Chapter 1141

334 40 0
                                    

စာစဉ် 77 Chapter 1141 ဘယ်သူမှ မလုပ်နိုင်ဘူး

တစ်ချိန်တည်းမှာပင် ကျုံးမိသားစု စားသောက်ဆိုင်တွင်း၌ ဆိုင်တံခါးဝက ဟောင်းလောင်း ပွင့်နေပြီး လေထုထဲ၌ သွေးနံ့များ တထောင်းထောင်းထနေသည်။
ဆိုင်တစ်ခုလုံး ရှုပ်ပွနေပြီး ကျုံးလီအာနှင့် မိဘနှစ်ပါးတို့သည် အချင်းချင်း ကြောက်လန့်တကြား ဖက်တွယ် ထားကြပြီး မျက်နှာ၌ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေလေသည်။
သူတို့ဘေး၌ ပြုံးရယ်နေကြသော သိုင်းပညာရှင်များ ရှိကြသည်။ ထို့အပြင် ချောမောသောလူတစ်ယောက်က ထိုင်ခုံ၌ ထိုင်နေပြီး သူ့ထံမှ ပြင်းထန်သော ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး အရှိန်အဝါက နဂါးတစ်ကောင်၏ အရှိန်အဝါမျိုး ဖြစ်နေသည်။ သူ၏ လှုပ်ရှားမှုတိုင်းမှ ကြောက်စရာကောင်းသော ဖိအားများ ထွက်ပေါ်နေသဖြင့် လူတိုင်း စိတ်မွန်းကြပ်ကာ မော်မကြည့်ရဲကြချေ။
ယဲ့ယွင်ထျန်း၊ ယဲ့မိသားစု၏ ဉာဏ်ကြီးရှင် ပထမ သခင်လေး။ ကျုံးကျိုးအင်ပါယာ၌ နှစ်ထောင်ချီအတွင်း ထွက်ပေါ်လာသည့် အထူးချွန်ဆုံး ပါရမီရှင်ဟု ကျော်ကြားသူ။
လက်ရှိတွင် ကျုံးလီအာက ငိုသံနှင့် လူတစ်ယောက်ကို အော်ဟစ်နေ၏။
“အားပင်း ငါ့မိဘတွေက နင့်အပေါ် ကြင်နာခဲ့တာကို နင် ဘာလို့ ဒီလိုလုပ်ရတာလဲ”
“ဘာလို့လဲ ဟုတ်လား”
သူမစကားကြောင့် အားပင်းက ရုတ်တရက် ဒေါသထွက်လာပြီး ပြန်အော်လေသည်။
“ငါ အခု ဘာဖြစ်နေလဲ ကြည့်လေ၊ ငါ့ကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ”
အားပင်း၏ မျက်နှာက ရောင်ကိုင်းနေပြီး လက်ကျိုးကာ အောက်ပိုင်းကိုလည်း လူကြီးသုံး ဒိုက်ပါ ပတ်ထားရသည်။ ယခု သူ့အား ယောက်ျားတစ်ယောက်ဟု မခေါ်နိုင်တော့ချေ။ သူ၏ညီငယ်လေးက ၎င်းအလုပ်ကို ကောင်းကောင်း မလုပ်နိုင်တော့သည့်အပြင် ဆီးကိုပင် ထိန်းမရတော့ပေ။
ဤကိစ္စအားလုံး ယဲ့ဖန်၏ အမှားဟု သူ မှတ်ယူထားသည်။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက ယခုကဲ့သို့ သူ ဖြစ်နေမည် မဟုတ်ပါ။ ထို့ကြောင့် သူ ယဲ့ဖန်ကို သေစေချင်သည်။
ယဲ့ယွင်ထျန်း ဤနေရာကို အလွန် လျင်မြန်စွာ ရှာတွေ့နိုင်သည့် အကြောင်းရင်းကလည်း အားပင်း၏ လမ်းညွှန်မှု ကြောင့်ပင်။
အားပင်း၏ဘေး၌ ဖန်းရီပေါ်လည်း ရှိနေသည်။ သူက ရှေ့တစ်လှမ်းတိုးကာ ဆိုးယုတ်စွာ ပြုံးလေသည်။
