Chapter 1045

335 41 1
                                    

စာစဉ် 70 Chapter 1045 ဒါ … ဒါ ငါ မဟုတ်လား

နတ်ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ပူပြင်းသော လေလှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် ရွှေရောင် သတ္တဝါများသည် အလွန်အမင်း ကြောက်လန့်တုန်လှုပ်သွားကြပြီး ဘေးဘီသို့ အသည်းအသန် ရှောင်တိမ်း ထွက်ပြေးကြလေသည်။
သို့သော် သူတို့ ထွက်ပြေးသည့်အခိုက်မှာပင် ဓားလှိုင်းက ဟာရီကိန်းမုန်တိုင်းသဖွယ် ရွှေရောင်သတ္တဝါများထံသို့ လျင်မြန်စွာ ကျရောက်လာ၏။
ထိုအခါ တစ်လောကလုံး တိတ်ဆိတ်သွားသည်။ လူသားအရှင်သခင်၊ လူသားအရှင်သခင်၏ ဆရာဖြစ်သူနှင့် မဟာနတ္ထိ ရှေးဧကရာဇ်တို့၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ထောင်သောင်းချီသော ရွှေရောင် သတ္တဝါများသည် ထွက်ပြေးရာမှ ဆတ်ခနဲ ရပ်တန့်သွားကြသည်။ ၎င်းတို့၏ အကျည်းတန်သော မျက်နှာထက်၌ ကြောက်လန့်အံ့ဩဟန်များ ထင်ဟပ်လာ၏။
ဂျွတ်ဟူသောအသံနှင့်အတူ ရွှေရောင်သတ္တဝါတစ်ကောင်၏ ခန္ဓာကိုယ်၌ အက်ကြောင်းရာတစ်ခု ပေါ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ထိုအသံသည် ဇယ်ဆက်သကဲ့သို့ ဆက်တိုက် ထွက်ပေါ်လာကာ များစွာသော ရွှေရောင်သတ္တဝါများ၏ ခန္ဓာကိုယ်၌ အက်ရာများ ထွက်ပေါ်လာလေသည်။
ထို့နောက် ရွှေရောင်သတ္တဝါတစ်ကောင်၏ ခန္ဓာကိုယ်က ချက်ချင်း ပေါက်ကွဲသွားပြီး လေထဲ၌ ရွှေရောင်အမှုန်များ မျောလွင့်သွားသည်။
ထို့နောက် ဒုတိယတစ်ကောင်၊ အကောင်တစ်ရာ၊ အကောင်တစ်ထောင်၊ အကောင်တစ်သောင်း။ အချိန်တိုအတွင်း ကြောက်စရာကောင်းလှသည့် ရွှေရောင်သတ္တဝါ အကောင်တစ်သောင်းလုံး ပေါက်ကွဲသေဆုံးသွားကြပြီး ကောင်းကင်ယံ၌ ရွှေရောင်အမှုန်များသာ ကျန်ရစ်လေတော့သည်။
ကောင်းကင်ယံတစ်ခုလုံး ရွှေမိုးများ ရွာသွန်းသကဲ့သို့ ဖြစ်နေ၏။ ဘယ်သူမှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။ လူသား အရှင်သခင် မျက်လုံးအပြူးသားနှင့် တံတွေးကို မနည်းမျိုချလိုက်မိသည်။
ရွှေရောင်သတ္တဝါများ၏ ခန္ဓာကိုယ်က ထိုဓားလှိုင်းကြောင့် လောင်ကျွမ်းသွားသည်ကို တွေ့လိုက်ရသဖြင့် သူ အံ့ဩသွားရသည်။ ဓားလှိုင်းလေးတစ်ခုက အားလုံးကို လောင်ကျွမ်းစေနိုင်သည်တဲ့လား။
“သေ…သေသွားပြီလား”
လူသားအရှင်သခင်သည် နှလုံးခုန်နှုန်း မြန်ဆန်လာသဖြင့် လည်ချောင်းထဲမှ ထွက်လာလုနီးပါး ဖြစ်လာသလို ခံစားလာရသည်။ သူ၏နဖူးမှ ချွေးစေးများ ဆက်တိုက် စီးကျနေ၏။
