသည်။
“မြတ် … မြတ်စွာဘုရား၊ အနံ့လေးက မွှေးလိုက်တာ၊ ဒါ ငါ့ဘဝမှာ စားဖူးတဲ့ အကောင်းဆုံး ဟင်းလျာ ဆိုတာ အသေအချာပဲ”
ရုတ်ချည်းဆိုသလိုပင် ဧည့်သည်တစ်ယောက်က ထအော်လေသည်။ သူ၏ခံတွင်းမှနေ၍ အနံ့ အရသာက ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တိုင်းသို့ ပျံ့နှံ့သွားသလို ခံစားလာရသည်။ ထိုခံစားချက်က သန့်စင်သော ယန်စွမ်းအင် ဝင်ရောက်လာသော ခံစားချက်မျိုး ဖြစ်လေသည်။
“ငါ … ငါ့ယန်စွမ်းအင်ကို ခံစားမိနေတယ်၊ နည်းနည်းတောင် ပိုတိုးနေသလိုပဲ၊ ငါ ခံစားရတာ မှားနေတာ များလား”
နောက်ဧည့်သည်တစ်ယောက်က အခြားသူများကို အံ့ဩသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုစဉ် အချို့လူများကလည်း သူတို့၏ ခံစားချက်များကို ပြောပြလာသည်။
“ဟုတ်တယ်၊ ငါလည်း ခံစားမိတယ်၊ ငါ့ယန်စွမ်းအင်လည်း ကျစ်လျစ်လာသလိုပဲ”
“မြတ်စွာဘုရား၊ ဒါ ဘာဟင်းလျာလဲ၊ ဒါ ယန်စွမ်းအင်ကို တိုးမြင့်စေနိုင်တဲ့ ဆေးနည်းဆိုတာ အသိသာ ကြီးကို”
“…”
ဧည့်သည်များသည် လက်ရှိတွင် ရက်ပေါင်းများစွာ ငတ်ပြတ်နေသော တစ္ဆေများကဲ့သို့ ဖြစ်နေကြသည်။ သူတို့သည် စကားပင် ထပ်မပြောနိုင်ဘဲ တူကိုကိုင်၍ ကသုတ်ကရက် စားနေ၏။ သူတို့၏ အရူးအမူး ပြုမူနေသော အပြုအမူကြောင့် ဘေးလူများအားလုံး အံ့ဩသွားသည်။
“သူဌေး မြန်မြန်လုပ်ဗျာ၊ နောက်လေးပွဲ … မဟုတ်ဘူး၊ ဆယ်ပွဲ လိုချင်တယ်”
ထိုဧည့်သည်များသည် စား၍မပြီးသေးခင်မှာပင် ဦးလေးကျုံးကို လှမ်းအော်၍ မှာလေတော့သည်။ ဆယ်ပွဲ ဟူသော စကားကြောင့် ဦးလေးကျုံးသည် အံ့ဩသွားပြီးနောက် ဝမ်းသာသွားလေသည်။
“ရမယ်၊ အခု ရစေရမယ်”
ထိုသို့ပြောပြီး ဦးလေးကျုံးက မီးဖိုချောင်ထဲသို့ အလျင်အမြန် ပြန်ဝင်သွားသည်။ ထို့အပြင် ဆိုင်အပြင်မှ နေ၍ လူတစ်ယောက်ပြီး တစ်ယောက် ဝင်လာကြပြန်သည်။
“အနံ့က ဒီဆိုင်က လာတာထင်တယ်၊ သူဌေး ခင်ဗျား ဘာဟင်းချက်နေတာလဲ၊ ကျုပ်ကို တစ်ပွဲပေးဗျာ”
“ကျုပ်ရောပဲ၊ တစ်ပွဲ မှာမယ်”
“…”
အချိန်တိုအတွင်းမှာပင် စားသောက်ဆိုင်လေးထဲ၌ လူတို့ဖြင့် ပြည့်နှက်လာသည်။ အားလုံးသည် မွှေးရနံ့၏ ဆွဲဆောင်မှုကြောင့် ရောက်လာကြခြင်း ဖြစ်ပေသည်။ သူတို့သည်သာမက ဆိုင်ထဲဝင်ရန် တိုးဝှေ့နေသည့် လူအုပ်ကြီးလည်း ရှိနေသေး၏။
ထိုအခိုက်တွင် မိန်းမဝကြီးနှင့် အားပင်းတို့ ကြက်သေ သေနေကြသည်။ အစောပိုင်းလေးတင် ခြောက်ကပ်နေသော ကျုံးစားသောက်ဆိုင်က ယခုအခါတွင် လူများ ပြည့်ကျပ်၍ ဆူညံနေသည်။
ဤအဖြစ်ကို ကိုယ်တိုင်သာ မမြင်ခဲ့ပါက အသတ်ခံလိုက်ရလျင်တောင်မှ ယုံနိုင်ဦးမည် မဟုတ်ပါ။ မိန်းမဝကြီးကို ပို၍သွေးအန်သွားစေသည့် အဖြစ်မှာ ဤမွှေးရနံ့ကြောင့် သူမဆိုင်ထဲမှ ဧည့်သည်များက ဤဆိုင်သို့ တစ်ယောက်ပြီး တစ်ယောက်ဝင်လာကြသည့် အဖြစ်ပင်။
