Chapter 1183

317 41 0
                                    

စာစဉ် 101 Chapter 1183 ငရဲကိုသွားဖို့ အဆင်သင့်ပဲလား

“ခွေးကောင် မင်း ဘာတွေပြောနေတာလဲ”
စွန်းယောင်၏ အဘိုး စွန်းကျန်းရှဲ ရုတ်ချည်းဆိုသလို ဒေါသတကြီး အော်လိုက်သည်။ စွန်းယောင်၏ ရိုင်းပျမှုက သူ့အား အခြားဂိုဏ်းချုပ်များရှေ့၌ အလွန် အရှက်ရစေသည်။
တိုက်ပွဲမစခင် နောက်ဆုတ်ခြင်းသည် စစ်မြေပြင်၌ မလုပ်သင့်သော အရာဖြစ်သည်။ သူ၏မြေးဖြစ်သူက သိုင်းပညာရှင် တစ်ယောက် ဖြစ်သော်လည်း အဘယ်ကြောင့် ဤမျှ သွေးကြောင်ရသနည်း။ ဘယ်လိုလုပ် သူက ဤသို့ အရှက်ခွဲခံရခြင်းမျိုးနှင့် ကြုံတွေ့ရသနည်း။
“ဘိုးဘိုး နားမလည်ပါဘူး၊ ဘိုးဘိုး တကယ် နားမလည်တာ၊ သူက ဘိုးဘိုး အာခံလို့ရတဲ့သူ မဟုတ်ဘူး၊ ဘိုးဘိုး သူ ဘယ်သူလဲ မသိဘူးနော်”
စွန်းကျန်းရှဲ၏ ခေါင်းမာမှုကိုကြည့်ပြီး စွန်းယောင် ပိုငိုမိသည်။ သူ့အဘိုးကြောင့် ဒုက္ခလှလှ တွေ့ရလေပြီ။ မနေ့က သူ ယဲ့ဖန်၏ လက်ထဲမှ အသက်ရှင်နိုင်အောင် မနည်း ကြိုးစားခဲ့ရသည်။ သို့သော် ယခုအခါတွင် သူ့အဘိုးဖြစ်သူက ဤနတ်ဆိုးဘုရင်ကို ထပ်ရန်စနေပြန်သည်။ ဤကံကြမ္မာကို မည်သို့ ပြောရတော့မည်နည်း။
“သူ ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး၊ သွေးမြေမကျခင် နောက်ဆုတ်တာက ငါ စွန်းကျန်းရှဲအတွက် လုံးဝ မဖြစ်နိုင်ဘူး”
စွန်းကျန်းရှဲက ကြုံးဝါးလိုက်လေသည်။ ယခုတစ်ခေါက်၌ သူ စွန်းယောင်ကို အလွန်အမင်း စိတ်ပျက်မိသည်။ ယခင်က စွန်းယောင်၏ အမူအကျင့်ကို သူ အားနည်းပျော့ညံ့သည်ဟု ထင်ခဲ့သော်လည်း စွန်းယောင်၏ အရည်အချင်းက ကောင်းမွန်ပါသေးသည်။ အကယ်၍ သူသာ ကောင်းမွန်စွာ ကျင့်ကြံလျင် နောက်၌ အားကိုးရသော လက်နက်တစ်ခုသဖွယ် ဖြစ်လာနိုင်၏။
သို့သော် မြေးဖြစ်သူက သူ့ဂုဏ်သိက္ခာကို တိုက်ပွဲမစခင်က ဖျက်ဆီးလိမ့်မည်ဟု သူတို့ ထင်မထားမိသလို ငိုယို၍ အသနားခံနေသဖြင့် ရှက်ရွံ့သွားမိသည်။ သစ်ကိုင်းခြောက်ကို ညွတ်ကွေးအောင် လုပ်လို့မရခြင်းနှင့် အတူတူပင်။
“ဟာ …”
စွန်းယောင် စိတ်ပျက်ကာ ခြေဆောင့်လိုက်မိသည်။ ထို့နောက် စွန်းကျန်းရှဲသား အလျင်အမြန် ကပ်သွားပြီး စကားတစ်ချို့ကို တီးတိုးပြောလိုက်လေသည်။
