Chapter 1073

347 39 2
                                    

စာစဉ် 72 Chapter 1073 မကောင်းဆိုးဝါးပါလား

ဖြောင်း! ဖြောင်း! ဖြောင်း!
လက်ရှိအချိန်တွင် ယဲ့ဖန်က ခြေတစ်လှမ်းချင်းစီ လှမ်းသွားပြီး လှမ်းလိုက်တိုင်း အဆိပ်မိကျောင်းကို အားဖြင့် ရိုက်နှက်နေ၏။
အဆိပ်မိကျောင်းသည် သွေးအလိမ်းလိမ်း ဖြစ်နေပြီး တစ်စက်ကလေးမျှ ပြန်တိုက်နိုင်စွမ်း မရှိတော့ချေ။ ရိုက်ချက်များက အဆက်မပြတ် ကျရောက်နေပြီး အရေပြားများ တစ်စစီ ဆွဲစုတ်ခံနေရသဖြင့် အဆိပ်မိကျောင်း ဝေဒနာကြောင့် ခံရခက်နေ၏။
ဤမြင်ကွင်းကြောင့် ကင်းမြီးကောက် လူသတ်သမားပင် ကျောချမ်းသွားရသည်။ ယဲ့ဖန်၌ အစွမ်းထက်သော ဆေးပညာ ရှိသော်လည်း ယန်စွမ်းအင် မရှိသဖြင့် သိုင်းသမား မဖြစ်နိုင်ဟု ထင်ခဲ့သည်။
ယဲ့ဖန်ကို သူ ကျေးဇူးတင်ပြီး ယဲ့ဖန်အတွက် စိုးရိမ်သော်လည်း တစ်ဖက်လူက သူ၏ သစ္စာခံခြင်းနှင့် မထိုက်တန်ဟု ထင်မှတ်ခဲ့သည်။ သို့သော် မိမိ၏ ထင်မြင်ချက်များ လွဲမှားနေကြောင်း ကင်းမြီးကောက် လူသတ်သမား ယခုမှ သိလိုက်ရသည်။
ဤလူငယ်လေးသည် ကြောက်စရာကောင်းသော ဆေးပညာရှင် ဖြစ်ရုံသာမက သူ၏ နည်းလမ်းများကလည်း အလွန် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ သူသည် တိုင်ရန်နိုဆောရက်စ် တစ်ကောင်ကဲ့သို့ အဆိပ် မိကျောင်းအား ရိုက်နှက်နေ၏။
“ငါသာ ခုနက သူ့အတွက် မကာပေးခဲ့ရင် မကြာခင် ထပ်သေရမယ့်သူက ငါ ဖြစ်လောက်တယ်”
ထိုသို့တွေးမိပြီးနောက် ကင်းမြီးကောက် လူသတ်သမား တုန်လှုပ်သွားလေသည်။ သူ့စိတ်ထဲ၌ အဖြေကို သိနှင့်နေ၏။ သူသာ အဆိပ်မိကျောင်းကို ရှုံးမည်စိုး၍ ရှေ့မထွက်ဘဲ ယဲ့ဖန်ကို ထုတ်ပေးလိုက်ပါက အဆိပ် မိကျောင်းထက် အဆတစ်ထောင်မက ဆိုးသောနည်းနှင့် သူ သေရလောက်သည်။
“အစ်ကိုယဲ့၊ သူ …”
ကျုံးလီအာ၏ မျက်လုံး၌ တွေဝေ၍ မယုံနိုင်ဟန်များဖြင့် ပြည့်နှက်နေသည်။ ကြောက်စရာကောင်းသော ယဲ့ဖန်၏ ပုံစံကို ကြည့်ပြီး သူမ သူ့ကို မမှတ်မိလုနီးပါး ဖြစ်သွားရသည်။ သူမစိတ်ထဲတွင် ယဲ့ဖန်သည် ထူးဆန်းသော်လည်း ကြင်နာ၍ ရည်မွန်သူ ဖြစ်သည်။ ယခု ဤမကောင်းဆိုးဝါးက သူမ သိသော အစ်ကိုယဲ့မှ ဟုတ်ပါရဲ့လား။
မိန်းမဝကြီး၊ ဖန်းရီပေါ်၊ အားပင်းနှင့် အခြားသူများမှာမူ အလွန် ထိတ်လန့်တုန်လှုပ်နေကြသည်။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်က အမှိုက်ကောင်ပင်။ ကင်းမြီးကောက် လူသတ်သမားသာ မရှိပါက လှည့်ကြည့်ရန်ပင် မထိုက်တန်သူဟု သတ်မှတ်ထားခဲ့ကြသည်။
