Chapter 1008

412 39 4
                                    

စာစဉ် 68 Chapter 1008 ရှေးမဟာမျိုးနွယ်ကြီးသုံးခု

မသေမျိုးမျိုးနွယ်၏ ရဲတိုက်နှင့် ဆယ်ကီလိုမီတာမက ကွာဝေးသော တစ်နေရာ၌ တောင်ကုန်းတစ်ခု တည်ရှိသည်။ သို့သော် ထိုနေရာ၌ မသေမျိုးမျိုးနွယ်၏ ဘိုးဘေးခန်းမ ရှိသည်ကို မည်သူမှ မသိပေ။
တောင်ကုန်း၏ အတွင်းဘက်အား ထွင်းဖောက်၍ ကြီးမားသော နန်းတော်တစ်ခု တည်ဆောက်ထားသည်။ ထိုနန်းတော်သည် ရှေးဆန်၍ ခမ်းနားထည်ဝါသည်။
ထိုနန်းတော်တွင်းရှိ စင်တစ်ခုစီ၌ ဝိညာဉ် မီးအိမ်နှင့် အသားစများ ရှိနေသည်။ ဝိညာဉ်မီးအိမ်တိုင်းက မသေမျိုး မျိုးနွယ်တစ်ယောက်စီကို ကိုယ်စားပြုပြီး အသားစတစ်ခုစီက မသေမျိုး မျိုးနွယ်များ ပြန်လည်မွေးဖွားလာစေရန် အလို့ငှာ ထားရှိခြင်း ဖြစ်သည်။ ယခုအချိန်တွင် ထိုဝိညာဉ်မီးအိမ်များအားလုံး ငြိမ်းသက်နေပြီး အသားစများ အားလုံး ပြာဖြစ်ကုန်သည်။
ကျွီ!
ဘိုးဘေးခန်းမ၏ သစ်သားတံခါး ပွင့်လာပြီးနောက် အဘိုးအိုတစ်ယောက် ဝင်လာသည်။ ထိုသူသည် မသေမျိုး ဖီးနစ်ဘုရင်ဖြစ်ပြီး ဤဘိုးဘေးခန်းမကို တည်ဆောက်ခဲ့သူ ဖြစ်သည်။
“သွားပြီ၊ အားလုံး ပြာဖြစ်ကုန်ပြီ”
မသေမျိုး အင်မော်တယ်ဘုရင်၏ မျက်လုံးတွင် ဝမ်းနည်းရိပ်များ ထင်ဟပ်နေသည်။ မျိုးနွယ်ဝင်များ၏ ကောက်ကျစ်သော ရည်ရွယ်ချက်နှင့် စိတ်ထားတို့ကြောင့်သာ မဟုတ်ပါက သူတို့ ဤသို့ အဆုံးသတ်မည် မဟုတ်ပါ။ သူ ယဲ့ဖန်ကို အပြစ်မတင်ပါ၊ အဘယ်ကြောင့်ဆိုသော် ဤကိစ္စအားလုံးက မိမိမသေမျိုး မျိုးနွယ်၏ အမှားသာ ဖြစ်သောကြောင့်ပင်။
“ကောင်းကင်ဘုံကို ယဇ်ပူဇော်မယ့် အခမ်းအနား ကျင်းပဖို့ တစ်လလောက် လိုသေးတယ်”
မသေမျိုး ဖီးနစ်ဘုရင်သည် တစ်စုံတစ်ရာကို ဆုံးဖြတ်ချက် ချလိုက်ဟန်ဖြင့် ဘိုးဘေးခန်းမ၏ ထောင့် တစ်နေရာကို ကြည့်လိုက်သည်။
“ဘာပဲဖြစ်ဖြစ် ကောင်လေးယဲ့ကို ကူညီဖို့ ငါ အစွမ်းကုန် ပြင်ဆင်ထားမှ ဖြစ်မယ်”
ထိုသို့ပြောပြီးနောက် မသေမျိုး ဖီးနစ်ဘုရင်က ဘိုးဘေးခန်းမ၏ ထောင့်နားသို့ လျှောက်လှမ်းသွားပြီး ကျောက်တုံးတစ်ခုပေါ် လက်တင်၍ ဖိလိုက်သည်။
ထိုအခါ ထိုကျောက်တုံးမှ ဖုန်မှုန့်များ ထွက်လာပြီးနောက် မသေမျိုး ဖီးနစ်ဘုရင်၏ လက်ဝါးရာ ပေါ်လာသည်။ ထိုလက်ဝါးရာ ပေါ်လာသည်နှင့် ဘိုးဘေးခန်းမတစ်ခုလုံး၌ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
