Chapter 1056

401 41 2
                                    

စာစဉ် 71 Chapter 1056 အခြားတစ်ယောက်

ဒေါက် ဒေါက် ဒေါက်။
ယဲ့ဖန်သည် ဖျင်အန်းမြို့၏ လမ်းမထက်တွင် ဖြည်းဖြည်းချင်း လျှောက်နေ၏။ ဖျင်အန်းမြို့၏ ညတာအချိန်တွင် မီးရောင်များ ထိန်ထိန်လင်းနေပြီး မိုးမျှော်အဆောက်အဦးများ တစ်ခုပြီးတစ်ခု ရှိနေကာ စည်ပင်ဝပြော၍ သက်ဝင်လှုပ်ရှားလျက် ရှိသည်။ ဤပုံစံက ကမ္ဘာဂြိုဟ်နှင့် အလွန် ဆင်တူ လှသည်။
မတူသည့်အချက်မှာ ဖျင်အန်းမြို့၏ ကောင်းကင်ယံ၌ လေဆာကွန်ရက်များ ရှိနေသည်ကို ယဲ့ဖန် သတိပြုမိသည်။ ထိုလေဆာကွန်ရက်များက ဖျင်အန်းတစ်မြို့လုံးကို ဖုံးလွှမ်းထားပြီး ကြမ်းတမ်းသော ငှက်များနှင့် သားရဲများသာ လေဆာ ကွန်ရက်ထံ တိုးဝင်လာပါက တစ်စစီ ဖြစ်သွားနိုင်သည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ယဲ့ဖန်၏ ခန္ဓာကိုယ်မှ သွေးများ တတောက်တောက် ကျလာသဖြင့် မြေကြီးတွင် သွေးစွန်းနေသော ခြေရာများ ဖြစ်ပေါ်လာရသည်။ သူ၏ပုံစံက သွေးလူသားသဖွယ် ဖြစ်နေ၏။
သို့သော် လမ်းသွားလမ်းလာများက ဤသွေးသံတရဲရဲအဖြစ်က ပုံမှန်တစ်ခုကဲ့သို့ မထူးဆန်းသယောင် ပြုမူနေကြသည်။
“ယန်နယ်မြေက ယန်စွမ်းအင်က တကယ်ကို အင်အားကြီးတာပဲ”
“ယန်နယ်မြေက လူတွေသာ ငရဲဘုံကို ရောက်လာရင် သူတို့တွေ ဒီကြောက်စရာကောင်းတဲ့ ဥပဒေသရဲ့ ဖိနှိပ်ခံရတာကနေ လွတ်မြောက်သွားမှာပဲ၊ အဲ့လိုသာဆို သူတို့ရဲ့ ခွန်အားက မတွေးဝံ့စရာပါလား”
ခြေလှမ်းတိုင်းက ပိုပိုပြီး လှမ်းရခက်လာသည်ကို ယဲ့ဖန် ခံစားမိသည်။ လက်ရှိတွင် သူသည် အလွန်အမင်း အားနည်းနေ၏။
ပထမ၌ သူသည် ကြောက်စရာကောင်းသော ဆွဲငင်အားကြောင့် ဒဏ်ရာရခဲ့သည်။ ထို့အပြင် ခုနလေးတင် ကျန်ရှိနေသော ဘုံကိုးပါး ယန်စွမ်းအင်ဖြင့် သွေးဇီးကွက် လင်ဖေးကို သတ်ခဲ့ရသည်။ ဤသည်ကြောင့် သူ အားပြတ်လုနီးပါး ဖြစ်လာရသည်။
“မကောင်းတော့ဘူး …”
ယဲ့ဖန် မူးဝေလာပြီးနောက် အမှောင်ကျသွားလေသည်။ လူတစ်ကိုယ်လုံး စားသောက်ဆိုင်တစ်ခုရှေ့၌ လဲကျသွားလေသည်။

တစ်ခဏအတွင်းမှာပင် ရက်သတ္တပတ် ကုန်ဆုံးသွား၏။ ဖျင်အန်းမြို့၏ စားသောက်ဆိုင်၏ တံခါးရှေ့၌ ယဲ့ဖန်သည် ကျောက်သားစင်္ကြံပေါ် ထိုင်၍ လမ်းမထက်မှ လူများကို ငေးကြည့်နေသည်။
ယန်နယ်မြေသို့ သူ ရောက်နေသည်မှာ ခုနစ်ရက် ရှိသွားလေပြီ။ ထိုနေ့က သူ သတိလစ်သွားပြီးနောက် ဤစားသောက်ဆိုင်ပိုင်ရှင်က အိမ်ထဲ ခေါ်သွားခဲ့သည်။ ဒဏ်ရာများသည်လည်း ယခု သက်သာသွားပြီ ဖြစ်သည်။