ယခု ထိုအမှိုက်ကောင်က ဘယ်ရောက်သွားသနည်း၊ လက်ရှိလူသည် သိုးယောင်ဆောင်ထားသော နတ်ဆိုး တစ်ကောင်သာ။
အားလုံး တုန်လှုပ်ခြောက်ခြားနေစဉ်တွင် အဆိပ်မိကျောင်းသည် ယဲ့ဖန်၏ ရိုက်နှက်ခြင်း ခံရပြန်ကာ လွင့်ထွက် သွားပြန်သည်။
လက်ရှိတွင် သူသည် အလွန် အဖြစ်ဆိုးနေ၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အရိုးများ ကျိုးကြေနေပြီး အရေပြားများ အခွာခံထားရသည်။ ပုံစံက သွေးလူသားနှင့် တူနေ၏။
သူသည် ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီးနောက် ဒဏ်ရာကို အရေးမစိုက်နိုင်ဘဲ အနီးအနားမှ သူ့လူများကို အော်ပြောလိုက်သည်။
“မင်းတို့ကောင်တွေ ဘာလုပ်နေတာလဲ၊ တက်ကြလေ၊ ငါ့အတွက် သူ့ကို ခုတ်ပိုင်းပါတော့လား”
အဆိပ်မိကျောင်း ရူးမတတ် ဒေါသူပုန်ထနေ၏။ အစောပိုင်းအထိ သူ့တွင် ယဲ့ဖန်ကို ကြောက်သော စိတ်များ ဖုံးလွှမ်းနေသဖြင့် ဘာမှသတိမရလိုက်မိပေ။ ယခုအခါတွင်မှ သူနှင့်အတူ လူတစ်ရာကျော် ခေါ်လာခဲ့သည်ကို ပြန်အမှတ်ရသွားသည်။
သူသည်သာမက သူ၏လက်အောက်ငယ်သားများလည်း ထိတ်လန့်ကာ ငိုင်တွေနေမိသည်။ မျက်စိရှေ့မှ အဖြစ်အပျက်က အမှန်တကယ် ရူးချင်စရာ ကောင်းလောက်သည် မဟုတ်ပါတကား။
သူတို့သည် အဆိပ်မိကျောင်းထံ၌ အမှုထမ်းနေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ယခုအခါတွင်မှ အဆိပ်မိကျောင်းကို အနိုင်ပိုင်းနိုင်သည့် တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့လိုက်ရသဖြင့် သူတို့ ကြက်သေ သေသွားပြီး မိမိတို့၏ တာဝန်များကို မေ့လျော့သွားခဲ့သည်။
“သတ်”
လက်ရှိတွင် အဆိပ်မိကျောင်း၏ နောက်လိုက် အယောက်တစ်ရာကျော်လုံး သတိဝင်လာပြီး ဓားများထုတ်ကာ ယဲ့ဖန်ထံ ပြေးဝင်သွားကြသည်။ ဘားတစ်ခုလုံးတွင် ဓားရောင်များ တလက်လက် တောက်နေ၏။
ထိုသူများအားလုံးသည် ယဲ့ဖန်အား အရှင်ဖမ်းရမည်ကို ဂရုမစိုက်နိုင်တော့ဘဲ ဤမကောင်းဆိုးဝါးကိုသာ သတ်ချင်သော စိတ်များ ဝင်နေလေသည်။
အဆိပ်မိကျောင်း၏ ထူးချွန်သော လူမိုက်တစ်ရာကျော်လုံး တိုက်ခိုက်လာသည့်မြင်ကွင်းက ခြောက်ခြားဖွယ် ကောင်းလှသည်။
