Chapter 1098

379 40 2
                                    

စာစဉ် 74 Chapter 1098 သူ သတ်ချင်နေတယ်

ဘုတ်! ဘုတ်! ဘုတ်!
ထိုအခိုက်တွင် ဖျင်အန်းမြို့ အားကစားကွင်း၏ စင်မြင့်ပေါ်တွင် ထူးဆန်း၍ သွေးစွန်းသော အဖြစ်အပျက်များ ဖြစ်ပေါ်လာသည်။
လေထဲမှနေ၍ ခေါင်းပြတ်များ တစ်လုံးပြီး တစ်လုံး လွင့်ပျံကာ စင်မြင့်ပေါ်သို့ အရှိန်ဖြင့် ကျလာ၏။
ထိုဦးခေါင်းပြတ်များတွင် နတ်ဆိုးတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ သွေးပျက် ကြောက်လန့်နေဟန်များ ထင်ဟပ်နေဆဲ ဖြစ်ပြီး လူတိုင်း ခေါင်းမွေးထောင်သွားကြသည်။
ဆယ်ခု၊ အခုနှစ်ဆယ်၊ နောက်ဆုံးတွင် စင်မြင့်၏ ကြမ်းပြင်ထက်သို့ သွေးစွန်းနေသော ခေါင်းပြတ် အလုံးသုံးဆယ်နီးပါး ကျလာသဖြင့် ခြောက်ခြားလာလေသည်။
အားကစားကွင်း တစ်ခုလုံးမှ လူတိုင်း မှင်တက်ကာ တိတ်ဆိတ်သွားကြသည်။ သွေးစွန်းနေသော ခေါင်းပြတ်များကိုကြည့်ပြီး လူတိုင်း ခေါင်းစခြေဆုံး ချမ်းစိမ့်သွားသည်။
“ကောတဲယို၊ ဒါ … ဒါ ငါ့လင်းမိသားစု ဘဏ္ဍာစိုးရဲ့ ဦးခေါင်း မဟုတ်လား”
“ရဲ့စန်၊ သေစမ်း ဒါ ယဲ့မိသားစုရဲ့ သက်တော်စောင့်ပဲ”
“…”
ထိုဦးခေါင်းပြတ်များ၏ ပိုင်ရှင်များကို မှတ်မိသွားပြီးနောက် လင်းမိသားစုနှင့် ယဲ့မိသားစုတို့သည် ဆီအိုးထဲ ရေကျသကဲ့သို့ ပွက်ပွက်ဆူကာ ထိတ်လန့်‌၍ ဒေါသထွက်လာကြသည်။
“ဘယ်သူလဲ၊ ဒါ ဘယ်အကောင်လဲကွ၊ ထွက်ခဲ့စမ်း”
လင်းထျန်းဟောင်နှင့် ယဲ့ကျန့်ရှုံးတို့၏ မျက်နှာများက မည်းမှောင်နေပြီး ဒေါသတကြီး ဟစ်အော်လာ၏။
ယခုအခြေအနေမျိုး၌ လူတစ်ချို့က လင်းမိသားစုနှင့် ယဲ့မိသားစုကို ရန်စသည့်အပြင် သူတို့မိသားစုမှ လူသုံးဆယ်နီးပါးကိုသာ သတ်ရဲလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
သူတို့သည်သာမက ထန်မင်လီ၊ ထန်ယွင်အာနှင့် စင်မြင့်ပေါ်ရှိ အပြင်းအထန် ဒဏ်ရာရထားသော ကင်းမြီးကောက် လူသတ်သမားပင် ထိတ်လန့်သွားလေသည်။
ချက်ချင်းဆိုသလိုပင် သူတို့ တစ်စုံတစ်ရာကို တွေးလိုက်မိပြီး အားကစားကွင်း၏ ဝင်ပေါက်သို့ အလျင်အမြန် လှမ်းကြည့်လိုက်သည်။
“သူများ ဖြစ်နေမလား”
လူတိုင်း၏ စိတ်ထဲတွင် ပိန်ပါးပါး လူတစ်ယောက်၏ ပုံရိပ် ပေါ်ထွက်လာပြီး အားလုံး စိတ်လှုပ်ရှားကာ လက်၌ ချွေးများ စို့လာ၏။
လူတိုင်း၏ အကြည့်အောက်၌ ပုံရိပ်နှစ်ခုက အားကစားကွင်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာ၏။ ရှေ့ဆုံးမှ လူကို မြင်လိုက်သောအခါ လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ ဆတ်ခနဲ ဖြစ်သွားပြီး အမူအရာ ပြောင်းသွားသည်။ ထို့နောက် ထိုင်နေရာမှ ခေါင်းပြူလိုက်ပြီးနောက် ထရပ်လိုက်လေသည်။