ထိုအခါ စွန်းကျန်းရှဲ၏ စိတ်မရှည်သော မျက်နှာထားက တဖြည်းဖြည်း ထိတ်လန့်ဟန်သို့ ပြောင်းလဲသွားသည်။ ထို့နောက် ထိတ်လန့်ရာမှ ကြောက်ရွံ့ဟန် ပေါ်လာပြန်သည်။ သူ စွန်းယောင်၏ အင်္ကျီစကို ဆွဲ၍ တုန်ယင်‌နေသော လေသံဖြင့် အော်လိုက်မိသည်။
“မင်း … မင်း အမှန်ကို ပြောနေတာလား”
စွန်းယောင် ခေါင်းတဆတ်ဆတ် ညိတ်ပြလိုက်သည်။
“ကျွန်တော့်စကားက တစ်ဝက်ပဲ မှန်နေမယ်ဆိုရင်တောင် ကျွန်တော် သူ့ဆီက ခွင့်လွှတ်မှုရဖို့ တောင်းပန်မှာပဲ”
စွန်းကျန်းရှဲ ယဲ့ဖန်ကို အလွန် ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်မိသည်။ ယဲ့ဖန်က နေရာ၌ ရပ်မြဲရပ်နေပြီး သူ့အား မချိုမချဉ် အမူအရာဖြင့် ကြည့်နေသည်။
စွန်းယောင်က စွန်းကျန်းရှဲအား သူ့အကြောင်း ပြောလိုက်ပြီဖြစ်ကြောင်း ယဲ့ဖန် ရိပ်မိလေသည်။
“ဂလု”
စွန်းကျန်းရှဲ ချက်ချင်း မနည်း တံတွေးမျိုချလိုက်မိသည်။ ထို့နောက် လူအုပ်ကြီးကို ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။
“အခုတိုက်ပွဲမှာ ကျုပ်တို့ ကျားနဂါးဂိတ်ဂိုဏ်း ဝင်ပါမှာမဟုတ်ဘူး၊ ကျုပ်တို့ ဆေးဖော်စပ်နည်းအတွက် တိုက်ခိုက်မှာ မဟုတ်ဘူး၊ ခင်ဗျားတို့ဘာသာပဲ တိုက်ကြတော့”
*ဘာ*
လူတိုင်း ကြားလိုက်ရသည့် စကားကြောင့် မှင်တက်သွားလေသည်။
*စွန်းယောင်က စွန်းကျန်းရှဲကို ဘာပြောလိုက်လို့ အခုလေးတင် ဆုံးဖြတ်ချက် ပြတ်သားနေတဲ့ စွန်းကျန်းရှဲက ချက်ချင်း ပြောင်းလဲသွားရတာလဲ*
*ဆေးလုံး ဖော်စပ်နိုင်တဲ့ ဆေးဖော်စပ်နည်းကိုတောင် လိုလိုလားလားနဲ့ လက်လျှော့နေတယ်*
စွန်းကျန်းရှဲက တိုက်ပွဲတိုင်း တစ်ခါမှ သေလုမျောပါး မဖြစ်ဖူးကြောင်း လူတိုင်း သိကြသည်။ ထို့ကြောင့် သူ့အား စိတ္တဇ တိုက်ခိုက်ရေးသမားဟုပင် ဘွဲ့ပေးထားသည်။ သူသည် တစ်ခါ တိုက်ပြီဆိုသည်နှင့် ဘယ်သောအခါမှ လက်မလျှော့ဖူးပါ။
ယခု သူ့မြေးဖြစ်သူ၏ စကားတစ်ချို့ကြောင့်နှင့် နောက်ဆုတ်ရန် ရွေးချယ်လိုက်သည်တဲ့လား။ မယုံနိုင်စရာ ကောင်းလှပေ၏။ အဘယ်အရာက စွန်းကျန်းရှဲကို ဤအခြေအနေသို့ ရောက်သွားအောင် ခြောက်လှန့်လိုက် နိုင်သနည်း။
