Chapter 1043

348 44 2
                                    

စာစဉ် 70 Chapter 1043 မင်းလည်း သေရမယ်

“အား…”
မြေကွက်လပ်တစ်လျှောက် အော်ဟစ်သံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ အရိုးဖြူ တမန်တော်များ၊ ထိုက်ကူနဂါးမျိုးနွယ်၊ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၊ နတ်ဘုရားဗိမာန်၏ မျိုးဆက်များ၊ နယ်မြေခုနစ်ခုမှ စစ်သည်တော်များနှင့် အလောင်းကောင်မျိုးနွယ်များအားလုံး လက်ရှိတွင် ဆိုးရွားသော ဘေးအန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရသည်။
လူတိုင်း ကြောက်စရာကောင်းသော ရွှေရောင်သတ္တဝါများ၏ သတ်ဖြတ်ခြင်း ခံရပြီး အောက်သို့ ပစ်ချခံ နေရသည်။
ယဇ်ပူဇော်ပွဲလုပ်မည့် မြေကွက်လပ်၌ အလောင်းများက တောင်လိုပုံလာပြီး သွေးများကြောင့် မြေပြင်တစ်ခုလုံး သွေးရောင်ပြောင်းလာသလို သွေးများ စုစည်းလာပြီး မြစ်သဖွယ် စီးဆင်းနေသည်။
ဤသည်က ကောင်းကင်ဘုံသို့ ယဇ်ပူဇော်ခြင်း အခမ်းအနား မဟုတ်တော့ဘဲ ငရဲဘုံ သားသတ်ရုံတစ်ခု ဖြစ်လာ လေသည်။ သူတို့အားလုံးသည် သားသတ်ရုံများ ဝက်များ၊ သိုးများသဖွယ် အသတ်ခံရနေပြီး ရွှေရောင် သတ္တဝါများက သားသတ်ဓားကဲ့သို့ သတ်ဖြတ်နေ၏။
လက်ရှိအချိန်တွင် ရှေးဟောင်းမျိုးနွယ်သုံးခု၊ အလောင်းကောင်မျိုးနွယ်၊ နယ်မြေခုနစ်ခုမှ စစ်သည်တော်များနှင့် ယင်ယန်လောကမှ သိုင်းပညာရှင်များအားလုံး တစ်ယောက်ပြီး တစ်ယောက် သေဆုံးနေကြသဖြင့် အားလုံး သုတ်သင်ခံ ထားရလုနီးပါး ဖြစ်လာသည်။
ရွှေရောင်သတ္တဝါများက ၎င်းတို့၏ လက်များကို လှုပ်လိုက်တိုင်း သိုင်းပညာရှင်များ ခန္ဓာကိုယ် နှစ်ခြမ်းပြတ်၍ သေဆုံးသွားကြသည်။ အလောင်းများက နေရာအနှံ့ ပျံ့ကြဲနေပြီး သွေးများက မြစ်သဖွယ် စီးဆင်းနေသည်။
အထူးသဖြင့် လူသားအရှင်သခင်နှင့် လူသားအရှင်သခင်၏ ဆရာဖြစ်သူတို့ကြောင့် သတ်ဖြတ်ပွဲကြီးက ပို၍ အကျည်းတန်ကာ ဆိုးရွားလှသည်။
“သတ်”
မဟာနတ္ထိ ရှေးဧကရာဇ်၊ ရှေးဟောင်း နတ်မင်းသုံးပါး၊ အရိုးဖြူ တမန်တောင် ခုနစ်ဆယ့်နှစ်ပါး၊ အရိုးဖြူ စစ်သူကြီးများနှင့် ကောင်းကင်စစ်သည်တော်များ၊ နတ်ဆိုးနဂါး ဖုရှန်၊ ပိုင်ယီနှင့် အခြားသူများက ရွှေရောင် သတ္တဝါများကို အပြင်းအထန် ပြန်လည်တိုက်ခိုက်နေကြသည်။