လက်ရှိတွင် အဆိပ်မိကျောင်း၏ လူများသည် ယခင်ကနှင့် မတူတော့ပေ။ ယခင်က ကင်းမြီးကောက် လူသတ်သမားတို့ကို သူတို့ ဝိုင်းခဲ့သော်လည်း ဖိနှိပ်ရုံမျှသာ လုပ်ခဲ့ပြီး အသေမသတ်ခဲ့ချေ။
ယခုအခါတွင် ယဲ့ဖန်၏ တိုက်ခိုက်မှုက သူတို့ကို အလွန် ကြောက်ရွံ့သွားစေခဲ့သည်။ ထို့ကြောင့် သူတို့ အားကုန်သုံး၍ သတ်ဖြတ်ရန် ဆုံးဖြတ်ထားကြသည်။
များပြားလှသည့် လူများ၏ တိုက်ခိုက်လိုစိတ်ကို ခံစားမိပြီး ကင်းမြီးကောက် လူသတ်သမားတောင်မှ တုန်လှုပ်ကာ ချွေးပြန်လာ၏။
“အစ်ကိုယဲ့ …”
ကျုံးလီအာသည်လည်း လက်နှစ်ဖက်ကို ယှက်၍ တင်းကျပ်စွာ ဆုပ်ထားမိသည်။ သူမ စိုးရိမ်တုန်လှုပ်နေသည်။ မိန်းမဝကြီး၊ ဖန်းရီပေါ်နှင့် အခြားသူများလည်း စိုးရိမ်နေကြသည်။
“သူ့ကို သတ်၊ သူ့ကို သတ်မှဖြစ်မယ်”
ယဲ့ဖန်၏ ရက်စက်သော နည်းလမ်းက သူတို့အား အလွန် ကြောက်ရွံ့သွားစေသည်ကိုတော့ ဝန်ခံရပေမည်။ ဤမကောင်းဆိုးဝါး သေသွားမှသာ သူတို့ စိတ်အေးရမည်ဟု ခံစားမိနေကြသည်။
သို့သော် လူတစ်ရာကျော်၏ ဓားချက်များနှင့် ရင်ဆိုင်ရသော်လည်း ယဲ့ဖန်က တစ်ချက်ကလေးမှ ပျာယာခတ်ခြင်း မရှိဘဲ လက်တစ်ဖက်ကို လှုပ်၍ ရွှေရောင်ဓားကို ထုတ်လိုက်သည်။
“သတ် ဟုတ်လား”
“ဒါဆိုလည်း သတ်ရတာပေါ့”
ထိုသို့ပြောလိုက်စဉ်မှာပင် လူတစ်ရာကျော်၏ ဓားများ ကျရောက်လာသည်။
“သေလိုက်တော့”
အဆိပ်မိကျောင်းနှင့် လူတစ်ရာကျော်၏ ကြိမ်းဝါးသံများလည်း ထွက်ပေါ်လာ၏။ ထိုစဉ် ယဲ့ဖန်က ရွှေရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ ဘားတစ်ခုလုံးသို့ လေပြင်းတိုက်ခတ်လာသလို ဖြစ်လာပြီး အရာအားလုံး လှုပ်ခါလာသည်။ သောက်စရာများ၊ ခုံတန်းများ၊ နံရံများနှင့် ဆိုဖာများအားလုံး ပျက်စီးကိန်းထဲ ရောက်သကဲ့သို့ ကျိုးပျက်လာသည်။
လူတစ်ရာကျော်ကို ကြည့်နေသည့်လူများအားလုံး မှင်တက်သွားကြလေသည်။ လူတစ်ရာကျော်၏ ဓားချက်များက ယဲ့ဖန်ကို ခုတ်ဖြတ်သွားတော့မည်ဟု လူတိုင်း ထင်နေကြသော်လည်း ထိုလူများက ကြက်သေ သေသကဲ့သို့ နေရာမှာတင် ရပ်နေကြသည်။
လူတစ်ရာကျော်လုံး ဓားများကိုဝင့်ထားသော်လည်း ခုတ်လွှဲခြင်း မပြုကြချေ။ ထူးဆန်းလှသော ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ အဆိပ်မိကျောင်းဆိုလျင် ဒေါသထွက်လွန်းသဖြင့် အော်ဟစ် လေတော့သည်။
“ဟေ့ကောင်တွေ၊ သူ့ကို အသေခုတ်ပစ်လေ၊ ခုတ်လိုက်ပါလား”