သူ ယန်နယ်မြေအကြောင်း အကြမ်းဖျင်းမျှ နားလည်လာ၏။ ကျုံးကျိုးနယ်မြေ၏ အစိတ်အပိုင်း တစ်ခုမျှသာ ရှိသေးသည်။
ကျုံးကျိုးနယ်မြေအား ကျယ်ပြောသော သမုဒ္ဒရာကြီးက ဝန်းရံထားသည်။ ထိုသမုဒ္ဒရာ၏ အလွန်၌ နောက်ထပ် နယ်မြေတစ်ခု ရှိသည်။
ဤနယ်မြေ၏ လေဟာနယ် ဥပဒေသက အလွန် ပြင်းထန်လှသဖြင့် သာမန် သိုင်းပညာရှင်များသည် ကျုံးကျိုးနယ်မြေမှ တစ်သက်လုံး မထွက်ခွာနိုင်ကြပေ။
‘ဒါဆို ကျိုးယန်တောင်က ဘယ်နားမှာပါလိမ့်”
ကျိုးယန်တောင်သည် ယဲ့ဖန်၏ မိခင် တောင်ထိပ်မှ ပြုတ်ကျသွားခဲ့သော တောင်ဖြစ်သည်။ သို့သော် ယဲ့ဖန်က ဆိုင်ပိုင်ရှင်ကို တောင်အကြောင်း မေးခဲ့သော်လည်း ဘယ်သူမှ မသိကြချေ။
“ကြည့်ရတာ ငါ အင်အားစုတစ်ခု ဖွဲ့စည်းမှ ဖြစ်မယ်နဲ့တူတယ်၊ ငါ့ခွန်အားကိုပဲ မှီခိုနေရင် ဟွမ်အာနဲ့ အခြားသူတွေရဲ့ သတင်းနဲ့ ကျိုးယန်တောင်အကြောင်း စုံစမ်းဖို့ ခက်လွန်းတယ်”
ယဲ့ဖန် နဖူးကို ပွတ်လိုက်မိသည်။ ထိုစဉ် စားသောက်ဆိုင်အတွင်းမှ ကြည်လင်သော အသံတစ်သံ ထွက်လာ၏။
“အားပင်း လာကူပြီး သိမ်းပေးဦး၊ ငါ တစ်ယောက်တည်း မနိုင်ဘူး”
ထိုအသံပိုင်ရှင်သည် မိန်းကလေးတစ်ဦး ဖြစ်ပြီး အလွန်လှပ၍ ဖြူစင်သော အငွေ့အသက် ရှိသည်။ သူမသည် ဤစားသောက်ဆိုင် ပိုင်ရှင်၏ သမီးဖြစ်သူ ကျုံးလီအာပင်။
လွန်ခဲ့သော တစ်ပတ်က သူမ ယဲ့ဖန်ကို တွေ့ခဲ့ပြီး သူမမိဘများကို တောင်းပန်၍ ယဲ့ဖန်အား အိမ်ထဲ ခေါ်ကာ ဒဏ်ရာများကို ကုသပေးခဲ့သည်။ အားပင်းဟူသောလူမှာ အမျိုးသားတစ်ယောက်ဖြစ်ပြီး ဆိုင်၏ စားပွဲထိုး ဖြစ်သည်။
လက်ရှိတွင် ကျုံးလီအာ၏ စကားကြောင့် သူ့မျက်နှာ၌ မကျေနပ်ဟန်များ စွန်းထင်းနေ၏။
“လီအာ၊ မင်း ဘာလို့ ယဲ့ဖန်ကို မင်းအတွက် အလုပ်မလုပ်ခိုင်းရတာလဲ၊ သူ ငါတို့ဆိုင်ကို ရောက်နေတာ ကြာလှပြီ၊ ပြီးတော့ တစ်ပတ်လုံး ဘာမှမလုပ်ဘဲ နေနေတာလေ၊ သူက ဘာမလုပ်ဘဲ ထိုင်စားနေတာပဲ”
အားပင်းသည် ယဲ့ဖန်ရှိရာသို့ လှမ်းကြည့်နေသည်။ သူ၏အကြည့်တွင် မကျေနပ်မှုများ ထင်ဟပ်နေ လေသည်။ ထိုစကားကြောင့် ကျုံးလီအာက အသာပြုံးလိုက်သည်။
“အစ်ကိုယဲ့က နေမှမကောင်းသေးတာ၊ အဲ့ဒါကြောင့် သူ အလုပ်မလုပ်နိုင်သေးဘူးလေ၊ မြန်မြန်လုပ်ပါ”
ကျုံးလီအာက အားပင်းနှင့် စကားပြောပြီးသည်နှင့် ဆိုင်ရှေ့သို့ ပျော်ရွှင်စွာ ပြေးလာပြီး ယဲ့ဖန်ဘေး၌ ထိုင်ချလိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“အစ်ကိုယဲ့၊ အခု ဘယ်လိုနေသေးလဲ၊ ဒဏ်ရာက နာနေတုန်းပဲလား”
