Chapter 1108

375 47 5
                                    

စာစဉ် 74 Chapter 1108 ဆင်းရဲသားလေးပါပဲ

ယနေ့ ယဲ့ဖန်သည် ဖျင်ယန်တောင်၌ ထပ်မံ၍ ကျင့်ကြံနေ၏။ သူက တင်ပျဉ်ခွေထိုင်၍ စိတ်ကို ဖွင့်ကာ အရပ်မျက်နှာ အနှံ့မှ ယန်စွမ်းအင်များကို စုပ်ယူနေလိုက်သည်။
ရုတ်တရက် သူ၏ခန္ဓာကိုယ်တွင်းမှ ပင်လယ်လှိုင်းပုတ်သောသံအမျိုး ထွက်ပေါ်လာသည်။ ခံ့ညားထည်ဝါ၍ သန်မာသော စွမ်းအင်က လင်းလက်နေသော ကြယ်တာရာကဲ့သို့ ဘယ်သောအခါမှ ပျောက်ကွယ်မသွားနိုင်ပေ။
လက်ရှိအချိန်တွင် သူသည် နယ်မြေအပြင်ဘက် ဟင်းလင်းပြင်မှ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်မှားရသည်။ အကယ်၍ လူအများသာ သူ၏ ပြင်းထန်သော ယန်စွမ်းအင်များ တက်လိုက်ကျလိုက် ဖြစ်နေသည်ကိုသာ မြင်သွားပါက ဘုရင်တို့၏ ဘုရင်က ဘာလဲဆိုသည်ကို ချက်ချင်း နားလည်သွားလောက်သည်။
“အိုး”
ယဲ့ဖန် အနည်းငယ် တုန်ယင်သွားပြီး မျက်လုံး ပြန်ဖွင့်လိုက်သည်။
“ရောက်ခါနီးပြီလား”
သူသည် အန္တိမ အထွတ်အထိပ်အဆင့်အား ချိုးဖောက်၍ ကောင်းကင်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ရန် အနည်းငယ်သာ လိုတော့သည်။ ဤလောကမှ ယန်စွမ်းအင်က သူ့အတွက် ကုထုံးလိုပင်။
ကောင်းကင်ဘုရင်အဆင့် နယ်ပယ်သို့ သူ တက်လှမ်းနိုင်ရန် သိပ်မလိုတော့ကြောင်း ယုံကြည်နေသည်။ ယဲ့ဖန် တောင်ပေါ်မှ ဆင်း၍ စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။ သို့ရာတွင် စားသောက်ဆိုင် ဝင်ပေါက်ရှေ့၌ စွမ်းအင်သုံး ကားတစ်စီး ရပ်ထားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
စွမ်းအင်သုံးကားများသည် ဈေးကြီးသဖြင့် သာမန်မိသားစုများ မဝယ်နိုင်ပါ။ ထိုအခိုက်တွင် မိန်းကလေး တစ်ယောက်က ကျုံးလီအာအား အပြင်သို့ ဆွဲခေါ်နေသည်ကို ယဲ့ဖန် တွေ့လိုက်လေသည်။
“လီအာ ငါ ပြောမယ်၊ ဒါ ဘဝမှာ တစ်ခါပဲ ကြုံနိုင်မယ့် အခွင့်အရေးဟဲ့၊ ပွဲမှာ သူဌေးသားလေးတွေ အများကြီး ရှိနေမှာ၊ နင် လူချမ်းသာ မိသားစုနဲ့ လက်ထပ်နိုင်တာနဲ့ နင့်အနာဂတ်မှာ ပစ္စည်းဥစ္စာတွေနဲ့ စည်းစိမ်တွေ ခံစားနိုင်မယ်လို့ အာမခံတယ်ဟာ”