ထို့နောက် ဘိုးဘေးခန်းမနံရံက တဖြည်းဖြည်း အက်ကွဲလာပြီး နံရံအနောက်၌ သံမဏိတံခါးတစ်ခု ပေါ်လာ လေသည်။ ဤနေရာသည် လျှို့ဝှက်ခန်းတစ်ခန်း ဖြစ်သည်။
ဤဘိုးဘေးခန်းမကို တည်ဆောက်ခဲ့စဉ်အခါက မသေမျိုး ဖီးနစ်ဘုရင်က ဤလျှို့ဝှက်ခန်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သံမဏိတံခါး ပွင့်သွားသည်နှင့် အထဲမှ အနီရောင် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ အခန်းထဲသို့ လှည့်ပတ် ကြည့်လိုက်သောအခါ လျှို့ဝှက်ခန်း၏ အလယ်၌ အသားစတစ်ခု ရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုအသားစထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ အဆက်မပြတ် ပျံ့လွင့်နေသည်။
အသားစလေးတစ်ခု ဖြစ်သော်ငြားလည်း ၎င်း၏ အရှိန်အဝါက ကောင်းကင်ဘုရင်အဆင့် သိုင်းပညာရှင် တစ်ယောက်ထက် ကြောက်ဖို့ကောင်းနေသည်။
“နှစ်တွေ ဒီလောက်ကြာပြီးမှ ငါ ဒါကို သုံးရမယ်လို့ ထင်မထားမိဘူး”
ထိုအသားစသည် မသေမျိုး ဖီးနစ်ဘုရင်က သူ ပြန်လည်မွေးဖွားလာရန် ရည်ရွယ်၍ ချန်ထားခဲ့သော အသားစ ဖြစ်သည်။ တစ်ချိန်က သူသည် လောက၏ အထွတ်အထိပ် နေရာသို့ ရောက်ရှိနေခဲ့ချိန်တွင် ဤအသားစကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။
ထိုအသားစထဲ၌ ပါဝင်သော နတ်ဘုရားစွမ်းအင်က အလွန် ကြောက်စရာကောင်းလှသည်။ ဤအသားစ ချန်ထားခဲ့သည်ကို မသေမျိုးမျိုးနွယ်ဝင်များပင် မသိကြချေ။
လက်ရှိတွင် မသေမျိုး ဖီးနစ်ဘုရင်က လျှို့ဝှက်ခန်းသို့ ဝင်လာပြီးသည်နှင့် ကြမ်းပြင်ပေါ် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ထို့နောက် ထူးဆန်းသော စည်းတံဆိပ်ကို ထုတ်၍ ဖိချေလိုက်သည်။
“ပေါင်းစပ်စမ်း”
ထိုအသံ ထွက်ပေါ်လာပြီးနောက် အသားစသည် ချက်ချင်း‌ လေပေါ် မြောက်တက်လာပြီး မသေမျိုး ဖီးနစ်ဘုရင်၏ ဦးခေါင်းအထက်သို့ ရောက်လာသည်။
ထိုအသားစထဲမှ သွေးစွမ်းအင်များက မသေမျိုး ဖီးနစ်ဘုရင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်နေ၏။ တဖြည်းဖြည်းချင်း ပေါင်းစပ်၍ သန့်စင်နေသည်။ ရုတ်ချည်းဆိုသလိုပင် မသေမျိုး ဖီးနစ်ဘုရင်၏ အရှိန်အဝါက ပိုပို၍ ကြောက်စရာ ကောင်းလာလေသည်။

ယင်ယန်လောကသည် ရှေးခေတ်အခါက ကောင်းကင်ဘုံမှ ချန်ထားရစ်ခဲ့သော မိုးမြေလောကတစ်ခု ဖြစ်ပြီး မရေတွက်နိုင်သော မှော်ဝင်ဆန်းကြယ်မှုများစွာ ရှိသည်။