မိန်းမဝကြီး၏ မျက်နှာက ပြာနှမ်းလာသည်။ ဤဟင်းလျာတစ်မျိုးတည်းဖြင့် ကျုံးမိသားစု၏ စားသောက်ဆိုင်ကို ဖျက်ဆီးလိုသည့် သူမစိတ်ကူး ပျက်ဆီးသွားကြောင်း ရိပ်စားမိသွားသည်။
သူမ၏ စားသောက်ဆိုင်တောင်မှ စီးပွားရေး အခြေလှုပ်လာမည်ကို စိုးရိမ်ရသည်။ အားပင်း သည်လည်း ပို၍ အရှက်နေ၏။
သူ ဘက်ပြောင်းလိုက်သည့် တစ်ခဏအတွင်း ကျုံးမိသားစု၏ စားသောက်ဆိုင်က နာမည်ကြီး လာလိမ့်မည်ဟု ထင်မထားမိချေ။
ယခင်က သူသည် ကျုံးမိသားစု၏ စားသောက်ဆိုင်၌ ပုံသေ လခဖြင့် ရခြင်းမဟုတ်ဘဲ ဝန်ဆောင်ခဖြင့် ရခြင်း ဖြစ်သည်။
ယခင်က ဝန်ဆောင်ခ သိပ်မများသော်လည်း ယခု များပြားလှသည့် လူအုပ်ကြီးကို ကြည့်မြင်ဆိုလျင် ဝန်ဆောင်ခက ပိုရလာလောက်သည်။
ထိုသို့တွေးတောပြီးနောက် အားပင်းသည် ဦးလေးကျုံးထံသို့ စိတ်လှုပ်ရှားသော မျက်နှာဖြင့် သွားပြော လေသည်။
“ဦး…ဦးလေးကျုံး၊ ခင်ဗျား အလုပ်များနေတယ်မလား၊ ကျွန်တော် ကူပေးမယ်လေ”
ထိုသို့ပြောပြီး အားပင်းက စားပွဲများအား သန့်ရှင်းပေးရန် ပြင်လေသည်။ ဤသည်ကိုကြည့်ပြီး ဦးလေးကျုံးနှင့် ကျုံးလီအာတို့ ဒေါသထွက်သွားသည်။
အားပင်းက ဤမျှ အရှက်မဲ့လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ မိန်းမဝကြီးဘက်သို့ ပြောင်းသွား ပြီးသည်မှာ မကြာသေးသော်လည်း ယခုအခါတွင် မိမိတို့ဘက်သို့ ပြန်လာချင်နေ၏။
“မလိုဘူး၊ မင်းက ငါတို့ဆိုင်က အလုပ်သမား မဟုတ်ဘူး၊ ဒီကနေ ထွက်သွားစမ်း”
ဦးလေးကျုံးသည် သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။ ထိုသို့ပြောပြီးသည်နှင့် သူက ကျုံးလီအာကို လက်ဟန်ခြေဟန်ပြလိုက်ပြီးနောက် ဧည့်သည်များကို အလျင်အမြန် ဧည့်ခံလေသည်။
ထိုအခါ အားပင်းသည် ယင်ကောင်ကို စားလိုက်မိသကဲ့သို့ ဖြစ်သွားပြီး မျက်နှာပြာနှမ်းကာ မိန်းမဝကြီးထံ ပြန်သွားလိုက်သည်။ ထိုစဉ် သူ အော်သံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
“နင့်လိုလူစားမျိုးကို ငါ့ဝမ်မိသားစု စားသောက်ဆိုင်မှာ မလိုအပ်ဘူး”
မိန်းမဝကြီးက သူမ၏ ဒေါသကို အားပင်းထံ ပုံချလိုက်လေသည်။ ပြောပြီးသည်နှင့် သူမသည် အားပင်းကို တစ်ချက်ပင် မကြည့်ဘဲ ကျုံးမိသားစု၏ စားသောက်ဆိုင်ထဲမှ ထွက်သွားလေသည်။
ယခုတစ်ခေါက်တွင် သူမသည် ကိုယ့်ရှူးကိုယ်ပြန် ပတ်သလို ဖြစ်သွားသည်။ သူမဆိုင်က လူဝင်နည်း သွားသဖြင့် သူမ အားပင်းကို မလိုအပ်တော့ပေ။
မိန်းမဝကြီး၏ စကားကြောင့် အားပင်းသည် နေသာသောနေ့၌ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အံ့ဩသွားရသည်။
သူ အလုပ်ပြုတ်သွားလေပြီ။ သူသည် ယဲ့ဖန်အား ငေးကြည့်မိပြီး ယဲ့ဖန်ကို ပြောခဲ့မိသော စကားကို ပြန်သတိရ မိသွားသည်။
“မင်းလိုအမှိုက်က ကျုံးသားအဖနဲ့အတူနေပြီး ငတ်သေပေါ့ကွာ”
*ငတ်သေတဲ့လား*
ယခု ငတ်သေတော့မည့်လူက ယဲ့ဖန် မဟုတ်ဘဲ သူ ဖြစ်နေ၏။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now