Chapter 1138

364 43 5
                                    

စာစဉ် 76 Chapter 1138 ဒီည သွေးချောင်းစီးစေမယ်

ကောင်းကင်ဘုံစာအုပ်၊ ဒဏ္ဍာရီအရ လောက၌ အရှားပါးဆုံး ရှေးဟောင်းစာအုပ်များပင်။ ယင်းစာအုပ် အများစုသည် သမိုင်းကြောင်းနှင့်အတူ လွန်လေပြီးသော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားလေသည်။ ထိုစာအုပ် တစ်အုပ်စီက နိုင်ငံများကြား၌ စစ်မက်ဖြစ်ပွားအောင် အစပျိုးပေးနိုင်၏။
ကောင်းကင်ဘုံ စာအုပ်တစ်အုပ်သည် ဂိုဏ်းတစ်ခု ထူထောင်ရန် လုံလောက်ပြီး လောကသူရဲကောင်းများအား မွေးဖွားပေးနိုင်သည်။
*ရှားပါးရတနာတစ်ခု ဖြစ်ပြန်ပြီ*
ထန်မင်လီနှင့် အခြားသူများ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာရသည်။ ယဲ့ဖန်က သူတို့ကို မည်သို့သော ရတနာမျိုး ချီးမြှင့်မလဲဟု အားလုံး တွေးတောနေကြသည်။ ယဲ့ကျန်းချောင်နှင့် အခြားသူများမှာမူ အလွန် မနာလိုဖြစ်ကာ ဆဲရေးတိုင်းထွာချင်နေ၏။
*ဒါက ရှားပါးရတနာလေ*
*သူက အဲ့ဒါကို လမ်းဘေးမှာ အမှိုက်ပစ်သလို အလွယ်တကူ ပေးပစ်နေတယ်၊ ပိုက်ဆံ ဖြုန်းနေတာပဲ*
သူတို့ အလွန် နောင်တရကာ စိတ်မကောင်း ဖြစ်နေကြသည်။ သူတို့၏ အရှင်သခင်က ယဲ့ကျန်းချောင် မဟုတ်ဘဲ ယဲ့ဖန်သာ ဖြစ်ခဲ့ပါက ထိုရှားပါးရတနာများက သူတို့အပိုင် ဖြစ်လာပေလိမ့်မည်။
ဤရတနာများ၏ ဆွဲဆောင်မှုက မည်သည့်မိသားစုကိုမဆို ယဲ့မိသားစုနှင့် ရန်ဘက်ဖြစ်ရဲသည့်စိတ်မျိုး ဝင်လာအောင် လုပ်ဆောင်နိုင်သည်။ ယဲ့ကျန်းချောင်သည် ထိတ်လန့်နေသော မျက်နှာဖြင့် အုတ်အော်သောင်းတင်း ဖြစ်နေသည်။
*ဒါတွေက ယဲ့မိသားစုမှာတောင် နည်းနည်းပဲ ရှိတာကို၊ ဘာလို့ ဒီကောင်က လိုလိုလားလားနဲ့ သူများ ပေးပစ် နေတာလဲ*
*ဒါက …*
*ဒီကောင်က လျှို့ဝှက်ဂိုဏ်းတစ်ခုခုရဲ့ ဆက်ခံသူများလား*
“ယန်မိသားစု ရှေ့တက်လာခဲ့”
