Chapter 1079

349 38 1
                                    

စာစဉ် 72 Chapter 1079 မင်းကို မျက်နှာသာပေးရမယ် ဟုတ်လား၊ မင်း လုပ်ရဲလား

*အမည်မသိ လူကြီးမင်း*
ထိုနာမည်ကြောင့် လူတိုင်း တွေဝေသွားကြသည်။ ဖျင်အန်း တစ်မြို့လုံ လေးစားနေရသည့်သူ၊ ထန်မိသားစုက သန်းနှစ်ဆယ်ပေး၍ လိုက်ရှာနေသောလူက အမှိုက်ကောင်ဟု ခေါ်နေကြသော ယဲ့ဖန် ဖြစ်နေသည်တဲ့လား။
လက်ရှိတွင် ထန်မိသားစု၏ မြေးအဘိုးနှစ်ယောက် နှုတ်ဆက်သံကြောင့် ဘားတစ်ခုလုံး ဆူညံ ပွက်လောရိုက်သွားသည်။
“မြတ်စွာဘုရား၊ သူက အမည်မသိ လူကြီးမင်း ဖြစ်နေတာလား၊ သူ ဒီလောက် ရက်စက်တာကို ငါ မအံ့ဩမိတော့ဘူး”
“သူ့ဆံပင် အဖြူရောင်ကို ငါက ဆေးဆိုးထားတယ် ထင်နေတာ၊ ဒီလိုဖြစ်နေမယ်လို့ ထင်မထားမိဘူး”
“အမည်မသိ လူကြီးမင်းက ငါ့စံပြပုဂ္ဂိုလ်၊ ငါ့သူရဲကောင်းကွ”
“ဟာ … ငါက အမည်မသိ လူကြီးမင်း ချစ်သူများ အဖွဲ့ဝင်ကွ၊ ငါ အခုလေးတင် ငါ့စံပြပုဂ္ဂိုလ်ကို မြင်လိုက် ရတာပေါ့”
လက်ရှိအချိန်တွင် ဘားထဲမှ လူများအားလုံး သွေးပျက် ခြောက်ခြားသွားကြသည်။ အားလုံး၏ ယဲ့ဖန်ကို ကြည့်နေသော အကြည့်၌ လေးစား၍ ထိတ်လန့်ဟန်များ စွန်းထင်းနေသည်။
ဖန်းရီပေါ်နှင့် အခြားသူများလည်း ကြက်သေ သေနေကြသည်။ သူတို့အားလုံး ကြမ်းပြင်ပေါ် ဖင်ထိုင်လျက်သား လဲကျသွားလေသည်။
“ငါ … ငါ စောနက ဖျင်အန်းမြို့ရဲ့ သူရဲကောင်းကို လှောင်ပြောင်နေမိတာလား”
“ငါ … ငါ တကယ့် အရူးပဲ၊ ငါ့စံပြပုဂ္ဂိုလ်က ငါ့ဘေးနား ရှိနေတာတောင် ငါ မသိဘူး၊ ငါ သူ့ကို ဆက်တိုက် လှောင်ပြောင် သရော်ပြီး အထင်သေးနေမိတာ”
“လတ်စသက်တော့ သူက … အမည်မသိ သူရဲကောင်း ဖြစ်နေတာပဲ”
ဖန်းရီပေါ်နှင့် အခြားသူများအားလုံး ရှက်ရွံ့ကာ နောင်တရလာကြသည်။ အားပင်းသည်လည်း အံ့ဩမှင်တွေနေ၏။ ယခင်က ကျုံးမိသားစု စားသောက်ဆိုင်၌ သူ ယဲ့ဖန်အား လှောင်ခဲ့သမျှကို ပြန်၍ အမှတ်ရလာသည်။