သို့ရာတွင် ရွှေရောင်သတ္တဝါများ၏ အရေအတွက်က တိုးပွားမြဲ တိုးပွားနေ၏။ တစ်သောင်းမှ နှစ်သောင်း၊ သုံးသောင်းမှ လေးသောင်း တဖြည်းဖြည်း တိုးလာသည်။
ကောင်းကင်တာအို၏ မျက်လုံးထဲ၌ ရွှေရောင်သတ္တဝါများ မည်မျှများများ ရှိနေသလဲ မည်သူမှ မခန့်မှန်း နိုင်ကြချေ။
ထိုစဉ် ရေနတ်ဘုရားသည် ရွှေရောင်သတ္တဝါတစ်ကောင်၏ တိုက်ခိုက်ခြင်း ခံရကာ ဦးခေါင်းပြုတ်ထွက်သွားပြီး သွေးများ ပန်းထွက်လာ၏။ သူ၏သွေးများက ဘေးနားမှ လေနတ်ဘုရားသို့ သွားစဉ်လေသည်။ လေနတ်ဘုရား တုန်လှုပ်ခြောက်ခြားသွားပြီး မိမိ အဆုံးသတ်တော့မည်ဟု ခံစားမိသွားသည်။
“တပေါ်အရှင်သခင်၊ ကျုပ်ကို ကယ်ပါဦး၊ ကျုပ် မသေချင်သေးဘူး…”
လေနတ်ဘုရားသည် သည်းခြေပျက်မတတ် အော်ဟစ်၍ ယဲ့ဖန်ကို အကူအညီတောင်းလေသည်။ သူသည်သာမက ဘေးပတ်လည်မှ ထောင်သောင်းချီသော ယင်ယန်လောက၏ သိုင်းပညာရှင်များနှင့် ရှေးဟောင်း မျိုးနွယ်သုံးခုလုံး သတိဝင်လာကြသည်။ ယခု သူတို့ကို ကယ်နိုင်သည့် တစ်ဦးတည်းသောလူက ယဲ့ဖန်သာ ဖြစ်ကြောင်း သိလိုက်လေသည်။ တစ်ယောက်ပြီးတစ်ယောက် မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်အား ငိုယိုတောင်းပန်ကြသည်။
“တပေါ်အရှင်သခင် ကျုပ်တို့ကို ကယ်ပါဦး”
“တပေါ်အရှင်သခင် ကျုပ်တို့ကို ကယ်ပါဦး”
“…”
ထိုအခိုက်တွင် လေနတ်ဘုရားနှင့် ထောင်သောင်းချီသော ယင်ယန်လောက၏ သိုင်းပညာရှင်များသည် ယဲ့ဖန်အား ငိုယိုတောင်းပန်နေရင်း ရွှေရောင်သတ္တဝါများ၏ သတ်ဖြတ်ခြင်း ခံနေရသည်။
သူတို့၌သာမက မဟာနတ္ထိ ရှေးဧကရာဇ်နှင့် အခြားသူများသည်လည်း ရွှေရောင်သတ္တဝါများကြောင့် ခန္ဓာကိုယ်၌ ဒဏ်ရာများ ရစပြုလာသည်။
နတ်ဆိုးနဂါး ဖုရှန် အမွေဆက်ခံရရှိထားသည့် ဘိုးဘေးခန္ဓာကိုယ်ကလည်း ရွှေရောင်သတ္တဝါကြောင့် စုတ်ပြတ်လုနီးပါး ဖြစ်နေ၏။ နတ်ဆိုးနဂါးသည် လက်သည်းများကိုဝင့်၍ ရွှေရောင်သတ္တဝါ၏ ဦးခေါင်းကို ကုတ်ဖဲ့ လိုက်သည်။