ယဲ့ဖန်က မိသားစုတစ်ခုကို ခေါ်လိုက်တိုင်း ရှားပါးရတနာတစ်ခု ပေးလေသည်။ ထိုအရာများအားလုံးသည် ဖျင်အန်းမြို့၏ မိသားစုကြီးများမှ ယဲ့ဖန် အဓမ္မယူထားသော ပစ္စည်းများ ဖြစ်သည်။
သို့သော် သူက ထိုရှေးဟောင်း ရတနာများအား ဘုံကိုးပါး ယန်စွမ်းအင်ဖြင့် သန့်စင်လိုက်သဖြင့် ဤရှေးဟောင်း ရတနာများ၏ အရည်အသွေးက လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ယခု သူ၏ အင်အားကြီးနေသော အခြေအနေအရ ဤရှေးဟောင်း ရတနာများ၏ အကူအညီကို သူ မလိုအပ် တော့ချေ။
မိသားစုတိုင်းသည် လက်နက်ဖြစ်စေ၊ ကောင်းကင်ဘုံ စာအုပ်ဖြစ်စေ၊ ရှေးဟောင်း ဝင်္ကပါ အစီအရင်ဖြစ်စေ သူတို့၏ ကိုယ်ပိုင်ဆုလာဘ်များ ရရှိကြလေသည်။
သို့သော် မည်သည့်အရာဖြစ်စေ ဤလောက၏ ရှားပါး အရာများသာ ဖြစ်လေသည်။ ယဲ့ကျန်းချောင်နှင့် အခြားသူများသည် မျက်လုံးများ မီးပွင့်မတတ် ဖြစ်နေပြီး မနာလိုသော စိတ်များဖြင့် ကြည့်နေကြသည်။
“ထန်မိသားစု ရှေ့တက်ခဲ့”
ယဲ့ဖန် အော်ခေါ်လိုက်ချိန်တွင် ထန်မင်လီ ထိတ်လန့်သွားပြီး ထန်မိသားစုဝင်များကို အလျင်အမြန်ခေါ်၍ ယဲ့ဖန်ရှေ့၌ ဒူးထောက်လေသည်။
ဖိနှိပ်နိုင်သော အငွေ့အသက်တစ်ခုက လူတိုင်းထံ ရုတ်တရက် ပျံ့နှံ့လာပြီး ကောင်းကင်တာအို၏ ဖိနှိပ်ခြင်း ခံရသည်ကို အားလုံး ခံစားမိလာကြသဖြင့် ထိတ်လန့်လာကြသည်။
လူတိုင်း ချောက်ချားလာကြသည်။ ကြောက်လန့်နေသော ခံစားချက်ကြောင့် သူတို့အားလုံး ဒူးထောက်၍ အရိုအသေ ပေးချင်စိတ် ပေါက်လာရသည်။
ကောင်းကင်ထက်မှ နတ်ဓားတစ်လက် ထွက်ပေါ်လာသည်။ ဓားကိုယ်ထည်တစ်ခုလုံးမှ ရွှေရောင် အလင်းများက နေရောင်ခြည်သဖွယ် ဖြာကျနေ၏။
“ကောင်းကင် … ကောင်းကင်အဆင့် လက်နက်လား”
ဤနေရာ၌ ရှိနေသည့်လူတိုင်း ငိုချင်စိတ် ပေါက်လာကြသည်။
*ဘယ်လောက်တောင် အဖိုးတန်လိုက်တဲ့ အရာလဲ*
*ထုတ်လိုက်တဲ့ ရတနာတွေ မပြီးနိုင်မစီးနိုင်နဲ့၊ အမျိုးအစားကလည်း စုံသေး၊ ဒီကောင်က ရတနာအိတ် ကြီးများလား*
