စာစဉ် 80 Chapter 1192 ငါတို့က ဘယ်တော့မှ မသေဘူး
"လှောင်ပြောင်ခွင့် မပေးနိုင်ဘူးတဲ့လား၊ ဒါကိုမှ ငါက လှောင်ပြောင်ချင်တယ်ဆိုရင်ရော"
အဘိုးအိုတစ်ယောက်က အနက်ရောင် ရတနာ တံဆိပ်တုံးကို ကိုင်ဆောင်၍ လျှောက်လာသည်။ ထိုအရာကို မြင်သည်နှင့် လုံရှာ ချက်ချင်း မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်သည်။
"ထွက်ပြေးတော့"
သို့သော် အရာအားလုံး နောက်ကျသွားလေပြီ။ ထိုအနက်ရောင် ရတနာ တံဆိပ်တုံးထံမှ ဝီခနဲ အသံ ထွက်လာပြီး လေဟာနယ်က ရုတ်တရက် မူမမှန်စွာ လှုပ်ခါလာ၏။
"ထန်မိသားစု မင်းတို့ သေလို့ရပြီ"
အဘိုးအို၏ မျက်လုံးများက မကျေနပ်စိတ်နှင့် ကြမ်းကြုတ်စိတ်တို့ကြောင့် အရောင်တောက်နေပြီး လက်ထဲမှ အနက်ရောင် ရတနာ တံဆိပ်တုံးကို လေထဲသို့ ပစ်တင်လိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ထောင်ချီသော အနက်ရောင် အလင်းတန်းများက အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွားသည်။ ရှေးခေတ် နတ်ဆိုးဝိညာဉ် အသက်ပြန်ဝင်လာသကဲ့သို့ အေးစက်၍ ကြက်သီးထဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး ကြောက်လန့်ဖွယ် ကောင်းလှသည်။
ဤရတနာ တံဆိပ်တုံးအား သေမင်းတံဆိပ်တုံးဟု ခေါ်ဆိုပြီး အသက်နုတ်ယူနိုင်သည့် မိစ္ဆာလက်နက် ဖြစ်သည်။ သေမင်း တံဆိပ်တုံးအား အသက်သွင်းလိုက်သည်နှင့် နတ်ဆိုး အငွေ့အသက်များ ပျံ့လွင့်လာပြီး ဘေးပတ် လည်အား အကာအရံဖြင့် ပိတ်ဆို့ကာ အတွင်း၌ ငရဲကျသကဲ့သို့ ဖြစ်လာပေလိမ့်မည်။
ဤတံဆိပ်တုံးကို လုံရှာ သိသည်။ ဤသေမင်းတံဆိပ်တုံးသည် လုံမိသားစု၏ အားအကောင်းဆုံးသော ရတနာများထဲမှ တစ်ခု ဖြစ်လေသည်။ ယခုအချိန်အထိ သေမင်း တံဆိပ်တုံးအောက်၌ အသက်ရှင်သူဟူ၍ မရှိပေ။
ထို့ကြောင့် သူ ကျယ်လောင်စွာ အော်ဟစ် သတိပေးလိုက်ရခြင်း ဖြစ်သည်။ သေမင်းတံဆိပ်တုံးကို အသုံးပြုသည်နှင့် ထန်မိသားစုဝင်များ မည်မျှ ရဲရင့်နေပါစေ၊ သူတို့ သေဆုံးရပေလိမ့်မည်။