Chapter 1011

357 37 0
                                    

စာစဉ် 68 Chapter 1011 နတ်ဆိုးနဂါးဖုရှန်

အရှင်သခင်၊ နတ်ဘုရားဗိမာန်၏ အရှင်သခင်။
ပိုင်ယီကို တွေ့လိုက်ရချိန်တွင် ရှေးဟောင်း နတ်မင်းများ၏ မျိုးဆက်များနှင့် အဘွားအိုတို့ စိတ်လှုပ်ရှား သွားကြသည်။
“ပိုင်ယီ၊ မင်း … အောင်မြင်သွားပြီလား”
အဘွားအိုသည် ယခုအချိန်အထိ အိပ်မက်ထဲ၌ ရှိနေသေးသည်ဟု ခံစားမိနေပြီး မျက်ရည်များ စီးကျလာသည်။ တစ်နှစ် ရှိခဲ့လေပြီ။ သူမ ပိုင်ယီအတွက် နေ့ရောညပါ စိုးရိမ်ပူပန်ခဲ့ရပြီး ယခုအခါတွင် ပိုင်ယီက နတ်ဘုရားဗိမာန်မှ အမွေအနှစ်ကို ရရှိသွားခဲ့သဖြင့် အဘွားအို ဝမ်းသာစိတ်ကြောင့် ငိုကြွေးမိနေသည်။ သူမကိုယ်တိုင် အမွေအနှစ်ကို ရရှိခြင်းထက် ပို၍ အံ့ဩပျော်ရွှင်ဖွယ် ကောင်းလှသည်။
ထိုအချိန်တွင် ပိုင်ယီ၏ မျက်နှာ၌ စိတ်လှုပ်ရှားနေဟန်များ စွန်းထင်းနေ၏။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်နှင့် တုန်လှုပ်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုက အလိုအလျောက် ထွက်ပေါ်လာ၏။ ပိုင်ယီ ပျော်ရွှင် စိတ်လှုပ်ရှားစွာ ပြုံးနေမိသည်။
သူမ သေရေးရှင်ရေး အခြေအနေကို ဖြတ်ကျော်လာခဲ့ပြီးနောက် သူမသည် နတ်ဘုရားဗိမာန်၏ အရှင်သခင် ဖြစ်လာသဖြင့် သူ၏ဘေး၌ ရပ်တည်နိုင်သည့် အရည်အချင်း ရှိလာလေပြီ။
“ယဲ့ဖန် ကျွန်မကို စောင့်နေပါ”
ပိုင်ယီ ပြုံးမြဲပြုံးနေမိသည်။ ထိုစဉ် အဘွားအိုက သူ့ကို ပြောပြလာသည်။
“ကောင်မလေး၊ မင်းချစ်သူက ယင်ယန်လောကကို ရောက်နေပြီ”
ပိုင်ယီ အနည်းငယ် မှင်တက်သွားမိသည်။ ဤတစ်နှစ်လုံး သူမ ဗိမာန်ထဲနေ၍ အသည်းအသန် ရုန်းကန်နေ ရသောကြောင့် အပြင်ဘက်မှ သတင်းများကို နည်းနည်းလေးမျှ မသိပေ။
ဗိမာန်ထဲမှ ထွက်လာသည်နှင့် ယဲ့ဖန် ယင်ယန်လောကသို့ ရောက်လာသည့် သတင်းကို ကြားလိုက်ရသောကြောင့် သူမ အလွန်အမင်း စိတ်လှုပ်ရှားလာသည်။ သို့သော် သူမ သိရန်လိုသေးသည့် သတင်းများက ရှိနေသေးသည်။ အဘွားအိုက ဆက်၍ ပြောလေသည်။
“အဲ့လူအိုကြီးတွေဆီက ရတဲ့သတင်းအရဆို ကောင်စုတ်လေးက ရှေးဟောင်း မိသားစု နှစ်ဆယ့်လေးခုကို ဦးဆောင်ပြီး အနောက်ဘက် ဒေသခုနစ်ခုကို သိမ်းပိုက်ပြီးပြီ၊ သူက မိုးကြိုးတောင်ကြားနဲ့ မသေမျိုး မျိုးနွယ်ကို ဖျက်ဆီးလိုက်တဲ့အပြင် အလောင်းကောင်မျိုးနွယ်ကိုပါ ချုပ်ကိုင်နိုင်နေပြီ”