*မင်းကိုယ်မင်း ဆံပင်အဖြူရောင်နဲ့ အမည်မသိ လူကြီးမင်းလို့ ထင်နေတာလား*
*ငါ သွေးဇီးကွက် လင်ဖေးကို မသတ်နိုင်ပင်မယ့် မင်းက သုံးစားမရတဲ့ အမှိုက်ကောင်လေ*
လှောင်ပြောင်ခဲ့သမျှ စကားများကို နားတွင်း ပြန်ကြားယောင်လာသဖြင့် အားပင်း၏ မျက်နှာသည် ဖြတ်ရိုက်ခံ လိုက်ရသကဲ့သို့ နီရဲလာသည်။
သူ ဆိုဖာပေါ်သို့ ခံစားချက်မဲ့စွာ ထိုင်လိုက်မိပြီး ယဲ့ဖန်အား သူ အိပ်မက်များ မက်နေသလားဟူသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။
သူ အထင်သေးခဲ့သောသူ၊ သူ လှောင်ပြောင်ခဲ့သောသူက သူ့အား အကြိမ်ကြိမ် မျက်နှာဖြတ်ရိုက်နိုင်နေသည်။ ယခုတစ်ကြိမ်တွင်တော့ သူ လုံးဝ မျက်နှာ ထားစရာ နေရာ မရှိတော့ချေ။
“ငါသာ သူ့ကို မလှောင်ခဲ့ဘူးဆိုရင် ငါ … သူနဲ့ မိတ်ဆွေဖြစ်နိုင်ခဲ့တာပါလား”
အားပင်း မချိပြုံး ပြုံးလိုက်မိသည်။ ထိုအချိန်က ယဲ့ဖန် သူ့ကို လျစ်လျူရှုခဲ့ရသည့် အကြောင်းရင်းကို သူ ယခုမှ နားလည်သွားရသည်။ သူက ပုရွက်ဆိတ်မျှသာ ရှိနေခဲ့ပြီး တစ်ဖက်လူက နဂါးတစ်ကောင် ဖြစ်နေခဲ့သည် မဟုတ်ပါတကား။ နဂါးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်၏ လှောင်ပြောင်မှုကို အဘယ်ကြောင့် ဂရုစိုက် ပါမည်နည်း။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ထိုစဉ် မင်းသား၏ ရူးသွပ်သွားဟန်ဖြင့် အော်ဟစ်သံ ထွက်ပေါ်လာ၏။ သူက ထန်မင်လီနှင့် ထန်ယွင်အာတို့ကို အော်ဟစ်၍ ပြောပြန်သည်။
“ဘိုးဘိုး၊ ယွင်အာ၊ ဘိုးဘိုးတို့ လူမှားနေတာ မဟုတ်ဘူးလား၊ ဒီကောင်က ပြင်ပကျင့်စဉ်ကို ကျင့်ကြံနေတာပဲ ဖြစ်မယ်၊ သူ့မှာ ယန်စွမ်းအင်မှ မရှိတာ၊ ဘယ်လိုလုပ် သွေးဇီးကွက် လင်ဖေးကို သတ်နိုင်မှာလဲ”
“ကျွန်တော် မယုံဘူး၊ ကျွန်တော် မယုံဘူးဗျ”
မင်းသားသည် ထန်မိသားစုတစ်ခုလုံး သူ့အတွက် လက်စားချေမည်ကို စောင့်နေခဲ့သော်လည်း ထန်မိသားစုက ရောက်လာသည်နှင့် ယဲ့ဖန်ကို အညံ့ခံလိမ့်မည်ဟု ထင်မထားမိချေ။
ဖြောင်း!