ထိုမိန်းကလေးသည် ညှို့ဓာတ်ပြင်းသော ဝတ်စုံမျိုး ဝတ်ဆင်ထားပြီး တန်ဖိုးကြီး လက်ဝတ်ရတနာများ ဆင်မြန်း ထားသည်။ သူမ၏ မျက်နှာထားကလည်း မောက်မာထောင်လွှားသည့် ပုံပင်။ ကျုံးလီအာက မချိပြုံးပြုံး၍ ပြန်ပြောလိုက်သည်။
“ဝမ်းကွဲအစ်မ၊ ညီမ တကယ် စိတ်မဝင်စားဘူး”
ထိုမိန်းကလေးသည် ကျုံးလီအာ၏ ဝမ်းကွဲအစ်မ ဖြစ်သူ ကျုံးချိုးရှား ဖြစ်သည်။
“ဘာလို့ နင်က စိတ်မဝင်စားရတာလဲ, နင့်မိဘတွေကို တစ်သက်လုံး အလုပ်လုပ်စေချင်တာလား”
ကျုံးချိုးရှားသည် ခေါင်းမာသောသူကို မုန်းသော်လည်း ဆက်၍ ဖြားယောင်းနေ၏။
“သေချာ စဉ်းစားပါဦး၊ နင်သာ သူဌေးသားတစ်ယောက်ကို ရှာနိုင်ရင် နင် တန်ဖိုးကြီးကားကို မောင်းပြီး ဘန်ဂလိုအိမ်မှာ နေနိုင်မှာလေ၊ နင့်မိဘတွေလည်း နင်နဲ့အတူ စည်းစိမ်ကို ခံစားနိုင်ပြီ”
ကျုံးလီအာက သူမ ချစ်မိသွားသောသူ ရှိနေပြီဟု ပြောချင်နေသည်။ ထိုအခိုက်တွင် ယဲ့ဖန် ဖြည်းဖြည်းချင်း လှမ်းလာနေသည်ကို တွေ့လိုက်ရသဖြင့် သူ့အား အလျင်အမြန် နှုတ်ဆက်လိုက်သည်။
“အစ်ကိုယဲ့ ညီမဝမ်းကွဲအစ်မက ပါတီပွဲတစ်ခုဆီ ညီမကို ခေါ်သွားမလို့၊ အစ်ကို ညီမနဲ့ အဖော်လိုက်ပေးလို့ ရမလား”
ယဲ့ဖန် ဘာတစ်ခွန်းမှ ပြန်မပြောရသေးခင်မှာပင် ကြမ်းတမ်းယုတ်ယင့်သော အသံ ထွက်လာ၏။
“မရဘူး၊ လီအာ နင် ဒီလို ဆင်းရဲသားမျိုးကို ငါ့ကား စီးခွင့်ပေးမလို့လား၊ ငါ့ကား ညစ်ပတ်သွားရင် ဘယ်လိုလုပ်မလဲ”
ကျုံးချိုးရှား၏ အမူအရာက လှောင်ပြောင်ဟန်များဖြင့် ပြည့်နေပြီး ယဲ့ဖန်အား ခေါင်းစခြေဆုံး ကြည့်နေသည်။
သူမအမြင်တွင် ယဲ့ဖန်က သာမန်အဝတ်အစားများကို ဝတ်ထားသည့်အပြင် ဟောင်းနွမ်း စုတ်ပြတ်နေသည်။ ကျုံးလီအာနှင့် သိနေသည့်အတွက် ကျုံးမိသားစု စားသောက်ဆိုင်မှ စားပွဲထိုးတစ်ယောက် ဖြစ်နိုင်သည်ဟု သူမ ယူဆသွားသည်။
*စားပွဲထိုးတစ်ယောက်ကို ပါတီပွဲဆီ ဖိတ်မလို့လား*
*ရယ်ချင်စရာပဲ*
“ပြီးတော့ ငါ့မိတ်တွေအားလုံးက အဆင့်အတန်းရှိတဲ့ လူချမ်းသာတွေချည်းပဲ၊ နင်က လူမွဲတစ်ယောက်ကို ပါတီဆီ ခေါ်မယ်ပြောလာတော့ ငါ့အတွက် အရှက်ရစာ ဖြစ်မနေဘူးလား”
ကျုံးချိုးရှား၏ စကားများက အလွန်ခါးသီး၍ ဘဝင်ကိုင်လွန်းလှသည်။ သူ့စကားကြောင့် ယဲ့ဖန်၏ မျက်နှာထားက အေးစက်သွားသော်လည်း ငြိမ်နေလိုက်သည်။ ကျုံးချိုးရှားအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့သာ ကြည့်နေလေသည်။
