Chapter 1164

350 42 0
                                    

စာစဉ် 78 Chapter 1164 မလုံလောက်ဘူး
နေ့လယ်ခင်းအချိန်၊ ဟွိုင်အန်း ဟွာယု တေးသံ ဌာနချုပ်၌။
ယဲ့ဖန်တို့နှစ်ယောက်သည် ဟွာယု တေးသံ ကုမ္ပဏီသို့ ရောက်သွားပြီး ဥက္ကဋ္ဌ ကျန်းဟောင်ထင်နှင့်လည်း တွေ့ဆုံကြသည်။
ကျန်းဟောင်ထင်သည် အသက်နှစ်ဆယ်အရွယ်၌ စီးပွားရေးကို စတင် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် သူ၏ ပိုင်ဆိုင်မှုက ယွမ် ဘီလီယံ တစ်ရာကျော်အထိ ရှိနေလေပြီ။ သူ၏ လုပ်ငန်းများသည်လည်း နိုင်ငံအနှံ့၌ ရှိနေသည်။ လုပ်ငန်း ကြီးမားလေ ပို၍ အခြေခိုင်လေပင်။
ယဲ့ဖန်ကို သူ့ကို ပထမဆုံးအကြိမ် တွေ့လိုက်ရသောအခါ ထိုသူ၏ အောင်မြင်မှုက ကြက်ကန်းဆန်အိုးတိုးခြင်း မဟုတ်ကြောင်း သိလိုက်သည်။
စူးရှသော မျက်လုံး၊ နွေးထွေးသော အပြုံး၊ ချောမောသော မျက်နှာကျနှင့် လူကြီးလူကောင်းဆန်သော ပုံပန်းသွင်ပြင်ကြောင့် အမျိုးသားတစ်ယောက်ပင် သူ့အပေါ် အထင်မကြီးဘဲ မနေနိုင်လောက်ပေ။
အထူးသဖြင့် သာမန်အဝတ်အစားသာ ဝတ်ထားသော ယဲ့ဖန်နှင့် ဆုံတွေ့ချိန်တွင်လည်း သူ၏ သူမတူသော အရည်အချင်းများကို ပြသပြီး ယဲ့ဖန်နှင့် လက်ချင်းဆွဲ၍ နှုတ်ဆက်ကာ ဖော်ရွေပျူငှာစွာ စကားပြောလေသည်။
သူ၏ နက်ရှိုင်းသော အကြည့်နောက်ကွယ်၌ အလွန် မုန်းတီး၍ အထင်သေးသော စိတ်များ ရှိသည်ကို ယဲ့ဖန် ရိပ်မိသော်လည်း တစ်ဖက်လူက ထိုခံစားချက်ကို အတွင်းစိတ်ထဲ၌ ဖုံးကွယ်ထားနိုင်သည်။
သူ့အား ဉာဏ်များ၍ ထူးချွန်သောလူဟု ဆိုရပေမည်။ မြို့ကြီးပေါ်တွင် လူတန်းစားများစွာ ရှိနေပါတကား။
“ကျုံးဝမ် ဒီကို ရောက်နေတာလား၊ ဒါပေမဲ့ ငါ မင်းကို မတွေ့ရတာ နည်းနည်း ကြာနေပြီနော်”
ကျန်းဟောင်ထင်က ရယ်မောလေသည်။ သူသည် အသက်လေးဆယ်သို့ ရောက်နေသော်လည်း ကျန်းမာ သန်စွမ်းသော ခန္ဓာကိုယ်အား ထိန်းသိမ်းထားနိုင်ဆဲပင်။ သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားဟု လုံးဝ မထင်ရပေ။ သူ့ကိုယ်သူ အသက်သုံးဆယ်ဝန်းကျင်ဟု ပြောလျင်ပင် လူတစ်ချို့က ယုံကြည်လောက်သည်။
သူတို့နှစ်ယောက်အတွက် သူကိုယ်တိုင် လက်ဘက်ရည်အိုး ပြင်ပေးသဖြင့် မပလွှားတတ်သော လူကြီးလူကောင်း တစ်ယောက်ဟု ထင်မှတ်ရသည်။ ဤသည်ကိုမြင်ပြီး ကျုံးဝမ် အနည်းငယ် ရှက်ရွံ့သွားသည်။
“ဒါရိုက်တာကျန်း ရှင် အရမ်းပျူငှာလွန်းနေပါပြီ”