*သန့်စင်တဲ့ ယန်လက်နက်ထက် ပိုအဆင့်မြင့်တဲ့ ကောင်းကင်အဆင့် လက်နက်ကိုပါ လက်ဆောင်အဖြစ် ပေးနေတာလား*
ကောင်းကင်အဆင့် လက်နက်သည် မည်သည့်နိုင်ငံ၌မဆို နိုင်ငံ့ရတနာအဖြစ် သတ်မှတ်ထားသော လက်နက်များ ဖြစ်သည်။ ကျုံးကျိုး အင်ပါယာ၏ ဘဏ္ဍာတိုက်ထဲမှာတောင်မှ ကောင်းကင်အဆင့် လက်နက်က ဆယ်ခုထက် မကျော်ပေ။
“ငါ့ဘဝမှာ ကောင်းကင်အဆင့် လက်နက်ကို မြင်တွေ့ခွင့်ရတဲ့အထိ ကံကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး”
“ဧကရာဇ်ပစ္စည်း ထွက်ပေါ်လာတာနဲ့ အားလုံး ပိပြားသွားရမယ်၊ တောင်တန်းတွေနဲ့ ကြယ်လတွေ အားလုံး ပျက်သုဉ်းသွားလိမ့်မယ်”
ယဲ့ဖန်၏ မျက်လုံးများ ဝင်းလက်နေသည်။
“ထန်မိသားစု ဒီလက်နက်ကို ယူလိုက်”
ယဲ့ဖန်က ကောင်းကင်ဓားအား လိုလိုလားလားဖြင့် ပစ်ပေးလိုက်သည်။ ထန်မင်လီက ကောင်းကင်ဓားအား တရိုတသေ လှမ်းယူ၍ မျက်ရည်များဖြင့် ကျေးဇူးတင်စကား ပြောလေသည်။
“ကျွန်တော်တို့ ထန်မိသားစု … ကျွန်တော်တို့ ထန်မိသားစု”
သူ ပြောချင်သော စကားမှာ “ကျွန်တော်တို့ ထန်မိသားစုက ဒီလို ရတနာမျိုးကို လက်ခံနိုင်တဲ့ အရည်အချင်းမျိုး ဘယ်လိုလုပ် ရှိပါ့မလဲ” ဟု ဖြစ်သည်။ သို့သော် သူ ငိုနေမိသောကြောင့် တစ်ခွန်းမှ ဆက်မပြောနိုင်ချေ။
ထန်မင်လီသည် လေးနက်သော အမူအရာဖြင့် ယဲ့ဖန်ရှေ့၌ ဒူးထောက်နေ၏။ ဖျင်အန်းတစ်မြို့လုံး ယဲ့ဖန်အတွက် သေပေးလိုစိတ် ရှိကြလေသည်။ ယခုအခါ၌ သူတို့ ယဲ့ဖန်အတွက် အခါတစ်သောင်းမက ပို၍ အသက်ပေးချင်စိတ် ဝင်နေ၏။
ကျုံးဝမ်သည်လည်း ယဲ့ဖန်ကို လေးနက်စွာ ကြည့်နေမိသည်။
*တကယ့် ဘုရင်တစ်ပါးလိုပဲ*
အသက်နှစ်ဆယ်စွန်းစွန်းသာ ရှိသေးသော ယဲ့ဖန်၌ ဤသို့သော ရဲစွမ်းသတ္တိနှင့် စိတ်နေစိတ်ထား ရှိနေသည်က ယုံရခက်လှသည်။ သူ့ပုံစံက နှစ်ပေါင်းထောင်ချီ၍ အသက်ရှင်နေသော မကောင်းဆိုးဝါးအိုကြီးလိုပင်။
“ပြီးတော့ အခု ...”