ကျုံးလီအာသည် ကြင်နာတတ်သော နှလုံးသားပိုင်ရှင် ဖြစ်သည်။ သူမကြောင့်သာ မဟုတ်လျင် ယဲ့ဖန်တစ်ယောက် ယခုထိ လမ်းပေါ်တွင် သတိလစ်၍ သေမလား၊ ရှင်မလား မသိနိုင်လောက်ပေ။
ကျုံးလီအာ၏ ရှက်သွေးဖြာနေသော မျက်နှာကိုကြည့်ပြီး ယဲ့ဖန် ခပ်ဖွဖွ ပြုံးလိုက်သည်။
“ငါ နေကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ် လီအာ”
ယဲ့ဖန်၏ ဟန်မဆောင်တတ်သော အပြုံးကြောင့် ကျုံးလီအာ ရင်တဒိတ်ဒိတ် ခုန်လာပြီး ရှက်သွေး ဖြာကာ မျက်နှာ မသိမသာ နီမြန်းလာပြန်၏။
ဘာကြောင့်မှန်းမသိသော်လည်း ကျုံးလီအာသည် ယဲ့ဖန်ကို မြင်လိုက်ရချိန်တွင် ကိုယ်ပေါ်မှ ဒဏ်ရာ များကြောင့် ငရဲမှ ထွက်လာသည်ဟုပင် ထင်မှတ်သွားခဲ့ရသည်။
ထို့အပြင် သူ၏မျက်ဝန်းနက်နက်၌ ဖြစ်အင်များစွာ ပါဝင်နေပုံရပြီး လူအများ၏ စိတ်ထဲတွင် သိချင်စိတ် ကို နှိုးဆွနေပြီး ထိုဖြစ်အင်များကို သိချင်လာအောင် လုပ်နေလေသည်။
“အစ်ကိုယဲ့၊ ရှင် တအား ယဉ်ကျေးနေစရာ မလိုပါဘူး”
“အစ်ကို နောက်ပိုင်း ဘာလုပ်မယ် စိတ်ကူးထားလဲ၊ တကယ်လို့ သွားစရာ နေရာမရှိရင် ညီမတို့ ဆိုင်မှာပဲ နေပါလား”
ထိုသို့ပြောနေချိန်တွင် ကျုံးလီအာ နှလုံးခုန်နှုန်း မြန်ဆန်လာပြီး ပေါက်ထွက်မတတ် ဖြစ်လာသည်ဟု ခံစားလာရသည်။
ကျုံးလီအာ၏ အမူအရာကိုကြည့်ပြီး ယဲ့ဖန်သည် သူမ အတွေးကို ခန့်မှန်းမိပြီး ပြုံးရုံမျှပြုံး၍ ဘာမှမပြောချေ။
“မြန်မြန်ဟေ့၊ သွေးဇီးကွက် အခမ်းအနား စတော့မယ်”
ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်၏အသံ ထွက်လာသည်။ ထို့အတူ မီးဖိုချောင် အနောက်မှနေ၍ ဆိုင်ပိုင်ရှင် ဦးလေးကျုံး အလျင်အမြန် ထွက်လာသည်။ ထို့နောက် သူသည် လက်တစ်ဖက်ဖြင့် တီဗွီကို လှမ်းဖွင့်လိုက်သည်။ ထိုအခါ နံရံပေါ်၌ ကြည်လင်သော ရုပ်သံတစ်ခု ပေါ်လာသည်။
သွေးဇီးကွက် အခမ်းအနားဟူသော စကားကို ကြားသည်နှင့် ဆိုင်ရှင်၏ ဇနီးသည် ပြေးလာရုံသာမက အားပင်းသည်လည်း လုပ်လက်စ အလုပ်ကို ပစ်ထားပြိး နံရံပေါ်မှ ဖန်သားပြင်ကို လှည့်ကြည့်လေသည်။
ဆိုင်ထဲမှ ဧည့်သည်များလည်း အချင်းချင်း ပြောလာကြသည်။
“သွေးဇီးကွက် လင်ဖေး သေသွားမယ်လို့ ငါ ထင်မထားမိဘူး”
“ဟုတ်တယ်၊ အဲ့မတော်တဆမှုက ဖျင်အန်းတစ်မြို့လုံးကို တုန်လှုပ်သွားစေတာပဲ၊ ပြီးတော့ မိသားစုတွေ အားလုံး ဂုဏ်ပြုစကားပြောဖို့ ထန်အိမ်တော်ကို ရောက်နေကြပြီ၊ ဒီတစ်ခါတော့ အဘိုးထန် နာမည် ကြီးလာပြီ”
“…”
