Chapter 1030

386 39 2
                                    

စာစဉ် 69 Chapter 1030 ပျက်စီးသွားပြီ

ဝုန်း!
ယဲ့ဖန်၏ တတိယမြောက် လက်သီးချက်အောက်၌ ရွှယ်ယွမ်၏ခန္ဓာကိုယ်သည် စုတ်ဖွာနေသော ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားလေသသည်။ အသားစများနှင့် အရိုးစများ လွင့်ထွက်သွားပြီး မြေကွက်လပ် ပတ်လည်မှ သိုင်းပညာရှင်များထံသို့ လွင့်စဉ်လာ၏။ လေထုထဲ၌ သွေးစများ ရစ်ဝဲနေကာ သွေးနံ့များ တလှိုင်လှိုင် ထနေသောကြောင့် မသတီစရာ ကောင်းလှသည်။
ထိုအခါ မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ နတ်ဘုရားများ၊ မိသားစုကြီးများနှင့် ယင်ယန်လောက၏ သိုင်းပညာရှင်များအားလုံးသည် သူတို့၏ နှလုံးသားအား ရုတ်တရက် လက်တစ်ဖက်ဖြင့် ဖျစ်ညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ထိုခံစားချက်ကြောင့် သူတို့ နှလုံးခုန် ရပ်ကာ အသက်ရှူရခက်သလို ဖြစ်နေကြသည်။
လေနတ်ဘုရားနှင့် အခြားသူများဆိုလျင် နဖူးမှ ချွေးဒီးဒီးကျကာ မျက်လုံးကျွတ်ကျမတတ် ဖြစ်နေကြသည်။
ဂလု!
လူတိုင်း တံတွေးကို မနည်းမျိုချနေရပြီး ထိတ်လန့်နေကြသည်။
“ဧကရာဇ် … သေသွားပြီလား”
လေနတ်ဘုရားသည် ထိုသို့ပြောလိုက်ချိန်၌ အိပ်မက်မက်နေသည်ဟုသာ ထင်နေမိသည်။ တစ်ချိန်က ယဲ့ဖန်သည် ငရဲဘုံမှ ပုရွက်ဆိတ်လေးတစ်ကောင်မျှသာ ဖြစ်ပြီး စိတ်ဝိညာဉ်ဖြင့် ယင်ယန်လောကသို့ တက်လာခဲ့သည်။
ထိုအချိန်က သူ့အား ယင်ယန်လောကမှ မည်သည့်သိုင်းပညာရှင်မဆို အလွယ်တကူ သတ်နိုင်ခဲ့သည်။ ယခုအခါ တွင်မူ တိုတောင်းလှသော အချိန်အတွင်း၌ ဤလူက ယင်ယန်မြို့သို့ ခြေချလာပြီး ယင်ယန်လောက၏ နယ်မြေများကို သိမ်းပိုက်ကာ ထင်ပေါ်ကျော်ကြားသောလူများကို သတ်ခဲ့သည်။
ယခုအခါတွင်လည်း ယန်စွမ်းအင်များ ဖြည့်သွင်းခံထားရသည့် ဧကရာဇ်ဖြစ်လာသော ရွှယ်ယွမ်တစ်ယောက် သူ့လက်ထဲ၌ သေဆုံးသွားပြန်သည်။
နတ်ဘုရားများ တုန်လှုပ်နေကြသည်။ လူသား အရှင်သခင်သည်လည်း မျက်နှာ ပြာနှမ်းနေပြီး မျက်လုံး၌ ရက်စက် ခက်ထန်မှုများ ပြည့်နှက်လာသည်။
ထိုအခိုက်တွင် ယဲ့ဖန်က ဘေးနားမှ လူအားလုံး၏ အမူအရာကို အဖက်မလုပ်ချေ။ ရွှယ်ယွမ်၏ ခန္ဓာကိုယ် ပေါက်ကွဲသွားသည်နှင့် ယန်စွမ်းအင်များက သွေးနှင့်အတူ ရောနှော၍ ပျံ့လွင့်လာသည်။
ထိုယန်စွမ်းအင်ကို ယဲ့ဖန် အရူးအမူး စုပ်ယူလိုက်ပြီး ခန္ဓာကိုယ်တွင်းမှ ဆဲလ်တိုင်းနီးပါး အားပြည့်လာသည်ကို ခံစားလာမိသည်။
