Chapter 1016

340 33 1
                                    

စာစဉ် 68 Chapter 1016 ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် ရောက်လာပြီ

ဝေါ့
မြေကြီးပေါ်၌ ဘုရင်မခွေရှယ်သည် သွေးတစ်လုပ် ထပ်အန်နေပြီး မျက်နှာ ဖြူရော်၍ ဒယိမ်းဒယိုင် ပြန်ထ နေရသည်။ ပါးစပ်ထောင့်မှ သွေးကိုသုတ်ပြီး သူမ မျက်မှောင်ကြုတ်နေ၏။
နတ်ဆိုးနဂါး ပျောက်သွားသည့် နေရာသို့ ကြောက်စိတ်များ ပြည့်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက် မိသည်။
“သူ ခုနက ဘာလို့ ငါ့ကို မသတ်တာလဲ”
လက်ရှိ နတ်ဆိုးနဂါးက သူမအပေါ် ကြင်နာနေလိမ့်ဦးမည်ဟု ဘုရင်မခွေရှယ် မယုံပါ။ နတ်ဆိုးနဂါးထံမှ ပြင်းထန်သော လူသတ်လိုစိတ်ကို သူမ သေချာ ခံစားရသည်။ သူမကို သူ သတ်ချင်နေသည်မှာ သံသယဝင်စရာ မရှိပေ။
ထို့ကြောင့် တစ်ဖက်လူက သူမကို မသတ်သွားသဖြင့် ဖြစ်နိုင်စရာ တစ်ခုသာ ရှိတော့သည်။ ဖြစ်နိုင်ချေကို စဉ်းစားမိပြီးနောက် ဘုရင်မ ခွေရှယ် ထိတ်လန့်သွားသည်။
“ငါ သိပြီ၊ သူက ငါ့ကို မသတ်ချင်တာမှ မဟုတ်ဘဲ အခုချိန် သူ ငါ့ကို မသတ်နိုင်သေးတာပဲ”
“ဘိုးဘေးရဲ့ အရိုးတွေက ရှေးခေတ်ကနေ မဟာနတ္ထိခေတ်အထိ မလှုပ်ရှားခဲ့ရသလို မဟာနတ္ထိခေတ်ကနေ လက်ရှိ ယင်ယန်လောကခေတ်အထိ ငြိမ်သက်နေခဲ့တာဆိုတော့ နတ်ဆိုးနဂါးက လွတ်လွတ်လပ်လပ် မသုံးနိုင်ဘူး ဖြစ်နေတာပဲ”
ဘုရင်မခွေရှယ်၏ မျက်နှာထားက ပို၍ သုန်မှုန်ကာ ကြောက်ရွံ့ပုံ ပေါ်လာသည်။
“ပြီးတော့ သူက ဘိုးဘေးရဲ့ အရိုးကနေ အမွေအနှစ်ကို လက်ခံလိုက်တာဆိုတော့ အမွေအနှစ်ကို နားလည်အောင် လုပ်ဖို့ လိုသေးတယ်”
“သူ့ခွန်အားက အကန့်အသတ် ရှိနေလို့ ငါ့ကို တစ်ချက်ပဲ ရိုက်နှက်ပြီး ထွက်သွားတာကိုး၊ ဘာလို့လဲဆိုတော့ တကယ်သာ ဆက်တိုက်နေရင် သူ့ဟာကွက်ကို ငါ သတိထားမိသွားမှာ၊ အဲ့လိုဆို သူ့မှာ ဘိုးဘေးရဲ့ အရိုး ရှိရင်တောင်မှ သေရမှာပဲ”
ထိုသို့ စဉ်းစားနေစဉ်မှာပင် ဘုရင်မခွေရှယ်၏ မျက်နှာထားက မည်းမှောင်၍လာသည်။ နတ်ဆိုးနဂါးကို သတ်နိုင်သည့် အကောင်းဆုံး အခွင့်အရေးကို သူမ လွတ်သွားခဲ့ရသည် မဟုတ်ပါတကား။
“သေစမ်း”
