Chapter 1038

417 45 2
                                    

စာစဉ် 70 Chapter 1038 သူက … တပေါ်အရှင်သခင်ပဲ

“ဘိုးဘေးကို ကျွန်တော်တို့ ဂါဝရပြုပါတယ်”
“သခင်ကြီးကို ကျွန်တော်တို့ ဂါဝရပြုပါတယ်”
မဟာနတ္ထိ ရှေးဧကရာဇ်၊ ရှေးဟောင်း နတ်မင်းသုံးပါး၊ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါး၊ တစ်သောင်း နီးပါးသော အရိုးဖြူ စစ်သူကြီးများနှင့် ကောင်းကင်စစ်သည်တော်များ၏ နှုတ်ဆက်သံ ပဲ့တင်ထပ်သွားပြီးနောက် မြေကွက်လပ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
အားလုံး နားဝေတိမ်တောင် ဖြစ်ကာ မှင်တက်မိနေ၏။
ဂလု!
လေနတ်ဘုရား တံတွေးကို မနည်းမျိုချမိလိုက်သလို မျက်လုံးများ ကျွတ်ကျလုမတတ် ဖြစ်လာသည်။ သူ၏ နဖူး၌လည်း ချွေးစေးများလည်း စီးကျနေသည်။
“သခင်ကြီးတဲ့လား၊ ဘယ်လိုလုပ် မဟာနတ္ထိ ရှေးဧကရာဇ်က သူ့ကို သခင်ကြီးလို့ ခေါ်ရတာလဲ၊ အဲ့ကောင်က ငရဲဘုံက ပုရွက်ဆိတ်ကောင်မှန်း သိသာနေတာကြီးကို”
လေနတ်ဘုရား ဘေးနားမှ ရေနတ်ဘုရားသည်လည်း ကြောက်လန့်လွန်း၍ ကျင်ငယ်ရည် ထွက်ကျမတတ် ဖြစ်နေ၏။ သူသည် မြေကြီးပေါ် ဖင်ထိုင်လျက် လဲကျသွားပြီး မျက်နှာ ပြာနှမ်းလာလေသည်။
“ရှေးဟောင်း နတ်ဘုရားတွေက သူ့ကို ဘိုးဘေးလို့ ခေါ်လိုက်တယ်လား၊ သူက ဘယ်သူလဲ၊ သူက … သောက်ကျိုးနည်း ဘယ်လိုလူလဲကွာ”
ရွှေရောင် သတ္တဝါ၊ လူသား အရှင်သခင်၊ ထျန်းချန်ဇီ၊ ဘုရင်မခွေရှယ်နှင့် ဗောဓိဘိုးဘေး နတ်ဘုရားတို့ ငါးယောက်တောင်မှ ကြက်သီးထသလို ခံစားလာရသည်။
“အဲ့ဒီပုဂ္ဂိုလ်လား”
“ဒီငရဲဘုံက တွားသွားကောင်က လတ်စသက်တော့ အဲ့ဒီပုဂ္ဂိုလ် ဖြစ်နေတာကိုး”
ရွှေရောင်သတ္တဝါ၏ မျက်နှာထားသည် သရဲသဘက်နှင့် တွေ့လိုက်ရသော မျက်နှာထားမျိုး ဖြစ်နေ၏။ ယခုအခါတွင်မှ သူ ယဲ့ဖန်ကို သေချာကြည့်လိုက်မိသည်။ ထိုအခါ ယဲ့ဖန်၏ပုံစံက လွန်ခဲ့သော နှစ်ပေါင်းများစွာ ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်း စစ်ပွဲမှ ထိုပုဂ္ဂိုလ်နှင့် အလွန် တူနေသည်ကို သတိပြုမိသွားသည်။
ဆင်တူရုံတူနေခြင်း မဟုတ်ဘဲ တစ်ထပ်တည်း ချွတ်စွပ်တူနေခြင်း ဖြစ်သည်။ ဤသည်ကို စဉ်းစားမိပြီးနောက် ရွှေရောင် သတ္တဝါသည် ထိုစစ်ပွဲသို့ ပြန်ရောက်သွားသည်ဟု ထင်မှတ်မှားကာ ခြောက်ခြားလာလေတော့သည်။