“တော်လိုက်တော့”
ကျုံးလီအာသည် သည်းညည်းခံနေရာမှ စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လိုက်သည်။
“ဝမ်းကွဲအစ်မ ရှင် အစ်ကိုယဲ့ကို ထပ်ပြီး စော်ကားမယ်ဆိုရင် နောင်ဆို ညီမနဲ့ ညီမမိသားစုက အစ်မတို့နဲ့ အဆက်အသွယ် လုံးဝ ဖြတ်ရလိမ့်မယ်”
ကျုံးချိုးရှား နားဝေတိမ်တောင် ဖြစ်သွားလေသည်။ နူးညံ့၍ ချစ်စရာကောင်းသော ဝမ်းကွဲညီမလေး၌ ဤသို့ ဒေါသထွက်တတ်သော ပုံစံ ရှိလိမ့်မည်ဟု သူမ ထင်မထားမိပါ။
*မဟုတ်မှလွဲရော ဒီဆင်းရဲသား စားပွဲထိုးအတွက်နဲ့ ငါ့ဝမ်းကွဲညီမက ငါ့ကို ပြန်ပြောနေတာလား*
ကျုံးလီအာက မျက်နှာကြောတင်းတင်းဖြင့် ကျုံးချိုးရှားကို အေးစက်စွာ ကြည့်နေ၏။
*အစ်ကိုယဲ့က ဒီလောက် သဘောကောင်းတာကို သူ မသိဘဲနဲ့၊ ဘာလို့ သူ့ကို ဒီလောက် စော်ကားရတာလဲ*
*ငါ လုံးဝ လက်မခံနိုင်ဘူး၊ ပြီးတော့ ဘယ်တော့မှ ခွင့်မပြုနိုင်ဘူး*
“အေးပါ အေးပါ၊ ငါ နင့်ကို တောင်းပန်ပါတယ်၊ ငါ နောက်ဆို သူ့ကို မစော်ကားတော့ပါဘူး၊ ဒါပေမဲ့ သူ့ကို ခေါ်သွားဖို့က တကယ် မသင့်တော်ဘူး”
ကျုံးချိုးရှားက ခပ်သွက်သွက် တောင်းပန်လိုက်သော်လည်း အစမှအဆုံးတိုင် ယဲ့ဖန်ကို လုံးဝ မကြည့်ပေ။ သူမ၏ အမြင်တွင် ဆင်းရဲသား စားပွဲထိုးတစ်ယောက်က အဖက်လုပ်ရန် မထိုက်တန်ဟု သတ်မှတ်ထားသည်။ ကျုံးလီအာ ကြောင့်သာ မဟုတ်ပါက သူမ ဘယ်သောအခါမှ တောင်းပန်မည် မဟုတ်ပါ။
“အစ်ကိုယဲ့ မသွားရင် ညီမလည်း မသွားဘူး”
ကျုံးလီအာ အေးစက်စွာပြော၍ ယဲ့ဖန်၏ လက်မောင်းကို ချိတ်ဆွဲပစ်လိုက်သည်။ ကျုံးချိုးရှား တုန်လှုပ် သွားလေသည်။
*နတ်သမီးလေးလို လှတဲ့ ငါ့ဝမ်းကွဲညီမက ဒီလိုကောင်မျိုးကို တကယ် ချစ်နေတာလား*
*ငါ့အတွေးမှားနေတာတော့ မဟုတ်ပါဘူးနော်*
*မဖြစ်ဘူး*
သူမ ဤသို့ အဖြစ်မခံနိုင်ပါ။ ကျုံးလီအာနှင့် မိတ်ဆက်ပေးမည်ဟု သူမ အခြားသူများကို ကတိပေးခဲ့သည်။ သူမသာ အောင်မြင်စွာ လုပ်နိုင်ပါက ပိုက်ဆံ တစ်သန်းတိတိ ဆုချခံရမည်။
“ပြီးရောလေ ဒါဆိုလည်း သူ့ကိုခေါ်ခဲ့”
ကျုံးချိုးရှားက ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
*ငါ့ကားကို ပြီးမှ ရေဆေးရမယ်နဲ့တူတယ်*