သူ နတ်ဆိုးနဂါးနောက် တမင်သက်သက် လိုက်ချင်ပါသော်လည်း တစ်ဖက်လူက ရှာ၍ပင် မရနိုင်အောင် ပျောက်သွားသဖြင့် လိုက်ရှာရန် မဖြစ်နိုင်တော့ချေ။
“ဘယ်လိုလုပ်ရမလဲ၊ အဲ့ကောင် ဘိုးဘေးရဲ့ အရိုးစုကို သန့်စင်ပြီးတာနဲ့ လက်စားချေဖို့ ပြန်လာမှာ သေချာတယ်”
ဤသည်ကိုတွေးမိပြီး ဘုရင်မခွေရှယ် စိုးရိမ်ပူပန်ကာ သွေးပျက်နေ၏။ သို့ရာတွင် သူမ တစ်စုံတစ်ရာကို ချက်ချင်း တွေးမိသွားသည်။
“ဒါနဲ့ ငါ အစောပိုင်းတုန်းက ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားလို့ ခပ်သဲ့သဲ့ ကြားလိုက်သလိုပဲ”
ဘုရင်မခွေရှယ်၏ မျက်လုံး၌ အေးတိအေးစက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
“အဲ့နေ့က နတ်ဆိုးနဂါးကို သတ်နိုင်မယ့် နောက်ဆုံးအခွင့်အရေးပဲနဲ့ တူတယ်”
တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာမှ ကောင်းကင်ယံ၌ ဧရာမ နဂါးတစ်ကောင် လျင်မြန်စွာ ပျံသန်းနေ၏။ ထိုနဂါးသည် လွင်တီးခေါင်ပြင်သို့ ဆင်းလိုက်ပြီးနောက် ခန္ဓာကိုယ်က ချက်ချင်း ကျုံ့သွားပြီး အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်အသွင် ပြောင်းလဲသွားလေသည်။
ထိုလူငယ်သည် အသားဖြူ၍ ခံ့ညားချောမောသော အသွင်အပြင်ရှိသည်။ သူသည် ကြီးမြတ်သော မိသားစုတစ်ခုမှ ဆင်းသက်လာပုံရပြီး တော်ဝင်အငွေ့အသက်များ ပေါ်လွင်နေ၏။ ထိုလူငယ်သည် နတ်ဆိုးနဂါးပင်။
“နှစ်နှစ်သိန်း ကြာပြီးမှ ငါ အသွင်ပြောင်းနိုင်ခဲ့ပြီပဲ”
နတ်ဆိုးနဂါးသည် ခန္ဓာကိုယ်၏ ခွန်အားကို ခံစားမိသဖြင့် စိတ်လှုပ်ရှားစွာ ပြုံးလိုက်မိသည်။ သူ အနောက်သို့ လှည့်ကြည့်၍ အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သ်ည။ မည်သူမှ သူ့နောက် လိုက်မလာကြောင်း သေချာသွား ပြီးနောက် စိတ်အေးသွားရသည်။
ဘုရင်မခွေရှယ် စဉ်းစားမိသွားသည့်အချက်က မှန်ပေသည်။ နတ်ဆိုးနဂါးသည် ဘိုးဘေး၏ အမွေအနှစ်ကို ရရှိပြီး ဘိုးဘေး၏ အရိုးစုနှင့် ပေါင်းစပ်သွားသော်လည်း အရာအားလုံးကို သန့်စင်ရန် လိုအပ်သေးသည်။ ဘုရင်မခွေရှယ် ကြောက်လန့်နေသည့်အချိန်မှာတောင်မှ သူ ထိုအမျိုးသမီးကို မသတ်နိုင်ခဲ့ပေ။
“သူတို့ ချက်ချင်း သတိမဝင်လို့ တော်သေးတယ်”