“သူတို့တွေက စစ်သည်တော်တွေကို လေ့ကျင့်စုဆောင်းပြီးတာနဲ့ လူသားအရှင်သခင်ရဲ့ နန်းတော်ကို သွားပြီး ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားကို တက်ကြလိမ့်မယ်”
ထိုစကားကြောင့် ပိုင်ယီ၏ မျက်နှာက အလွန်အမင်း သုန်မှုန်သွားသည်။
*လူသားအရှင်သခင်*
*ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနား*
ဒူးထောက်နေသည့် ထောင်သောင်းချီသော ရှေးဟောင်းနတ်မင်းများ၏ မျိုးဆက်များကို ကြည့်ပြီး ပိုင်ယီက တစ်ချက် ပြုံးလိုက်ပြီး လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“နတ်မင်းမျိုးဆက်များအားလုံး နားထောင်ပါ၊ ကျွန်မတို့ မကြာခင် လူစုပြီး လူသားအရှင်သခင် နန်းတော်ကို သွားကြမယ်”
“ဟုတ်ကဲ့ပါ အရှင်မ”
ရှေးဟောင်းနတ်မင်းများ၏ မျိုးဆက်များအားလုံး ခေါင်းငုံ့၍ ပြန်ဖြေလာကြသည်။ ထိုအခိုက်တွင် လူသားအရှင်သခင် နန်းတော်ဟူသော စကားကို ကြားလိုက်သည့် ဗောဓိ ဘိုးဘေးနတ်မင်း၏ ဗိမာန်တွင်း၌ အေးစက်သွားသည်ကို ပိုင်ယီ မသိလိုက်ပေ။
“လူသားအရှင်သခင် …”
ဗောဓိဘိုးဘေး နတ်မင်း၏ အသံ၌ လေးနက်တည်ကြည်နေ၏။ သူ တစ်စုံတစ်ရာကို စိုးရိမ်နေသည့်ပုံပင်။ ညအချိန်သို့ ရောက်သောအခါ ရွှေရောင်အလင်းတစ်ခုက ဥက္ကာပျံကဲ့သို့ နတ်ဘုရားများ၏ ဗိမာန်တွင်းသို့ ဝင်ရောက်လာသည်။
ထိုရွှေရောင် အလင်းတန်းမှ မည်သည့်အသံမှ ထွက်မလာသောကြောင့် ရှေးနတ်မင်းများ၏ မျိုးဆက်များပင် သတိမထားမိကြချေ။
“မင်း ရောက်လာပြီလား”
ဗိမာန်တွင်းမှာ ဗောဓိဘိုးဘေး နတ်မင်း၏ အသံ ထွက်လာပြီး ဗိမာန်ပေါ်၌ အက်ရာတစ်ခု ပေါ်လာသည်။ ထိုအခါ ထိုရွှေရောင် အလင်းက အတွင်းထဲသို့ ဖျတ်ခနဲ ဝင်သွားလေသည်။
ဤရွှေရောင် အလင်းသည် ဗိမာန်တွင်းမှ ဗောဓိဘိုးဘေးနတ်မင်း၏ ရှေးဟောင်း ခေါင်းတလားရှေ့သို့ ရောက်သည်နှင့် ပုံရိပ်တစ်ခုအသွင် ပြောင်းလဲသွားသည်။
ထိုသူသည် ဟွမ်ရှန်တောင်၏ အနောက်ဘက်ရှိ ထူးဆန်းသော ဂူကြီးအတွင်းမှ ရွှေရောင် သတ္တဝါပင် ဖြစ်လေသည်။

ယင်ယန်လောက၏ မြောက်ဘက်စွန်းစွန်း၌ အဆုံးမရှိသော ကြီးမားသည့် တောင်တန်းကြီး ရှိလေသည်။ ထိုတောင်တန်း၌ သစ်ပင်ကြီးများက မိုးထိုးမတတ် မြင့်မားစွာ ပေါက်ရောက်နေပြီး ထူးဆန်းသော သားရဲများ ဟိုဟိုဒီဒီ သွားလာလျက် ရှိသည်။
ထိုသို့ အန္တရာယ်များလှသော တောင်တန်းအတွင်း၌ နတ်ဆိုးနဂါး၏ ပုံရိပ် ဆင်းသက်လာသည်။ နဂါး၏ မျက်နှာတွင် မောပန်းနေဟန်များ ထင်ဟပ်နေ၏။
“နှစ်ပေါင်း သိန်းချီကြာပြီးမှ ငါ ပြန်ရောက်လာခဲ့ပြီပဲ …”