အဆိပ်မိကျောင်း ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီးပါး ဖြစ်နေရသည်။ သူ့လူများ မည်သို့သော အရေးမပါခြင်းမျိုး ပြုလုပ်နေသလဲ သူ နားမလည်တော့ချေ။
သူ၏အော်သံအဆုံး၌ ရှေ့ဆုံးမှ လူတစ်ယောက်၏ ခါးမှ သွေးစင်းကြောင်းတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက် ရသည်။ ထိုလူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းသည် ခါးမှနေ၍ တိခနဲ ပြတ်ကျသွား၏။ ကိုယ်တွင်းအင်္ဂါများနှင့် သွေးများ ပန်းထွက်လာလေသည်။
အဆိပ်မိကျောင်း ဆဲဆိုတော့မည့် စကားလုံးများကို မျိုချလိုက်ရသည်။ သူ အလန့်တကြား ကြည့်နေစဉ်မှာပင် ဒုတိယမြောက်လူ၏ အပေါ်ပိုင်းက ပြတ်ကျသွားပြန်သည်။ ထို့‌နောက် တတိယလူ၊ ဆယ်ယောက်မြောက်လူ၊ အယောက်တစ်ရာ။
အချိန်တိုအတွင်းမှာပင် ယဲ့ဖန်ရှေ့မှ လူဆိုး အယောက်တစ်ရာလုံး ခန္ဓာကိုယ် နှစ်ပိုင်းပြတ်ကာ ကြမ်းပြင်ပေါ် လဲကျ သွားလေသည်။ ကြမ်းပြင်၌ သွေးများက မြစ်သဖွယ် စီးဆင်းနေပြီး ကိုယ်တွင်းအင်္ဂါများက နေရာအနှံ့ ပျံ့ကြဲနေသဖြင့် ဘားထဲရှိ လူတိုင်း အော့အန်ချင်သလို ဖြစ်လာကြသည်။
အတော်ဆုံး လူမိုက်အယောက်တစ်ရာလုံး ဓားချက်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေပြီ။ ဤမြင်ကွင်း ကိုသာ မျက်စိတပ်အပ် မမြင်ခဲ့ရပါက မည်သူမှ ယုံနိုင်မည် မဟုတ်ပါ။
ပို၍ကြောက်စရာကောင်းသည်မှာ ထိုလူများကို သတ်လိုက်သည့်လူက ယန်စွမ်းအင်မရှိသည့် အမှိုက်ကောင် ဖြစ်နေခြင်းပင်။
“အမြင်မှားတာ … အမြင်မှားတာပဲ ဖြစ်ရမယ်၊ သေချာပေါက် ထင်ယောင်ထင်မှား ဖြစ်နေတာ၊ ငါ့ကို လန့်အောင် မလုပ်နိုင်ပါဘူး”
ဖန်းရီပေါ်သည် ဖြူရော်နေသော မျက်နှာထားဖြင့် အော်ဟစ်လိုက်မိသည်။ ထို့နောက် သူ၏ခြေထောက်များ ပျော့ခွေလာပြီးနောက် ဆိုဖာပေါ် လဲကျသွားပြီး အသက်ကို မနည်းရှူနေရသည်။
အားပင်းသည် မိမိဘဝ၌ မယုံနိုင်စရာ အကောင်းဆုံး အဖြစ်ကို မြင်လိုက်ရသသကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်နေပြီး မျက်လုံးလည်း ပြူးကျယ်နေ၏။
“သွားပြီ၊ သေကုန်ပြီ၊ အားလုံး သေကုန်ပြီ”
ဖေးဖေးနှင့် အခြားသူများ နောင်တရလာလေသည်။ ယဲ့ဖန်အား အမှိုက်ဟု ထပ်ခါထပ်ခါ ခေါ်ဆို၍ လှောင်ပြောင်ခဲ့သည်ကို ပြန်တွေးမိကာ ခြောက်ခြားလာကြသည်။
*အဲ့အမှိုက်က ဘယ်ရောက်သွားတာလဲ*
*ဒါက မကောင်းဆိုးဝါးကို*

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now