Chapter 1100

388 49 2
                                    

စာစဉ် 74 Chapter 1100 လူတစ်ယောက်ထက် အခြားတစ်ယောက်က သာလွန်တယ်

ဂျွတ်!
ထိုကျိုးပဲ့သွားသောအသံကြောင့် လူတိုင်းသည် ယဲ့ဖန်က မိမိတို့ နှလုံးသားကို နင်းချေလိုက်သည်ဟု ခံစားမိကာ တုန်လှုပ်သွားကြသည်။
ထိုအခိုက်တွင် ကျန်းမိန်၊ လင်းထျန်းဟောင်၊ ယဲ့ကျန့်ရှုံး၊ လင်းမြောင်မြောင်၊ ယဲ့ရှောင်ထျန်းနှင့် ကျန်လူများအားလုံး နားဝေတိမ်တောင် ဖြစ်နေလေသည်။
လူတိုင်းသည် ကွင်းလယ်မှ ဦးခေါင်းမဲ့နေသော အလောင်းကို စိုက်ကြည့်ပြီး ခန္ဓာကိုယ်များ တုန်ယင်လာကာ အတွေးထဲ၌ ကြောက်စရာကောင်းသော အေးစိမ့်စိမ့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။
အထူးသဖြင့် “ငါ မင်းအတွက် အဲ့ဒါ အားလုံး လုပ်ပေးရတာပေါ့” ဟူသော စကားပင်။ ထိုစကားက သူတို့အား အတိုင်းအတာတစ်ခုအထိ ကြက်သီးသွားစေသည်။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး”
လူအုပ်အနောက်မှ ဖန်းရီပေါ်သည် အားပြတ်သွားသကဲ့သို့ ထိုင်ခုံပေါ် ပစ်လဲကျသွားသည်။ သူသည် ယဲ့ဖန်ကို တစ်ချက်ကြည့်ပြီးနောက် ဆရာသခင် ရွှမ်ရင်၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ကာ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုပင် သံသယဝင်မိသွားသည်။
ဂလု!
ဘေးနားမှ ဖေးဖေးနှင့် အခြားသူများမျာမူ သရဲတစ္ဆေကို မြင်လိုက်သကဲ့သို့ တုန်လှုပ်ချောက်ချားစွာ တံတွေးမျိုချလိုက်မိသည်။
“တစ်ချက်တည်းနဲ့ ချက်ချင်း သတ်ပစ်လိုက်တာလား”
“ဘယ်လိုလုပ် သူက ဒီလောက် သန်မာနေရတာလဲ”
ဤစကားများသည် အားကစားကွင်းထဲမှ လူတိုင်း ပြောနေသော စကားသံများပင်။ ယဲ့ဖန်အ‌ပေါ် ယုံကြည်မှုရှိသော ထန်မိသားစုနှင့် ကင်းမြီးကောက် လူသတ်သမားတောင်မှ အံ့ဩနေရသည်။
“တကယ် သန်မာတာပဲ”
ထန်မင်လီ မျက်ခုံးတလှုပ်လှုပ် ဖြစ်နေ၏။ အဆင့်ကိုး ရွှေရောင်ခန္ဓာကိုယ်အဆင့် သိုင်းပညာရှင်အား သတ်နိုင်သော တစ်စုံတစ်ယောက်ကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိတ်လန့်ဖွယ် ကောင်းလှပါဘိ။
“ခွေးအိုကြီး အခု ခင်ဗျားအလှည့်ပဲ”
သို့သော် ယဲ့ဖန်က အားလုံး၏ ထိတ်လန့်စိတ်ကို အရေးမလုပ်ချေ။ သူသည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းလိုက်သည်ဟုသာ သဘောထားပုံရပြီး ဂရုမစိုက်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
“ခင်ဗျား ဘယ်လိုသေမယ်လို့ ထင်လဲ”
