Chapter 1094

391 45 3
                                    

စာစဉ် 73 Chapter 1094 ယဲ့ဖန် ပြန်လာပြီ

နောက်တစ်နေ့တွင် ဖျင်အန်းတစ်မြို့လုံး၏ အခြေအနေက ပြင်းသထက် ပြင်းထန်လာသည်။ သာမန် ရုံးဝန်းထမ်းများ၏ စကားစမြည် ပြောရာတွင်ဖြစ်စေ၊ ဖျင်အန်းမြို့၏ ပုံရိပ်ယောင် ကွန်ရက်များနှင့် ဖိုရမ်များတွင် ဖြစ်စေ ယနေ့ နောက်ဆုံးတိုက်ပွဲအကြောင်းကိုသာ ဆွေးနွေး ပြောဆိုနေကြသည်။
“ဘာတွေဖြစ်နေတာလဲ၊ အဲ့အမည်မသိက အခုထိ ပြန်မပြောသေးဘူးလား၊ ကြောက်နေတာလားမသိဘူး”
“ဟားဟားဟား ... ကြောက်နေမှာပေါ့၊ ဒါပေမဲ့ ဒါကလည်း သူက အရှက်မရှိတဲ့ လူယုတ်မာကောင်ဆိုတာကို သက်သေပြ နေတာပဲလေ၊ အခု သူ ထွက်ပြေးသွားလောက်ပြီ”
“ဟုတ်တယ်၊ ထွက်မပြေးဘူးဆိုရင်ကွာ ဖျင်အန်းမြို့မှာ သတင်းက ဒီလောက် ရေပန်းစားနေတာ သူ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး”
“...”
ဖျင်အန်း မြို့သူမြို့သားများ ဆက်တိုက် ပြောဆိုနေကြသည်။ သူတို့၏ တစ်ခုတည်းသော ကောက်ချက်ချမှုမှာ အမည်မသိက မယှဉ်နိုင်မှန်း သိသဖြင့် သေရမည်ကို စိုးကာ ထွက်ပြေးသွားလေပြီဟု ထင်နေကြသည်။
ထိုကောက်ချက်ချမှု ထွက်ပေါ်လာသောအခါ ဖျင်အန်းတစ်မြို့လုံး တစ်ဖန်ပြန်၍ ဆူညံလာပြန်သည်။ မတိုက်ခိုက်ဘဲ ထွက်ပြေးသွားသည်။ ဤသည်မှာ အကြီးမားဆုံးသော အရှက်ခွဲမှုပင်။ အင်တာနက်ပေါ်တွင် သာမက အပြင်၌တွင်ပါ လူတိုင်းက ယဲ့ဖန်ကို ကြိမ်းမောင်းဆဲဆိုနေကြသည်။
အဆုံးအဖြတ်တိုက်ပွဲ စတင်မည့်အချိန်က နီးသထက် နီးလာ၏။ လင်းမိသားနှင့် အခြားမိသားစုကြီးများသည် အဆုံးအဖြတ် တိုက်ပွဲအား ဖျင်အန်း အားကစားကွင်း၌ နေ့လယ် ဆယ့်နှစ်နာရီတွင် ကျင်းပမည်ဟု ထုတ်ပြန် ထားသည်။
ထိုအချိန်ရောက်သည်အထိ အမည်မသိ ပေါ်မလာလျင် သူ၏ လက်အောက်ငယ်သား ကင်းမြီးကောက် လူသတ်သမားကို သတ်ပစ်မည်ဟု ဆို၏။ ထို့နောက် ဟွိုင်အန်း နယ်မြေမှ အင်အားကြီးများကို ဆက်သွယ်၍ သူတို့နှင့် ပူးပေါင်းကာ အပြစ်ပေးမည်။