တစ်ဖက်တွင်လည်း ထောင်ချီသော ရွှေရောင်သတ္တဝါများက မဟာနတ္ထိ ရှေးဧကရာဇ်ကို အသည်းအသန် တိုက်ခိုက်နေသည်။ မဟာနတ္ထိ ရှေးဧကရာဇ်၏ ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်လာသည်။
သူတို့နှင့်ယှဉ်လျင် ဗောဓိဘိုးဘေးနတ်ဘုရားက ပို၍ အခြေအနေ ဆိုးပေသည်။ သူ၏ ပြန်ဖွဲ့စည်းထားကာစ ခန္ဓာကိုယ်က စုတ်ပြတ်လုနီးပါး ဖြစ်နေ၏။
နောက်ဆုံးတွင် ရွှေရောင်သတ္တဝါ လေးကောင်က ဗောဓိဘိုးဘေး နတ်ဘုရား၏ ရင်ဘတ်အား ချွန်ထက်သော လက်သည်းများဖြင့် ထိုးစိုက်လိုက်သဖြင့် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မျက်နှာ ပြာနှမ်းလာသည်။
“ကလေးမလေး ငါ တောင်းပန်ပါတယ်”
ဗောဓိဘိုးဘေး နတ်ဘုရားသည် ပါးစပ်ထောင့်မှ သွေးများ စီးကျနေပြီး နောက်ဆုံးထွက်သက်၌ ပိုင်ယီအား သူ့အမှားအတွက် ဝန်ခံ တောင်းပန်သွားလေသည်။
“မဖြစ်ရဘူး၊ ဆရာ...”
ပိုင်ယီ၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ဗောဓိဘိုးဘေး နတ်ဘုရား သေဆုံးတော့မည်ကို မြင်ပြီး သူမ ရူးမတတ် ဖြစ်လာသည်။
ဆရာဟူသော ခေါ်သံကို ကြားလိုက်ရသောအခါ ဗောဓိဘိုးဘေး နတ်ဘုရားက စိတ်အေးသွားသလို ပြုံးလိုက်သည်။ ဆရာဟူသော နာမ်စားကြောင့် သူ သေပျော်သွားလေပြီ။
“ငါ သေပျော်ပြီ …”
ထိုစကားအဆုံး၌ ဗောဓိဘိုး‌ဘေး နတ်ဘုရား၏ အလောင်းက ကောင်းကင်ထက်မှနေ၍ ယဇ်ပူဇော်သော အမိုးပေါ်သို့ ပြုတ်ကျလာသည်။
ဗောဓိဘိုးဘေး ကျဆုံးသွားခြင်းသည် အစမျှသာ ရှိပေသေးသည်။ ဘုရင်မခွေရှယ်၏ ဦးခေါင်းသည်လည်း ပြတ်လုနီးပါး ဖြစ်လာလေသည်။ သေရမည်ကို ကြောက်ရွံ့သောစိတ်ကြောင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။
“ဖုရှန်၊ ဖုရှန်”
ဘုရင်မခွေရှယ်က နတ်ဆိုးနဂါး ဖုရှန်အား ဝမ်းနည်းနာကျင်၍ လိပ်ပြာမလုံသော အမူအရာမျိုးဖြင့် ကြည့်လာသည်။
“တောင်းပန်ပါတယ်၊ ကျွန်…ကျွန်မ ရှင့်ကို တကယ် ချစ်ခဲ့တာပါ …”
ဘုရင်မခွေရှယ် ထိုသို့ပြောလိုက်ပြီးသည်နှင့် သူမ၏မြွေဦးခေါင်းကို ရွှေရောင်သတ္တဝါ၏ လက်သည်းများ ထိုးဖောက်လာ၏။ သူမ၏ မျက်လုံးများကလည်း တဖြည်းဖြည်း မှုန်ဝါးလာလေသည်။ သူမ အတိတ်က အချိန်များကို ပြန်သတိရနေပုံရသည်။
