Chapter 1142

344 45 2
                                    

စာစဉ် 77 Chapter 1142 ဒါဆိုလည်း ပြန်အမ်းလိုက်

ထိုအချိန်တွင် ဖျင်အန်းမြို့ထဲ၌ ဘာဖြစ်နေသလဲ ယဲ့ဖန် မသိပေ။ သူသည် ဖျင်ယန်တောင်နားမှ ဖြတ်သွားရင်း တစ်ခုခု မှားနေသည်ကိုသာာ သတိထားမိသွားခဲ့သည်။
အထူးသဖြင့် ငရဲမျက်လုံးကိုသုံး၍ ယဲ့စန်း၏ ကလေးမလေးအား ယဇ်ပူဇော်လိုက်သည့် မြင်ကွင်းကို မြင်လိုက် ရချိန်တွင် ယဲ့ဖန်၏ မျက်လုံးများက မီးဝင်းဝင်း တောက်လာသည်။
လက်ရှိ၌ သူသည် လူသတ်ရန် တောင်အောက် ဆင်းလိုက်သော်လည်း အရောင်းပြခန်း၌ ဆူညံနေသည်ကို ရုတ်တရက် ကြားလိုက်ရသည်။
ယဲ့ဖန်၏ မျက်နှာ မည်းမှောင်သွားပြီး ထိုနေရာသို့ အလျင်အမြန် သွားလိုက်သည်။ သူ အရောင်းပြခန်းသို့ ရောက်သည်နှင့် အိမ်ပိုင်ရှင်တစ်ခုက အရောင်းပြခန်း၌ အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။
“နင့်မြေက ရတနာတစ်ခုပါလို့ နင် မပြောခဲ့ဘူးလား၊ ဘာလို့ ငါတို့ စနေတဲ့ ပထမညမှာတင် တစ်မိသားလုံး အဖျားကြီး လာရတာလဲ”
အမျိုးသမီးတစ်ယောက်က ဝန်ထမ်းများကို ဆူပူနေ၏။ သူတို့ တစ်ညသာ နေရသေးသော်လည်း နောက်တစ်နေ့ မနက် အိပ်ရာနိုးလာသောအခါ တစ်မိသားလုံး နေရခက်သလို ခံစားလာရသည်။ ထို့ကြောင့် တစ်မိသားစုလုံး ဆေးရုံသွား၍ ဆေးစစ်လိုက်သောအခါ တစ်အိမ်လုံး အဖျားကြီးနေသည်ဟု သိလိုက်ရသည်။
“သောက်ချေးကို ရတနာ၊ ဒီနေရာက မြေကြမ်းတယ်၊ ငါတို့အိမ်မှာ သရဲတစ်ကောင် ရှိတယ်၊ အဲ့ဟာကြီးက မျက်နှာကျက်မှာ တွဲလောင်းခိုပြီး ငါ့ကို ကြည့်နေတာလေ၊ ငါသာ အပြေးမမြန်ရင် ငါ အသတ်ခံနေရလောက်ပြီ’
“ငါ့မိသားစုရောပဲ၊ မနေ့ညက ငါ့ခွေးသုံးကောင်လုံး သေသွားတယ်၊ အဲ့ခွေးတစ်ကောင်စီက ပိုက်ဆံအများကြီး ပေးရတာကွ၊ မင်းတို့ ပြန်ပေးရမယ်”
ဝမ်ခယ်သည် အိမ်ပိုင်ရှင်များ၏ ခံစားချက်ကို နှစ်သိမ့်နေသော်လည်း အတော်လေး ချွေးပြန်နေသည်.