ထိုစကား ထွက်လာချိန်တွင် ဖျင်အန်းတစ်မြို့လုံး ပိုပို၍ ဆူညံပွက်လောရိုက်လာ၏။ ဖျင်အန်းမြို့၏ ဩဇာကြီးသော လူများ တစ်ယောက်ပြီး တစ်ယောက် ဖျင်အန်း အားကစားကွင်းသို့ သွားနေကြသည်။
ဖျင်အန်း မြို့တော်အားကစားကွင်း၊ မနက်လင်းကတည်းက ထိုနေရာ၌ လူတော်တော်များများ ရောက်နေပြီ ဖြစ်သည်။ ယနေ့ လက်မှတ် အစောင်ရေ တစ်သောင်းတိတိ ရောင်းချရသဖြင့် လူများသည်ဆိုသော်လည်း ဝယ်လိုအားက ပိုများနေသဖြင့် ရောင်းလိုအားက ကျပ်တည်းနေ၏။
ဆယ်နာရီ ထိုးခါနီးသောအခါ ကိုယ်ပိုင် အာကာသယာဉ်တစ်စီးက အားကစားကွင်း အပြင်ဘက်သို့ ဆင်းသက် လာသည်။ ယာဉ်တံခါး ပွင့်လာပြီးနောက် လူတစ်စု ဆင်းလာသည်။ ထိုသူများအား အဘိုးအိုတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်က ဦးဆောင်လာခြင်း ဖြစ်သည်။
ထိုလူများကိုမြင်သည်နှင့် ဘေးပတ်လည်မှ လူများအားလုံး တစ်ယောက်ပြီး တစ်ယောက် ရှောင်တိမ်း၍ လက်ညှိုးထိုးကာ ပြောဆိုကြသည်။
“ကြည့်ဦး၊ အဘိုးထန်နဲ့ ထန်ယွင်အာပဲကွ၊ သူတို့ လာရဲလိမ့်မယ်လို့ ထင်မထားမိဘူး”
“ဟုတ်ပါ့ကွာ၊ ဒီနေ့က ထန်မိသားစု ပျက်သုဉ်းရမယ့်နေ့ဆိုတာ သူတို့ မသိကြဘူးလား”
“...”
အတိတ်တုန်းကဆိုလျင် ဘေးပတ်လည်မှ ဖျင်အန်းမြို့၏ လူချမ်းသာများသည် ထန်မိသားစုထံ အပြေးလာ၍ ရင်းနှီးအောင် လုပ်ကြမည် ဖြစ်သည်။ သို့သော် ယခုအခါ၌ မည်သူမှ သူတို့ကို အဖက်မလုပ်ကြချေ။ ရုတ်ချည်း ဆိုသလိုပင် ထန်ယွင်အာနှင့် အခြားသူများ၏ မျက်နှာထားက ဒေါသထွက်ဟန် ပိုပေါက်လာသည်။
“ဘိုးဘိုး ...”
ထန်ယွင်အာ နှုတ်ခမ်းကိုက်လိုက်မိပြီး ဖြူရော်နေသည့် ထန်မင်လီကို လှည့်ကြည့်မိသည်။ ထန်မင်လီက ခေါင်းခါ၍ မချိပြုံး ပြုံးလိုက်သည်။
“ဒါ တကယ့် လူ့လောကကြီးပဲ၊ ကိုယ်က အင်အားကြီးနေရင် ဘယ်သူမဆို ကိုယ့်ကို အောက်ကျို့ပြီး မျက်နှာလုပ်ကြလိမ့်မယ်”
“ဒါပေမဲ့ ကိုယ်က အားနည်းသွားရင် ခွေးတောင် ကိုယ့်ကို အဖက်လုပ်တော့မှာ မဟုတ်ဘူး”
ထန်မင်လီသည် လောကဓံ အနိမ့်အမြင့် အတက်အကျကို ကြုံ့တွေ့ခဲ့ဖူးသော်လည်း စိတ်မသက်မသာ မဖြစ်ဘဲ မနေနိုင်ချေ။ ထိုသို့ပြောပြီး သူက ထန်ယွင်အာကို လှည့်ကြည့်လိုက်သည်။