ကျန်းဟောင်ထင်က သူဌေးဖြစ်သောကြောင့် သူ၏ ဝန်ထမ်းတစ်ဦးဖြစ်သော သူမအပေါ် ကြင်နာစွာ ပြောဆို ဆက်ဆံသဖြင့် သူမ ဝမ်းသာကြည်နူးမိနေသည်။
ကျုံးဝမ်၏ ကျန်းဟောင်ထင်အပေါ် အမြင်က ယခုထိ ကောင်းမွန်နေဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်းဟောင်ထင်က သူဌေးတစ်ဦးကဲ့သို့ မမောက်မာဘဲ လူတိုင်းကို ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်သည်ဟု သူမ ခံစားမိသောကြောင့်ပင်။ ထို့ကြောင့် သူ့လက်အောက်မှ ဝန်ထမ်းများကလည်း သူ့အပေါ် အလွန် သစ္စာရှိ ကြလေသည်။
“ဟာ … မင်း စကားပြောနိုင်ပြီလား”
ကျန်းဟောင်ထင်၏ မျက်လုံး၌ ထူးဆန်းသော အံ့ဩရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်။
“ဟုတ်တယ် ကျွန်မ ကုသမှု ခံယူနေပြီလေ၊ မကြာခင် အကောင်းပကတိအတိုင်း ပြန်ဖြစ်တော့မယ်လို့ ကျွန်မ ယုံကြည်တယ်”
“ကောင်းတာပေါ့ မင်း နေပြန်ကောင်းလာတဲ့အခါကျရင် ငါ့ဟွာယုတေးသံဆီ ပြန်လာကိုလာရမယ်၊ မင်းက ငါတို့ရဲ့ ကျောထောက်နောက်ခံပဲလေ”
ကျန်းဟောင်ထင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ယခင်က ကျုံးဝမ်၏ စာချုပ်ကို အတင်း အဓမ္မ ပယ်ဖျက်ခဲ့သည်က သူ မဟုတ်သလိုပင်။
“ဒါကတော့ … ကျွန်မ စဉ်းစားလိုက်ပါဦးမယ်”
တကယ်တမ်းတွင် သူမ စာချုပ် အဖျက်ခံလိုက်ရချိန်မှစ၍ သူမ ဟွာယုတေးသံ ကုမ္ပဏီသို့ ပြန်မလာချင်တော့ပါ။
“ငါ သိပါတယ်၊ စာချုပ် ဖျက်လိုက်လို့ မင်း အခုထိ ငါ့ကို မုန်းနေသေးတာလား”
ကျန်းဟောင်ထင်၏ မျက်နှာက ရုတ်တရက် သုန်မှုန်လာသည်.
“ကျုံးဝမ် မင်း ငါ့ဘက်က စဉ်းစားကြည့်မှရမယ်၊ တကယ်တော့ ငါက လူပေါင်းများစွာကို တာဝန်ယူနေရတဲ့ ကုမ္ပဏီ သူဌေး တစ်ယောက်၊ အဲ့ကိစ္စကို ငါလည်း မတတ်နိုင်ဘူး၊ ဒါ အားလုံးရဲ့ အကျိုးအတွက်ပဲလေ”
“ငါ မင်းကို နှစ်စဉ် လစာ ယွမ်သန်းတစ်ရာ ပေးမယ်၊ ပြီးတော့ မင်းရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေရဲ့ အမြတ် ငါးဆယ် ရာခိုင်နှုန်းလည်း မင်းကို ပေးမယ်၊ ဒါဆို ဘယ်လိုသဘောရလဲ”
ဤသည်မှာ လုပ်ငန်းအတွင်း၌ အမြင့်ဆုံး ပေးချေမှုပင်။
“ကျုံးဝမ် မင်း ငါ့ဆီ ပြန်လာမယ်လို့ ငါ တကယ် မျှော်လင့်ပါတယ်၊ ဒါကို သေချာ စဉ်းစားကြည့်ပါဦး”
ကျန်းဟောင်ထင်က နှိမ့်ချသော အပြုအမူဖြင့် တောင်းဆိုလိုက်သည်။ ကျုံးဝမ် အားနားသဖြင့် သဘောတူရန် ပြင်လိုက်သည်။
“မလုံလောက်ဘူး”