မသေမျိုးမျိုးနွယ်နှင့် မိုးကြိုးတောင်ကြားတို့က ယင်ယန်လောက၌ ထိပ်တန်း အင်အားစုများ ဖြစ်သည်ဟု သာမန်လူများ သိထားကြသည်။
သို့ရာတွင် ယင်ယန်လောကတွင်း၌ အခြားသော အင်အားစုကြီး မျိုးနွယ်စုသုံးခုရှိသည်ကို လူအိုကြီးများသာ သိရှိကြသည်။ ထိုမျိုးနွယ်စုများသည် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်က ရှိခဲ့သော မျိုးနွယ်စုများ မဟုတ်ဘဲ မဟာနတ္ထိ ရှေးဧကရာဇ်ခေတ် မတိုင်ခင်က တည်ရှိခဲ့သော ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။
ပထမမျိုးနွယ်စုမှ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဖြစ်ပြီး ရှေးခေတ်အခါ၏ ဖျက်ဆီးသူ မျိုးနွယ်။ ရှေးခေတ် ကုန်ဆုံးခါနီး အချိန်တွင် နတ်မင်းများ ဝရုန်းသုန်းကား အခြေအနေသို့ ရောက်ရှိခဲ့ပြီး စိတ်ဝိညာဉ်များ ဖျက်ဆီးခံခဲ့ရသည်။
စစ်ပွဲ၏ မီးစများကြောင့် လောကကြီး ရှင်းလင်းခံရတော့မည်ဟု လူတိုင်း ထင်ခဲ့ကြသည်။ ထိုသို့သောအချိန်၌ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် မွေးဖွားလာခဲ့သည်။ သူတို့သည် ရှေးခေတ်အချိန်က မိစ္ဆာနတ်မင်းများကို ဝါးမျို၍ နတ်မင်းများ၏ သွေးကို သောက်သုံးခဲ့သည်။ ရှေးခေတ်အချိန်၏ စစ်ပွဲကို သုတ်သင်ခဲ့သော မျိုးနွယ်များ ဖြစ်လေသည်။
ထို့ကြောင့်ပင် မဟာနတ္ထိ ရှေးဧကရာဇ်ခေတ် ဖြစ်ပေါ်လာခဲ့လေသည်။ ဒုတိယ မျိုးနွယ်စုမှာ ထိုက်ကူ နဂါးမျိုးနွယ် ဖြစ်သည်။
ဤမျိုးနွယ်စုသည် အလွန် ဆန်းကြယ်သော မျိုးနွယ်ဖြစ်သည်။ သူတို့သည် ရှေးခေတ်အချိန်သာမက မဟာနတ္ထိ ရှေးဧကရာဇ်ခေတ်၌ပါ သေမျိုးလောကသို့ ဆင်းသက်လာခဲသည်။
ထိုက်ကူနဂါးမျိုးနွယ်သည် ဤလောက၏ ပွဲကြည့်ပရိသတ်ဟုပင် ထင်မှတ်ရသည်။ ဂုဏ်သတင်းအတွက် မတိုက်ခိုက်သလို စည်းစိမ်ဥစ္စာအတွက် စစ်ပွဲများကိုလည်း မဆင်နွှဲပေ။
သို့သော် ဤမျိုးနွယ်စုကို ရန်ရှာမိသည့် မည်သူမဆို ဘဝတစ်သက်လုံး အိပ်မက်ဆိုးထဲ ကျရောက်သကဲ့သို့ ဖြစ်သွားအောင် ပြုလုပ်ကြသည်။
ရှေးဟောင်းစာအုပ်များထဲမှ မှတ်တမ်းများကို လူအိုကြီးများ ဖတ်ရှုဖူးကြသည်။ ရှေးခေတ်အခါ၏ အစောပိုင်း ရက်များ၌ အသူရာနန်းတော်ဟုသည့် အဖွဲ့အစည်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုခေတ်အခါက အသူရာနန်းတော်သည် လက်ရှိ လူသားအရှင်သခင် နန်းတောက်ထက်ပင် ပိုအင်အားကြီးခဲ့သည်။ သူတို့သည် ရှေးခေတ်အခါကို ကြီးစိုး၍ မျိုးနွယ်စုများကို ကျွန်ပြုခဲ့သည်။