“အဘိုးကြီးစွန်း ခင်ဗျား ဘာလို့ ဒီလောက် ရူးမိုက်ရတာလဲ၊ တိုက်ပွဲကနေ ထွက်ပြေးမလို့လား၊ ဒါ ခင်ဗျားအကျင့် မဟုတ်ဘူးလေ”
လောင်ကျန်းရှန်က ချက်ချင်း မာန်မဲလေသည်။
“ဘာမှ ထပ်ပြောနေစရာ မလိုဘူး”
စွန်းကျန်းရှဲက အေးစက်စက် မျက်နှာထားဖြင့် ပြန်ပြောလေသည်။ သူသည် စိတ္တဇ တိုက်ခိုက်ရေးသမားဟု နာမည်ကြီးပြီး တစ်ခါမှ ထွက်မပြေးဘူးပါ။ သို့သော် ယင်းကလည်း သူ နိုင်နိုင်မည့် အခြေအနေ သို့မဟုတ် နိုင်နိုင်ခြေ ရှိသည့်အပေါ် မူတည်၍ ဖြစ်လေသည်။
သို့ရာတွင် ယဲ့ဖန်ကို ဆန့်ကျင်ပါက ဘယ်သောအခါမှ မနိုင်နိုင်ပါ။ ထိုနတ်ဆိုးက သူတို့အား ကြက်ကလေး၊ ငှက်ကလေးကို သတ်သကဲ့သို့ သတ်ပေလိမ့်မည်။ သူ့အား ဆန့်ကျင်လျင် သေခြင်းတရားဖြင့်သာ အဆုံးသတ် ရမည်။
စွန်းကျန်းရှဲသည် နိုင်နိုင်ခြေမရှိသော တိုက်ပွဲကို တိုက်၍ အချည်းနှီး မသေလိုပါ။ ထိုသို့လုပ်ခြင်းမှာ သတ္တိရှိခြင်း မဟုတ်ဘဲ မိုက်ရူးရဲဆန်ခြင်းသာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ယဲ့ဘုရင်က အလွန် ကြောက်စရာ ကောင်းလှ၏။
လက်ရှိတွင် သူသည် စွန်းယောင် ပေါ်လာသည်ကိုပင် ကျေးဇူးတင်မိနေ၏။ စွန်းယောင်ကြောင့်သာ မဟုတ်ပါက သူ ယနေ့ သေသွားလောက်ပေသည်။ ထို့အတူ သူ၏ ဂိုဏ်းသည်လည်း ဤလူ၏ သတ်ဖြတ်ခြင်း ခံရနိုင်သည်။
စွန်းကျန်းရှဲ၏ ပြောင်းလဲမှုက လူတိုင်းကို ပဟေဠိ ဖြစ်သွားစေ၏။ အထူးသဖြင့် ဤသို့ သေရေးရှင်ရေးတမျှ အရေးကြီးသော အခြေအနေ၌ အလွန် သွေးကြောင်လွန်းလှသည်။
“အဘိုးကြီးစွန်း ဒီနေ့ ဂိုဏ်းချုပ်တွေက လက်ဆောင်အကြီးကြီး ရမှာကို မမေ့နဲ့၊ ကျုပ်တို့အားလုံး ဆေးဘုရင် တောင်ကြားနဲ့အတူ ရင်ဆိုင်ကြမယ်လို့ ကတိပေးထားပြီးသားလေ။ အခု ခင်ဗျား ထွက်လိုက်ရင် ဆေးဘုရင် တောင်ကြားကို အာခံမိသလို ဖြစ်သွားမှာကို မကြောက်ဘူးလား”
ဟုန်ထျန်းကလည်း စိတ်ဆိုးမာန်ဆိုးဖြင့် ကြိမ်းမောင်းလာသည်။ တကုန်းဖုန့်၏ မျက်နှာကလည်း အလွန် မည်းမှောင်နေ၏။
ဤသို့ အရေးကြီးသော အခြေအနေ၌ စွန်းကျန်းရှဲက သူ့အဖွဲ့သားများ၏ စိတ်ကို နှောင့်ယှက်ခဲ့သည်။ ဤသည်က သူ့ကို အရှက်ခွဲလိုက်ခြင်းနှင့် အတူတူပင်။
စွန်းကျန်းရှဲသာ ကောင်းမွန်သော ဖြေရှင်းချက်မျိုး မပေးနိုင်ပါက ဆေးဘုရင်တောင်ကြားက သူတို့ကို လုံးဝ ခွင့်လွှတ်ပေးမည် မဟုတ်ပါ။