“အားလုံး မသိသေးဘူးလား၊ ဒီအိမ်ခြံမြေ လုပ်ငန်းရှင်အစစ်က မရိုးသားတဲ့ အမြတ်ကြီးစားတတ်တဲ့လူလေ”
ထိုစဉ် စူးရှသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
“ရှင်ကိုး”
ကျောက်ယင်းရင်ကိုမြင်ပြီး ဝမ်ခယ်၏ မျက်နှာတွင် ဒေါသရိပ်များ ထွက်ပေါ်လာသည်။ ကျောက်ယင်းရင်က သူမအား အထင်သေးသော အကြည့်ဖြင့် ကြည့်လာပြီး ရိုင်းစိုင်းစွာ ပြန်ပြောလေသည်။
“ခွေးမ ငါ မကြာခင် နင့်လျှာကို ဖြတ်ပစ်မယ်၊ နင် မယုံရင် စောင့်ကြည့်နေလိုက်”
“ရှင်”
ကျောက်ယင်းရင်က ဝမ်ခယ်ကို ဥပေက္ခာပြုလိုက်ပြီးနောက် အိမ်ပိုင်ရှင်များထံ သွား၍ ပြောလိုက်သည်။
“အားလုံးပဲ၊ ရှင်တို့အားလုံး လှည့်စားခံလိုက်ရပြီ၊ ဒီဖျင်ယန်တောင်က လုံးဝ ရတနာမြေ မဟုတ်ဘူး၊ မကောင်းတဲ့ ယင်ဓာတ်တွေ ရှိနေတဲ့ သုသာန်မြေပဲ”
“ဘာ … သုသာန်မြေ ဟုတ်လား”
ထိုစကားကိုကြားသည်နှင့် အိမ်ပိုင်ရှင်များ သွေးပျက်လာ၏။
“ဟုတ်တယ်၊ အတိအကျပြောရမယ်ဆိုရင် ဒီနေရာက သရဲတွေ မွေးမြူတဲ့ နေရာလေ၊ ဒီနေရာမှာ နေတဲ့ ဘယ်သူမဆို ဒုက္ခရောက်ပြီး အပြင်းအထန် ဖျားကြတယ်၊ အဆိုးဆုံးကတော့ သူတို့အိမ်တွေ ပျက်စီးတာပဲ”
“ဒီက သူဌေးက ဒီနေရာက မြေကြမ်းဆိုတာ သိပြီးသား၊ ဒါပေမဲ့ သူက တမင်သက်သက် ရှားပါးရတနာမြေလို့ ဟန်ပြပြီး ကျွန်မတို့ကို အိမ်တစ်လုံးဝယ်ဖို့ ပိုက်ဆံအများကြီး သုံးရအောင် မျှားခေါ်ခဲ့တာ၊ ဒါပေမဲ့ သူက ကျွန်မတို့ကို သေသေရှင်ရှင် ဂရုမစိုက်ဘူး”
ကျောက်ယင်းရင်က လူအများ ကျလောက်သော စကားမျိုး ပြောနေ၏။ သူမ၏ ရည်ရွယ်ချက်က ရှင်းပါသည်။ ယဲ့ဖန်အား အိုးမဲသုတ်ခြင်းနေခြင်း ဖြစ်ပေသည်။
ယဲ့ကျန်းချောင် ဖျင်အန်းမြို့သို့ ရောက်လာချိန်တွင် သူမ ဘာလုပ်ထားသလဲ သိသွားပါက သူမကို သူ သေချာပေါက် ဆုလာဘ် ချီးမြင့်လောက်သည်။
“ရှင် မဟုတ်တမ်းတရားတွေ ပြောနေတာ”
ဝမ်ခယ် ဒေါသထွက်ကာ အံကြိတ်လိုက်မိသည်။ သူမတို့လုပ်ငန်းကို ဤသို့ သွားပုပ်လေလွင့် ပြောနေသဖြင့် နောင်တွင် ဘယ်သူက အိမ်လာဝယ်ရဲဦးမည်နည်း။
“မဟုတ်တမ်းတရားတွေ ဟုတ်လား၊ ဒါဆို နင် သူတို့ကို ဘယ်လိုရှင်းပြမှာလဲ”
ကျောက်ယင်းရင် အိမ်ရှင်တစ်သိုက်ကို လက်ညှိုးထိုး၍ ကောက်ကျစ်ွာ ရယ်မောလေသည်။