သို့သော် ထိုသို့သောအချိန်၌ ရေခဲတမျှ အေးစက်သော အသံ ထွက်ပေါ်လာ၏။ ကျုံးဝမ်နှင့် ကျန်းဟောင်ထင်တို့ နှစ်ယောက်လုံး ယဲ့ဖန်ကို ပြိုင်တူ တွေဝေစွာ ကြည့်လာကြသည်။
တစ်ယောက်က ယဲ့ဖန် ဘာလုပ်ချင်သလဲ သိချင်နေပြီး နောက်တစ်ယောက်က ယဲ့ဖန်၏ နောက်ခံက ဘာလဲ သိချင်နေသည်။
“ဒါပေါ့ ကျုံးဝမ်ရဲ့ တန်ဖိုးအရဆို ဒီပမာဏတစ်ခုတည်းနဲ့ ဘယ်လုံလောက်မလဲ”
ကျန်းဟောင်ထင်က အလျင်အမြန် ပြုံးလိုက်သည်။ သို့သော် သူ့အပြုံးက သိသိသာသာကို ဆိုးရွားနေ၏။ ယဲ့ဖန်ကဲ့သို့ သာမန်လူလေးက သူ့ကို ပုံမှန်အတိုင်း ပြောဆိုရဲသဖြင့် သူ မကျေမနပ် ဖြစ်နေသည့်ပုံပင်။
“ဒါဆို နှစ်စဉ် လစာက ယွမ်သန်းနှစ်ရာပေါ့”
အနုပညာနယ်ပယ်အတွင်း၌ နှစ်စဉ် လစာ ယွမ်သန်းနှစ်ရာရသူက တော်တော်လေး နည်းပါးသည်။ ထို့အပြင် နေ့စဉ် လုပ်ငန်းဆောင်တာများ၏ အမြတ်ကို ကုမ္ပဏီနှင့် ငါးဆယ်၊ ငါးဆယ် ခွဲယူခွင့် ရသေးသည်။
ကျန်းဟောင်ထင်က အတော်လေး လိုက်လျောထားပေးခြင်းပင်။ သို့သော် ဤသည်ကလည်း ကျုံးဝမ်က ကြီးမားသော စီးပွားရေး အမြတ်များ ရရှိအောင် ဆောင်ကြဉ်းပေးနိုင်မှန်း သူ သိနေသောကြောင့်ပင်။
ကျုံးဝမ်၏ သီချင်းဆိုသံသည် သူကြားဖူးသမျှထဲတွင် အကောင်းဆုံးပင်။ သူမအား မည်သူမှ မယှဉ်နိုင်ပါ။ ယခု သူမက နာမည်ဆိုးဖြင့် ကျော်ကြားနေသော်လည်း သူ ဒုတိယတစ်ကြိမ် ပွဲဦးထုတ်လျင် အကြီးအကျယ် အောင်မြင်ဦးမှာ ဖြစ်သည်။
ကျုံးဝမ် မှင်တက်သွားသည်။ ကျန်းဟောင်ထင်က သူမကို ဤမျှ တန်ဖိုးထားလိမ့်မည်ဟု သူမ ထင်မထားမိချေ။ သူမ ထိတ်လန့်မိသလို ကျေလည်း ကျေနပ်မိသည်။
“မလုံလောက်ဘူး”
သို့သော် ယဲ့ဖန်၏အသံက ထပ်၍ ထွက်ပေါ်လာသည်။
*သောက်မျိုးမစစ်ကောင်*
ကျန်းဟောင်ထင်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး ယဲ့ဖန်အား ဒေါသတကြီး စူးစိုက်ကြည့်လာ၏။
“လူကြီးမင်း ခင်ဗျား ဘာပြောချင်တာလဲ”
ကျုံးဝမ်တောင်မှ ယဲ့ဖန်ကို လှည့်ကြည်မိပြီး ယဲ့ဖန်က လောဘကြီးလွန်းနေသည်ဟု ခံစားမိသည်။ ယခု ကမ်းလှမ်းမှုက သူမ လက်ရှိအခြေအနေနှင့် အချိန်အခါအတွက် ပိုကောင်းမွန်နေသေးသည်။ ယဲ့ဖန်က လက်ပိုက်၍ ကြောက်လန့်ခြင်း မရှိဘဲ သူ့ကို ပြန်ကြည့်လိုက်သည်။
“မင်း ကျုံးဝမ်အပေါ် လုပ်ခဲ့တာနဲ့ ယှဉ်ရင် မင်း အခု ပေးမယ်ဆိုတာတွေက တကယ်ကို မလုံလောက်သေးဘူး”
“သန်းလေးရာနဲ့ တစ်နှစ်စာ စရိတ်ငြိမ်း ကြော်ငြာခွင့် ပေးရမယ်”