“ယဲ့ဖန် နင်ကိုး”
“လခွမ်း မင်းက လာရဲသေးတယ်ပေါ့”
လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့၏ စကားကို ကြားသောအခါ အားကစားကွင်းတစ်ခုလုံး ဆူညံသွားသည်။ ဤလူက ဖျင်အန်းမြို့ကို မုန်တိုင်းထန်သွားစေသည့် အမည်မသိ လူကြီးမင်း ယဲ့ဖန် ဖြစ်ကြောင်း မေးနေစရာ မလိုအောင် သိလိုက်ကြသည်။
သူတို့ တွေးမိသည့် တစ်ခုတည်းသော အရာမှ အမည်မသိ လူကြီးမင်းက ငယ်ရွယ်လွန်းသည်ဟူသော အချက်ပင်။
လူပေါင်း တစ်သောင်း၏ စိတ်ဝင်တစား ကြည့်နေသော အကြည့်အောက်၌ ယဲ့ဖန်သည် ထျဲမူထားကို ခေါ်၍ စင်မြင့်ထက်သို့ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
သူ ဘေးဘီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်ကို မြင်သောအခါ သေလူများကို ကြည့်သကဲ့သို့ ကြည့်ကာ လှစ်ခနဲ ပြုံးလိုက်သည်။
“မင်းတို့ ငါ့ကို အကြွေးတင်နေတယ်၊ အဲ့ဒါကို ပြန်ဆပ်ဖို့ အချိန်ရောက်ပြီ”
“ဒီခေါင်းတွေကတော့ အတိုးပေါ့”
ယဲ့ဖန်က ကျန်းမိန်တို့ ဆရာတပည့် လာမည်ကို သိသော်လည်း ထွက်ပြေးမည့်အစား မောက်မာ ဝင့်ကြွားစွာ ရောက်လာလိမ့်မည်ဟု အားလုံး ထင်မထားမိပေ။ မိသားစု နှစ်ခုမှ သက်တော်စောင့်များ၏ ဦးခေါင်းများကိုပင် အတိုးဟု ပြောနေသေးသည်။
*ဒီ … ဒီကောင် တကယ် သေချင်နေတာလား*
ထိုအခိုက်တွင် လင်းမိသားစုနှင့် ယဲ့မိသားစု၏ မျက်နှာများက သုန်မှုန်နေပြီး အားလုံး၏ မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်နေ၏။
အထူးသဖြင့် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ပင်။ သူတို့သည် ယဲ့ဖန်၏ လူသတ်ချင်စိတ်ကို ခံစားမိသဖြင့် တစ်ကိုယ်လုံး အေးစက်သွားလေသည်။ ထိုနေ့က ယဲ့ဖန်တစ်ယောက် ဆရာသခင်နှင့် ရာချီသော သရဲတစ္ဆေများအား ရက်စက်သော နည်းလမ်းဖြင့် သတ်ခဲ့သည်ကို ပြန်တွေးမိပြီး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
သို့သော် သူတို့အနားမှ ကျန်းမိန်ကို မြင်ပြီးနောက် နှစ်ယောက်လုံး၏ ကြောက်လန့်နေသော စိတ်များက ချက်ချင်း တည်ငြိမ်သွားသည်။
“ယဲ့မျိုးရိုးနဲ့ကောင် ဗျစ်တောက်ဗျစ်တောက် ပြောမနေနဲ့၊ ဘယ်သူက နင့်ကို အကြွေးတင်နေလို့လဲ၊ နင်ပဲ ဆရာသခင်ကို သတ်ခဲ့တာ၊ ကြင်နာမှုကို ရန်လိုစိတ်နဲ့ တုံ့ပြန်တဲ့ ဝံပုလွေကောင်က နင်ပဲ”
“ဟုတ်တယ်၊ ဆရာသခင်က နင့်အသက်ကို ကယ်ခဲ့တာ၊ နင်က သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး သတ်ခဲ့တာ၊ ဒီနေ့ နင့်သေခြင်းတရားနဲ့ သွေးကြွေးကို ပြန်ဆပ်ရမယ်”