ထိုစကားအဆုံး၌ အားကစားကွင်းထဲမှ လူတိုင်း အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။ ရွှမ်ရင်ကို ခြေထောက်တစ်ဖက်ဖြင့် နင်းချေပြီး လူအိုကြီး ကျန်းမိန်အား လက်ညှိုးထိုး၍ ပြောနေပုံက သူတို့ မြင်ဖူးသမျှထဲတွင် ဗိုလ်ကျလွန်းသော မြင်ကွင်းပင်။
“အမည်မသိ”
“အမည်မသိ”
“…”
ထို့အပြင် မိသားစုကြီးများဘက်မှ မထောက်ခံသော ဖျင်အန်းမြို့ ပရိသတ်များကမူ လက်သီးလက်မောင်း တန်း၍ ဟစ်အော် အားပေးလေသည်။
စကားလုံးပင် သဲသဲကွဲကွဲ မကြားရလောက်အောင် ကျယ်လောင်သော အားပေးသံများက ဖျင်အန်း အားကစားကွင်း တစ်ခုလုံးကို တုန်လှုပ်သွားစေပြီး လူတိုင်း၏ မျက်နှာတွင် အရူးအမူး လေးစားဟန်များ ထင်ဟပ်နေ၏။
ဖျင်အန်းမြို့အား မည်သူက လွှမ်းမိုးခြယ်လှယ်နိုင်သနည်းဟု မေးလာလျင် အမည်မသိ လူကြီးမင်းဟု တညီတညွတ်တည်း ဖြေလာလောက်သည်။
ထန်မင်လီ၊ ထန်ယွင်အာနှင့် အခြားသူများသည်လည်း အခြားသူများ၏ ဟစ်ကြွေးလိုစိတ်များ ကူးစက်သွားပြီး သွေးဆူလာသလို ခံစားရကာ လက်သီးလက်မောင်းတန်း၍ အမည်မသိဟု ကျယ်လောင်စွာ အော်ဟစ်လာသည်။
“ချီးတဲ့မှပဲ”
သို့သော် လူတိုင်းက ယဲ့ဖန်အတွက် အားပေးနေသည်ကို မြင်ပြီးနောက် လူအိုကြီး ကျန်းမိန် တုန်လှုပ်သွားသည်။ ထို့နောက် သူသည် တစ်ဖက်လှည့်၍ ကွင်းထဲမှ လူတိုင်းကို မြွေပွေးသဖွယ် အေးစက်စွာ လိုက်ကြည့်လေသည်။
သူ ကြည့်လိုက်သည့်နေရာတိုင်း၌ ဟစ်ကြွေးသံများ တိခနဲ တိတ်ကျသွားပြီး ကြောက်ရွံ့စိတ်များ အစားထိုး ဖြစ်ပေါ်လာ၏။
အော်သံများအားလုံး တိတ်သွားသည့်အခါမှသာ လူအိုကြီး ကျန်းမိန်က ညို့မှောင်နေသော မျက်နှာထားဖြင့် စင်မြင့်ထက်သို့ လှမ်းသွားလေသည်။
စင်မြင့်ထက်သို့ ရောက်သောအခါ တပည့်ဖြစ်သူ ရွှမ်ရင်၏ ကျိုးကြေသွားသော ဦးခေါင်းနှင့် ဦးခေါင်းမဲ့ အလောင်းကိုမြင်ပြီး တစ်ကိုယ်လုံး တုန်လှုပ်ကာ သားရဲရိုင်းတစ်ကောင်သို့ ရူးသွပ်လာသည်။
“ရွှမ်ရင်”
သူ ဒေါသထွက်ကာ အာဃာတစိတ်များ တိုးပွားလာသည်။ တပည့်ဖြစ်သူက ပြင်ပကျင့်စဉ် ကျင့်ကြံသူအား မရင်ဆိုင်နိုင်သည့်အပြင် အသက်ပါ ပေးလိုက်ရလိမ့်မည်ဟု လူအိုကြီး ကျန်းမိန် ထင်မထားမိပါ။
“မျိုးမစစ်လေး ငါ့တပည့်နှစ်ယောက်လုံး မင်းလက်ထဲမှာ သေခဲ့ရတယ်”
“မင်း … မင်း သေကိုသေရမယ်ကွ”
လူအိုကြီးကျန်းမိန်က ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်နေ၏။ အငြှိုးများ ပါဝင်သော အသံကြောင့် ကြားရသူတိုင်း ကြက်သီးထသွားကြသည်။