“ယွင်အာ မင်း လူကြီးမင်းယဲ့နဲ့ ဆက်သွယ်လို့ရလား”
“ဟင့်အင်း”
ထန်ယွင်အာ ခေါင်းခါလိုက်ပြီး မျက်မှောင်ကြုတ်သွားသည်။
“ဖျင်ယန်တောင်ကို လွှတ်လိုက်တဲ့လူတွေ ဒီနေ့ ပြန်လာတယ်၊ သူတို့စကားအရဆို အိမ်ရာထဲမှာ ဘာမှမရှိဘူးတဲ့”
“လူကြီးမင်းယဲ့ အဲ့မှာ မရှိဘူး”
ဘေးနားမှ ထန်မိသားစုဝင်များအားလုံး အနည်းငယ် အံ့ဩသွားပြီး မျက်နှာ အမူအရာက ချက်ချင်း ခန့်မှန်းမရနိုင် ဖြစ်သွားသည်။ တစ်ယောက်ပြီး တစ်ယောက်က သွေးပျက်စွာ ပြောလာ၏။
“လူကြီးမင်းယဲ့က လူအိုကြီး ကျန်းမိန်ကို ရင်ဆိုင်ရမှာကြောက်လို့ ထွက်ပြေးသွားတာများလား”
ထိုစကားကြောင့် ထန်မိသားစုများအားလုံး ပို၍ မျက်နှာပျက်သွားကြသည်။
“မဖြစ်နိုင်ဘူး”
ထန်ယွင်အာ၏ မျက်နှာလေးက လေးနက် တည်ကြည်နေ၏။ သူမ ယဲ့ဖန်ကို အကြွင်းမဲ့ ယုံကြည်သည့်ပုံပင်။
“လူကြီးမင်းယဲ့က ကတိတည်တဲ့ ယောက်ျားတစ်ယောက်လို့ ကျွန်မ ယုံကြည်တယ်၊ ဖျင်အန်းမြို့က အခြေအနေကို သူ မသိသေးတဲ့ပုံပဲ၊ အဲ့ဒါကြောင့် သူ နောက်ကျနေတာပဲ ဖြစ်မယ်”
*နောက်ကျတယ်*
ထန်မိသားစု၏ အကြီးအကဲများက ပြန်မငြင်းသော်လည်း သူတို့ သူမ စကားကို မယုံကြည်ဘဲ ယဲ့ဖန် ထွက်ပြေး သွားလိမ့်မည်ဟု ယုံကြည်နေကြသည်။ ဤသည်ကြောင့် သူတို့ ပို၍ ကြံရာမရ ဖြစ်နေ၏။
“ဟ ... ဒါ အဘိုးကြီးထန် မဟုတ်လား”
“ခင်ဗျားကြီး ပေါ်လာရဲလိမ့်မယ်လို့ ထင်မထားမိဘူး”
ထူးဆန်းသော လေသံကြောင့် ထန်မိသားစုမှ လူတိုင်း အသံလာရာသို့ လှမ်းကြည့်လိုက်သည်။ ထိုအခါ ယဲ့မိသားစု ခေါင်းဆောင် ယဲ့ကျန့်ရှုံးက ယဲ့မိသားစု အကြီးအကဲတစ်စုနှင့် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးက ထီမထင်ဟန် ပြုံးနေသည်။
အတိတ်တုန်းကဆိုလျင် ယဲ့မိသားစုသည် ပထမတန်းအဆင့် မိသားစု ခုနစ်ခုထဲမှ တစ်ခု ဖြစ်သဖြင့် ထိပ်တန်း မိသားစုတစ်ခုဖြစ်သော ထန်မိသားစုအား မရိုင်းပျရဲပေ။ သို့သော် ယခု ယဲ့မိသားစုတိုင်း၏ အမြင်တွင် ထန်မင်လီအား သေလူတစ်ယောက်ဟု သဘောထားနေကြသဖြင့် ဂရုမစိုက်ကြချေ။