နှစ်ယောက်သား၏ စကားအဆုံး၌ လင်းမိသားစုနှင့် ယဲ့မိသားစုမှ လူတိုင်းက ယဲ့ဖန်ကို အော်ဟစ် ပြောဆိုကြသည်။
“ဝံပုလွေကောင်၊ မင်းရဲ့ အသက်သခင် ကျေးဇူးရှင်ကို သတ်ပြီးမှတော့ အခု သေသင့်တယ်ကွ”
“ဆရာကျန်းမိန် သူ့ကို သတ်လိုက်ပါ၊ ဆရာသခင်အတွက် လက်စားချေပေးပါ”
“ဟားဟားဟား … ဘာမဟုတ်တဲ့ကောင်၊ နောက်နှစ် ဒီအချိန်ရောက်ရင် မင်း သေတာ တစ်နှစ်ပြည့်မှာကွ”
မိသားစုကြီးနှစ်ခု၏ လူတိုင်းထံမှ ရက်စက်သော ဆဲရေးတိုင်းထွာမှုများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဤသည်ကိုကြည့်ပြီး လူအုပ်အနောက်မှ ဖန်းရီပေါ်၊ ဖေးဖေးနှင့် အခြားသူများအားလုံး အလွန် စိတ်လှုပ်ရှား လာကြသည်။ သူတို့သည်လည်း ယဲ့ဖန် ထွက်ပြေးသွားပြီဟု ထင်ထားမိပြီး ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိပါ။
“ဟားဟား … ဒီအရူးက ကိုယ့်သေတွင်း ကိုယ်တူးနေတာလား”
“ဟုတ်တယ် ကြည့်နေ၊ ဆရာတပည့် နှစ်ယောက်က ခဏနေရင် သူ့ကို အခါတစ်သောင်းလောက် နုတ်နုတ်စင်းပစ်မှာ”
“…”
ဖန်းရီပေါ်နှင့် အခြားသူများသည် ယဲ့ဖန်၏ ဆိုးရွားလှ‌သော အဆုံးသတ်ကို မြင်နေရသကဲ့သို့ အလွန် စိတ်လှုပ်ရှားနေကြသည်။ အားလုံး၏ စိတ်ထဲတွင် ယဲ့ဖန်အား သေလူနှင့်မခြားတော့ဟု ထင်နေ၏။
ထိုစဉ် လူအိုကြီး ကျန်းမိန်က အချက်ပြလိုက်သောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ် သွားသည်။
လူတိုင်း လူအိုကြီး ကျန်းမိန်ကို ကြည့်နေကြသည်။ ယနေ့ ယဲ့ဖန်၏ သေခြင်းအတွက် သူ ပြစ်ဒဏ်ချတော့မည် ထင်သည်။
“ဟေ့ကောင် မင်း ငါ့တပည့်ကို သတ်ခဲ့လား”
လူအိုကြီး ကျန်းမိန်က ယဲ့ဖန်ကို အလွန် မုန်းတီးဟန်ဖြင့် စိုက်ကြည့်နေသည်။ ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က မသိမသာ အံ့ဩဟန် ပြလာသည်။
“ငါ့ကို သတ်မယ်လို့ ခြိမ်းခြောက်တာ မင်း မဟုတ်ဘူးလား”
ယဲ့ဖန်က ဝန်မခံသလို ငြင်းလည်းမငြင်းပေ။ သို့ရာတွင် သူ၏ မျက်လုံးထဲတွင် ကျန်းမိန်က သေပြီးသား ဖြစ်သည်။
“ဟားဟားဟား … ကောင်းပြီလေ၊ တော်တော်လာတဲ့ ပုရွက်ဆိတ်ကောင်ပဲ”
လူအိုကြီး ကျန်းမိန်သည် ယဲ့ဖန်၏ အပြုအမူကြောင့် ဒေါကန်သွားသည်။ ဆယ်စုနှစ်အတွင်း သူ့အား ယခုကဲ့သို့ ပြောရဲသည့် ပထမဆုံးသူက ယဲ့ဖန်ပင်။
လူအိုကြီး ကျန်းမိန်၏ မျက်လုံး၌ အလွန် သတ်ဖြတ်လိုသော အငွေ့အသက်များ ဖြတ်ပြေးလာပြီး အံကြိတ်၍ ရက်စက်သော စကားလုံးများကို ပြောဆိုလိုက်သည်။
“မျိုးမစစ်လေး မင်း ငါ့တပည့်ကို သတ်ခဲ့တယ်၊ အဲ့တော့ ငါက မင်းခေါင်းကိုဖြတ်ပြီး ငါ့တပည့်ရဲ့ ဝိညာဉ်ကို ပူဇော်ပေးမယ်”