“နင့်ပြဿနာကြောင့်သာ မဟုတ်ရင် သူတို့ ဘယ်လိုလုပ် ပြိုင်တူ ဒုက္ခရောက်မှာလဲ”
“…”
ဝမ်ခယ် ပြောစရာစကားမဲ့နေပြီး ဘယ်လို ရှင်းပြရမလဲ မသိပေ။
“ဒါက သုသာန်မြေဆိုတာကို နင် ဘယ်လို သိတာလဲ”
ရုတ်တရက် လူတစ်ယောက်က မေးလာသည်။
“ဘာလို့လဲဆိုတော့ နဂါးမုဆိုးလို့ ကျော်ကြားတဲ့ ယဲ့စန်းဆိုတဲ့ ဒီယဲ့လူကြီးမင်း ပြောပြတာလေ”
အားပြင်းသော ပေါက်ကွဲစေနိုင်သည့် စကားမျိုး ပြောလိုက်ပြီးနောက် ကျောက်ယင်းရင်၏ အပြုံးက ဂုဏ်ယူသလို ဖြစ်နေပြီး ပို၍ ဒုက္ခပေးချင်ပုံပေါ်နေသည်။
*ယဲ့စန်းဆိုတဲ့ နာမည်ကို ပြောလိုက်တာနဲ့ ဒီအရူးတွေ ယုံရမှာပဲ*
သူမစကားကြောင်း လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်လာကြသည်။ သူတို့၏အာရုံက ယဲ့စန်းပေါ် ရောက်သွား လေသည်။
နဂါးမုဆိုးဟူသော နာမည်ကို မသိသူမရှိပေ။ သူသည် ကျုံးကျိုးအင်ပါယာ၌ ကျော်ကြားသော ဖုန်းရွှေ ဆရာသခင် ဖြစ်သည်။ သူက ထိုသို့ပြောလျင် မြေကြီးလက်ခတ် မလွဲနိုင်သည့်အရာပင်။ လူတိုင်းက သူ့ကို ကြည့်နေသည်ကို မြင်ပြီး ယဲ့စန်းကလည်း ရှေ့ထွက်၍ ဂုဏ်ယူစွာ ပြောလိုက်သည်။
“ဟုတ်တယ်၊ ဒါက တကယ်ကို မြေကြမ်းတဲ့ သုသာန်မြေပဲ၊ ဒီမှာ ရက်စက်တဲ့ သရဲတစ္ဆေတွေကိုလည်း မွေးထား သေးတယ်”
ထိုအခိုက်တွင် အိမ်ရှင်အားလုံး အလွန် ဒေါသထွက်ဟန် ပြလာသည်။
*ဒါက တကယ် သုသာန်မြေပဲ*
*ဒါပေမဲ့ အိမ်ခြံမြေ လုပ်ငန်းရှင်က ဒီကအိမ်တွေကို ငါတို့ဆီ ရောင်းတယ်ဆိုတော့ ငါတို့ကို သတ်လိုက်တာပဲ*
“ဒီမြေက လူတွေ နေဖို့ လုံးဝ မသင့်တော်ဘူး၊ မင်းတို့ အချိန်ကြာကြာနေရင် အသတ်မခံရရင်တောင်မှ ထိခိုက် ဒဏ်ရာရလိမ့်မယ်”
ယဲ့စန်းက သူတော်ကောင်းယောင်ဆောင်ထားသော အမူအရာနှင့် ခါးခါးသီးသီး ပြောလေသည်။
“ဒီလုပ်ငန်းရှင်က ရက်စက်တဲ့ နှလုံးသား ရှိတယ်၊ ဒါကို ဒီဆရာသခင်က ထပ်သည်းမခံနိုင်တော့ဘူး၊ အဲ့ဒါကြောင့် မင်းတို့မိသားစု ပျက်စီးမှာကို မလိုချင်ရင် ငွေပြန်တောင်းပြီး မြန်မြန်နေရာပြောင်းကြဖို့ အကြံပေးချင်တယ်”
“ငွေပြန်အမ်းစမ်း”
“ကောက်ကျစ်တဲ့ စီးပွားရေးသမား၊ နင် အဲ့လိုလုပ်ရင် သားသမီး မရမှာကို မကြောက်ဘူးလား”