ထိုပုဂ္ဂိုလ်က လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ဘုံ ယန်နယ်မြေအား ဖျက်ဆီးခဲ့သည်ကို သူ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
ထိုပုဂ္ဂိုလ်သည် နှစ်ပေါင်းများစွာ ယန်နယ်မြေအား ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ နောက်ဆုံး၌ မဟာနတ္ထိ ရှေးဧကရာဇ် အပြင်းအထန် ဒဏ်ရာမရခဲ့ပါက၊ ရှေးဟောင်း နတ်မင်းများ မရှုံးနိမ့်သွားခဲ့ပါက ထိုပုဂ္ဂိုလ် ကောင်းကင်တာအိုကို သတ်ပစ်ခဲ့နိုင်လောက်သည်။
“အရှင်က သူ့ကို ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားမှာ သေစေချင်ခဲ့တာက အံ့ဩစရာ မရှိတော့ဘူးပဲ၊လတ်စသက်တော့ … ဒီလိုဖြစ်နေတာကိုး”
ရွှေရောင်သတ္တဝါ မျက်ခုံးလှုပ်နေ၏။ သို့ရာတွင် လူသား အရှင်သခင်နှင့် အခြားသူများက သည်းခြေပျက်မတတ် ကြောက်ရွံ့နေကြသည်။
“တပေါ် အရှင်သခင်၊ ဒါကြောင့် သူ့မျာ ကောင်းကင်ခွင်း ခေါင်းလောင်း ရှိနေတာကိုး၊ သူ … သူက တပေါ်အရှင်သခင် ဖြစ်နေတာကိုး”
ယခင်က ယဲ့ဖန် ကောင်းကင်ခွင်း ခေါင်းလောင်းကို သုံးခဲ့သဖြင့် ယဲ့ဖန်၏ နောက်ကြောင်းကို လူသား အရှင်သခင် သံသယ ဝင်ခဲ့မိသည်။ သို့သော် ရှေးခေတ်တစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သော တပေါ် အရှင်သခင်က ငရဲဘုံက လူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ မယုံနိုင်ပေ။
တပေါ်အရှင်သခင်၏ ဂုဏ်သတင်းကို တွေးမိပြီးနောက် လူသားအရှင်သခင် မျက်နှာ မည်းမှောင်လာပြီး စိတ်ထဲ၌ မကောင်းသော ခံစားချက်တစ်ခု ဝင်ရောက်လာ၏။
“မဟုတ်ဘူး … မဖြစ်နိုင်တာ”
တစ်ဖက်မှ ဘုရင်မခွေရှယ်နှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဘိုးဘေးတို့က အထိတ်လန့်ဆုံးသူများပင်။ ရှေးဟောင်း မျိုးနွယ်ကြီးနှစ်ခု၏ ခေါင်းဆောင်နှစ်ယောက် ဖြစ်သော သူတို့နှစ်ယောက်လုံး သေမတတ် ကြောက်လန့် နေသည်။
“ဘယ်လိုလုပ် နတ်ဆိုးနဂါး ဖုရှန်က တပေါ်အရှင်သခင်နောက် လိုက်ရတာလဲ …”
ဘုရင်ခွေရှယ် တုန်ယင်နေပြီး ကြောက်စိတ်က သူမကို စိုးမိုးနေ၏။ ထျန်းချန်ဇီမှာမူ စိတ်ဝိညာဉ် ဆွဲထုတ်ခံ ထားရသကဲ့သို့ ငြိမ်သက်နေပြီး မျက်နှာ ပြာနှမ်းနေ၏။ ယခင်က ယဲ့ဖန် ပြောခဲ့သော စကားများကို သူ အမှတ်ရလာသည်။