“လီအာ မင်း အပြစ်တင်ချင်တယ်ဆိုရင် ကိုယ့်နေရာကိုယ် မသိဘဲ ယဲ့မိသားစုကို ရန်စမိတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်တော့”
“ယဲ့မိသားစုက နဂါးမြို့တော်ရဲ့ အရှင်သခင်ဆိုတာကို ဘယ်သူ မသိဘဲ နေလို့လဲ၊ မင်း ယဲ့မိသားစုကို ဆန့်ကျင်ရင် သေခြင်းတရားပဲ ရှိတော့မှာ”
အားပင်း၏ လက်စားချေလိုစိတ်နှင့် မတူဘဲ သူသည် ယဲ့မိသားစုကို မျက်နှာလုပ်ချင်နေခြင်း ဖြစ်သည်။
“ပြီးတော့ လီအာ သခင်လေးက နင့်ကို ချစ်သွားတာက ဖြစ်တောင့်ဖြစ်ခဲနော်၊ ဒါ အရင်ဘဝက ကောင်းမှုကြောင့် ဖြစ်မယ်၊ အဲ့ဒါ နင့်အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား”
ဖန်းရီပေါ်က ရုတ်တရက် ထိုသို့ပြောလာ၏။ အစပိုင်း၌ ယဲ့ယွင်ထျန်းသည် ကျုံးလီအာ၏ မိသားစုကို သတ်ရန် လာခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်နှင့် ပတ်သက်သောလူတိုင်း သေကိုသေရမည်ဟု သူ ဆုံးဖြတ် ထားသောကြောင့်ပင်။
သို့သော် ကျုံးလီအာ၏ မိသားစုနှင့် တွေ့လျင်တွေ့ချင်းမှာပင် ကျုံးလီအာ၏ အလှတရားအောက်၌ သူ ကျဆုံး သွားသည်။ ထို့ကြောင့် သူမအား ကိုယ်လုပ်တော်အဖြစ် ကောက်ယူမည်ဟု သူ စဉ်းစားခဲ့သည်။
“ပထမ သခင်လေးကို ခစားတာက လူချမ်းသာ မိသားစုတစ်ခုနဲ့ လက်ထပ်လိုက်တာနဲ့ အတူတူပဲ၊ မင်း တစ်သက်လုံး ဂုဏ်ဓန စည်းစိမ်တွေကို ခံစားနိုင်မှာကို ဘာလို့ ငြင်းရတာလဲ”
အားပင်းနှင့် ဖန်းရီပေါ်တို့က ကျုံးလီအာကို ကြိုးစား၍ ဖျောင်းဖျနေကြသည်။
“ထွီ”
ကျုံးလီအာက သူတို့၏ မျက်နှာကို တံတွေးဖြင့်ထွေးကာ အလွန်ရွံရှာသော လေသံဖြင့် ပြန်ပြောလာ၏။
“လူတိုင်းကို နင်တို့လို ညစ်ညမ်းတယ်လို့များ ထင်နေလား”
“အစကတည်းက ငါ အစ်ကိုယဲ့ကို နင့်လိုအမှိုက်ကောင်ကို ခွင့်လွှတ်ပေးဖို့ မပြောခဲ့သင့်တာ”
“ယဲ့ဖန် ဟုတ်လား”
ယဲ့ဖန်၏ နာမည်ကို ထုတ်ပြောသည်နှင့် ဖန်းရီပေါ်က ပျက်ရယ်ပြုလေသည်။
“အခုလောက်ဆို အဲ့မျိုးမစစ်ကောင် ဟွိုင်အန်းမြို့မှာ သေနေလောက်ပြီ”
“ဘာ”
ထိုစကားကြောင့် ကျုံးလီအာ၏ မျက်နှာထားက အေးခဲသွားပြီး သွေးပျက်သွားသော အမူအရာ ဖြစ်ပေါ်လာသည်။
“နင် ဘာလုပ်လိုက်တာလဲ”
“ယဲ့မိသားစုရဲ့ ဒုတိယ သခင်လေးက သူ့ကိုသတ်ဖို့ သိုင်းပညာရှင်တစ်ဖွဲ့ကို ခေါ်ပြီး ဟွိုင်အန်းမြို့ကို သွားပြီးနေပြီ၊ ထုန်ရှန်ကျွီရမ်၊ ဟွားလုံတျောင် အဲ့လို ပြိုင်ဘက်ကင်းတဲ့ နတ်ဆိုးတွေ လှုပ်ရှားမှတော့ သူ သေပြီပေါ့၊ ဟားဟားဟား …”
*ဟွားလုံတျောင်*
*ထုန်ရှန်ကျွီရမ်*