စွန်းကျန်းရှဲက သူ့ကို ပြန်ကြည့်၍ လှောင်ရယ်လေသည်။
“အာခံတယ်ထင်လည်း အာခံတယ်ပေါ့ကွာ”
လူတိုင်း နားကြားလွဲသည်ဟုပင် ထင်မိသွားကြသည်။
*စွန်းကျန်းရှဲက ဆေးဘုရင်တောင်ကြားကို အထင်သေးနေတာလား*
*ဟွိုင်အန်း စီရင်စုထဲမှာ ဆေးဘုရင်တောင်ကြားက အကောင်းဆုံးဆိုတာကို မသိတဲ့သူ ဘယ်သူ ရှိလို့လဲ*
*သူ့လို ဂိုဏ်းအသေးလေးတစ်ခုရဲ့ ဂိုဏ်းချုပ်က ဒီလို မဟုတ်တာတွေ ပြောရဲတယ်ပေါ့*
“ကောင်းပြီလေ စွန်းကျန်းရှဲ၊ ဒီနေ့ မင်းစကားကို ငါ မှတ်ထားတယ်၊ နောက်မှ မင်း နောင်တမရဖို့ ငါ မျှော်လင့်ပါတယ်”
တကုန်းဖုန့်က အေးစက်စွာ ခနဲ့လိုက်လေသည်။ ယနေ့ ကျော်လွန်သည်နှင့် စွန်းကျန်းရှဲ၏ ဂိုဏ်းကို ဖျက်ဆီးမည်ဟု သူ ဆုံးဖြတ်ချက် ချထားပြီးလေပြီ။ ယောက်ျားအားလုံးကို သတ်ပစ်၍ အမျိုးသမီးများအား ထာဝရ အရှက်ကွဲအောင် လုပ်ပစ်မည်။ ဆေးဘုရင်တောင်ကြားကို အထင်သေးရဲလျင် မည်သို့ ဖြစ်မလဲ သူတို့ သိစေ ရမည်။
ဟုန်ထျန်း၊ လောင်ကျန်းရှန်နှင့် အခြားသူများကလည်း ရက်စက်ကောက်ကျစ်သော အပြုံးများ ပြုံးလာကြသည်။ သူတို့စိတ်ထဲတွင် ဘာမဟုတ်သော ယဲ့ဖန်ကြောင့်နှင့် ဆေးဘုရင်တောင်ကြား၏ ရန်သူ ဖြစ်ရဲသော စွန်းကျန်းရှဲအား အရူးဟု ကျိတ်၍ ကျိန်ဆဲနေ၏။
ယဲ့ဖန်နှင့် စွန်းကျန်းရှဲ၏ ကျားနဂါးဂိတ်ကို ဖျက်ဆီးပြီးသည်နှင့် ကျားနဂါးဂိတ်၏ ရှားပါးရတနာများကို သူတို့ မျှဝေ ယူနိုင်မည် ဖြစ်သဖြင့် သူတို့အတွက် အဆင်ပြေပေသည်။
“ဟဲဟဲ မင်းတို့ အဲ့အထိ အသက်ရှင်မလား ကြည့်ကြသေးတာပေါ့”
စွန်းကျန်းရှဲသည် ထိုသူများ မည်သို့ ကြောက်စရာကောင်းသော လူမျိုးကို ရန်စမိမှန်း မသိသေးသည့်အတွက် လှောင်နေလေသည်။
“ဟာသပဲ ဒီလောက် လူများတဲ့ ငါတို့က ဒီကောင်စုတ်လေးကို ရှုံးမယ်လို့ မင်း ထင်နေတာလား”
ဓားနတ်ဘုရားက ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ပြောလာပြီး ချက်ချင်း ဓားကို ဆွဲထုတ်လေသည်။
“ဆယ်ကွက်ပဲ ကြာမယ်၊ ဆယ်ကွက်အတွင်း ငါ ဒီကောင်ကို နုတ်နုတ်စင်းပြမယ်၊ မင်းကြည့်နေ”
“အဘိုးကြီးစွန်း အချိန်တန်ရင် ခင်ဗျား ကျုပ်တို့ရှေ့ ခွေးလို ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ရလိမ့်မယ်”