“အမြတ်က အမြတ်ပဲ၊ လူ့အသက်ကို ဖျက်ဆီးရင် နင် အနှေးနဲ့အမြန် မိုးကြိုးပစ်ချခံရမှာ”
“မြန်မြန် ငွေပြန်အမ်းလေ မဟုတ်လို့ကတော့ ဒီနေ့ နင်တို့ အရောင်းပြခန်းကို ငါ ဖျက်ဆီးပစ်မယ်”
အိမ်ပိုင်ရှင်များ ချက်ချင်း ဒေါသူပုန်ထလာပြီး လူများကို ဝါးစားမတတ် ကြမ်းတမ်းလာ၏။ ဤသည်ကိုကြည့်ပြီး ဝမ်ခယ်နှင့် အခြားဝန်ထမ်းများ မျက်နှာဖြူရော်ကာ ကြောက်လန့်လာကြသည်။
ထိုအချိန်တွင် ယဲ့စန်းနှင့် ကျောက်ယင်းရင်က အချင်းချင်း ပြန်ကြည့်နေကြသည်။ နှစ်ယောက်လုံး၏ မျက်လုံးတွင် စဉ်းလဲကောက်ကျစ်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။
ဤရလဒ်ကြောင့် ဖျင်အန်းမြို့၌ ယဲ့ဖန်၏ ဂုဏ်သတင်းက လုံးဝ ပျက်ဆီးသွားလေပြီ။ မည်သူမှ သူ့အိမ်ကို ထပ်ဝယ်မည် မဟုတ်ပါ။ မည်သူမှလည်း သူ့ကို ထပ်မယုံတော့ချေ။ ကျောက်ယင်းရင် အလွန်အမင်း ဂုဏ်ယူနေ၏။
*မျိုးမစစ်ကောင် နင်ကများ ငါ့ကို ရန်လာစရဲတယ်လား၊ ငါ နင့်ကို ဒေဝါလီခံရအောင် လုပ်ပစ်မှာ*
ထိုသို့စဉ်းစားပြီး ကျောက်ယင်းရင်၏ အပြုံးက ပိုပို၍ ဆိုးရွားလာသည်။
“ငါ့မြေမှာ ဘာပြဿနာမှ မရှိဘူး”
ထိုစဉ် လူအုပ်ကြားထဲမှ အေးစက်၍ မောက်မာသော အသံတစ်သံ ထွက်ပေါ်လာလေသည်။ လူတိုင်း နောက်လှည့် ကြည့်လိုက်သောအခါ ယဲ့ဖန်က သုန်မှုန်နေသော မျက်နှာထားဖြင့် ယဲ့စန်းတို့ နှစ်ယောက်အား စိုက်ကြည့် နေသည်ကို တွေ့လိုက်ရသည်။
သူ တောင်ပေါ်မှဆင်း၍ လူသတ်ရန် စဉ်းစားထားသော်လည်း ဤလူနှစ်ယောက်က အလွန် အတင့်ရဲပြီး သူ၏ နဂါးသွေးကြောကို ဖျက်ဆီးပြီးနောက် ဤနေရာ၌ ဆက်နေနေလိမ့်မည်ဟု သူ ထင်မထားမိပေ။
“သူက ဒီအိမ်ခြံမြေရဲ့ ပိုင်ရှင်အစစ်ပဲ၊ သူက ရှင်တို့ကို ဒီမြေ ရောင်းလိုက်တာ”
ရုတ်တရက် ကျောက်ယင်းရင်က ယဲ့ဖန်ကို လက်ညှိုးထိုး၍ ထိတ်ထိတ်ပျာပျာ အမူအရာဖြင့် ပြောလိုက်သည်။ ထိုစကားနှင့်တင် ယဲ့ဖန် မုန်တိုင်းကြားထဲ တွန်းထည့်ခံလိုက်ရသလို ဖြစ်သွားလေသည်။
“လတ်စသက်တော့ နင်က သူဌေးကို ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ရက်စက်တဲ့ နှလုံးသား ရှိနေတာ နင် သေသင့်တယ်”
အဘွားအိုတစ်ယောက်က ချက်ချင်း ကျိန်ဆဲလာ၏။