ကျုံးလီအာ၏ မျက်နှာလေး ဖြူရော်လာလေသည်။ ထိုလူများသည် အလွန် ရက်စက်သော နတ်ဆိုးများ ဖြစ်ပြီး လူပေါင်းများစွာကို သတ်ခဲ့သည့် လူသတ်သမားများ ဖြစ်ကြသည်။
“အစ်ကိုယဲ့ … အစ်ကိုယဲ့”
ထိုစဉ် ကျုံးလီအာ၏ ခန္ဓာကိုယ်လေး တုန်ယင်လာပြီး ငိုယိုခြင်းကို မရပ်နိုင်တော့ချေ။ ယဲ့ဖန်မရှိသော ဘဝကို သူမ တွေးမကြည့်နိုင်ပါ။ မျှော်လင့်ချက်မဲ့ကာ ဝမ်းနည်းဖွယ် ကောင်းလွန်းလောက်သည်။ လက်ရှိအချိန်တွင် ကျုံးလီအာသည် ယဲ့ဖန်နောက်လိုက်၍ သေရန် မစောင့်နိုင်တော့ချေ။
“မင်းသဘောကျတဲ့ကောင် သေသွားပြီ၊ မင်း သူ့အကြောင်း ထပ်ပြီး တွေးနေစရာ မလိုတော့ဘူး၊ ငါတို့အချင်းချင်း ပွင့်ပွင့်လင်းလင်း ပြောကြတာပေါ့”
ဖန်းရီပေါ်က ရယ်၍ ပြောလိုက်သည်။
“ပြောရတာ အားနာတယ်၊ အဲ့ကောင်ရဲ့ ခေါင်းက အခုဆို လမ်းမှာ ရောက်နေလေပြီ”
သူနှင့် အားပင်းတို့၏ မျက်နှာတွင် အလွန် နာကြည်းဟန်များ ထင်ဟပ်နေပြီး ယဲ့ဖန် သေတော့မည်ဟု သိလိုက်ရချိန်တွင် အလွန်အမင်း စိတ်လှုပ်ရှားခဲ့ရသည်။ သူတို့အား ထပ်ခါထပ်ခါ လူလယ်ခေါင်၌ အရှက်ခွဲ၍ လှောင်ပြောင်ခဲ့သောလူက သေရပေတော့မည်။
“သခင်လေး ဟွိုင်အန်းက သတင်းပို့လာပါတယ်၊ ယဲ့ဖန်ရဲ့ ခေါင်းပြတ် ရောက်လာပါပြီ”
ထိုစဉ် နောက်လိုက်ငယ်သားတစ်ယောက်က သစ်သားသေတ္တာငယ်တစ်လုံးကို ကိုင်၍ ပြေးဝင်လာသည်။ ထိုစကားကြောင့် ကျုံးလီအာ မိုးကြိုးပစ်ချခံလိုက်ရသလို ဖြစ်သွားလေသည်။
“အစ်ကိုယဲ့၊ ငါ့အစ်ကိုယဲ့ …. မဟုတ်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ အစ်ကိုယဲ့က မသေနိုင်ပါဘူး …”
ကျုံးလီအာသည် မျက်စိရှေ့မှ အရာအားလုံးကို မယုံနိုင် ဖြစ်နေ၏။ သူမ သစ်သားသေတ္တာလေးကို ကြည့်ပြီး သူမကောင်းကင်ကြီး ပြိုကျတော့မယောင် ခံစားမိလာသည်။ ဤအဖြစ်ကိုကြည့်ပြီး ယဲ့ယွင်ထျန်းက လှောင်ပြုံး ပြုံးလိုက်သည်။
“အဲ့ယဲ့ဖန်က ဒီလိုမျိုး အဆုံးသတ်သွားတာကိုး”
သူ့ညီဖြစ်သူကြောင့် အသတ်ခံလိုက်ရခြင်းသည် ထိုယဲ့ဖန်က သူနှင့် တိုက်ခိုက်ရန် မတိုက်တန်သော ပုရွက်ဆိတ် တစ်ကောင်သာ ဖြစ်သည်ဟု ဆိုလိုခြင်းပင်။
*ရောက်လာပြီ*
*နောက်ဆုံးတော့ ရောက်လာပြီပဲ*
အားပင်းနှင့် ဖန်းရီပေါ်တို့ စိတ်လှုပ်ရှားကာ တုန်ယင်လာကြသည်။ သူတို့ ဤနေ့မျိုးအား အချိန်အတော်ကြာ မျှော်လင့်ခဲ့ရသည်။
“လာ … လီအာ … နင့်အစ်ကိုယဲ့ဆိုတာကို ကြည့်ပါဦး”