သို့ရာတွင် အသူရာ နန်းတော်သခင်သည် ပုလ္လင်ပေါ်သို့ တက်လှမ်းနိုင်ပြီး ရှေးခေတ်အခါ၏ ပထမဆုံးသော ဧကရာဇ် ဖြစ်လာတော့မည့်အချိန်၌ ထိုက်ကူနဂါးမျိုးနွယ်ကို ရန်စလိုက်မိသည်။
အသူရာ နန်းတော်သခင်သည် ထိုက်ကူနဂါးမျိုးနွယ်ကို ဖိနှိပ်အနိုင်ယူကာ သူ၏ စီးတော်ယာဉ်အဖြစ် နေစေချင်ခဲ့သည်။
သူ၏ လှုပ်ရှားမှုက ထိုက်ကူ နဂါးမျိုးနွယ်ကို ဒေါသူပုန် ထသွားစေသည်။ ထိုက်ကူနဂါးမျိုးနွယ်သည် လူမြင်ကွင်းထဲသို့ ပေါ်ထွက်လာပြီး ရှေးခေတ်အခါအား သွေးချောင်းစီးစေတော့သည်။
ရှေးမှတ်တမ်းအများအရ ထိုခေတ်က စစ်ပွဲအတွင်း၌ ရှေးဟောင်းမျိုးနွယ် ဘီလီယံချီ၍ သေဆုံးခဲ့ရသည်။ ထိုခေတ်ကို ကြီးစိုးခဲ့သော အသူရာ နန်းတော်သည်လည်း ထိုက်ကူ နဂါးမျိုးနွယ်၏ အမြစ်လှန်ခြင်း ခံလိုက်ရသည်။
သန်းချီသော အသူရာ စစ်သည်တော်များ၏ သွေးများက မြစ်သဖွယ် စီးဆင်းခဲ့ကာ အလောင်းများ နေရာအနှံ့ ပျံ့ကြဲနေခဲ့သည်။
အသူရာ နန်းတော်သခင်သည်လည်း ရက်ပေါင်း တစ်ရာ့ရှစ်ရက်တိတိ သန့်စင်ခံခဲ့ရပြီး သူ၏ အော်သံက ရှေးခေတ်လောကအနှံ့သို့ ပဲ့တင်ထပ်ခဲ့သည်ဟု ဆိုသည်။ ထိုသို့ အသန့်စင်ခံရပြီးမှ ဆိုးရွားစွာ သေဆုံးသွားခဲ့သည်။
ထိုက်ကူ နဂါးမျိုးနွယ်က စစ်ပွဲအား အနိုင်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ ထိုက်ကူနဂါးမျိုးနွယ်၏ အမည်ကို ကြားလိုက်ရသည်နှင့် မည်သူမှ ရန်မစရဲတော့ချေ။
ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်နှင့် ထိုက်ကူနဂါးမျိုးနွယ်အပြင် ရှေးခေတ်အခါက ကျန်ရစ်ခဲ့သော နောက်ဆုံး မျိုးနွယ်များ ရှိရာနေရာအား နတ်ဘုရားဗိမာန်ဟု ခေါ်ဆိုလေသည်။
ဤနေရာသည် ရှေးနတ်မင်းများ မြှုပ်နှံထားရာ နေရာဖြစ်သည်။ ရှည်လျားလှသော ရှေးခေတ်သမိုင်းကြောင်း၌ နတ်မင်းများ ဘီလီယံချီ၍ မွေးဖွားလာခဲ့သည်။
ထိုနတ်မင်းများသည် ထိုခေတ်၏ ချေမှုန်းသုတ်သင်ခြင်းကို မခံနိုင်ဘဲ တစ်ပါးပြီးတစ်ပါး ကျဆုံးသွားခဲ့သည်။ နတ်ဘုရားဗိမာန်သည် ထိုနတ်မင်းများအား မြှပ်နှံထားရာ နေရာ ဖြစ်လေသည်။
ထိုနေရာ၌ ကြောက်စရာကောင်းသော ဂူအစောင့်များစွာ ရှိလေသည်။ သူတို့သည် ရှေးနတ်မင်းများ၏ မျိုးဆက်များ ဖြစ်သည်။