“မဟုတ်ရင် ငါ လုံးဝ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”
နတ်ဆိုးနဂါးသည် အဝေးတစ်ရာသို့ လှမ်းကြည့်၍ စိုးရိမ်ပူပန်၍ သတိရစိတ်များ ဖြစ်ပေါ်လာသည်။
“အခု ငယဲ့လေး ဘယ်လိုနေလဲ မသိဘူး”
“သူ့စိတ်ဝိညာဉ် ပုံရိပ်က ပျက်စီးသွားတော့ သူ့မူလစိတ်ဝိညာဉ်လည်း ဒဏ်ရာ အပြင်းအထန် ရသွားမှာပဲ၊ ဒီလိုဆို ကောင်းကင်ဘုံ အခမ်းအနားမှာ အန္တရာယ်များတော့မှာ၊ ငါ ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချရမယ်၊ ဒီတစ်လအတွင်း ဘိုးဘေးရဲ့ အရိုးစုကို သန့်စင်ဖို့ ကြိုးစားရမယ်၊ ဒီနည်းကပဲ ငယဲ့လေး လူသား အရှင်သခင်နဲ့ တိုက်တာကို ကူပေးနိုင်မှာ”
တစ်လဟူသော အချိန်သည် တိုတောင်းလွန်းလှသည်။ သို့ရာတွင် နတ်ဆိုးနဂါးသည် စိတ်ပိုင်းဖြတ်ထားသဖြင့် ကြိုးကြိုးစားစား ကျင့်ကြံပေတော့မည်။ ဤသည်ကလည်း ယဲ့ဖန်အတွက်သာ။
“ညီအစ်ကို … ငါ့ကို စောင့်နေပါ”
အဝေးတစ်နေရာသို့ သေချာကြည့်လိုက်ပြီးနောက် နတ်ဆိုးနဂါး၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားလေ၏။

နဂါးသတ်တောင်၏ စမ်းသပ်ချက်ကြောင့် ယဲ့ဖန်၏ ဝိညာဉ်ပုံရိပ် ပျောက်ကွယ်သွားချိန်တွင် အဝေးရှိ မသေမျိုး မျိုးနွယ်၏ ရှေးဟောင်းရဲတိုက်၏ လျှို့ဝှက်ခန်းထဲတွင် ယဲ့ဖန် သွေးအန်လေတော့သည်။
သူ၏ မျက်နှာသွင်ပြင်သည် စက္ကူစကဲ့သို့ ဖြူရော်နေပြီး နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျနေ၏။ သူ၏ စိတ်ဝိညာဉ် ပုံရိပ် ပျက်စီးသွားသည်နှင့် အလွန် ပြင်းထန်သော နာကျင်မှုကို ခံစားသွားရသည်။
“ဝိညာဉ်ပုံရိပ် ပျက်စီးသွားတာက တော်တော် ဒဏ်ရာပြင်းတာပဲ”
ယဲ့ဖန် မချိပြုံး ပြုံးလိုက်သည်။ ထို့နောက် သူ လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ လျှို့ဝှက်ခန်းတွင်း၌ နတ်ဘုရား အမြုတေများက တောင်ကုန်းသဖွယ် ပုံလာသည်။ ယဲ့ဖန်က လက်ချောင်းထိပ်ကို ကိုက်၍ အစီအရင်တစ်ခု ရေးဆွဲလိုက်သည်။
“ပုံဖော်စမ်း”
ထိုသို့ ရေရွတ်ပြီးသည်နှင့် အစီအရင်မှ နတ်ဆိုးချီမျှင်စုများ ထွက်ပေါ်လာပြီး နတ်ဘုရားအမြုတေများကို ဝါးမျိုလေသည်။