ယဲ့မိသားစုဝင်များ ချဉ်းကပ်လာသည်ကိုမြင်ပြီး ထန်မင်လီနှင့် ထန်ယွင်အာတို့ ချက်ချင်း မျက်နှာ မည်းမှောင် သွားကြသည်။
“ဟေ့ အဘိုးကြီးထန်၊ ကျုပ် ခင်ဗျားကို လိုက်ရှာနေတာ”
ယဲ့ကျန့်ရှုံးက ရှေ့တည့်တည့်၌ရပ်၍ လေသံမာမာဖြင့် မေးလိုက်သည်။
“အရင်တုန်းက ယဲ့မျိုးရိုးနဲ့ကောင်က ကျုံးမိသားစု စားသောက်ဆိုင်မှာ နေနေတာ၊ ကျုံးလင်မယားနဲ့ ကျုံးလီအာကို ဖမ်းဖို့ ကျုပ်တို့ယဲ့မိသားစုက လူလွှတ်လိုက်ပြီးပြီ”
“ခင်ဗျားတို့ ထန်မိသားစုက ဘာကိစ္စ ပိတ်ဆို့ရဲတာလဲ’
ယဲ့မိသားစုဝင်များ ဒေါသထွက်နေကြသည်။ ယဲ့ဖန်ကို ကျုံးမိသားစုက အိမ်ခေါ်တင်ထားပြီး ကျုံးလီအာနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည်ဟု သူတို့ အစောကတည်းက စုံစမ်းရပြီးသား ဖြစ်သည်။
ထို့ကြောင့် လူသတ်သမား ကင်းမြီးကောက်ကို ဖမ်းပြီးသည်နှင့် ကျုံးမိသားစု စားသောက်ဆိုင်သို့ မြန်မြန်ဆန်ဆန် လူလွှတ်ခဲ့သည်။ သို့သော် လမ်းတစ်ဝက်၌ ထန်မိသားစုမှ လူများ၏ တားဆီးခြင်း ခံရကာ သူ၏ အကြံအစည် ပျက်စီးသွားရသည်။
ထိုစကားကြောင့် ထန်မင်လီ၏ အကြည့်များက အေးစက်လာပြီး ထေ့ငေါ့၍ ပြန်ပြောလိုက်သည်။
“ယဲ့မိသားစုက အလာကြီးပါလား၊ သာမန်လူတွေကိုတောင် ဓားစာခံအဖြစ် အသုံးချရဲတယ်၊ အရှက်မရှိလိုက်တာ”
ထိုစကားကြောင့် ယဲ့မိသားစုဝင်တိုင်းသည် လူလယ်ခေါင်၌ အရှက်ခွဲခံရသလို ဖြစ်ကာ မျက်နှာများ ပြာနှမ်းလာကြသည်။
“ဟမ့် ... ကောင်းတယ်၊ ထန်မင်လီ ခင်ဗျားကြီး တော်တော် အပြောကြီးတာပဲ”
“ဒီနေ့ အဲ့အမှိုက်ကောင် ပေါ်မလာရင် ခင်ဗျားတို့ ထန်မိသားစုရဲ့ အဆုံးသတ်ကို ရောက်လာမှာပဲ၊ အဲ့အခါကျရင် ကျုံးမိသားစုက ပမွှားလေးတွေကို ဘယ်သူ ကာကွယ်ပေးဦးမလဲ ကြည့်ရသေးတာပေါ့”
ထိုသို့ပြောပြီးသည်နှင့် ယဲ့ကျန့်ရှုံးက အကြီးအကဲများကို ဦးဆောင်၍ အားကစားကွင်းထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။ လူအုပ်အနောက်မှ ယဲ့ရှောင်ထျန်းကမူ လမ်းလျှောက်နေရာမှ တစ်ခဏမျှ ရပ်သွားပြီး ထန်ယွင်အာအား မချိုမချဉ်ဖြင့် လှည့်ကြည့်၍ ပြောလိုက်သည်။