နတ်ဆိုးနဂါး၏ မျက်လုံးများက ရီဝေထိုင်းမှိုင်းနေ၏။ အရှေ့မှချိုင့်ဝှမ်းအား ထိုက်ကူ နဂါးချိုင့်ဝှမ်းဟု ခေါ်လေသည်။ သူသည် ထိုနေရာ၌ မွေးဖွားခဲ့သလို ထိုနေရာ၌ပင် ကြီးပြင်းကာ သေဆုံးခဲ့ရသည်။ ဤနေရာ၌ အချစ်ကို ရှာတွေ့ခဲ့သလို အမုန်းကိုလည်း တွေ့ရှိခဲ့ရသည်။
“အဲ့မိန်းမက ထိုက်ကူနဂါးမျိုးနွယ်ရဲ့ အရှင်သခင် ဖြစ်နေလောက်ပြီ ထင်တယ်”
နတ်ဆိုးနဂါး မချိပြုံး ပြုံးလိုက်သည်။ နတ်ဆိုးနဂါးက ထိုက်ကူနဂါးမျိုးနွယ်၏ မျိုးနွယ်ဝင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု မည်သူမှ ထင်ထားမိမည် မဟုတ်ပါ။
နတ်ဆိုးနဂါး ဆင်းသက်လာသည်ကို ချိုင့်ဝှမ်းတစ်ခုလုံး ခံစားမိသည့်ပုံ ပေါ်သည်။ တစ်ခဏမျှ တိတ်ဆိတ် နေပြီးနောက် ဟိန်းသံများ ထွက်ပေါ်လာသည်။ ထို့နောက် ချိုင့်ဝှမ်းတွင်းမှ ကြောက်စရာကောင်းသည့် အနက်ရောင် နဂါးများ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
နဂါးတိုင်းက တောင်တန်းတစ်ခုမျှ ကြီးမားလှပြီး အစွယ်များက ကြောက်စရာကောင်းလှသည်။ သူတို့သည် မိုးမြေ၏ အရှင်သခင်များ ဖြစ်ပုံပေါ်ပြီး သူတို့ ပျံသန်းလာပုံက လေထုကိုပင် စုတ်ပြဲစေနိုင်လောက်သည်။
ဆယ်ကောင်၊ အကောင်တစ်ရာ၊ တစ်ထောင်။ အနက်ရောင် နဂါးများ၏ အရေအတွက်က တဖြည်းဖြည်း တိုးပွားလာပြီး တစ်ခဏအတွင်း အကောင်တစ်ထောင်မျှ ရောက်လာသည်။
ကောင်းကင်ယံ၌ နဂါးများဖြင့် ပြည့်နှက်လာသည်။ ထိုနဂါးများသည် အောက်သို့ ဆင်းလာသည်နှင့် ရုတ်ချည်းဆိုသလို အသွင်ပြောင်းသွားပြီး အနက်ရောင်ဝတ်ရုံများ ဝတ်ထားကြသည့် လူများ ဖြစ်သွားလေသည်။
ထိုလူများသည် နတ်ဆိုးနဂါးကို မြင်သည်နှင့် မသိမသာ အံ့ဩသွားပြီး မယုံသင်္ကာ ဖြစ်လာကြသည်။
“ဖုရှန်၊ မင်း … မင်း အသက်ရှင်နေသေးတာလား”
ထိုက်ကူနဂါးများအားလုံး မှင်တက်သွားကြသည်။ နတ်ဆိုးနဂါး ဖုရှန်၊ ဤနာမည်သည် ထိုက်ကူ နဂါးချိုင့်ဝှမ်း၌ အချိန်အတော်ကြာ မပြောရန် တားမြစ်ထားသည့် နာမည် ဖြစ်သည်။
တစ်ချိန်က နတ်ဆိုးနဂါးသည် တောက်ပစွာ မွေးဖွားလာခဲ့သည်။ သူသည် ထိုက်ကူ နဂါးချိုင့်ဝှမ်း အရှင်သခင် ဖြစ်သော ကောင်းကင်နဂါးသခင်၏ သားဖြစ်ပြီး အံ့မခန်းစွမ်းရည်များ ရှိခဲ့သည်။
ထို့အပြင် ကောင်းကင်နဂါးသခင်သည် နာမကျန်းဖြစ်ကာ နန်းစွန့်၍ နတ်ဆိုးနဂါးအား နန်းလွှဲပေးခဲ့သည်။ နတ်ဆိုးနဂါးက ထိုက်ကူ နဂါးချိုင့်ဝှမ်း၏ အရှင်သခင် ဖြစ်လာပြီး ထိုက်ကူ နဂါးချိုင့်ဝှမ်းအား အမြင့်ဆုံးသို့‌ ရောက်အောင် ဦးဆောင်ပေးလိမ့်မည်ဟု ထင်ခဲ့ကြသည်။