ဤလူများသည် မွေးဖွားစဉ်ကတည်းက သေဆုံးချိန်အထိ နတ်ဘုရားဗိမာန်မှ ထွက်မသွားကြပေ။ ဟောကိန်းတစ်ခုကြောင့် ဗိမာန်ကိုသာ ကာကွယ်ကြသည်။
ရှေးခေတ်အချိန်၏ ဟောကိန်းအရ နတ်ဘုရားဗိမာန်ကို ဝင်လာသည့်မည်သူမဆိုထဲမှ ရှေးနတ်မင်း၏ အမွေအနှစ်ကို အောင်မြင်စွာ ရယူနိုင်ပါက ဤနတ်ဘုရားဗိမာန်၏ အရှင်သခင် ဖြစ်လာမည်ဟု ဆိုသည်။
မဟာနတ္ထိ ရှေးဧကရာဇ် ခေတ်ကာလတစ်ခုလုံး မရေတွက်နိုင်သော လူငယ်ပါရမီရှင်များ နတ်ဘုရားဗိမာန်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။ သို့ရာတွင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူဟူ၍ မည်သူမှ မရှိပေ။
ဤအဖြစ်ကြောင့် ရှေးခေတ် သိုင်းပညာရှင်များအားလုံးသည် ဤနတ်ဘုရားဗိမာန်က အကြံအစည်တစ်ခုသာ ဖြစ်မည်ဟု ထင်လာကြသည်။
အထဲသို့ ဝင်သွားသည့်မည်သူမဆို အသက်ရှင်ကျန်ရစ်သူဟူ၍ မည်သူမှ မရှိပေ။ ထို့ကြောင့် နတ်ဘုရားဗိမာန်၏ အမည်နာမသည် ရှေးခေတ်အချိန်မှစ၍ ယခုအချိန်အထိ ယင်ယန်လောက၏ တားမြစ်နယ်မြေ ဖြစ်လာခဲ့သည်။
သို့ရာတွင် ယနေ့၌ နတ်ဘုရားဗိမာန်၌ လောကတုန်လှုပ်လောက်သည့် အဖြစ်တစ်ခု ဖြစ်ပေါ်လာတော့မည်ကို ယင်ယန်လောက၏ သိုင်းပညာရှင်များအားလုံး မသိလိုက်ကြချေ။
သိုင်းပညာရှင်များက နတ်ဘုရားဗိမာန်၏ ချောက်နက်အောက်ခြေ၌ စုဝေးနေကြသည်။ ထိုနေရာ၌ လူပေါင်း ထောင်သောင်းချီရှိသည်။ ထိုလူများသည် ရှေးနတ်မင်းများ၏ မျိုးဆက်များ ဖြစ်သည်။
ပုံမှန်အားဖြင့် အရေးတကြီးကိစ္စ မရှိပါက သူတို့အချင်းချင်း မစုဝေးကြချေ။ ယနေ့တွင် သူတို့သည် စုဝေးနေရုံသာမက အရှေ့မှ ဧရာမ ဂူကြီးတစ်လုံးကို စိုက်ကြည့်နေသည်။
သူတို့၏ မျက်နှာထားများက စိတ်လှုပ်ရှားနေပုံပေါ်ပြီး တစ်စုံတစ်ရာကို စောင့်မျှော်နေကြသည့်ပုံပင်။
“ရှေးနတ်မင်းတွေရဲ့ နောက်ဆုံး ဂူသင်္ချိုင်းဗိမာန်ပဲ၊ ပိုင်ယီ၊ မင်း လုပ်နိုင်မှာပါ”
အဘွားအိုတစ်ယောက်သည် ရှေးနတ်မင်းမျိုးဆက်များ၏ ဘေး၌ ရပ်ကာ ရေရွတ်နေ၏။ သူမ အမူအရာက အလွန်အမင်း စိုးရိမ်နေပုံ ရသည်။
ဤအဘွားအိုသည် ယခင်က ကမ္ဘာဂြိုဟ်ပေါ်၌ ပထမဆုံး ရှေးဟောင်းလက်စွပ်ထဲမှ ထွက်လာသည့် ရှေးဟောင်း စိတ်ဝိညာဉ် ဖြစ်သည်။
သူမသည် ပိုင်ယီကို ခေါ်၍ ယင်ယန်လောကသို့ ပြန်လာခဲ့သည်။ သူမကပင် ပိုင်ယီအား နတ်ဘုရားဗိမာန်သို့ ခေါ်လာခဲ့သူ ဖြစ်သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now