ထိုစဉ် သူ့အော်သံအဆုံး၌ ထန်မင်လီက သူ့ကို ထပ်၍ ပါးရိုက်လိုက်သဖြင့် သွေးများ လွင့်စဉ်ထွက်လာ၏။ မင်းသားတစ်ယောက် လွင့်ထွက်သွားရပြန်သည်။ ထန်မင်လီသည် အလွန် ဒေါသထွက်နေသဖြင့် မင်းသားအား ခက်ထန်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
“မင်းကများ အမည်မသိ လူကြီးမင်းကို ရန်စရဲတယ်လား၊ မင်း သေချင်နေတာပဲ”
ထန်မင်လီသည် မင်းသားအား သုံးကြိမ်တိတိ ပါးရိုက်လိုက်သော်လည်း သူ့ကို ကယ်ချင်၍ ဤသို့ လုပ်နေခြင်း ဖြစ်သည်။ ထိုသို့ပြောပြီးနောက် ထန်မင်လီက ယဲ့ဖန်ကို အလျင်အမြန် အရိုအသေ ပေးလိုက်သည်။
“အမည်မသိ လူကြီးမင်း၊ ဒီကိစ္စကို ဒီလူအိုကြီး မျက်နှာထောက်ပြီးတော့ …”
“ခင်ဗျားမျက်နှာ ထောက်ရမှာလား”
ထန်မင်လီ၏ စကားမဆုံးသေးခင်မှာပင် ယဲ့ဖန်က သူ့ကို ပြောင်ပြောင်တင်းတင်း စိုက်ကြည့်၍ တင်းမာသော အကြည့်ဖြင့် မေးလိုက်သည်။
“ကျုပ် ခင်ဗျားမျက်နှာကို ထောက်မယ်ဆိုရင် ခင်ဗျား ဘာလုပ်မှာလဲ”
ဖျင်အန်းမြို့၌ ထန်မင်လီကို ဤသို့ပြောရဲသည့်လူက ယဲ့ဖန် ပထမဆုံး ဖြစ်သည်မှာ သေချာလှသည်။ သာမန်လူ တစ်ယောက်သာ ဤသို့ပြောလာပါက ထန်မင်လီကြောင့် သေသွားလောက်သည်။ ယခုအခါတွင်မူ ထန်မင်လီ ပြန်မပြောရဲပေ။
ထန်မင်လီ၏ နဖူးမှ ချွေးစေးများ စီးကျနေပြီး သေမင်းတမန်၏ စိုက်ကြည့်ခြင်း ခံနေရသည်ဟု ထင်မှတ်ကာ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာရသည်။
သူ့မြေးအတွက် သူ ဝင်အသနားခံပါက သူနှင့် ထန်မိသားစုတစ်ခုလုံးအား သေခြင်းတရားက စောင့်ကြိုနေ လိမ့်မည်ဟု ခံစားမိနေ၏။
“မဟုတ်ပါဘူး … ဘာမှမလုပ်ရဲပါဘူး”
ထန်မင်လီက နဖူးမှ ချွေးစေးများကို သုတ်၍ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
“ဒီလူအိုကြီး မှားသွားတာပါ၊ ဒီလူအိုကြီးရဲ့ မြေးက အမည်မသိ လူကြီးမင်းကို ရန်စခဲ့တာပါ၊ ဒါကြောင့် လူကြီးမင်းသာ သူ သေမလား ရှင်မလား ဆိုတာကို ဆုံးဖြတ်ခွင့် ရှိပါတယ်”
ထိုစကား ထွက်လာသည်နှင့် လူတိုင်း ထပ်မံ၍ ပွက်လောရိုက်သွားကြသည်။
*ကြောက်နေတာလား*
ထန်မင်လီ၏ စကားထဲမှနေ၍ ကြောက်စိတ်ကို လူတိုင်း ခံစားမိသည်။ ဤသည်ကြောင့် မင်းသားတစ်ယောက် မိုးကြိုးပစ်ချ ခံလိုက်ရသကဲ့သို့ ဖြစ်သွားလေသည်။