“ယွင်အာ၊ ယွင်အာ၊ ဒီတစ်ခေါက် မင်း အတွက်လွဲသွားပြီလို့ ပြောရမယ်”
“အဲ့အမှိုက်ကောင်က လူလိမ်သက်သက်ပဲ၊ ငကြောက်ကောင်”
“အခုချိန်ကစပြီး မင်းရဲ့ထန်မိသားစု ဇာတ်သိမ်းတော့မှာ၊ မင်းဆိုတဲ့ ထန်ယွင်အာလည်း ဇာတ်သိမ်းတော့မှာ”
ထို့နောက် ယဲ့ရှောင်ထျန်းက ရင်ကိုကော့လိုက်သည်။
“ပြီးတော့ လင်းမြောင်မြောင်နဲ့ ငါက လူအိုကြီး ကျန်းမိန်ရဲ့ တပည့် ဖြစ်သွားပြီ၊ ဟားဟားဟား ... ငါက မင်းနဲ့ အဆင့်တူတဲ့ လူတစ်ယောက် မဟုတ်တော့ဘူး”
ထို့သို့ပြောပြီးနောက် ယဲ့ရှောင်ထျန်းက အားကစားရုံထဲသို့ ဝင်သွားလေသည်။ ဤသည်ကိုကြည့်ပြီး ထန်မင်လီ၊ ထန်ယွင်အာနှင့် ထန်မိသားစုမှ အကြီးအကဲများအားလုံး မျက်နှာပျက်သွားကြသည်။
“သွားကြမယ်၊ ကံကောင်းတာဖြစ်ဖြစ်၊ ကံဆိုးတာဖြစ်ဖြစ် ဒါက ရှောင်လို့မရနိုင်တဲ့ ကိစ္စပဲ”
“ငါတို့ လူကြီးမင်းယဲ့နဲ့ အကောင်းအဆိုး ကျော်ဖြတ်မယ်လို့ ပြောထားပြီးပြီပဲ”
ထန်မင်လီက ပြောပြီးသည်နှင့် ထန်ယွင်အာနှင့် ထန်မိသားစု အကြီးအကဲများနှင့်အတူ အားကစားကွင်းတွင်းသို့ လျှောက်သွားလေသည်။
...
တစ်ချိန်တည်းမှာပင် ဖျင်အန်းမြို့၏ လမ်းမပေါ်၌ လူနှစ်ယောက် ဖြည်းညင်းစွာ လျှောက်လာနေ၏။ ထိုသူမှာ ယဲ့ဖန်နှင့် ပထမ ဧကရာဇ်ခေတ်က မြေနီရောင် စစ်သည်တော် ထျဲမူထားပင်။
နှစ်ယောက်လုံး၏ ကိုယ်၌ သွေးများ တစက်စက် ကျနေသော်လည်း ကြောက်စရာကောင်းသော အရှိန်အဝါများနှင့် ပြည့်နှက်နေ၏။
ယဲ့ဖန်သည် နဂါးသွေးကြောပေါ်၌ နှစ်ရက်နှင့် နှစ်ညတိတိ အရူးအမူး ကျင့်ကြံပြီး ယနေ့မနက်မှ ဖျင်အန်းတောင်ပေါ်ရှိ ဂူထဲမှထွက်လာပြီး အနီးအနားမှ မဟူရာ တောအုပ်ထဲဝင်ကာ ကြောက်စရာကောင်းသော မိစ္ဆာကောင်ကို ခေါင်းဖြတ် သတ်ခဲ့သည်။ သူ၏ တိုက်ပွဲဝင်ခွန်အားသာမက သိုင်းအဆင့်ပါ အဆင့်သစ်တစ်ခုသို့ ရောက်နေလေပြီ။
“ကောင်းကင်ဘုရင် တစ်ပိုင်းအဆင့်တဲ့လား”
ယဲ့ဖန် အသာပြုံးလိုက်ပြီး ထျဲမူထားနှင့်အတူ မြို့ထဲသို့ ဝင်လာလိုက်သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now