ထိုသို့တွေးမိပြီးနောက် ကျုံးချိုးရှားသည် ယဲ့ဖန်အား ပိုပို၍ စက်ဆုပ်ဟန်ဖြင့် ကြည့်လိုက်လေသည်။
“အစ်ကိုယဲ့ ညီမ အရင်အဝတ်လဲလိုက်ဦးမယ်၊ ညီမကို စောင့်နေနော်”
ကျုံးလီအာက စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချ၍ ယဲ့ဖန်ကို တောင်းဆိုလိုက်သည်။ သို့သော် သူမ ထွက်သွားသည်နှင့် ကျုံးချိုးရှားက ယဲ့ဖန်ထံ လျှောက်လာပြီး မောက်မာသော လေသံဖြင့် ပြောလာသည်။
“ဟဲ့ကောင် နင်က ဆိုင်က စားပွဲထိုး မဟုတ်လား၊ ငါ့ဝမ်းကွဲညီမနဲ့ ဝေးဝေးနေဖို့ ငါ အကြံပေးလိုက်မယ်၊ နင့်အကြံက ငန်းသား စားချင်နေတဲ့အကြံပဲ”
“ပြီးတော့ ငါ့ ဒုတိယဦးလေးနဲ့ ဒေါ်လေးက နင့်ကို စားပွဲထိုး လုပ်ခိုင်းတာ၊ သားမက်လောင်း ဖြစ်ဖို့ မဟုတ်ဘူး”
“နင် ငန်းသားစားဖို့ ကြံမယ်ဆိုရင်တော့ ငါ့ဒုတိယဦးလေးကို နင့်ကို မောင်းထုတ်လိုက်ဖို့ ပြောရလိမ့်မယ်”
ကျုံးချိုးရှား၏ စကားများက ပိုပို၍ ဆိုးရွားလာပြီး ယဲ့ဖန် ဒေါသထွက်လုမတတ် ဖြစ်လာရသည်။ ထို့နောက် သူမသည် သာမန် အရူးမဟုတ်ဘဲ သွက်သွက်ခါအောင် ရူးနေသူဟု သဘောထားလိုက်သည်။
ဤသို့သော လူစားမျိုးနှင့် အရေးမပါသော စကားများ ပြောနေခြင်းက ကိုယ့်သိက္ခာ ကျရုံသာ ရှိပေမည်။ သူမသည် အဖက်လုပ်ရန် မထိုက်တန်သော လူသာ ဖြစ်သည်။
“ငါ နင့်ကို စကားပြောနေတယ်လေ၊ နင် နားလေးနေလား”
ကျုံးချိုးရှား ချက်ချင်း ဒေါသထွက်ပြီး အော်လိုက်သည်။ စကားလုံးများက ပိုမို အထင်သေးပုံ ပေါ်လာသည်။
“နင့်လို ဆင်းရဲသားမျိုးက ကိုယ့်ဘာသာကိုယ် အပင်ပန်းမခံဘဲ အသာစံချင်ကြတယ်၊ ငါ့ဝမ်းကွဲညီမက လှပပြီးတော့ လူချမ်းသာ မိသားစုနဲ့ လက်ထပ်ဖို့ ကံပါပြီးသား၊ နင်က သူနဲ့ ထိုက်တန်လို့လား”
“အရူး”
ယဲ့ဖန်က ပျက်ရယ်ပြုဟန်ဖြင့် ပြုံးလိုက်သည်။
“နင်”
ကျုံးချိုးရှား ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားရသည်။
*ဒီကောင်က ငါ့ကို အရူးလို့ ကျိန်ဆဲလိုက်တာလား*
သူမ ရင်ထဲတွင် မီးတောက်နေပြီး ပိုပို၍ ဒေါသထွက်လာသည်။
“ဟဲ့ကောင် သတိထားနော်၊ လူတွေမှာ ကံကောင်းခြင်းနဲ့ ကံဆိုးခြင်းက ဒွန်တွဲနေတာ၊ အချိန်မရွေး ကားတိုက်မှု ဖြစ်နိုင်တယ်”
*ခြိမ်းခြောက်တာလား*
ထိုစကားကိုကြားပြီး ယဲ့ဖန်၏ အမူအရာက ပိုမို အေးစက်လာပြီး အေးစက်သော အကြည့်များဖြင့် ကျုံးချိုးရှားကို စူးစိုက်ကြည့်လေသည်။