“ခင်ဗျားရဲ့ အကြောင်းအကျိုးကို သေချာ မမေးမြန်းပဲ မဆင်မခြင်လုပ်ခဲ့တာကြောင့် ခင်ဗျားတင် အသတ်ခံရမှာ မဟုတ်ဘူး”
“ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ခုလုံး အသတ်ခံရမှာ”
ထိုစကားကို ပြန်တွေးမိပြီး ထျန်းချန်ဇီ တစ်ကိုယ်လုံး တုန်ယင်သွားပြီး နှစ်ရာချီ၍ အိုမင်းသွားသလို ခံစားလိုက် ရသည်။ ယခင်က ယဲ့ဖန် သေရတော့မည့်အချိန်၌ လေကျယ်နေသော စကားဟု သူ ထင်ခဲ့မိသည်။
ယခုအခါတွင်မှ တစ်ဖက်လူက အစကတည်းက တစ်ကြိမ်မျှ ကြောက်ရွံ့ခြင်း မရှိသည်ကို သူ နားလည် သွားရသည်။ တစ်ဖက်လူ၏ အမြင်တွင် သူနှင့် ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်တစ်ခုလုံးအား သေစာရင်း သွင်းထားပြီးသား ဖြစ်နေသည်။
“ငါ … ငါ တကယ်ပဲ မှားယွင်းတဲ့ တစ်စုံတစ်ာကို လုပ်နေမိတာလား”
ထျန်းချန်ဇီ၏ ပုံစံက အထီးကျန်၍ ဝမ်းနည်းသောလူတစ်ယောက်နှင့် တူလာသည်။
“ဒီနေ့ ကောင်းကင်ဘုံကို အဖော်ပြုပြီး အတူသေလိုက်ကြပေါ့”
ထိုစဉ် ယဲ့ဖန်က လူသားအရှင်သခင်နှင့် အခြားသူများ၏ ကြောက်စိတ်ကို အရေးမစိုက်ဘဲ ပြောလိုက်သည်။ ထိုသို့ပြောပြီးသည်နှင့် လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်လေသည်။
“သတ်”
ထိုစကားက လောင်စာကို မီးညှိပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ယန်ဝမ်ဟင်းလင်းပြင်မှ စစ်သည်တော်များ အားလုံးကို သွေးဆူသွားစေ၏။
မဟာနတ္ထိ ရှေးဧကရာဇ်၊ ရှေးဟောင်း နတ်မင်းသုံးပါး၊ အရိုးဖြူ တမန်တော် ခုနစ်ဆယ့်နှစ်ပါး၊ တစ်သောင်း နီးပါးသော အရိုးဖြူ စစ်သူကြီးများနှင့် ကောင်းကင်စစ်သည်တော်များသည် လူသား အရှင်သခင်နှင့် အခြားသူများထံသို့ ဒီရေလှိုင်းသဖွယ် ပြေးဝင်သွားကြသည်။
ဤအင်အားစုက အလွန် ကြောက်စရာကောင်းသည်ဟု ဆိုရပေမည်။ သူတို့ ဖြတ်သွားသည့် နေရာတိုင်း၌ အသက်ရှင်နေသော ယင်ယန်လောက၏ သိုင်းပညာရှင် တစ်သောင်းကျော်နှင့် ရှေးဟောင်း မျိုးနွယ်ကြီးသုံးခုမှ မျိုးနွယ်ဝင်များ သေကြေထိခိုက်လာရသည်။
နတ်ဘုရားဗိမာန်မှ မျိုးဆက်တစ်ယောက် တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် အရိုးဖြူ တမန်တော်တစ်ပါးက သူ၏ ဦးခေါင်းကို ခုတ်ပိုင်းလိုက်သည်။