အားပင်းက ညစ်ကျယ်ကျယ် ရယ်မော၍ ကျုံးလီအာရှေ့၌ သေတ္တာကို ဖွင့်ပြလိုက်သည်။ ရုတ်တရက် ကျုံးလီအာ အံ့ဩသွားပြီး ငိုယိုနေရာမှ ရပ်သွားလေသည်။ အားပင်း မျှော်လင့်နေသော ပူဆွေးမှုများ ဖြစ်မလာဘဲ ကျုံးလီအာက ဇဝေဇဝါ ဖြစ်နေဟန်သာ ပေါ်လာသည်။ ထို့ကြောင့် အားပင်းလည်း အံ့ဩသွားရသည်။
*ဘယ်လိုဖြစ်တာလဲ၊ အခုလေးတင် ကျုံးလီအာက အသည်းအသန် ငိုနေတာလေ၊ ဘာလို့ သူက မငိုတော့တာလဲ*
သူ တစ်ခုခု မှားနေပြီဟု ချက်ချင်း ခံစားမိသဖြင့် ငုံ့ကြည့်လိုက်သည်။
“ဟာ…”
ရုတ်တရက် အားပင်း အသက်ပင် မရှူနိုင်အောင် ဖြစ်သွားရသည်။
“မင်း ဘာလို့ တအား အံ့ဩနေတာလဲ”
ဖန်းရီပေါ်က ဒေါသတကြီး သူ့ကို တွန်းထုတ်၍ ရှေ့တိုးလာသည်။ ချက်ချင်းဆိုသလိုပင် သူသည်လည်း ကြက်သေ သေသွားလေသည်။
“ဒါ … ဒါက …”
“မင်း ဘာမြင်လို့လဲ”
ယဲ့ယွင်ထျန်း မျက်မှောင်ကြုတ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် မေးလာသည်။
*ဒီနှစ်ယောက်ထဲမှာ တစ်ယောက်က နောက်တစ်ယောက်ထပ် ပိုအခြေအနေဆိုးနေပါလား*
သို့သော် ဖန်းရီပေါ်နှင့် အားပင်းတို့နှစ်ယောက်လုံး အသံမထွက်ရဲကြချေ။ ယဲ့ယွင်ထျန်း ချက်ချင်း ရှေ့တက်လာပြီး အနားသို့ ကပ်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်နှာတွင် နာကြည်းချက်များနှင့် ပြည့်နှက်လာပြီး ဒေါသူပုန် ထလာ၏။
“ယဲ့ဖန် … ယဲ့ဖန်”
ယဲ့ယွင်ထျန်း အံကြိတ်ထားပြီး သူ့ကိုယ်မှ လူသတ်လိုသော အငွေ့အသက်များ အတောမသတ်နိုင်အောင် ထွက်ပေါ်လာသဖြင့် လူတိုင်း ရေခဲအိုင်ထဲ ကျသွားသကဲ့သို့ ချမ်းစိမ့်လာကြသည်။
သေတ္တာထဲ၌ ရှိနေသော ဦးခေါင်းက သူ့ညီ၏ ဦးခေါင်း ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။ ယဲ့ဖန်က သူ့ညီကို သတ်ပြီး ခေါင်းဖြတ်ကာ ပို့လိုက်ခြင်း ဖြစ်သည်။ ဤသည်မှာ အရှက်ခွဲခြင်းပင် ဖြစ်သည်။ ရန်စခြင်းပင်။
သူ ယဲ့ဖန်ကို ပို၍ မုန်းတီးလာ၏။ ထိုအချိန်တွင် ဖန်းရီပေါ်နှင့် အားပင်းတို့ အံ့ဩပြီး မျက်နှာဖြူရော်နေကြသည်။
*နတ်ဆိုးအိုကြီး နှစ်ကောင် လှုပ်ရှားတာတောင် သူတို့ ယဲ့ဖန်ကို မသတ်နိုင်ဘူးလား*
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
“ငါ့အစ်ကိုယဲ့က လွယ်လွယ်နဲ့မသေမှန်း ငါ သိနေတယ်”
*ဘာလို့လဲဆိုတော့ သူက တကယ့် ဘုရင်လေ”
“ဘုရင်အစစ်က ဘယ်တော့မှ မသေဘူး”
ကျုံးလီအာက ငိုလိုက်ရယ်လိုက်နှင့် ယဲ့ယွင်ထျန်းတို့သုံးယောက်အား အရူးသုံးယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