လူအိုကြီး ကျန်းမိန်သည် ဈာန်ဝင်စားခြင်းအဆင့် ဖြစ်ပြီး သူ၏ အော်သံက အားကစားကွင်းတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားချိန်တွင် အားကစားကွင်း ပတ်လည်မှ နံရံများ အက်သွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။ အချိန်မရွေး ပြိုကျတော့မည်ဟုပင် ထင်မှတ်ရသည်။
“ဒါ … ဒါ ဈာန်ဝင်စားခြင်းအဆင့်လား”
နံရံအက်သွားသံကြောင့် အားကစားကွင်းထဲမှ လူတိုင်း ထိတ်လန့်သွားကြသည်။ လူအိုကြီး ကျန်းမိန်သာ ထပ်ပြောလိုက်လျင် မာကြောသော နံရံတစ်ခုလုံး ပေါက်ကွဲသွားလောက်သည်။
“မျိုးမစစ်လေး ငါ့တပည့်က ဂရုမစိုက်လိုက်မိလို့ မင်းလက်ထဲ သေသွားရတာ”
“ဒါပေမဲ့ ဒါကို မင်းက မင်းနိုင်ပြီလို့ ထင်နေတာလား”
လူအိုကြီး ကျန်းမိန်၏ စကားသံ ပဲ့တင်ထပ်သွားချိန်တွင် အားကစားကွင်းထဲမှ လူတိုင်း ခေါင်းညိတ် လာသည်။
ကျန်းမိန်တစ်ယောက်တည်း ထိုသို့ထင်နေသည် မဟုတ်ဘဲ လူတိုင်းကလည်း ထိုသို့ ထင်မှတ်ကြသည်။ သို့မဟုတ်ပါက ဆရာသခင် ရွှမ်ရင်သာ အားကုန်သုံး၍ တိုက်ခိုက်လျင် ဤသို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားမည် မဟုတ်ပါ။
လင်းမိသားစုနှင့် ယဲ့မိသားစုမှ လူများသည် မျက်လုံး ဝင်းလက်သွားပြီး ချက်ချင်း သဘောပေါက် သွားကြသည်။
“ယဲ့ဖန် မောက်မာမနေနဲ့၊ မင်း အသေဆိုးနဲ့ သေရမှာ”
လင်းမြောင်မြောင်၏ မျက်နှာတွင် ရက်စက်စိတ်များ ထင်ဟပ်နေ၏။ ယဲ့ရှောင်ထျန်းက အလွန် အငြှိုးထားဟန်ဖြင့် ပြောလာသည်။
“ဟုတ်တယ် စောင့်နေလိုက်၊ ငါ့ဆရာက မင်းကို မသေမချင်း နင်းချေပြမှာ၊ ငါ့စီနီယာ အစ်ကို နှစ်ယောက်အတွက် လက်စားချေမှာ”
မကျေမနပ် ပြောဆိုသံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။ ယဲ့ဖန်ကမူ သူတို့အား အရူးတစ်သိုက်ကို ကြည့်သကဲ့သို့ ကြည့်နေလေသည်။
“မျိုးမစစ်လေး၊ ဒီနေ့ လူတစ်ယောက်ထက် ကျော်လွန်တဲ့လူတစ်ယောက် ရှိတယ်၊ တောင်တစ်လုံးထက် ပိုမြင့်တဲ့ တောင်တစ်လုံးရှိတယ်ဆိုတာကို မင်း သိအောင် ပြမယ်ကွ”
လူအိုကြီး ကျန်းမိန်သည် သားရဲတစ်ကောင်ကဲ့သို့ ဝမ်းခေါင်းသံနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ထို့နောက် လက်သီး၌ ယန်စွမ်းအင်များ စုစည်း၍ ယဲ့ဖန်အား အားဖြင့် ရိုက်ချလေသည်။
လူအိုကြိး ကျန်းမိန်၏ လက်သီးမှ ပူပြင်းသော ယန်စွမ်းအင်လှိုင်းများ ပျံ့လွင့်နေသည်ကို လူတိုင်း ခံစားမိသည်။ လှိုင်းလုံးများက ယဲ့ဖန်ထံ ပျံ့နှံ့သွားသည့်ပုံပင်။
ထိုလက်သီးထံမှ ဖိအားကြောင့် ဘေးပတ်ဝန်းကျင်မှ လူများအားလုံး တုန်လှုပ်သွားကြသည်။ ထိုလက်သီးချက်အောက်၌ သူတို့ကိုယ်သူတို့ ပုရွက်ဆိတ်သဖွယ် အားနည်းလွန်းသည်ဟု ထင်မှတ်ရသည်။