ယဲ့ဖန်က ယဲ့ကျန်းချောင်နှင့် အခြားသူများကို လှမ်းကြည့်၍ ထီမထင်ဟန် ပြုံးလိုက်သည်။
“မင်းတို့‌ သေလို့ရပြီ”
ရုတ်ချည်းဆိုသလိုပင် လေထုအခြေအနေ ပြောင်းလဲသွားပြီး အပူချိန်က သုညမှတ်သို့ ထိုးကျသွားသည်။ ဓားထုတ်သံများ ဆူညံလာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များက ယဲ့ကျန်းချောင်နှင့် အခြားသူများကို ဖုံးလွှမ်းလာ၏။
“ကျွန်တော်တို့ အညံ့ခံချင်ပါတယ်၊ ဟွိုင်အန်းမြို့က လူကြီမင်းယဲ့ကို မဟုတ်ဘူး ယဲ့ဘုရင်ကို လေးစား ကြည်ညိုပါ့မယ်၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို မသတ်ပါနဲ့”
ဟွိုင်အန်းမြို့မှ ပုဂ္ဂိုလ်ကြီးတစ်ယောက်က ချက်ချင်း ယဲ့ဖန်အနားသို့ တိုးသွားပြီး ဒူးထောက်၍ တုန်ယင်စွာ တောင်းပန်လေသည်။ ယဲ့ကျန်းချောင်သည် အလွန်အမင်း နာကြည်းနေသော်လည်း ဘာမှမပြောချေ။ အဘယ်ကြောင့်ဆိုသော် အခြေအနေက သူ ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသည်ကို သိနေသောကြောင့်ပင်။
“အညံ့ခံမယ် ဟုတ်လား”
ယဲ့ဖန်က ပျက်ရယ်ပြု၍ လက်ညှိုးထိုးလိုက်သည်။
“ဖောက်”
ထိုပုဂ္ဂိုလ်သည် နေရာတင် ပေါက်ကွဲကာ သေဆုံးသွားလေသည်။
“ငါ မင်း အညံ့ခံတာကို မလိုဘူး၊ ငါ လိုချင်တာက ... မင်းတို့ မျှော်လင့်ချက်မဲ့သွားတာကိုပဲ”
အေးစက်၍ ရက်စက်လွန်းသည်။ သူ့စကားကြောင့် ဟွိုင်အန်းမြို့မှ ပုဂ္ဂိုလ်ကြီးများအားလုံး ရှက်ရွံ့သွားကြသည်။ ဤနတ်ဆိုးက သူတို့ကို အလွတ်ပေးမည် မဟုတ်ပါ။
“ဟားဟားဟား ... အရူးတွေ၊ ပြောစမ်းပါဦး ... အခု ဘယ်သူက ဘက်ရွေးမှားတာလဲ”
“ငါ့ဘုရင်နဲ့ ရန်သူဖြစ်ချင်မှတော့ မင်းတို့ရဲ့ အဆုံးသတ်က အလောင်းတောင် မစုံဘဲ သေရတော့မှာ”
“နတ်ဆိုးဘုရင် ဒေါသထွက်လာရင် အလောင်းတွေ တောင်လိုပုံပြီး သွေးချောင်းစီးတော့မှာ၊ ဒီည ဟွိုင်အန်းမြို့ သွေးချောင်းစီးတော့မှာကွ”
ယဲ့ဖန်၏ မျက်လုံးများက နဂါးတစ်ကောင်၏ မျက်လုံးကဲ့သို့ နီရဲနေပြီး ဆက်တိုက် လက်ညှိုးထိုးလေသည်။
“ဖောက် ဖောက် ဖောက်”
ဟွိုင်အန်းမြို့မှ ပုဂ္ဂိုလ်ကြီးများ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပင် ပေါက်ကွဲ၍ သေဆုံးသွားကြသည်။
“ယဲ့လုံအန် အယုတ်တမာကောင်၊ မင်း လူကြီးမင်းယဲ့ကို ရန်စရဲတယ်၊ မင်း သေသင့်တယ်ကွ၊ ငါ့ယဲ့မိသားစုက မင်းကို အဲ့လိုလုပ်ခွင့် မပေးထားဘူးကွ”
ရုတ်တရက် ယဲ့ဟုန်ကွမ်းက ပေါက်ကွဲကာ အစောင့်ထံမှ ဓားဆွဲယူ၍ ယဲ့လုံအန်ကို ချက်ချင်း ခေါင်းဖြတ်လိုက်သည်။ အစမှ အဆုံးသည့်တိုင် အလွန် ရက်စက်၍ ပြတ်သားလှသည်။