တစ်ချိန်က ထိုကောင်လေးကို ပြန်အမှတ်ရလာသည်။ သူမ အားအနည်းဆုံးနှင့် ဆိုးရွားသော အခြေအနေသို့ ရောက်နေချိန်တွင် အနက်ရောင်ဝတ်စုံနှင့် ထိုကောင်လေးက သူမကို ကယ်တင်ခဲ့သည်။
ထိုကောင်လေးသည် ထိုက်ကူနဂါးမျိုးနွယ်၏ နှစ်သန်းပေါင်းများစွာအတွင်း ရှားရှားပါးပါး မွေးဖွားလာသည့် ငယ်ရွယ်ထူးချွန်သော ပါရမီရှင်လေး ဖြစ်ပေသည်။
သူမ သူ့ကို ကျေးဇူးတင်သလို လေးစား၍ ချစ်မြတ်နိုးမိသည်။ သူမ သူ့ကို နှစ်နှစ်ကာကာ ချစ်ခဲ့မိသည်။ သို့သော် သူမ ကြုံတွေ့ခဲ့ရသည့် လှောင်ပြောင်ခြင်းများကို သူမ မမေ့နိုင်ခဲ့သလို တစ်သက်လုံး အစေခံအဖြစ် မနေချင်လိုခဲ့ပေ။
သူမ သန်မာချင်သည်။ အသန်မာဆုံးသော သူတစ်ယောက် ဖြစ်လာချင်၏။ သူမ၏ ရည်မှန်းချက်က တဖြည်းဖြည်း ကြီးထွားလာသဖြင့် ချစ်ရသောသူ့ကို သူမ စွန့်ပစ်ခဲ့သည်။ ညတိုင်း မရေတွက်နိုင်သော အိပ်မက်ဆိုးများကြောင့် သူမ လန့်နိုးကာ ငိုကြွေးခဲ့ရသည်။ သူမကိုယ်သူမ နောင်တမရကြောင်းနှင့် နောင်တမရသင့်ကြောင်း အကြိမ်ကြိမ် ပြန်ပြောခဲ့သည်။
တကယ်တမ်းတွင် သူမ သူ့ကို ချစ်ခဲ့ပါသည်။ သူမ၏ ကိုယ့်ကိုယ်ကိုယ် ပိုချစ်သောအတ္တစိတ်က ပို၍ ကြီးမားနေခြင်းကြောင့်သာ ဤသို့ ဖြစ်ခဲ့ရလေသည်။
“ကျွန်မ တောင်းပန်ချင်တာက …”
အလွန်တရာ နောင်တရ၍ လိပ်ပြာမလုံသောစိတ်တို့နှင့်အတူ ဘုရင်မခွေရှယ်၏ ကြီးမားသော မြွေခန္ဓာကိုယ်က ကောင်းကင်ထက်မှ ပြုတ်ကျသွားတော့သည်။
“ခွေရှယ်”
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ နတ်ဆိုးနဂါး ဖုရှန်တစ်ယောက် နှလုံးသားကို ဓားဖြင့် မွှေ့ယမ်းခံ လိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။ ဤအမျိုးသမီးကို သူ မုန်းတီးပါသော်လည်း သူမကို သူ အမှန်တကယ် ချစ်ခဲ့ပါ၏။ ယခု ခွေရှယ် သေဆုံးသွားသဖြင့် ချစ်ခြင်းတရားနှင့် အမုန်းတရားတို့က ဖုန်မှုန့်သဖွယ် လွင့်ပြယ် သွားတော့သည်။
“ငါ့ကိုစောင့်နေပါ၊ နောင်ဘဝဆိုတာ ရှိခဲ့ရင် ငါ မင်းကို အလှောင်ခံခွင့် ပေးမှာမဟုတ်သလို မင်းရဲ့ ရည်မှန်းချက်က အရာအားလုံးကို ဝါးမျိုသွားတာမျိုးလည်း အဖြစ်မခံပါဘူး”