“မင်း သေချင်နေတာလား”
သူ့မျက်လုံးထဲတွင် ကျုံးချိုးရှားသည် ပမွှားတစ်ကောင်သာ ဖြစ်သည်။ ဦးလေးကျုံး၏ ဆွေမျိုး၊ ကျုံးလီအာ၏ ဝမ်းကွဲအစ်မသာ ဖြစ်မနေပါက ယဲ့ဖန် နားညည်းလွန်းသဖြင့် လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ပစ်မိ လောက်သည်။
ယဲ့ဖန်၏ စကားအဆုံး၌ အေးစက်စက် မရဏ အငွေ့အသက်များက ကျုံးချိုးရှားကို လွှမ်းမိုးလာသဖြင့် သူမ တုန်လှုပ် သွားရသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း သူမ စကားထပ်ပြောလိုက်ပါက တကယ် သေသွားလောက်သည်ဟု ခံစားမိနေသည်။
“မဟုတ်ဘူး … လုံးဝ မဖြစ်နိုင်ဘူး”
ကျုံးချိုးရှားသည် ခေါင်းခါလိုက်ပြီး ထိုအတွေးကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သူမ စော်ကားမော်ကား ပြောရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် ကျုံးလီအာက အဝတ်လဲပြီး ထွက်လာသဖြင့် သူမ မတ်သာဘဲ ထိန်းချုပ်လိုက် ရသည်။
သို့သော် သူမ ယဲ့ဖန်ကို အေးစက်စက် မျက်လုံးများဖြင့် လှမ်းကြည့်ရန် မမေ့ပေ။ ထိုမျက်လုံး၌ သတိပေးသော အရိပ်အယောင်များ ပါဝင်နေ၏။ ထို့နောက် သူတို့သုံးယောက် ကားပေါ်တက်၍ ထွက်လာခဲ့သည်။
ဖျင်အန်းမြို့၏ နေဝင်ချိန်က လှပ၍ ဝမ်းနည်းဖွယ်ကောင်းသော ခံစားချက်မျိုး ဖော်ဆောင်နေသည်။ အထူးသဖြင့် အိမ်တော်များနောက်မှ နေလုံးဝင်သွားပုံက ပို၍ လှပပေသည်။
“ဒီအိမ်တော်တွေက တော်တော်လှတာပဲ”
ကျုံးလီအာ၏ မျက်နှာတွင် သဘောကျဟန်များ ပေါ်လွင်နေသည်။ ဤအိမ်တော်များ၏ မြေဧကက အလွန် တန်ဖိုးကြီးပြီး ဤနေရာ၌ နေသူတိုင်းက ဖျင်အန်းမြို့၌ အရေးပါသောသူများ ဖြစ်သည်ကို သူမ သိထားလေသည်။
“ဒါက ဖျင်အန်းတစ်မြို့လုံးမှာ ဈေးအကြီးဆုံး ဧရိယာပဲ၊ တစ်စတုရန်းမီတာကို တစ်သန်းလောက် တန်တယ်၊ ပြီးတော့ ဒီမှာနေတဲ့ လူတိုင်းက တအားချမ်းသာတာ”
“ဒီလိုအိမ်တော်တွေမှာ နေနိုင်ဖို့ လူဘယ်လောက် များများ စိတ်ကူးယဉ်နေလဲတောင် မသိဘူး၊ နင့်ဝမ်းကွဲအစ်မ ဖြစ်တဲ့ ငါနဲ့ နင်တောင် မျှော်မှန်းနိုင်မှာ မဟုတ်ဘူး”
ကျုံးချိုးရှား၏ မျက်လုံးတွင် မနာလိုအားကျစိတ်များဖြင့် ပြည့်နှက်နေသည်။ ချက်ချင်းဆိုသလိုပင် သူမက ဒေါသကို ယဲ့ဖန်အပေါ် ပုံချလိုက်သည်။