“မဟုတ်ဘူး … ဒါ အမှန် မဟုတ်ဘူး၊ ဓားလေးတစ်ချက်က အားလုံးကို သတ်ပစ်နိုင်တယ်တဲ့လား၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဤမြင်ကွင်းက သူ၏အတွေးအမြင်ကို လုံးဝပြောင်းလဲသွားစေ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာမှ ယခုအချိန်အထိ မရေတွက်နိုင်သော ပါရမီရှင်များ၊ သိုင်းပညာရှင်များနှင့် လောက၌ အသန်မာဆုံးသော သိုင်းပညာရှင်များနှင့်ပါ ကြုံတွေ့ဖူးသည်။
သို့သော် ဓားချက်တစ်ချက်တည်းဖြင့် ဤမျှ ကြောက်စရာကောင်းသော အဆင့်တစ်ခုဖြစ်လာအောင် လုပ်နိုင်သော လူမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ ကောင်းကင်တာအို၏ မျက်လုံး၌တောင်မှ ထိတ်လန့်၍ မယုံနိုင်ဟန်များ ထင်ဟပ်နေသည်။
“ဘုံကိုးပါး ယန်စွမ်းအင်၊ ဒါ … ဒါ ကြောက်စရာအကောင်းဆုံးနှင့် အပြင်းထန်ဆုံး ဘုံကိုးပါး ယန်စွမ်းအင်ပဲ”
ကောင်းကင်တာအို ထိတ်လန့်နေသည်။ သို့သော် ထိတ်လန့်နေရာမှ အလွန်တရာ ဝမ်းသာသောစိတ်များ ဖြစ်ပေါ် လာသည်။
“ဟားဟားဟား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်၊ ဒါ မိုးကောင်းကင်က ငါ့ကို ပေးတဲ့ အကောင်းဆုံး လက်ဆောင်ပဲ”
မိမိသာ ဘုံကိုးပါး ယန်စွမ်းအင်ကို ရရှိပြီး တိတ်တဆိတ် ကျင့်ကြံလိုက်ပါက ယန်နယ်မြေ၌ ကြောက်စရာ အကောင်းဆုံး ကျင့်ကြံသူ ဖြစ်လာနိုင်ကြောင်း ကောင်းကင်တာအို သိနေသည်။
တစ်နေ့တွင် သူ ယန်နယ်မြေတစ်ခုလုံးကို ရှင်းလင်းပြီး သူသည်သာ တစ်ဦးတည်းသော အုပ်ချုပ်သူ ဖြစ်လာနိုင် လောက်သည်။ ထို့အတူ သူသည် နောက်မျိုးဆက်များ၏ ဘုံကိုးပါးဧကရာဇ် ဖြစ်လာပေမည်။
“သူ သေကိုသေမှရမယ်၊ ဘုံကိုးပါး ယန်စွမ်းအင်က ငါ့အပိုင်ပဲ”
“ဘုံကိုးပါး ယန်စွမ်းအင်ကို ရပြီးသွားပြီဆိုရင် ငါ ငရဲဘုံတစ်ခုလုံးကို သုတ်သင်နိုင်ပြီ၊ အဲ့အချိန်ကျရင် ဘုံကိုးပါး ယန်စွမ်းအင် ရှိနေတာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး”
“ငါ ဒီစွမ်းအင်ကို ရပြီးတာနဲ့ ယန်နယ်မြေကို ပြန်ပြီး အပတ်တကုပ် ကျင့်ကြံမယ်ဆိုရင် ဘယ်သူက ငါ့ရန်သူ ဖြစ်နိုင်ဦးမှာလဲ၊ ဟားဟားဟား …”
ကောင်းကင်တာအိုသည် တွေးရင်းတွေးရင်း ပို၍စိတ်လှုပ်ရှားလာလေ ဖြစ်လာသည်။ ပိုစဉ်းစားမိလေ ပိုလောဘ တက်လေ ဖြစ်လာ၏။
လက်ရှိအချိန်၌ ထိတ်လန့်၍ ငြိမ်သက်နေသော ကောင်းကင်တာအို၏ အတွေးကို မည်သူမှ မသိကြပေ။