“ဆယ်ကွက် ဟုတ်လား၊ ဘာလို့ ဆယ်ကွက်တောင် လိုမှာလဲ”
ဟုန်ထျန်းက ထေ့ငေါ့၍ လက်သီးကိုဆုပ်ကာ ရယ်လိုက်သည်။
“ဒီလောက်များတဲ့ ဂိုဏ်းချုပ်တွေ လုပ်ရှားမှတော့ တစ်ချက်တည်းနဲ့ အဲ့ကောင် အသတ်ခံရမှာပဲ”
“ယဲ့ဖန် မင်းမှာ မိဘတွေ၊ မိန်းမတွေ၊ ကလေးတွေလို ဆွေမျိုးသားချင်းတွေ မရှိဖို့ ဆုတောင်းနေလိုက်တော့၊ မဟုတ်ရင် သူတို့ပါ ဆိုးဆိုးရွားရွား သေစေရမယ်လို့ ငါ အာမခံတယ်”
သူက ယဲ့ဖန်ကို အော်ပြောလိုက်သေးသည်။
“ဟေ့ကောင် မင်း နောက်ဆုံးအနေနဲ့ ဘာပြောချင်သေးလဲ”
ထိုဂိုဏ်းချုပ်များအားလုံး အလွန် ယုံကြည်မှု ရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ စုပေါင်းလိုက်သည်နှင့် ကျင်းကျန်း တစ်မြို့လုံးကို မြေလှန်နိုင်နေသဖြင့် ဘယ်ကမှန်း မသိသော လူငယ်လေးကို ဘယ်လိုလုပ် သူတို့ မရှင်းဘဲ ရှိနိုင်မည်နည်း။
“ဒီကောင့်ကို အရင်သတ်နိုင်တဲ့ ဘယ်သူမဆို ဆေးဖော်စပ်နည်းကို အရင်ရမှာကွ”
ဟုန်ထျန်းက အားပါးတရ ရယ်မော၍ ယဲ့ဖန်ကို သတ်ရန် ပြေးတက်လာသည်။ သူ့ခြေထောက်အောက်မှ မြေကြီးက သူ့ကိုယ်အလေးချိန်ကို တောင့်မခံနိုင်ဘဲ အက်ကွဲလာ၏။
ဟုန်ထျန်းသည် လှောင်အိမ်ထဲမှ ထွက်လာသော ဒေါသကြီးသည့် ကျားတစ်ကောင်နှင့် အသွင်တူနေပြီး သူ့အရှိန်အဝါက ခက်ထန်ပြီး ဖိနှိပ်နိုင်သောကြောင့် ကျန်လူများအားလုံး မလှုပ်နိုင်အောင် မွန်းကြပ်လာလေသည်။ အသန်မာဆုံး ကိုယ်ခန္ဓာပိုင်ရှင် ဟုန်ထျန်း လှုပ်ရှားလာလေပြီ။
“ခွေးသား သူ့ခေါင်းက ငါ့အပိုင်ပဲကွ”
လောင်ကျန်းရှန်က ဒေါသတကြီး ဆဲဆိုလိုက်သည်။
*ဒီခွေးသား ဟုန်ထျန်းက အရင် စလှုပ်ရှားရဲတယ်ပေါ့လေ*
“ယဲ့ဖန် သေလိုက်တော့”
ဂိုဏ်းချုပ်တစ်သိုက်သည် အပြုံးကြီးပြုံး၍ သတ်ဖြတ်လိုသော အကြည့်များဖြင့် ပြေးတက်လာနေကြသည်။
“ငါ့ကို ကုန်းပေါ်က ငါးလို သတ်မှတ်နေကြတယ်ပေါ့လေ၊ ဟုတ်လား”
ယဲ့ဖန်က ပြုံးနေသည်။ သို့သော် ထိုအပြုံးက အလွန် သွေးဆာလှပြီး နတ်ဆိုးတစ်ကောင်၏ အပြုံးလိုပင်။
“ဒါဆို မင်းတို့ ငရဲကိုသွားဖို့ အဆင်သင့်ဖြစ်နေပြီပေါ့ ဟုတ်တယ်မလား”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now