“ခွေးမ နင်ကများ ငါ့ကို လှောင်ရဲတယ်လား”
ယဲ့ယွင်ထျန်း အလွန် ဒေါသထွက်ကာ အကြည့်များက ခက်ထန်နေ၏။
“မင်းက သေချင်နေမှတော့ ငါ ဖြည့်ဆည်းပေးရတာပေါ့”
ထိုသို့ပြောပြီး သူက ကျုံးလီအာ၏ လည်ပင်းကို ဖမ်းချုပ်ကာ သူမပါးစပ်ထဲသို့ ဆေးရည်တစ်ပုလင်း လောင်းထည့် လိုက်သည်။
“အား…”
ကျုံးလီအာ မချိတင်ကဲ အော်ဟစ်လိုက်မိသည်။ ခန္ဓာကိုယ်တစ်ခုလုံး၌ အပြာရောင် သွေးကြောများဖြင့် ပြည့်နှက်လာသည်။
“နင် … နင် ငါ့ကို ဘာလုပ်လိုက်တာလဲ”
ကျုံးလီအာ မချိတင်ကဲ အော်ဟစ်ရင်း မေးလိုက်သည်။ ဝေဒနာက သူမတစ်ကိုယ်လုံးသို့ ပျံ့နှံ့စီးဆင်းနေပြီး ခန္ဓာကိုယ်တစ်ခုလုံး စုတ်ပြဲမယောင် ဖြစ်နေသည်။ ဤသို့သော ဝေဒနာက နှလုံးစားပိုးကောင်ထက် အဆတစ်ရာမက ပိုပြင်းထန်လှသည်။
ယဲ့ယွင်ထျန်းက ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“ဒါ ငါ့ယဲ့မိသားစုက ဖန်တီးထားတဲ့ အပ်တစ်ထောင် အဆိပ်ပဲ၊ ဒီအဆိပ်မိသွားရင် ခန္ဓာကိုယ်ကို အပ်တစ်ထောင် လာထိုးစိုက်သလို ခံစားရလိမ့်မယ်၊ ပြီးတော့ သေသွားတာက ပိုကောင်းဦးမယ်လို့ စဉ်းစားမိမှာပေါ့”
“သုံးနာရီကြာပြီးရင် ဝေဒနာက အဆတစ်ရာ ပိုပြင်းလာလိမ့်မယ်”
“ငါးနာရီကြာရင် မင်းခန္ဓာကိုယ်က စပြီး ဆွေးမြည့်လာလိမ့်မယ်”
“ဆယ်နာရီကြာရင် မင်းအရေပြားတွေ ပျော်ကျလာလိမ့်မယ်”
“နောက်ဆုံး မင်းတစ်ကိုယ်လုံး သွေးအိုင်အဖြစ် ပြောင်းသွားမှာ”
ယဲ့ယွင်ထျန်းသည် အားပါးတရ ရယ်မောလိုက်ပြီးနောက် လေသံမာမာဖြင့် ငေါက်ငမ်းလေသည်။
“ယဲ့ဖန်က မျိုးမစစ်လို့ပြော၊ ငါ ယဲ့ယွင်ထျန်းရဲ့ ဖိနပ်ကို လျက်ဖို့ပဲ ထိုက်တန်တဲ့ကောင်လို့ပြော”
“မင်း အဲ့လိုပြောတာနဲ့ ငါ မင်းအသက်ကို ချမ်းသာပေးမယ်”
“အစ်ကိုယဲ့က … ဘုရင်အစစ်”
ကျုံးလီအာက ရုတ်တရက် ခေါင်းမော့၍ ဝေဒနာ ခံစားနေရသော်လည်း ယဲ့ယွင်ထျန်းကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ပြန်ပြောလိုက်သည်။
“သူက နင် ဘယ်လိုမှ မယှဉ်နိုင်တဲ့ လူတစ်ယောက်ပဲ၊ အရှုံးပေးလိုက်တော့”
သူမအစ်ကိုယဲ့အား မည်သူမှ စော်ကားခွင့် မပြုနိုင်ပါ။ မည်သူမဆို စော်ကားပြောဆိုခွင့် မရှိပေ။
“ခွေးမ နင် သေလိုက်တော့”
ယဲ့ယွင်ထျန်း အမျက်ချောင်းချောင်း ထွက်သွားလေသည်။
“သူ့ကို အဆိပ်ထပ်ပေးလိုက်၊ အဆိပ်ကို ဆယ်ဆပိုတိုးပေး၊ သူ သေတာထက် ပိုဆိုးတဲ့ အခြေအနေမျိုး ရောက်နေတာကို ငါ လိုချင်တယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now