“ဒါ … ဒါတွေအားလုံးက သခင်ကြီးရဲ့ ဓားချက်ကြောင့်လား”
မဟာနတ္ထိ ရှေးဧကရာဇ် အပြင်းအထန် တုန်လှုပ်သွားလေသည်။ ရှေးဟောင်း နတ်မင်းသုံးပါး၊ နတ်ဆိုးနဂါး ဖုရှန်၊ ပိုင်ယီနှင့် ထျန်းရှန်းအာတို့ဆိုလျင် အံ့ဩစိတ်ကြောင့် ပြောစရာ စကားမဲ့နေ၏။
ယဲ့ဖန်ထံ၌ ဘာဖြစ်သွားသလဲ သူတို့တောင်မှ မသိကြပေ။ အဘယ်ကြောင့် ဤမျှ အင်အားကြီးလာရသနည်း။ ဟွမ်အာက သူတို့နှင့် မတူဘဲ ထိတ်လန့်ခြင်း မရှိပေ။ သူမ၏ မျက်နှာထက်၌ အံ့ဩဝမ်းသာစိတ်များဖြင့် ပြည့်နှက် နေသည်။
သူမသည် အစောပိုင်းကတည်းက ယဲ့ဖန်ဘေး၌ ရှိနေခဲ့သူ ဖြစ်သည်။ ယဲ့ဖန်၏ ဦးခေါင်းထဲမှ ကျယ်လောင်သော အသံတစ်သံကို သူမ ကြားလိုက်ရသည်။ ထိုအသံ ထွက်လာပြီးသည်နှင့် သူ့ထံမှ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်လာခြင်းပင်။
“ဒါ နိုးထလာတာပဲ၊ အစ်ကိုယဲ့ဖန် ဘာတွေကနေ နိုးထလာတာလဲ မသိဘူး၊ ဘာလို့ ဒီလောက် ကြောက်စရာ ကောင်းနေရတာလဲ”
ဟွမ်အာ ထိတ်လန့်ရသော်လည်း ယဲ့ဖန်အတွက် ဝမ်းသာသောစိတ်က ပိုများနေ၏။ ထိုအချိန်တွင် ယဲ့ဖန်၏ နှလုံးသားထဲ၌ လှိုင်းထန်နေသည်ကို မည်သူမျှ မသိကြချေ။
သူ၏ ချိပ်ပိတ်ခံထားရသော လေးလွှာမြောက် မှတ်ဉာဏ် ပွင့်လာသဖြင့် မှတ်ဉာဏ်တစ်ခု ဒီရေသဖွယ် တိုးဝင် လာနေသည်။ ထိုမှတ်ဉာဏ်အပြင် ဘုံကိုးပါး ယန်စွမ်းအင်ပါ တိုးဝင်လာလေသည်။
“ဘုံကိုးပါး ဧကရာဇ်…”
ယဲ့ဖန်၏ မျက်လုံး၌ ပဟေဠိ ဖြစ်နေဟန်များ ထင်ဟပ်လာသည်။ သူ ရရှိလာသော မှတ်ဉာဏ်ထဲ၌ အရာအားလုံး‌ သေဆုံးနေသော နယ်မြေတစ်ခု ရှိနေသည်။ ကောင်းကင်ယံ၌ နေဆယ်စင်းက ခြစ်ခြစ်တောက် ပူပြင်းသော အပူချိန်ကို ထုတ်လွှတ်နေသဖြင့် အရာအားလုံး ပျက်စီးကာ သက်ရှိများ‌ သေကြေနေကြသည်။
ထိုစဉ် ကောင်းကင်ယံမှ လူတစ်ယောက် လျှောက်လှမ်းလာသည်။ သူသည် နေကိုးစင်းထံသို့ ဦးတည်သွားပြီး တစ်စင်းပြီး တစ်စင်းအား အရည်ပျော်ကျအောင် သန့်စင်ပြီး ဘုံကိုးပါး ယန်စွမ်းအင်အဖြစ် ပြောင်းလဲခဲ့သည်။
ထိုလူက မိမိဘဝတစ်လျှောက် မြင်ဖူးသမျှ လူများထဲတွင် ကြောက်စရာ အကောင်းဆုံးနှင့် အသန်မာဆုံးသူ ဖြစ်ကြောင်း ယဲ့ဖန် ခံစားမိနေသည်။
ထိုသူ လက်တစ်ဖက် လှုပ်လိုက်ရှုံနှင့် ငရဲဘုံတစ်ခုလုံးကို အမှုန့်ဖြစ်အောင် လုပ်နိုင်စွမ်း ရှိပေသည်။ ခြေထောက် တစ်ဖက်တည်းဖြင့် ယန်နယ်မြေကို နင်းချေနိုင်စွမ်း ရှိသည်။
ထိုစဉ် မှတ်ဉာဏ်ထဲမှ ဘုံကိုးပါးဧကရာဇ်သည် ကျောပေးထားရာမှ နောက်သို့ တဖြည်းဖြည်း လှည့်ကြည့် လာသဖြင့် ယဲ့ဖန် တုန်လှုပ်သွားရသည်။