ကျန်းဟောင်ထင်၏ မျက်နှာက ပိုမိုမည်းမှောင်လာသည်။
“ငါ ပြောခဲ့တဲ့စကားက နောက်ဆုံး လိုက်လျောမှုပဲ”
ထို့အပြင် ယဲ့ဖန်အပေါ် သူ၏ နောက်ဆုံး သတိပေးစကားပင်။ အကယ်၍ ယဲ့ဖန်က အရေးမပါသော စကားများ ထပ်ပြောရဲသေးပါက သူ ယဲ့ဖန်ကို ဤလောကမှာ ထာဝရ ပျောက်ကွယ်အောင် လုပ်ရလည်း ကိစ္စမရှိပေ။
*အမှိုက်ကောင်က ငါ့ကို ဒီလိုလာပြောရဲတယ်ပေါ့လေ၊ ငါ့လိုလူမျိုးကို သူက ဒီလို လာဆက်ဆံရဲတယ်ပေါ့လေ*
*သေချင်နေတာပဲ*
ယဲ့ဖန် သူ့နေရာသူသိပြီဟု သူ ထင်လိုက်သော်လည်း ယဲ့ဖန်မက ရယ်မော၍ ခေါင်းခါလေသည်။
“မလုံလောက်ဘူး”
*သေချင်နေတာပဲ*
*သေချင်နေတာပဲ*
ကျန်းဟောင်ထင် လုံးဝ ဒေါသူပုန်ထကာ ထရပ်၍ သူတို့နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။
“မင်းတို့နှစ်ယောက်၊ မင်းတို့က ဒီကို အပြစ်အနာအဆာ ရှာဖို့ လာတာလား”
“ဒါရိုက်တာကျန်း ရှင် အထင်လွဲနေပြီ …”
ကျုံးဝမ်သည်လည်း သွေးပျက်သွားပြီးနောက် ယဲ့ဖန်ကို လှည့်ကြည့်၍ စိုးရိမ်တကြီး ပြောလိုက်သည်။
“ယဲ့ဖန် ရှင် …”
“သူ ပေးတာက တကယ်ကို မလုံလောက်ဘူး၊ ငါ ပြောတာ အမှန်ပဲ”
ယဲ့ဖန်က အပြုံးဖြင့် တုံ့ပြန်လိုက်သည်။
“ဪ … ငါ ပေးတာက မလုံလောက်ဘူးပေါ့၊ ငါက ဘယ်လောက် ပေးရမှာလဲ၊ တစ်ဘီလီယံလား၊ နှစ်ဘီလီယံ လား”
ကျန်းဟောင်ထင်က ဒေါသဖြင့် ရယ်မောလေသည်။ တစ်ဖက်လူက ဤသို့သော စကားမျိုး ပြောရဲသည်ပဲ။
“ဟွာယုတေးသံ ကုမ္ပဏီတစ်ခုလုံးကို ထည့်ပေါင်းလိုက်မှ လုံလောက်မယ်လို့ ငါ ထင်တယ်”
ယဲ့ဖန်က ပြုံး၍ ပြောလိုက်သည်။ ထိုအခါ ကျန်းဟောင်ထင် မှင်တက်သွားရသည်။ ထို့‌နောက် ဟားတိုက် ရယ်မော လေသည်။
“ဟားဟားဟား …”
“ဟေ့ကောင် ငါ မင်းအပြောကိုတော့ သဘောကျသွားပြီ၊ ဒါ မင်းကိုယ်တိုင် ဖန်တီးထားတဲ့ ဟာသလား”
ကျုံးဝမ်တောင်မှ ချောက်ချားသွားရသည်။
*ယဲ့ဖန်က ကျန်းဟောင်ထင်ကို ဟွာယုတေးသံ ကုမ္ပဏီတစ်ခုလုံး ပေးဖို့ တောင်းဆိုနေတာလား၊ သူ ရူးသွားပြီလား*
“ငါ့မိတ်ဆွေ မဟုတ်တဲ့လူတွေကို ငါ ဘယ်တော့မှ ရယ်စရာ မပြောဘူး၊ စိတ်မကောင်းပါဘူး၊ မင်းက ငါ့မိတ်ဆွေဖြစ်ဖို့ မထိုက်တန်ဘူး”
ယဲ့ဖန်က အထင်သေးသော အကြည့်များဖြင့် ကျန်းဟောင်ထင်ကို ကြည့်လိုက်သည်။ ထိုအကြည့်ကြောင့် ကျန်းဟောင်ထင်၏ ရင်ထဲ၌ ရုတ်တရက် လူသတ်ချင်စိတ်များ မြင့်တက်လာ၏။
*ပုရွက်ဆိတ်လို နိမ့်ကျတဲ့ကောင်က ငါ့ကို အထင်သေးရဲတယ်လား*