*ဒါ ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်ရဲ့ ခွန်အားလား*
ထန်မင်လီနှင့် အခြားသူများအားလုံး မျက်ခုံးလှုပ်ကာ တုန်လှုပ်နေလေသည်။ ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်၏ လက်သီးချက် တစ်ချက်က ရွှေရောင်ခန္ဓာကိုယ်အဆင့် သိုင်းပညာရှင် တစ်စုအား ပေါက်ကွဲစေနိုင်သလို မိသားစုတစ်ခုလုံးကိုပါ သတ်ဖြတ်နိုင်ကြောင်း သူတို့ တပ်အပ် ပြောနိုင်သည်။
လူအိုကြီး ကျန်းမိန်၏ လက်သီးက ယဲ့ဖန်ကို ထိလုနီးပါး ဖြစ်နေသော်လည်း ယဲ့ဖန်က တစ်ချက်ကလေးမျှ မလှုပ်ပေ။ သူသည် နေရာ၌ ငြိမ်သက်စွာ ရပ်၍ ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်၏ လက်သီးကိုသာ ကြည့်နေ၏။ သူ၏ပုံစံကြောင့် လူတိုင်းက သူ ကြောက်လန့်သွားပြီဟု ထင်သွားလေသည်။
“သွားပြီ၊ အဲ့ကောင်တော့ ကြောက်ပြီး မလှုပ်တော့ဘူး”
“ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ လက်သီးတစ်ချက်က အဆင့်ကိုး ရွှေရောင် ခန္ဓာကိုယ် အဆင့်ကိုပါ သွက်ချာပါဒ ဖြစ်အောင် လုပ်နိုင်တယ်”
“...”
လူတိုင်းသည် ထိုလက်သီးချက်အောက်၌ ယဲ့ဖန်တစ်ယောက် အရိုးပင် ကျန်တော့လိမ့်မည် မဟုတ်ဟု ထင်ကာ ပြောဆိုနေကြသည်။
အဘိုးအို၏ လက်သီးက ယဲ့ဖန်၏ ခန္ဓာကိုယ်နှင့် တစ်ပေမျှသာ ကွာတော့ချိန်တွင် ဒေါင်ဟူသော အသံ ထွက်ပေါ်လာ၏။
လူအိုကြီး ကျန်းမိန်၏ လက်သီးချက်က တိခနဲ ရပ်သွားပြီး ရှေ့သို့ တစ်လက်မလေးပင် မတိုးတော့သည်ကို လူတိုင်း တွေ့လိုက်ရသည်။ သူ၏ လက်သီးအား လက်ဝါးတစ်ဖက်က တားဆီးထားခြင်းပင်။
ဤမြင်ကွင်းကိုကြည့်ပြီး ဘေးပတ်လည်မှ လူများအားလုံး မှင်တက်သွားကြသည်။ လူအိုကြီး ကျန်းမိန်တောင်မှ အံ့အားသင့်သွားလေသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
သူ၏ လက်သီးက မည်မျှ အားပြင်းပြီးကြောင်း သူသာလျင် အသိဆုံးပင်။ ဤလက်သီးချက်က မိသားစု တစ်ခုကိုပင် ဖျက်ဆီးနိုင်၏။ သို့ရာတွင် ယဲ့ဖန်က မည်သို့ ဖမ်းဆီးလိုက်နိုင်ရသနည်း။
“လူတစ်ယောက်ထက် ကျော်လွန်တဲ့လူတစ်ယောက် ရှိတယ်၊ တောင်တစ်လုံးထက် ပိုမြင့်တဲ့ တောင်တစ်လုံးရှိတယ် ဟုတ်လား”
ယဲ့ဖန်က အေးတိအေးစက် ပြုံးလာသည်။
“ဘယ်သူက ဘယ်သူထက် ကျော်လွန်တာလဲဆိုတာ ဘယ်တောင်က အခြားတောင်တစ်လုံးထက် ပိုမြင့်တာလဲဆိုတာကို မသိတဲ့လူက ခင်ဗျားပဲ”
ထိုသို့ပြောပြီး ယဲ့ဖန်က လက်ကို အားစိုက်၍ ညှစ်လိုက်သည်။ ထိုအခါ သူ ဖမ်းချုပ်ထားသော လူအိုကြီး ကျန်းမိန်၏ လက်သီးက အက်ကွဲကာ ကျိုးကြေသွားလေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now