“ဒါပေမဲ့ နင် ဒီဆင်းရဲသားနဲ့ လက်ထပ်မယ်ဆိုရင် တစ်သက်လုံး ဒီနေရာမှာ နင်နေဖို့ စိတ်ကူးမနေနဲ့တော့”
“ဝမ်းကွဲအစ်မ ရှင် ဘာပြောတာလဲ”
ကျုံးလီအာ ရုတ်တရက် ဒေါသထွက်သွားသည်။ သူမ ဆက်ပြောတော့မည့်အချိန်တွင် ယဲ့ဖန်က သူ့ကိုဆွဲ၍ ခေါင်းခါပြလိုက်သည်။ ကျုံးလီအာ ဒေါသတကြီး ပြန်ငြိမ်နေလိုက်ရသည်။
*ခွေးမ*
*ဒီဆင်းရဲသား ပြောတာနဲ့ အလွယ်တကူ ငြိမ်ကျသွားတာ၊ ဒါ ငါတို့မိသားစုမျက်နှာကို အိုးမဲသုတ်တာပဲ*
ကျုံးချိုးရှား၏ မျက်နှာ မည်းမှောင်နေပြီး စိတ်ထဲမှ ကျိတ်၍ မခံချင်စွာဖြင့် ဆဲရေးလိုက်သည်။
*ဒီဆင်းရဲသား ချုပ်ကိုင်တာကိုလည်း အလွယ်တကူ ငြိမ်ခံနေသေးတယ်၊ သူ့အတွက်လည်း ဒီလို ကာပြော နေသေးတယ်၊ နင် ဈေးမပေါလွန်းဘူးလား*
*စောက်ရမ်းတုံးတယ်*
တစ်ခဏကြာသော် သူတို့သည် ဖျင်အန်းမြို့၏ ဈေးအကြီးဆုံး ကြယ်ငါးပွင့် ဟိုတယ်တစ်လုံးရှေ့သို့ ရောက်လာသည်။
“လီအာ၊ ဒီနေ့ ငါ နင့်ကို အရေးပါတဲ့ လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်”
ထိုအခိုက်တွင် ကျုံးချိုးရှားက လူငယ်တစ်ယောက် ထွက်လာသည်ကိုမြင်ပြီး အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
“ကျစ်ယွင် ဘာလို့ ကိုယ်တိုင် ထွက်လာပြီး ကြိုနေတာလဲ၊ ရပါတယ်ဆိုနေ”
အဘယ်ကြောင့်ဆိုသော် စုန့်ကျစ်ယွင်သည် ထန်မိသားစုအတွက် အလုပ်လုပ်နေသည့် ဤဟိုတယ်၏ အထွေထွေ မန်နေဂျာ ဖြစ်သောကြောင့်ပင်။
“လာကြိုသင့်တာပေါ့”
စုန့်ကျစ်ယွင်က ထိုသို့ပြန်ပြောလိုက်သော်လည်း မျက်လုံးများက ကျုံးလီအာပေါ်သို့သာ ရောက်နေသည်။ သူ့မျက်လုံး၌ ရာဂစိတ်များ ပိုမို တိုးပွားလာ၏။
*ကျုံးချိုးရှား ပြောသလိုပဲ သူက နတ်သမီးလေးလို လှတာကိုး*
ထိုအကြည့်ကြောင့် ကျုံးလီအာ တုန်လှုပ်သွားပြီး ယဲ့ဖန်၏လက်ကို ထပ်မံ၍ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
“ဒါက …”
ထိုစဉ် စုန့်ကျစ်ယွင်၏ အကြည့်က ယဲ့ဖန်ပေါ် ရောက်လာပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
“သူလား”
ကျုံးချိုးရှားက ပျက်ရယ်ပြု၍ အထင်သေးစွာ ပြန်ပြောလေသည်။
“သူလား၊ ဆင်းရဲသားလေး တစ်ယောက်ပါပဲ”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now