“ပိုက်ဆံရဖို့အတွက်နဲ့ ငါတို့ကို လှည့်စားတယ်၊ မင်းက တိရစ္ဆာန်ကောင်၊ ခွေးနဲ့ဝက်လောက်တောင် အဆင့်မရှိဘူး”
“နင့်လိုလူမျိုးက သေရင် ငရဲဆယ့်ရှစ်ထပ်ကို ကျမယ့်ကောင်၊ ဘယ်တော့မှ လူပြန်ဖြစ်မှာ မဟုတ်ဘူး၊ နင့်တစ် မိသားစုလုံး ကားတိုက်သေပါစေလို့ ငါ ကျိန်စာတိုက်မယ်”
ထိုအိမ်ပိုင်ရှင်များသည် ဒေါသဖြေစရာတစ်ခု ချက်ချင်း ရှာတွေ့သွားပုံရပြီး အမျိုးမျိုးသုံး ရုန့်ရင်းကြမ်းတမ်းသည့် စကားများ ပြောဆိုကြလေသည်။ ဤသည်ကိုကြည့်ပြီး ကျောက်ယင်းရင် အပျော်လွန်ကာ ရူးမတတ် ဖြစ်သွား ရသည်။
*ဆဲဆိုလိုက်*
*ပိုကြမ်းကြမ်းလေး ပြောပစ်လိုက်*
*အဲ့မျိုးမစစ်ကောင်ကို နင်းချေပစ်လိုက်*
အလွန် စော်ကားပြောဆိုခံရသဖြင့် ယဲ့ဖန်၏မျက်လုံးများ အေးစက်လာသည်။ သူ့အရှေ့မှလူများကို စူးစိုက်ကြည့် လိုက်ပြီး အသာပြောလိုက်သည်။
“ကျုပ်ကို အချိန်တစ်ရက်ပဲပေး၊ ဖျင်ယန်တောင်ကို အရင်အခြေအနေ ပြန်ဖြစ်အောင် လုပ်မယ်လို့ ကျုပ် ကတိ ပေးတယ်”
“အားလုံးပဲ သူ အဓိပ္ပာယ်မရှိ ပြောနေတာတွေကို နားမထောင်ပါနဲ့၊ ခင်ဗျားတို့ ဒီနေရာမှာ တစ်ရက်ထပ်နေရင် ခင်ဗျားတို့ဘဝက ဒုက္ခရောက်သွားလိမ့်မယ်၊ အကယ်၍ ယင်ငါးမျိုးသာ ဒီည စုစည်းလာရင် မိသားစု ငါးခုနဲ့အထက် သွေးမြေကျလိမ့်မယ်လို့ ကျုပ် တွက်ချက်မိပြီးသွားပြီ”
ယဲ့စန်းက အလျင်အမြန် ဖြတ်ပြောလေသည်။ ထိုစကားကိုကြားသည်နှင့် ဘယ်အိမ်ပိုင်ရှင်က ယဲ့ဖန်၏ စကားကို သဘောတူပါတော့မည်နည်း။
“ငါ နင့်မန်နေဂျင်း ဒါရိုက်တာအထိ တက်တိုင်မယ်၊ ငါတို့ကို အချဉ်များ မှတ်နေလား”
“မြေစုတ်ကို နင့်မိသားစုတစ်ခုလုံးကို မြှုပ်ဖို့ပဲ သိမ်းထားလိုက်”
“ငွေပြန်အမ်း၊ အရေးမပါတာတွေ ပြောမနေနဲ့”
ဆဲဆိုသံများ ထပ်မံ ထွက်ပေါ်လာ၏။ ထိုစဉ် ယဲ့စန်းက ယဲ့ဖန်အား မင်းကိုယ်မင်း အဟုတ်ကြီး ထင်နေတာနဲ့ ငါနဲ့ယှဉ်ပြိုင်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား ဟူသော အကြည့်ဖြင့် ရန်လိုစွာ ကြည့်နေသည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း ပြန်အမ်းလိုက်”
ယဲ့ဖန်က အလွယ်တကူ အလျှော့ပေးလိမ့်မည်ဟု မထင်ထားသဖြင့် လူတိုင်း အံ့ဩသွားကြသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now