လူတိုင်း စကားစမြည် ပြောနေကြပြီး အားလုံး၏ မျက်နှာတွင် အထင်ကြီး လေးစားစိတ်များ ထင်ဟပ် နေသည်။ ကျုံးလီအာသည်လည်း ယဲ့ဖန်ကိုဆွဲ၍ ဖန်သားပြင်ရှေ့သို့ ရောက်လာပြီး အားလုံးနှင့်အတူ ဝင်ကြည့်လေသည်။
“အစ်ကိုယဲ့၊ ရှင်ကတော့ အဲ့သွေးဇီးကွက် လင်ဖေးကို သိမှာမဟုတ်ဘူး၊ အဲ့လူက ဖျင်အန်းမြို့ရဲ့ ထိပ်တန်း မိစ္ဆာကောင်လေ”
ကျုံးလီအာက ယဲ့ဖန်ကို အသံကျယ်ကျယ်ဖြင့် ရှင်းပြလေသည်။
“အစတုန်းက သွေးဇီးကွက် လင်ဖေးက ထိပ်တန်းအဆင့် မိသားစု တစ်ခုနဲ့ ပထမအဆင့် မိသားစု သုံးခုကို တစ်ယောက်တည်း သတ်ခဲ့တာလေ၊ လူထောင်ချီပြီးကိုသတ်ခဲ့တာ၊ တကယ့် မိစ္ဆာကောင်”
“သူ သေသွားလို့ တော်သေးတယ်”
ကျုံးလီအာက “လင်ဖေး” ဟူသော နာမည်ကို ပြောချိန်တွင် မျက်နှာ၌ ကြောက်လန့်ဟန် ပေါ်လွင်နေ၏။ ယဲ့ဖန် အနည်းငယ် အံ့ဩသွားသော်လည်း သိပ်အရေးစိုက်တော့ချေ။
အားလုံး ကြည့်နေစဉ်မှာပင် ကြည်လင်သော ဖန်သားပြင်၌ အခမ်းအနားတစ်ခု ပေါ်လာသည်။ ဖန်သားပြင်တွင် ခန်းမတစ်ခုကို ပြသနေပြီး ထိုခန်းမ၌ ဖျင်အန်းမြို့၏ မြို့မျက်နှာဖုံးများစွာ ရှိနေ၏။
စင်ပေါ်၌ အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့က တိတ်ဆိတ်စွာ ထိုင်နေသည်။
“လူကြီးမင်းတို့အားလုံးကို ကြိုဆိုပါတယ်၊ ကျုပ်က ထန်မင်လီပါ”
အဘိုးအိုက စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် အားလုံးကို ကြည့်လိုက်သည်။
“သွေးဇီးကွက် လင်ဖေးက ဖျင်အန်းမြို့မှာ မကောင်းတဲ့ ကိစ္စတွေ လုပ်ခဲ့တယ်၊ အခုတော့ သူ့ကို ခေါင်းဖြတ်လိုက်နိုင်ပြီ”
“အခု ကျုပ် အားလုံးရှေ့မှ ပြသပါ့မယ်”
ထန်မင်လီ၏ စကားအဆုံး၌ ခန်းမထဲမှ လူအားလုံး လက်ခုပ်တီးကြလေသည်။ လူအုပ်ကြီး၏ လက်ခုပ်သံများကြား၌ မိန်းကလေးတစ်ယောက်က လင်ဗန်းတစ်ချပ် ကိုင်၍ လျှောက်လာသည်။
လင်ဗန်းပေါ်မှ အနီရောင် ပိတ်စကို ဖယ်လိုက်သောအခါ ခေါင်းပြတ်တစ်လုံးအား အားလုံးရှေ့သို့ ပေါ်ထွက်လာ၏။
ချက်ချင်းဆိုသလိုပင် ခန်းမတစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ စားသောက်ဆိုင်ထဲမှ လူများ အားလုံးကလည်း ထန်မင်လီအတွက် ဂုဏ်ပြုအားပေးကြသည်။ ထိုစဉ် ဖန်သားပြင်ပေါ်မှ ထန်မင်လီက ကိုယ်ကိုမတ်၍ ဆက်ပြောလာလေသည်။
“တကယ်တမ်းတော့ ဒီအခမ်းအနား တွေ့ဆုံပွဲမှာ ကျုပ်က ဖျင်အန်းမြို့သူမြို့သား အားလုံးကို ရှင်းပြချင်တာ ရှိပါတယ်”
“ဒီသွေးဇီးကွက် လင်ဖေးကို ကျုပ် သတ်ခဲ့တာ မဟုတ်ပါဘူး”
“ဖျင်အန်းတစ်မြို့လုံးရဲ့ သူရဲကောင်းအစစ်က တစ်ခြားသူတစ်ယောက်ပါ”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now