ထိုသို့ပြောပြီး လူအိုကြီး ကျန်းမိန်က လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“ရွှမ်ရင် သူ့ကိုသတ်လိုက်”
လူအိုကြီး ကျန်းမိန်၏ အမြင်တွင် ယဲ့ဖန်သည် ပမွှားလေးသာ ဖြစ်ပြီး သူကိုယ်တိုင် သတ်ရန် မထိုက်တန်သော လူတစ်ယောက် ဖြစ်သည်။
“ဟုတ်ကဲ့ပါ ဆရာ”
ရွှမ်ရင်က အပြုံးကြီး ပြုံးလိုက်ပြီး ကင်းမြီးကောက် လူသတ်သမားအား ကန်ထုတ်လိုက်သည်။ ကင်းမြီးကောက် လူသတ်သမားသည် သဲအိတ်သဖွယ် စင်အောက်သို့ လွှင့်ထွက်သွားပြီး ယဲ့ဖန်ရှေ့၌ ပြုတ်ကျလာသည်။
“အစက မင်းရဲ့ခွေးကိုပဲ အရင်သတ်ဖို့ စီစဉ်ထားတာ၊ အခုတော့ မင်းခွေးကို သတ်တာထက် မင်းကို သတ်တာက ပိုစိတ်ဝင်စားစရာ ကောင်းတယ်လို့ ခံစားလိုက်ရတယ်”
ယဲ့ဖန်အား လက်ချောင်းကိုကွေး၍ ရန်စလိုသော ပုံစံဖြင့် လှမ်းခေါ်လေသည်။ ကင်းမြီးကောက် လူသတ်သမား၏ အရိုးများသည် ကန်ကျောက်ခံရခြင်းကြောင့် ဆယ်ချောင်းမက ကျိုးကြေနေ၏။ သို့သော် သူသည် ဒဏ်ရာများကို လျစ်လျူရှု၍ ယဲ့ဖန်ကို‌ မော့ကြည့်လေသည်။
“သ … သခင်ကြီးယဲ့၊ ကင်းမြီးကောက် အသုံးမကျပါဘူး”
“စကားမပြောနဲ့”
ယဲ့ဖန် အလျင်အမြန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ထို့နောက် ဆေးပုလင်း တစ်ပုလင်းကို ထုတ်၍ သူ့ကို တိုက်လိုက်လေသည်။
ကင်းမြီးကောက် လူသတ်သမားသည် ဆေးသောက်လျက် နာကျည်းစိတ်နှင့် လှောင်ပြောင်ခံ ရခြင်းတို့ကြောင့် မျက်ရည်များ စီးကျလာသည်။
သူသည် မြေအောက်လောက၏ ဘုရင် ဖြစ်သည်။ သို့သော် ယခုအခါတွင် မိသားစုကြီးနှစ်ခုနှင့် ရွှမ်ရင်တို့ ရှေ့၌ ခွေးသေတစ်ကောင်သဖွယ် ဆက်ဆံခံခဲ့ရသည်။
အထူးသဖြင့် သူ၏ ညီအစ်ကိုများ သတ်ဖြတ်ခံရသည်ကို ကြည့်ခဲ့ရသဖြင့် မိသားစုကြီးနှစ်ခုနှင့် ရွှမ်ရင်တို့အပေါ် ထားသော သူ၏ အမုန်းတရားက ပို၍ နက်ရှိုင်းလာ၏။
ကင်းမြီးကောက် လူသတ်သမား၏ အရှက်ခွဲခံရသော စိတ်ကို ခံစားမိသဖြင့် ယဲ့ဖန်က သူ့ပခုံးကို အသာ ပုတ်လိုက်သည်။
“မင်း ဆုံးရှုံးသွားရတဲ့ ဂုဏ်သိက္ခာကို ငါ ပြန်ယူပေးမယ်”
“မင်း ခံစားခဲ့ရတဲ့ လှောင်ပြောင်မှုတွေကို ပြန်ပေးဆပ်နိုင်အောင် ငါ လုပ်ပေးမယ်”
ထိုစကားသည် မာန်ပါလှ၏။ ရုတ်ချည်းဆိုလိုပင် ကင်းမြီးကောက် လူသတ်သမား ကတုန်ကယင် ဖြစ်သွားပြီး ယဲ့ဖန်အား နတ်မင်းတစ်ပါးကို ကြည့်သကဲ့သို့ ကြည့်လိုက်မိသည်။
ထိုအခါ ယဲ့ဖန်က ကင်းမြီးကောက် လူသတ်သမားအား ထျဲမူထားနှင့် လွှဲထားလိုက်ပြီးနောက် စင်မြင့်ပေါ်သို့ ဦးတည်ကာ ဖြည်းဖြည်းချင်း တက်သွားလိုက်သည်။ သူ လူသတ်ချင်နေလေပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now