သူ၏စိတ်ထဲတွင် အဘိုးဖြစ်သူသည် ဘုရင်ဖြစ်ပြီး မည်သူမျှ၊ မည်သည့်မိသားစုဝင်မျှ မစော်ကားဝံ့သူဟု ထင်မှတ်ထားခဲ့သည်။ သူ၏ အဘိုးဖြစ်သူ လူတစ်ယောက်ကို ကြောက်ရွံ့၍ ထိုသူထံ အညံ့ခံခြင်းကို သူ ယခုမှ ပထမဆုံးအကြိမ် မြင်လိုက်ရသည်။
“သူ ... သူက တကယ်ပဲ အမည်မသိ လူကြီးမင်းလား”
မင်းသား ကြမ်းပြင်ပေါ် ပစ်လဲသွားပြီး မျက်နှာ ပြာနှမ်းလာ၏။ အဆိပ်မိကျောင်းနှင့် မိန်းမဝကြီးသည်လည်း အကြောက်လွန်ကာ တုန်ယင်လာလေသည်။ ထိုအခါတွင်မှ သူတို့ မည်မျှ အကြောမာခဲ့သည်ကို သတိရသွားသည်။
ထိုစဉ် ယဲ့ဖန်က ထိုင်ရာမှ ထရပ်ပြီး မင်းသားထံသို့ လျှောက်သွားလေသည်။ ထိုခြေသံက မင်းသား၏ နားထဲတွင် သေမင်းခေါင်းလောင်းသံသဖွယ် ကြားယောင်နေပြီး ကြောက်လန့်တကြား ဖြစ်လာစေသည်။
“မဟုတ်ဘူး ... ငါ မသေချင်သေးဘူး”
မင်းသားသည် ကြမ်းပြင်ပေါ် ပစ်လဲကျသွားသည်နှင့် ဆက်တိုက် နောက်ဆုတ်ကာ လူးလွန့် လှုပ်ရှားနေ၏။ သူ၏ ပေါင်ခြံမှ ကျင်ငယ်ရည်များပင် စီးကျလာ၏။ ထို့နောက် ယဲ့ဖန်ကို ကြည့်၍ ဒူးထောက်ကာ မျက်ရည်လည်ရွဲဖြင့် တောင်းပန်လေသည်။
“အမည်မသိ လူကြီးမင်း၊ ကျုပ် မှားသွားပါတယ်၊ ကျုပ်အဘိုး မျက်နှာကို ထောက်ပြီး တစ်ခါပဲ ခွင့်လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ”
လက်ရှိအချိန်၌ မင်းသားသည် ယခင်ကကဲ့သို့ မမောက်မာနိုင်တော့ဘဲ ခွေးသေတစ်ကောင်ကဲ့သို့ တုန်တုန် ယင်ယင်ဖြင့် တောင်းပန်ရသည်။
“မင်းကို ခွင့်လွှတ်ပေးရမယ် ဟုတ်လား”
“မင်းအတွက် ဝင်တောင်းပန်ပေးတဲ့လူတိုင်း သေရမယ်လို့ ငါ ပြောခဲ့သားပဲ၊ ဘယ်သူမှ မင်းအတွက် ဝင်မတောင်းပန်ပေးရင် မင်း သေရမယ်”
ယဲ့ဖန်၏ စကားများက အေးစက်ခက်ထန်လှသည်။ ထိုစကားကြောင့် မင်းသား လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားသည်။ သူ၏ ခြောက်ခြားနေသော အကြည့်အောက်မှာပင် ယဲ့ဖန်က လက်ကိုမြှောက်၍ သူ့အား အားဖြင့် ရိုက်နှက်လိုက်သည်။
“မဟုတ်ဘူး”
ယဲ့ဖန်၏ လက်ဝါးအောက်၌ ထိုအော်သံ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထို့အတူ သူသည်လည်း ယဲ့ဖန်၏ လက်ဝါးချက်ကြောင့် ပေါက်ကွဲ၍ သေဆုံးသွားလေသည်။