*ဘာလို့ သူက ဒီလိုလုပ်တာလဲ”
“ဒူးထောက်စမ်း ဒါဆို ငါ မင်းကို အသက်ရှင်ရက် ထွက်သွားခွင့်ပေးမယ် မဟုတ်ရင် … သေလိုက်တော့”
ကျန်းဟောင်ထင်သည် ယခင် လူကြီးလူကောင်းပုံစံမှ ပြောင်းလဲသွားပြီး အန္တရာယ်ပေးလိုဟန်ဖြင့် အော်ဟစ် လေသည်။ သူသည် ယဲ့ဖန်အား ဒူးထောက်၍ ခွင့်လွှတ်ပေးရန် တောင်းပန်စေချင်နေ၏။ ပုရွက်ဆိတ်လိုကောင်များ မဟုတ်တမ်းတရား ပြောလျင် ဘာဖြစ်မလဲ သိစေချင်နေလေသည်။
ကျန်းဟောင်ထင်၏ စကားအဆုံး၌ အပြင်ဘက်မှ အနက်ရောင်ဝတ်စုံနှင့် သက်တော်စောင့်များ ပြေးဝင်လာ၏။ တစ်ယောက်ချင်းစီမှ မကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေပြီး ကျန်းဟောင်ထင် တစ်ခွန်းပြော လိုက်သည်နှင့် ယဲ့ဖန်တို့အား လှေကားထစ်မှ ပစ်ချမည့်ပုံပင်။
ဤသည်ကို ယဲ့ဖန်က လျစ်လျူရှု၍ အသာလေး ပျက်ရယ်ပြုလေသည်။
“ဂျူလိုင်လ သုံးရက်နေ့ ယဲ့ကျန်းချောင်က မင်းကို တွေ့ပြီး မင်းတို့နှစ်ယောက် တစ်နာရီကျော်ကြာ စကားပြော ခဲ့တယ်၊ ပြီးတော့ မင်းကိုယ်တိုင် ယဲ့ကျန်းချောင်ကို ကားနား လိုက်ပို့တယ်”
“နောက်တစ်ပတ်မှာ ကျုံးဝမ် မထင်မှတ်ဘဲ ဆွံ့အသွားတယ်၊ အဆိပ်ခပ်တဲ့လူက ကျောက်ယင်းရင်၊ ဒါပေမဲ့ မင်းအစီအစဉ်ကြောင့် ဆေးရုံကနေ ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ အဖြေကို ရှာမတွေ့ခဲ့ဘူး”
“ဩဂုတ်လ ဆယ့်တစ်ရက်၊ မင်း ကျုံးဝမ်ရဲ့ အိမ်လိပ်စာကို သတင်းထောက်တွေဆီ ရောင်းချပြီး သူ့တံခါးရှေ့မှ အမျိုးသား မော်ဒယ်လ်တွေကို နေရာချထားခဲ့ပြီးတော့ ကျုံးဝမ်ရဲ့အိမ်မှာ သူတို့ ညလုံးပေါက် နေခဲ့သလိုမျိုး အထင်မှားအောင် လုပ်ခဲ့တယ်၊ သူတို့ကြောင့် ကျုံးဝမ် နာမည်ပျက်သွားရတာ”
“အောက်တိုဘာ နှစ်ဆယ်ရက်နေ့ မင်း ကျုံးဝမ်နဲ့ စာချုပ်ကို အတင်း ဖျက်သိမ်းခဲ့ပြီး သူ ပိုင်ခဲ့တဲ့ ကြော်ငြာတွေနဲ့ ရုပ်ရှင် စာချုပ်စာတမ်းတွေ အားလုံးကို အပိုင်သိမ်းခဲ့တယ်၊ တစ်ချိန်တည်းမှာပဲ သူ့လစာကို နှစ်ဝက်စာ ဖြတ်ခဲ့ပြီးတော့ သူ့ကို စာချုပ်ဖျက်သိမ်းတဲ့အတွက် လျော်ကြေးတွေကို ပေးဖို့ ငြင်းဆန်ခဲ့တယ်”
ယဲ့ဖန်က ဖြည်းဖြည်းချင်း ထရပ်၍ ပျက်ရယ်ပြုကာ ပြောလိုက်သည်။
“မင်းရဲ့ အမျိုးစုံတဲ့ လုပ်ရပ်တွေကြောင့် ဟွာယုတေးသံ ကုမ္ပဏီနဲ့ လျော်ကြေးပေးခိုင်းတာက မင်းအတွက် သက်ညှာလွန်းနေတယ်လို့ ငါ ထင်တယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now