အမြုတေတစ်ခုကို သန့်စင်ပြီးသည်နှင့် စွမ်းအင်လှိုင်းတစ်ခုက နတ်ဆိုးချီမျှင်စုနှင့်အတူ ယဲ့ဖန်၏ ခန္ဓာကိုယ် တွင်းသို့ စီးဝင်လာသည်။ ထိုအခါတွင်မှ သူ့မျက်နှာတွင် သွေးရောင်လွှမ်းလာ၏။
“ချိပ်ပိတ်ထားတဲ့ မှတ်ဉာဏ်ရဲ့ လေးလွှာမြောက်သာ ပွင့်လာရင် ငါ့စိတ်ဝိညာဉ်က ဒဏ်ရာက လုံးဝ ပျောက်သွားမှာပဲ”
စွမ်းအင်များကို စုပ်ယူရင်း ယဲ့ဖန် ညည်းတွားလိုက်သည်။ သူ၏ ချိပ်ပိတ်ခံထားရသော မှတ်ဉာဏ်သည် ကိုးလွှာတိတိ ရှိသည်။
သူ ယန်ဝမ် ဟင်းလင်းပြင်၌ ရှိနေစဉ်အချိန်က တတိယအလွှာကို ချိုးဖောက်နိုင်ခဲ့ပြီး တပေါ် အရှင်သခင်၏ မှတ်ဉာဏ်ကို ရရှိခဲ့သည်။ ထို့အတူ စိတ်ဝိညာဉ်၏ စွမ်းအင်ကလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
အကယ်၍ လေးလွှာမြောက်ကိုသာ ချိုးဖောက်နိုင်ပါက စိတ်ဝိညာဉ်စွမ်းအင် မြင့်တက်လာရုံသာမက အရင်ဘဝ၏ မှတ်ဉာဏ်များကိုလည်း ရနိုင်မည်ဟု ခံစားမိနေသည်။ တစ်ခြားသော အံ့ဩစရာ အကျိုးအမြတ်များလည်း ရနိုင်လောက်သည်။
ဤသည်ကို တွေးမိပြီး ယဲ့ဖန် စိတ်လှုပ်ရှားလာသည်။ ထိုအခိုက်တွင် အမြုတေများမှ ထွက်ပေါ်လာသော စွမ်းအင်များက စိတ်ဝိညာဉ် ဒဏ်ရာအား ကုသရင်း လေးလွှာမြောက် မှတ်ဉာဏ်ထံ တိုးဝင်နေ၏။
ဝုန်း!
ယဲ့ဖန်၏ မျက်နှာ ဖြူရော်လာပြန်သည်။
ဝုန်း!
ယဲ့ဖန်၏ ပါးစပ်မှ သွေးများ ထပ်စီးကျလာ၏။ ဒဏ်ရာရလာသော်လည်း ယဲ့ဖန်သည် ဂရုမစိုက်ဘဲ စိတ်ဝိညာဉ်အား ချိပ်ပိတ်ထားသော မှတ်ဉာဏ်အား ထိုးဖောက်မိရန် ကြိုးစားနေသည်။
သူ၏ ဒဏ်ရာများက ပိုပိုဆိုးလာ၏။ သို့သော် သူသည် ရူးသွပ်စွာ ကြိုးစားမြဲပင်။ နှစ်ကြိမ်မျှ သွေးအန်ပြီးနောက် ဂျွတ်ခနဲ အသံ ထွက်လာပြီး လေးလွှာမြောက် မှတ်ဉာဏ်၌ အက်ရာ ထင်လာသည်။
“အက်ရာထင်ရုံပဲလား”
ယဲ့ဖန် ထိတ်လန့်သွားရသည်။ ချိပ်ပိတ်ထားသော လေးလွှာမြောက် မှတ်ဉာဏ်က ယခင်အလွှာသုံးလွှာ ပေါင်းထားသကဲ့သို့ မာကြောသန်မာလိမ့်မည်ဟု ထင်မထားမိချေ။
ယဲ့ဖန် မှတ်ဉာဏ်ကို ဆက်ချိုးဖောက် သင့်၊မသင့် စဉ်းစားနေချိန်တွင် အပြင်ဘက်မှ အသံတစ်သံ ထွက်လာ၏။
“သခင်ကြီး ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်က လူငယ်တစ်ယောက် သခင်ကြီးနဲ့ တွေ့ဖို့ ရောက်နေပါတယ်”
*ဟမ်*
*ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တဲ့လား*