ထို့အပြင် ပူပြင်းသော ယန်စွမ်းအင်များကို ခန္ဓာကိုယ်တွင်းသို့ စုပ်ယူလိုက်သည်နှင့် သူ၏ စိတ်ဝိညာဉ်မှ ဒဏ်ရာများပင် လျင်မြန်စွာ သက်သာလာပြီး ချိပ်ပိတ်ခံထားရသည့် လေးလွှာမြောက် မှတ်ဉာဏ်သည်လည်း ဆက်တိုက် အက်ရာထင်လာ၏။
“ဒါ … တော်တော်ကြာ ကွဲကွာနေတဲ့ ခံစားချက်ပါလား”
ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
သူ၏ခန္ဓာကိုယ်က ယန်စွမ်းအင်နှင့် အလွန် ရင်းနှီးနေသည်ဟု သူ ခံစားမိနေသည်။ သို့ရာတွင် အဘယ်ကြောင့် အလွန် ရင်းနှီးရသလဲ ဆိုသည်ကို သူ မမှတ်မိနိုင်ပေ။
ယန်စွမ်းအင်များကို စုပ်ယူပြီးသည်နှင့် ယဲ့ဖန်၏ အရှိန်အဝါက တစ်ဟုန်ထိုး မြင့်တက်လာသည်။ သူ၏ မျက်နှာသည်လည်း သွေးမရှိသကဲ့သို့ ဖြူရော်နေမှ ပုံမှန်အတိုင်း ပြန်ဖြစ်ကာ သွေးရောင်လွှမ်းလာလေသည်။
အားအင်ပြန်ပြည့်လာသည့်ပုံပင်။ စိတ်ဝိညာဉ်မှ ဒဏ်ရာသည်လည်း ပျောက်ကင်းလုနီးပါး ဖြစ်လာသလို လေးလွှာမြောက် မှတ်ဉာဏ်၌လည်း အက်ရာထင်လာ၏။
ယန်စွမ်းအင်များကို ယဲ့ဖန် အကုန် စုပ်ယူလိုက်သော်လည်း ချိပ်ပိတ်ခံထားရသည့် လေးလွှာမြောက် မှတ်ဉာဏ်အား မချိုးဖောက်နိုင်သည်က စိတ်မကောင်းစရာပင်။
“လေးလွှာမြောက် မှတ်ဉာဏ်ရဲ့ ချိပ်က ငါ ထင်ထားတာထက် အဆပေါင်းများစွာ ပိုသန်မာတဲ့ပုံပဲ”
ယဲ့ဖန် ခေါင်းခါလိုက်မိသည်။ သူ လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်လိုက်သောအခါ ပြင်းထန်သော စွမ်းအင်တစ်မျိုးကို သူ ခံစားလိုက်မိသည်။ ယန်စွမ်းအင်များကို စုပ်ယူသန့်စင်ပြီးနောက် သူ၏ တိုက်ပွဲဝင် ခွန်အားက ပိုမိုသန်မာလာသည်ဟု ခံစားနေရသည်။
ယဲ့ဖန်သည် ယန်စွမ်းအင်ကို စုပ်ယူပြီးသည်နှင့် လူသားအရှင်သခင်ကို လှမ်းကြည့်လေသည်။ ထို့နောက် ကောင်းကင်ဘုရင်အဆင့် ရှစ်ယောက်နှင့် တစ်ထောင်သော ကောင်းကင်ဘုရင် တစ်ပိုင်းအဆင့် နန်းတော် အစောင့်များကို စိုက်ကြည့်ပြီး ပြုံးလိုက်သည်။
“ဒီနေ့ကစပြီး ယင်ယန်လောကမှာ လူသား အရှင်သခင်နန်းတော် မရှိစေရဘူး”
ထိုစကားက အလွန် မာန်ပါလှသဖြင့် နတ်ဘုရားများ၊ မိသားစုကြီးများနှင့် ထောင်သောင်းချီသော ယင်ယန် လောက၏ သိုင်းပညာရှင်များအားလုံး ကျောချမ်းသွားကြသည်။ ထို့နောက် ယဲ့ဖန်က လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။
“သတ်”
မြေကွက်လပ်တစ်ခုလုံး တုန်ခါလာသည်။ အလောင်းကောင်ဘုရင် ခြောက်ပါး ဦးဆောင်သော ထောင်ချီသည့် အလောင်းကောင်မျိုးနွယ်များ၊ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက် ဦးဆောင်သော ရှေးဟောင်း မိသားစုဝင်များနှင့် ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက လေဆင်နှာမောင်းသဖွယ် နတ်ဘုရားများ၊ မိသားစုကြီးများနှင့် နန်းတော်အစောင့်များထံသို့ ပြေးဝင်သွားကြသည်။