နတ်ဆိုးနဂါး ဖုရှန်၏ မျက်လုံးမှ မျက်ရည်များ စီးကျလာ၏။ ထို့နောက် သူ တစ်ဖက်လှည့်၍ ရွှေရောင်သတ္တဝါများကို သည်းကြီးမည်းကြီး တိုက်ခိုက်လေသည်။
ယခုအချိန်၌ သေခြင်းတရား လွှမ်းမိုးနေပြီး ကောင်းကင်ထက်၌ ရွှေရောင်သတ္တဝါများစွာ ရှိနေသဖြင့် ရွှေပင်လယ်ကြီးက အရာအားလုံးကို ဝါးမျိုနေသယောင် ဖြစ်နေလေ၏။
အရိုးဖြူ စစ်သူကြီးများနှင့် ကောင်းကင်စစ်သည်တော်များ တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်။ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါး၌ သုံးပုံတစ်ပုံ သေဆုံးသွားခဲ့သည်။
ရှေးဟောင်း နတ်မင်းသုံးပါးသည်လည်း ဒဏ်ရာဗလပွနှင့် မောပန်းနေကြသည်။ မဟာနတ္ထိ ရှေးဧကရာဇ်၊ ပိုင်ယီ၊ နတ်ဆိုးနဂါး ဖုရှန်၊ ထျန်းရှန်းအာနှင့် မသေမျိုး ဖီးနစ်ဘုရင်တို့ သွေးအလိမ်းလိမ်း ဖြစ်နေလေသည်။
အောက်ဘက်ရှိ ယဲ့ဖန်မှာမူ အပြင်၌ ဖြစ်နေသည်ကို တစ်ခုမှ သိပုံမရပေ။ သူ၏အတွေးထဲ၌ အမျိုးသမီး တစ်ယောက်၏ ပုံရိပ်သာ စွဲထင်နေ၏။
“အမေ…”
ယဲ့ဖန်၏ လေသံက အက်တက်တက်နှင့် ခံရခက်ဟန် ပေါက်နေသည်။ ဤသတင်းက သူ့အပေါ် ကြီးကြီးမားမား သက်ရောက်သွားခဲ့သည်။
“မဖြစ်ရဘူး”
“ယန်နယ်မြေကလူတွေ၊ ကျိုးယန်တောင်၊ သေရမယ်၊ မင်းတို့အားလုံး သေရမယ်ကွ”
ယဲ့ဖန်ထံမှ နတ်ဆိုးချီမျှင်စုများ ဝုန်းခနဲ တိုးပွားလာသည်။ နတ်ဆိုးတစ်ကောင် နိုးထလာသည့်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။
ယဲ့ဖန်ထံသို့ ပြေးဝင်လာသော ရွှေရောင်သတ္တဝါများသည် ထိုနတ်ဆိုးချီမျှင်စုအောက်၌ ချွန်ထက်သော ဓားများဖြင့် အခုတ်ခံလိုက်ရသကဲ့သို့ နှစ်ပိုင်းပြတ်၍ လွင့်ထွက်သွားကြသည်။
ယဲ့ဖန်၏ အတွေးထဲတွင် အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်နေ၏။ ချိပ်ပိတ်ခံထားရသည့် လေးလွှာမြောက် မှတ်ဉာဏ် အကာအရံ ပျက်စီးသွားလေသည်။
ယဲ့ဖန် ခေါင်းမော့လိုက်သည်။ သွေးမျက်ရည်များက ပါးပြင်ထက်သော စီးဆင်းလာသဖြင့် မျက်နှာ၌ သွေးကြောင်း နှစ်ခု ဖြစ်ပေါ်လာသည်။ သူသည် ရူးသွပ်သောအကြည့်များဖြင့် ကောင်းကင်တာအိုကို စူးစိုက်ကြည့်၍ ကြိမ်းဝါးလိုက်သည်။
“ခင်ဗျားလည်း … သေရမယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now