နတ်ဆိုးနဂါးသည် ချိုင့်ဝှမ်းအရှင်သခင်အဖြစ် မဆက်ခံခင်ည၌ အရက်မူးလွန်ကာ သူ ချစ်ရသော အစေခံလေးနှင့် လွန်ကျူးလိမ့်မည်ဟု မည်သူမှ ထင်မထားမိပါ။ ပို၍ ထိတ်လန့်စရာကောင်းသည်မှာ ထိုအစေခံမလေးက နတ်ဆိုးနဂါး ဖုရှန်၏ ကျင့်ကြံခြင်းအားလုံးကို စုပ်ယူကာ နောက်တစ်နေ့ ဆက်ခံခြင်း အခမ်းအနား၌ အများရှေ့သို့ ထွက်ကာ နတ်ဆိုးနဂါး ဖုရှန်ကို စိန်ခေါ်ခဲ့သည်။
သူမသည် ထိုက်ကူနဂါးမျိုးနွယ်၏ သမိုင်း၌ တစ်ချက်တည်းဖြင့် နဂါးမင်းသားကို အနိုင်ယူနိုင်သူ ဖြစ်လာလေသည်။ ထိုတိုက်ပွဲသည် ထိုက်ကူနဂါးမျိုးနွယ်၏ သမိုင်း၌ မှတ်တမ်းတင်ထားထိုက်သော တိုက်ပွဲပင်။
နတ်ဆိုးနဂါးဖုရှန်သည် ရှုံးနိမ့်ခဲ့ရုံသာမက သူ ချစ်ရသော အစေခံမလေးထံ၌ ခန္ဓာကိုယ် အပိုင်းပိုင်း ခုတ်ထစ် ခံရကာ ငရဲဘုံသို့ ကျသွားခဲ့သည်။ သူ၏ နဂါးဝိညာဉ်ကိုလည်း ပြန်လည်မွေးဖွားခြင်း မပြုလာရန် နတ်ဘုရားတို့ ကျဆုံးရာမြေ၌ ချိပ်ပိတ်ထားခဲ့သည်။
နှစ်သိန်းချီ ကြာသွားခဲ့သောကြောင့် ထိုက်ကူနဂါးမျိုးနွယ် အားလုံးသည် ဤနဂါးမင်းသားကို မေ့လျော့လုနီးပါး ဖြစ်နေသည်။ နတ်ဆိုးနဂါး ဖုရှန် ပြန်လာလိမ့်မည်ဟု ဘယ်နဂါးမှ ထင်မထားမိချေ။
လက်ရှိအချိန်တွင် ထိုက်ကူနဂါးမျိုးနွယ်များသည် နတ်ဆိုးနဂါးအား စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။ သူသည် နဂါးမင်းသား ဖြစ်သည်။ ထိုက်ကူနဂါးမျိုးနွယ်၏ ဂုဏ်ယူရသော နဂါးဧကရာဇ် အလောင်းအလျာ ဖြစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ထိုက်ကူနဂါးမျိုးနွယ်၏ အမြဲ အရှက်ရနေမည့် လူလည်း ဖြစ်သည်။ သူသည် အစေခံကို ရှုံးနိမ့်ခဲ့ပြီး ထိုအစေခံကို ပုလ္လင်ပေါ်သို့ရောက်အောင် တင်ပေးမိသူလည်း ဖြစ်သည်။
ထိုက်ကူနဂါးများ စိတ်ရှုပ်ထွေးနေချိန်တွင် ခြေသံတစ်သံ ထွက်ပေါ်လာသဖြင့် နဂါးများအားလုံး တုန်ယင် သွားသည်။
တစ်ထောင်သော နဂါးလုံး တစ်ဖက်တစ်ချက်သို့ ကပ်၍ လမ်းဖွယ်ပေးလာကြသည်။ နဂါးမျိုးနွယ်များ၏ ထိတ်လန့်နေသော အကြည့်အောက်၌ အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် လျှောက်လှမ်းလာသည်။
သူမသည် နတ်ဆိုးနဂါးဖုရှန် ချစ်ရသော အစေခံမလေး ဖြစ်ပြီး နတ်ဆိုးနဂါးကို အနိုင်ယူ၍ သူ့အား နင်းချေကာ ပုလ္လင်ပေါ်သို့ တက်လှမ်းခဲ့သည့် ထိုက်ကူမြွေပွေးဘုရင်မ ခွေရှယ်ပင်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now