ယဲ့လုံအန်၏ မျက်နှာတွင် ထိတ်လန့်မှုများနှင့် ပြည့်နှက်နေ၏။ သူ့အဖိုးဖြစ်သူက သူ့ကို ပြန်သတ်လိမ့်မည်ဟု သူ တစ်ခါမှ ထင်မထားမိသည့်ပုံပင်။
“လူကြီးမင်းယဲ့၊ ကျွန်တော် ဒီအယုတ်တမာကောင်ကို သတ်ပြီးပါပြီ၊ အရင်က သူ့ကြောင့် ကျွန်တော် အမြင်မှား ခဲ့ပါတယ်၊ လူကြီးမင်းယဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့‌ တောင်းဆိုပါရစေ”
အသက်ရှင်ရန်အတွက် မြေးဖြစ်သူကိုပင် စတေးရဲသည်။ သူသည် အလွန် ကျိုးနွံနေပြီး ယခင်က မောက်မာခဲ့ သောလူက သူ မဟုတ်ဘဲ အခြားတစ်ယောက် ဖြစ်ခဲ့သလိုပင်။
ဤသည်ကိုကြည့်ပြီး ထန်မင်လီနှင့် အခြားသူများ လှောင်မရယ်ဘဲ မနေနိုင်ချေ။ ယဲ့ဟုန်ကွမ်း၏ အရှက်မဲ့မှုက အလွန် အံ့ဩစရာကောင်းလှသည်။ ထိုစဉ် ယဲ့ဖန်က ခံစားချက်မဲ့စွာဖြင့် သူ့အား လက်ညှိုးထိုးလာ၏။
“လူကြီးမင်းယဲ့၊ လူကြီးမင်းယဲ့”
ယဲ့ဟုန်ကွမ်း ကျယ်လောင်စွာ အော်ပြောလိုက်သည်။ စိုးရိမ်လွန်းနေသဖြင့် သူ့အသံပင် ပြောင်းလာရသည်။
“ဖောက်”
သူ၏ ခန္ဓာကိုယ် ချက်ချင်း ပေါက်ကွဲသွားသည်။ ဟွိုင်အန်းမြို့မှ ပုဂ္ဂိုလ်ကြီးများအားလုံး သူတို့၏ အဆုံးသတ်ကို မြင်တွေ့လိုက်ရသကဲ့သို့ မျက်နျာ ဖြူရော်ကာ မြေကြီးပေါ် ပစ်လဲကျသွားလေသည်။
ဘက်ရွေးမှားခြင်းက သေခြင်းတရားထံသို့သာ အဆုံးသတ်သွားမည်ဟု သူတို့ ပြောခဲ့သည်။ စိတ်မကောင်းစွာပင် သူတို့သည် နတ်ဆိုးဘုရင်ကိုမှ သွားဆန့်ကျင်ခဲ့မိ၏။
“အစ်ကိုထန် ကျုပ် ခင်ဗျားလောက် အမြင်မကောင်းခဲ့ဘူး”
ကျန်းဟောင်ရန်က ပြုံးကာ သက်ပြင်းချလိုက်သည်။ သူ့မျက်နှာက ဆယ်နှစ်လောက် ပိုအိုစာသွားသလိုပင်။ ယခင်က သူသည် ထန်မင်လီအား ဉာဏ်ကောင်းသော်လည်း ရူးမိုက်သည်ဟု နောက်ပြောင်ခဲ့သည်။ ထိုစကားက သူ့ကိုယ်သူ ပြန်ပြောရမည့် စကား ဖြစ်လာ၏။
“ဖောက်”
ကျန်းဟောင်ရန် ထိုသို့ပြောလိုက်မိသည်နှင့် ယဲ့ဖန်၏ လက်ညှိုးက သူ့လက်ရောက်လာပြီး ချက်ချင်း အသတ်ခံ လိုက်ရသည်။
အော်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်ကာ မြေကမ္ဘာပေါ်မှ ငရဲခန်းလေအလား ထင်မှတ်မှားရသည်။ ယဲ့ဖန်က ရက်စက်စွာ ပြုံး၍ လက်ညှိုးထိုးကာ အမိန့်ပေးလိုက်သည်။
“အားလုံးကို သုတ်သင်မယ်၊ တစ်ယောက်မှ အရှင်မထားနဲ့”
ထန်မင်လီနှင့် အခြားသူများက မချိုမချဉ်ပြုံးကာ ဓားများကိုင်ဆွဲ၍ ရှေ့တက်သွားကြသည်။ ယနေ့ည သွေးချောင်းစီး ပေတော့မည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now