“ဒါ … ဒါ ငါ မဟုတ်လား …”
ဘုံကိုးပါးဧကရာဇ်၏ မျက်နှာသည် ယဲ့ဖန်နှင့် တစ်ထပ်တည်း တူညီနေ၏။
“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ”
ယဲ့ဖန် တုန်လှုပ်ခြောက်ခြားနေသည်။
*ယဲ့ဖန်*
*နတ်ဆိုးဧကရာဇ်*
*တပေါ် အရှင်သခင်*
*နဝခရိုင် ဧကရာဇ်*
*တကယ်တမ်း … ငါက ဘယ်သူလဲ*
*ဘယ်သူက ငါ အစစ်လဲ*
ယဲ့ဖန် တွေဝေလာသလို သူ၏အတွေးများကလည်း ရှုပ်ထွေးလာသည်။ ထို့ကြောင့် သူသည် နေရာ၌ မလှုပ်မယှက် ငေးငိုင်ကာ ရပ်နေမိသည်။
ဤအဖြစ်ကြောင်း ဘေးပတ်လည်မှ လူများအားလုံးလည်း မှင်တက်သွားကြသည်။ လူသားအရှင်သခင်၏ ဆရာဖြစ်သူမှာမူ စိတ်လှုပ်ရှား၍ ကောက်ကျစ်သော အမူအရာဖြင့် ပြုံးနေသည်။
“အမှန်ပဲကိုး၊ ကောင်းကင်တာအိုရဲ့ စကားအရဆို ခုနက လှိုင်းက ဘုံကိုးပါး ယန်စွမ်းအင်ပဲ”
ဘုံကိုးပါး ယန်စွမ်းအင်၏ ဒဏ္ဍာရီကို တွေးတောမိပြီးနောက် လူသားအရှင်သခင်၏ ဆရာဖြစ်သူ သွေးဆူ လာသည်။ အထူးသဖြင့် မလှမ်းမကမ်းမှ ယဲ့ဖန်က ဝိညာဉ်မဲ့နေသကဲ့သို့ ငေးငိုင်နေသည်ကို တွေ့လိုက်ရသဖြင့် သူ၏အခွင့်အရေး ကျရောက်လာမှန်း သိလိုက်လေသည်။
“ငရဲဘုံကကောင်၊ မင်းကို ကျေးဇူးတင်တယ်ကွာ”
လူသားအရှင်သခင်၏ ဆရာဖြစ်သူက ပြုံးနေပြီး မျက်လုံး၌ လောဘရိပ်များ ပို၍စွန်းထင်းလာသည်။ ယဲ့ဖန်ကို သတ်ပြီး သူ၏ဘုံကိုးပါး ယန်စွမ်းအင်ကို အပိုင်သိမ်းလိုက်မည်။ ထိုသို့ဆိုလျင် သူ ယန်နယ်မြေသို့ ပြန်သွားသည်နှင့် ဤဘုံကိုးပါး ယန်စွမ်းအင်ကို ကောင်းကင်ဘုံအား ဆက်သလိုက်လျင် ကြီးမားသော ဆုလာဘ်များ ရနိုင်ပေလိမ့်မည်.
“မင်းမှာ ဘုံကိုးပါး ယန်စွမ်းအင် ရှိနေမှန်း ငါ မသိဘူး”
“အဲ့စွမ်းအင်မှာ ကြီးမားတဲ့ အလားအလာတွေ ရှိနေပင်မယ့် မင်းကတော့ သေရမှာပဲ”
လူသားအရှင်သခင်၏ ဆရာသည် အပြုံးကြိးပြုံးနေမိသည်။ ဘေးနားမှ လူတိုင်း၏ အာရုံက ယဲ့ဖန်ထံ ရောက်နေသည်ကို သတိထားမိသွားချိန်တွင် သူ၏ ရွှေရောင်လက်သည်းများကို ဆန့်ထုတ်လိုက်ပြီး ယဲ့ဖန်ထံသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။
“သေပေတော့”
ထိုအခိုက်တွင် လူသားအရှင်သခင်၏ ဆရာသည် သူ၏အရှိန်ကို အစွမ်းကုန်တင်၍ ပြေးဝင်သွားပြီး လူတိုင်း အာရုံပျက်နေသည်ကို အခွင့်ကောင်းယူလိုက်သလို ယဲ့ဖန်၏ ငေးငိုင်နေခြင်းအား အသုံးချ၍ တစ်ချက်တည်းဖြင့် အသေသတ်ရန် ကြံစည်နေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now