ထိုက်ကူနဂါးတစ်ကောင်က ခန္ဓာကိုယ်ကို လူးလွန့်၍ အရိုးဖြူ စစ်သူကြီးတစ်ယောက်ကို ကိုက်ဖြတ်ရန် ချဉ်းကပ်လာ၏။ ထိုအချိန်တွင် အရိုးဖြူ စစ်သူကြီးက ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ခါ၍ ဧရာမ အရိုးဖြူအဖြစ် ပြောင်းလဲလိုက်ပြီး လက်နှစ်ဖက်ဖြင့် ထိုထိုက်ကူနဂါးကို ဖမ်း၍ ဆုတ်ဖြဲလိုက်သည်။
ကြီးမားလာသော ထိုက်ကူနဂါးသည် ဧရာမ အရိုးဖြူ စစ်သူကြီးကြောင့် နှစ်ပိုင်း ပြတ်သွားပြီး ကောင်းကင်ထက်မှ နဂါးသွေးများက မိုးစက်သဖွယ် စီးကျလာ၏။
ထို့နောက် ထိုအရိုးဖြူ စစ်သူကြီးသည် နဂါး၏ ခန္ဓာကိုယ် နှစ်ပိုင်းအား အမှိုက်သဖွယ် ပစ်ချလိုက်ပြီး ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ယောက်အား သူ၏ ဧရာမ လက်တစ်ဖက်ဖြင့် ရိုက်သတ်လိုက်သည်။ ထိုလက်တစ်ဖက်ကြောင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် ပိပြားကာ သေဆုံးသွားလေသည်။
အရိုးဖြူ စစ်သူကြီးတစ်ဦးက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ယောက်အား ဟင်းသီးဟင်းရွက်သဖွယ် သတ်ဖြတ်လိုက်နိုင်သည်ကို တွေ့လိုက်ရသဖြင့် လူတိုင်း မယုံသင်္ကာ ဖြစ်သွားကြသည်။
“အားနည်းတယ်၊ အားနည်းတယ်၊ အားနည်းလွန်းတယ်”
အရိုးဖြူ စစ်သူကြီးက အထင်သေး စက်ဆုပ်ဟန်အပြည့်ဖြင့် ဆက်လက် တိုက်ခိုက်လေသည်။
“ထိုက်ကူနဂါးမျိုးနွယ်နဲ့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရဲ့ မျိုးဆက်တွေက အားနည်းလိုက်တာ”
“ဒီလိုဆိုမှတော့ မျိုးနွယ်တစ်ခုလုံးကို သုတ်သင်နိုင်နေပြီပဲ”
မောက်မာဝင့်ကြွားသော မှတ်ချက်စကားကြောင့် ရှေးဟောင်းမျိုးနွယ်ကြီး သုံးခုလုံးမှ မျိုးဆက်များအားလုံး တုန်လှုပ်သွားကြသည်။
သူတို့သည် ရှေးဟောင်းမျိုးနွယ်များ၏ မျိုးဆက်များ ဖြစ်သော်ငြားလည်း နှစ်ပေါင်းများစွာ မျိုးဆက် ပြန့်ပွားလာပြီးနောက် သူတို့၏ သွေးမျိုးဆက်က တဖြည်းဖြည်း အလွန်နိမ့်ကျ၍ အားနည်းလာသည်။
ဤအရိုးဖြူ စစ်သည်တော်များသည် ရှေးခေတ်အခါမှ ဖြစ်သော်လည်း ၎င်းတို့မျိုးနွယ်များ၏ ဘိုးဘေးများ ဖြစ်ခဲ့ပြီး အလွန် သန်မာသောသူများ ဖြစ်သည်။ ထို့ကြောင့် ယခုမျိုးနွယ်ဝင်များကို အလွယ်တကူ သတ်နိုင်နေ ကြလေသည်။
“မလုပ်နဲ့”
နတ်ဘုရားဗိမာန်မှ မျိုးဆက်တစ်ယောက်သည် သူ၏ဦးခေါင်းအား အရိုးဖြူ ကောင်းကင်စစ်သည်တော် တစ်ယောက်က ဖျစ်ညှစ်လာသဖြင့် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။ သို့သော် သူသည်လည်း ဦးခေါင်း ပေါက်၍ သေဆုံးသွားလေသည်။