ယခုအချိန်မှစ၍ အိပ်မက်ဆိုးတစ်ခု ကျရောက်လာသည်။ ကြောက်စရာကောင်းသော အလောင်းကောင်များသည် မဟာဘုရင်သုံးပါး၏ မျိုးနွယ်များထံသို့ ဒီရေသဖွယ် လှိမ့်ဝင်သွားသည်။
“အား…”
အော်သံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာ၏။ မဟာဘုရင်သုံးပါး၏ မျိုးနွယ်များမှ သိုင်းပညာရှင်များသည် အရှင်လတ်လတ် ဆုတ်ဖြဲခံနေရပြီး မိစ္ဆာများနှင့် ရင်ဆိုင်နေရသကဲ့သို့ ကြမ္မာငင်နေကြသည်။
ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်။
လူတိုင်း အလောင်းကောင်မျိုးနွယ်များ၏ သတ်ဖြတ်ခြင်း ခံနေရပြီး သိုင်းပညာရှင်များ၏ အလောင်း အစအနများက နေရာအနှံ့ ပျံ့ကြဲနေ၏။
တစ်ဖက်တွင်လည်း နတ်ဘုရားများသည် နယ်မြေခုနစ်ခုမှ သိုင်းပညာရှင်များနှင့် ရင်ဆိုင်နေရသည်။ အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက် ဦးဆောင်သော စစ်သည်တော်များသည် နတ်ဘုရားများ အရူးအမူး သတ်ဖြတ်နေကြသည်။
အန္တိမအဆင့် ရှေးဟောင်း သိုင်းပညာရှင် သုံးဆယ့်နှစ်ယောက်လုံးသည် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်အခါက နတ်ဘုရားစံအိမ်တစ်ခုစီ၏ ခေါင်းဆောင်များ ဖြစ်ပြီး ကြောက်စရာကောင်းသူများ ဖြစ်လေသည်။
အထူးသဖြင့် ရုပ်ခန္ဓာကိုယ်များ ပြန်ရလာပြီး ဒဏ်ရာမှ သက်သာလာကြသဖြင့် သူတို့၏ တိုက်ပွဲဝင်ခွန်အားသည် ကောင်းကင်ဘုရင်အဆင့်သို့ ရောက်လုနီးပါး ဖြစ်နေ၏။ တိုက်ပွဲအတွင်း နတ်ဘုရားများ ဆက်တိုက် အသတ်ခံ နေရသည်။
“အား …. ငါ နောင်တရတယ်ကွာ”
မီးနတ်ဘုရား နာနာကျင်ကျင် အော်ဟစ်မိသည်။ သူ၏ခန္ဓာကိုယ်သည် ဘုရင်မကျစ်ဝေ့ကြောင့် လွင့်ထွက်သွားပြီး ခန္ဓာကိုယ်တစ်ဝက်မျှ ပေါက်ကွဲသွားရသည်။ ပြင်းထန်လှသည့် ဝေဒနာကြောင့် သူ ချွေးပြန်လာသည်။
မီးနတ်ဘုရား၏ စိတ်ထဲတွင်လည်း နောင်တတို့ဖြင့် ပြည့်နှက်နေ၏။
ယဲ့ဖန်က အလွန် အင်အားကြီးသည်ကိုသာ သူ သိခဲ့ပါက တစ်ခြားသူက သူ့အား သတ်မည်ဆိုလျင်တောင်မှ သူ ကျိုထျန်းရွှမ်နွီကို သစ္စာဖောက်ရဲမည် မဟုတ်ပါ။
မီးနတ်ဘုရား ငယ်သံပါအောင် အော်လိုက်မိပြီးနောက် ဘုရင်မကျစ်ဝေ့၏ လက်ဝါးချက် ကျရောက်လာကာ ပေါက်ကွဲ၍ သေဆုံးသွားလေသည်။ ကောင်းကင်၌ မီးပွားတစ်ချို့ပင် တောက်လာသေးသည်။ မီးနတ်ဘုရား ကျဆုံးသွားခြင်းသည် အစသာ ရှိပေသည်။