ထိုစကားကြောင့် ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။ လူငယ်တစ်ယောက် ဆိုကတည်းက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်မှ ကြွက်ဖြူလေး မဖြစ်နိုင်တော့ပေ။ ထိုသို့ဆိုလျင် မည်သူ ရောက်လာရသနည်း။
ယဲ့ဖန် မျက်မှောင်ကြုတ်လျက်သားဖြင့် ပါးစပ်ထောင့်မှ‌ သွေးစကိုသုတ်၍ အပြင်သို့ ထွက်လာလိုက်သည်။ လျှို့ဝှက်ခန်း အပြင်သို့ သူ ထွက်လာသည်နှင့် အလောင်းကောင် ဘုရင် ခြောက်ပါးလုံး ထိတ်လန့်သွားကြသည်။
ယဲ့ဖန်၏ မျက်နှာက သွေးမရှိသကဲ့သို့ ဖြူဖွေးနေပြီး ပါးစပ်ထောင့်၌ သွေးစ ရှိနေသေးသည်ကို သူတို့ တွေ့လိုက် ရသဖြင့် စိုးရိမ်လာသည်။
“သခင်ကြီး …”
အလောင်းကောင် ဘုရင်ခြောက်ပါးက စိုးရိမ်စိတ်အပြည့်ဖြင့် မေးရန် ပြင်လိုက်သော်လည်း ယဲ့ဖန်က လက်ကာပြ လိုက်သည်။
“ဘာမှမဖြစ်ဘူး၊ သွားကြမယ်”
ထို့နောက် သူသည် ရဲတိုက်ခန်းမထဲသို့ လျှောက်လှမ်းသွားသည်။ ထိုအချိန်၌ ရဲတိုက်ခန်းမတွင်း၌ လူငယ် တစ်ယောက်က ထောင်လွှားသော မျက်နှာပေးဖြင့် ခြေချိတ်ထိုင်နေ၏။
သူ့အနောက်၌ အနက်ရောင်ဝတ်ရုံ ဝတ်ထားသော အဘိုးအို လေးယောက် ရပ်နေသည်။ ထိုအဘိုးအို လေးယောက်လုံးသည် ကောင်းကင်ဘုရင်အဆင့်များ ဖြစ်လေသည်။ အထူးသဖြင့် သူတို့၏ အေးစက်သော အကြည့်များက အရာအားလုံးက တန်ဖိုးမဲ့လှသည်ဟု ထင်နေသည့်ပုံပင်။
လူငယ်လေးကမူ လက်ဘက်ရည်ခွက်ကို ယူ၍ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ချက်ချင်း ထွေးထုတ် လာသည်။
“အမှိုက်တွေ၊ ယင်ယန်လောကက လက်ဘက်ရည်တွေက မြင်းသေးလိုပဲ အမှိုက်သရိုက်တွေ”
ထိုလူငယ်က အလွန် အထင်သေးဟန်ဖြင့် ခေါင်းခါနေသည်။ ထိုအချိန်မှာပင် ယဲ့ဖန်က အလောင်းကောင် ဘုရင် ခြောက်ပါးနှင့်အတူ ဝင်လာသည်။ ထိုလူငယ်က မသိမသာ မျက်မှောင်ကြုတ်သွားသည်။
“မင်းက ယဲ့ဖန်လား”
ထိုသို့ပြောပြီး လူငယ်က စားပွဲကို လက်ဖြင့်ခေါက်၍ ပြောလိုက်သည်။
“တော်တော် သွေးကြီးတဲ့ကောင်ပဲ၊ ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်ကို မြင်နေရတာတောင် ဒူးမထောက် သေးဘူးပေါ့လေ”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now