လက်ရှိအချိန်၌ မြေကွက်သည် ရှေးဟောင်းမျိုးနွယ်သုံးခု၏ သင်္ချိုင်းမြေ ဖြစ်လုနီးပါး ဖြစ်နေလေ၏။ ထိုက်ကူနဂါးမျိုးနွယ်၊ ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်နှင့် နတ်ဘုရားဗိမာန်မှ မျိုးဆက်များ၏ အလောင်းများက မြေကြီးပေါ်၌ နေရာအနှံ့ ပျံ့ကြဲနေသည်။
လေနတ်ဘုရားနှင့် ရေနတ်ဘုရားမှာမူ အစောကတည်းက မြေကြီးပေါ် လဲကျ၍ ကြက်သေ သေနေကြသည်။ သူတို့နှစ်ယောက်၏ ပေါင်ခြံမှ ကျင်ငယ်ရည်အနံ့များ တထောင်းထောင်း ထနေ၏။ ယခုအချိန်ထိ နှစ်ယောက်လုံး အိပ်မက်မက်နေသည်ဟု ထင်မှတ်နေကြသေးသည်။
ထိုသူများသည် ရှေးဟောင်းမျိုးနွယ်သုံးခုမှ မျိုးဆက်များဖြစ်ပြီး ယင်ယန်လောက၌ သူတို့အား ရန်စဝံ့သူ မရှိပေ။ သို့ရာတွင် ထိုသူများသည် ကြက်ပေါက်စကဲ့သို့ အလွယ်တကူ အသတ်ခံနေရသည်။
ဤသည်က သူတို့၏ အမြင်ကို ကပြောင်းကပြန် ဖြစ်သွားစေသည်။ ကောင်းကင်ဘုရင်အဆင့်များ၏ တိုက်ပွဲကို မြင်လိုက်ရသောအခါ သူတို့ ပို၍ သွေးပျက်သွားကြသည်။
နတ်ဆိုးနဂါး ဖုရှန်က ဘုရင်မခွေရှယ်နှင့် တိုက်ခိုက်နေပြီး ဟောင်ထျန်းနတ်မင်းက ဗောဓိဘိုးဘေး နတ်ဘုရားနှင့် တိုက်ခိုက်နေသည်။ တစ္ဆေနတ်မင်းက ထျန်းချန်ဇီနှင့် တိုက်ခိုက်နေသလို မဟာနတ္ထိ ရှေးဧကရာဇ်က လူသား အရှင်သခင်နှင့် တိုက်ခိုက်နေ၏။
မရဏဝိညာဉ်နတ်မင်း၊ ပိုင်ယီ၊ ထျန်းရှန်းအာနှင့် မသေမျိုးဖီးနစ်ဘုရင်တို့က ရွှေရောင်သတ္တဝါနှင့် တိုက်ခိုက်နေ လေသည်။
နတ်ဆိုးနဂါး ဖုရှန်သည် ဘိုးဘေး၏ အရိုးစုနှင့် ပေါင်းစပ်သွားပြီးသည်က တစ်လမျှသာ ရှိသေးသော်လည်း အလွန် အင်အားကြီးနေပြီး ဘုရင်မခွေရှယ်အား အပြင်းအထန် နောက်ဆုတ်အောင် လုပ်နိုင်နေသည်။
ဝိညာဉ် အပိုင်းအစမှ ခန္ဓာကိုယ် ပြန်ဖွဲ့စည်းပြီးထားသည့် ဗောဓိဘိုးဘေး နတ်ဘုရားမှာမူ ခွန်အားက ယခင်အချိန်၏ ဆယ်ပုံတစ်ပုံမျှပင် မရှိသေးချေ။
ထို့ကြောင့် သူ ဟောင်ထျန်းနတ်မင်းနှင့် တိုက်ခိုက်နေရသော်လည်း ဘယ်လိုလုပ် ဟောင်ထျန်းနတ်မင်း၏ ပြိုင်ဘက် ဖြစ်နိုင်ပါမည်နည်း။ ဟောင်ထျန်းနတ်မင်း၏ တိုက်ကွက်တိုင်းက ဗောဓိ ဘိုးဘေးနတ်ဘုရား၏ ခန္ဓာကိုယ်၌ ဒဏ်ရာများ ထင်ကျန်လာစေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now