ဟွမ်ထျန်းပါ့၊ တမင်ကျင်းဖမ်းနှင့် အခြားသူများသည် နတ်ဘုရာများနှင့် တိုက်ခိုက်နေကြသည်။ လက်ရှိတွင် မြေကွက်လပ်တစ်ခုလုံး သွေးပင်လယ်သဖွယ် ဖြစ်လာသည်။
ထောင်သောင်းချီသော ဝိညာဉ်စား ပုရွက်ဆိတ်များက ကောင်းကင်ဘုရင်အဆင့် ရှစ်ယောက်နှင့် ကောင်းကင်ဘုရင် တစ်ဦးအဆင့် နန်းတော်အစောင့် အယောက်တစ်ထောင်အား ဝန်းရံကာ တိုက်ခိုက် နေကြသည်။
၎င်းတို့၏ အစွယ်များနှင့် လက်သည်းများကို ဝင့်လိုက်တိုင်း နန်းတော်အစောင့်တစ်ယောက်က အရသာရှိသော ဟင်းမယ်တစ်ခု ဖြစ်သွားလေသည်။
သေမင်းခေါင်းလောင်းသံများ ဆက်တိုက် ထွက်ပေါ်နေ၏။ လူသားအရှင်သခင်၏ နန်းတော်မှ သိုင်းပညာရှင် အရေအတွက်က လျင်မြန်စွာ ကျဆင်းလာသည်။ အလောင်းများ တဘုန်းဘုန်း လဲကျသွားသည်နှင့် မြေကွက်လပ် ပတ်လည်မှ ကျန်သိုင်းပညာရှင်များ ရင်တုန် လာလေသည်။
“ဒီလိုနဲ့ အဆုံးသတ်တော့မှာလား၊ မြင့်မြတ်တဲ့ နန်းတော်ရဲ့ လူတွေက ဒီလိုမျိုး ဇာတ်သိမ်းရတော့မှာလား”
ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး ရှေ့မတိုးရဲတော့ပေ။ အလောင်းကောင်မျိုးနွယ်ဖြစ်စေ၊ နယ်မြေ ခုနစ်ခုမှ သိုင်းပညာရှင်များဖြစ်စေ၊ ဝိညာဉ်စား ပုရွက်ဆိတ်များဖြစ်စေ၊ မည်သည့်သူကမှ သူတို့ ရန်စနိုင် သည့်သူများ မဟုတ်ချေ။
“ဘာဖြစ်တာလဲ”
“ဘာလို့ လူသားအရှင်သခင်က မလှုပ်ရှားသေးတာလဲ”
ယင်ယန်လောကမှ သိုင်းပညာရှင်တိုင်း လူသားအရှင်သခင် လှုပ်ရှားမည်ကို စောင့်ဆိုင်းနေကြသည်။ သို့ရာတွင် လူသား အရှင်သခင်က မြေကွက်လပ်အလယ်၌ သုန်မှုန်သော အမူအရာဖြင့် မလှုပ်မယှက် ရပ်နေ၏။ သူ့နဖူးမှ ချွေးစေးများပင် စီးကျနေသေးသည်။
“လူအိုကြီး ခင်ဗျား ပုန်းနေတာ ကြာလှပြီ၊ ဘာလို့ ထွက်မလာသေးတာလဲ”
လူသားအရှင်သခင်က တစ်နေရာသို့ စူးစိုက်ကြည့်၍ ပြောလာသည်။ သူ့စကားအဆုံး၌ အော်သံတစ်သံ ပဲ့တင်ထပ် လာ၏။
ထိုအော်သံက လောကအား တုန်လှုပ်စေလောက်သည်။ ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး ထိုအသံကြောင့် ထိတ်လန့်တကြား နောက်ဆုတ်လိုက်ရသည်။
သူတို့၏ ထိတ်လန့်နေသော အကြည့်အောက်၌ ကောင်းကင်ကိုပင် အုပ်မိုးထားနိုင်သည့် သရဖူဆောင်းထားသော မီးလျှံကဲ့သို့ နီရဲသော ဖီးနစ်ငှက်တစ်ကောင်က လေဟာနယ်ကိုခွင်း၍ ဆင်းလာသည်။
ထိုဖီးနစ်ငှက်ကို မြင်သည်နှင့် လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
“ဒါ … ဒါ အရင်တုန်းက မဟာနတ္ထိ ရှေးဧကရာဇ်ဆီမှာ အမှုထမ်းခဲ့တဲ့ … မသေမျိုး ဖီးနစ်ဘုရင် မဟုတ်လား”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now