ကြမ်းပြင်ပေါ်၌ အသားစနှင့်အတူ သွေးအိုင်တစ်ခုသာ ကျန်ရစ်တော့သည်။ အသားစများနှင့် သွေးအိုင်ကိုကြည့်ပြီး လူတိုင်း သွေးပျက်သွားကြသည်။
*သေသွားပြီလား*
*ထန်မိသားစုရဲ့ မင်းသားက လက်ဝါးချက် တစ်ချက်တည်းနဲ့ ရိုက်သတ်ခံလိုက်ရပြီလား*
*ပြီးတော့ ထန်မိသားစုရဲ့ ထန်လူကြီးမင်းတောင် တစ်ခွန်းမှ မပြောရဲဘူး*
အဆိပ်မိကျောင်း၊ ဖန်းရီပေါ်၊ ကင်းမြီးကောက် လူသတ်သမားနှင့် အခြားသူများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် ငရဲမှ လွတ်မြောက်လာသော နတ်ဆိုးတစ်ကောင်ဟု မြင်ယောင်နေ၏။
ထိုအခိုက်တွင် ယဲ့ဖန်က အဆိပ်မိကျောင်းနှင့် မိန်းမဝကြီးတို့ကို လှည့်ကြည့်လာသည်။ ထိုအကြည့် တစ်ချက်နှင့်တင် နှစ်ယောက်လုံး ကြောက်လန့်ကာ ခြေထောက်များ ထုံကျဉ်လာပြီး ကြမ်းပြင်ပေါ် လဲကျ သွားလေသည်။
“အမည်မသိ လူကြီးမင်း၊ ကျုပ် အသက်ကို ချမ်းသာပေးပါ၊ ကျုပ် လူကြီးမင်းရဲ့ ခွေးအဖြစ် နေပေးပါ့မယ်၊ ကျေးဇူးပြုပြီး ကျုပ်ကို မသတ်ပါနဲ့”
“မလုပ်ပါနဲ့ ... အမည်မသိ လူကြီးမင်း ...”
လက်ရှိတွင် နှစ်ယောက်သား ကြောက်လန့်ခြောက်ခြားနေ၏။ သို့သော် ယဲ့ဖန်က သူတို့ကို တစ်ချက်သာ ကြည့်၍ တစ်ဖက်လှည့်သွားသည်။ သူတို့ကို အပြစ်ပေးချင်စိတ် ရှိပုံမရချေ။
“ဟမ် ... အသက်ရှင်နေသေးတာလား၊ ငါ မသေဘူးပေါ့”
အဆိပ်မိကျောင်းနှင့် မိန်းမဝကြီးတို့နှစ်ယောက်လုံး သေမင်းနှုတ်ခမ်းဝမှ ဖြတ်ကျော်လာနိုင်သကဲ့သို့ ခံစားလိုက် ရသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပျော်ရွှင်စွာ ကြည့်လိုက်ကြသည်။ သိပ်မကြာခင်မှာပင် သူတို့ ပျော်ရွှင်နေရာမှ သွေးပျက်လာလေသည်။
“အဆိပ်မိကျောင်း၊ နင့် ... နင့်အရေပြားက ဘာလို့ အက်လာတာလဲ”
“ဝမ်းကွဲအစ်မ ... နင် ... နင့်ခေါင်းက ဘာလို့ အက်လာတာလဲ”
သူတို့နှစ်ယောက်၏ စကားကြောင့် လူတိုင်း တုန်လှုပ်သွားပြန်၏။ အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် အဆိပ်မိကျောင်းနှင့် မိန်းမဝကြီးတို့၏ ဦးခေါင်းနှင့် အရေပြားတို့၌ အက်ရာများ ထင်ဟပ်လာသည်။ ထို့နောက် နှစ်ယောက်လုံး အမှုန့်ဖြစ်သွားပြီး အပြီးတိုင် ပျောက်ကွယ်သွားလေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now