Chapter 1039

346 36 0
                                    

စာစဉ် 70 Chapter 1039 ဆန်းကြယ်သော အရှင်သခင်

တစ်ဖက်တွင်မူ ထျန်းချန်ဇီသည် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ ဘိုးဘေး ဖြစ်သော်ငြားလည်း တစ္ဆေနတ်မင်းနှင့် တိုက်ခိုက်ရသောကြောင့် မည်သို့မျှ တန်ပြန်မတိုက်ခိုက်နိုင်ချေ။
တစ္ဆေနတ်မင်းသည် ရှေးခေတ်အခါက ကြောက်စရာအကောင်းဆုံး သိုင်းပညာရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ သူ၏ အရှိန်အဝါက လွှမ်းမိုးဖိနှိပ်နိုင်သည်။ ကောင်းကင်နတ်မင်း တစ်ပိုင်းအဆင့်သာ ရှိသေးသော်လည်း သူ၏ တိုက်ပွဲဝင်ခွန်အားက လောကအား ဖျက်ဆီးနိုင်လောက်သည့်အထိ ဖြစ်နေသည်။
ထျန်းချန်ဇီတစ်ယောက် ကောင်းကင်မိစ္ဆာကြွက်အသွင် ပြောင်းထားသော်လည်း တစ္ဆေနတ်မင်း၏ ဖိနှိပ် တိုက်ခိုက်ခြင်း ခံနေရသည်။ ထျန်းချန်ဇီ၏ ခန္ဓာကိုယ်မှ သွေးနှင့် အသားစများ ပဲ့ထွက်လာ၏။ သူ၏ ကြီးမားသော ကြွက်ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများ စိမ့်ထွက်နေလေသည်။
ထိုအခိုက်တွင် ကြောက်စရာ အကောင်းဆုံးနှင့် အပြင်းထန်ဆုံး တိုက်ပွဲမှာ လူသား အရှင်သခင်နှင့် မဟာနတ္ထိ ရှေးဧကရာဇ်တို့၏ တိုက်ပွဲပင်။
လူသား အရှင်သခင်သည် မဟာနတ္ထိ ရှေးဧကရာဇ်ပြီးလျင် ဒုတိယမြောက် အသန်မာဆုံးသူဟု ကျော်ကြား လေသည်။ သူ၏ခွန်အားသည် ကောင်းကင်နတ်မင်း အလယ်အလတ်အဆင့်သို့ ရောက်နေပြီ ဖြစ်ပြီး လက်မြှောက် လိုက်သည်နှင့် လောကတစ်ခုလုံး ပြိုကျလာစေနိုင်သည်။
သို့သော် ကံဆိုးချင်တော့ မဟာနတ္ထိ ရှေးဧကရာဇ်နှင့်မှ သူ ရင်ဆိုင်နေရသည်။ ထိုသူသည် ရှေးခေတ်အခါကတည်းက အသန်မာဆုံးသူဟု ခေါ်ဆိုခြင်း ခံရသူ ဖြစ်လေသည်။
လွန်ခဲ့သော လူသားအရှင်သခင်နှင့် မဟာနတ္ထိ ရှေးဧကရာဇ်တို့၏ တိုက်ပွဲသည် လူသား အရှင်သခင် ရှုံးနိမ့်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။
လက်ရှိတွင် ထိုသူနှစ်ယောက်တို့က ကောင်းကင်ယံ၌ အပြင်းအထန် တိုက်ခိုက်နေကြသည်။ တိုက်ပွဲမှ ပျံ့နှံ့လာသည့် လှိုင်းတိုင်းက အောက်ဘက်ရှိ မျိုးနွယ်သုံးခုမှ သိုင်းပညာရှင်များကို ပြင်းထန်စွာ သေကျေ ပျက်စီးစေသည်။
“မဟာနတ္ထိ မင်း သန်မာလွန်းမယ်လို့ ငါ မယုံဘူးကွ”
လူသား အရှင်သခင်သည် ဒေါသကြောင့် ခေါင်းမွေးများ ထောင်ကာ မျက်နှာထားက ရူးမတတ် ဖြစ်နေ၏။ သို့သော် မဟာနတ္ထိ ရှေးဧကရာဇ်က လက်သီးဖြင့်သာ ပြန်ဖြေလေသည်။
မဟာနတ္ထိ ရှေးဧကရာဇ်၏ လှုပ်ရှားမှုတိုင်းနှင့် တိုက်ကွက်တိုင်းက ရိုးစင်းလွန်းသည်။ သို့သော် ထိုလက်သီးချက် ကျရောက်လာချိန်တွင် လူသား အရှင်သခင်သည် မိမိ၏ တန်ပြန်တိုက်စစ်နှင့် ရှောင်တိမ်းနိုင်သည့် လမ်းကြောင်းတိုင်း ပိတ်ဆို့ခံထားရသည်ဟု ခံစားမိလာရသည်။ ထို့ကြောင့် ထိုလက်သီးအား ပြန်လည် ထိုးနှက်ရန်သာ တိုက်နိုင်တော့သည်။
ပထမလက်သီးချက်ကြောင့် လူသား အရှင်သခင် ဆယ်လှမ်း ဆုတ်လိုက်ရသည်။ ဒုတိယ လက်သီးချက်တွင် လူသား အရှင်သခင် ခြေလှမ်းတစ်ရာ ဆုတ်လိုက်ရသည်။ တတိယမြောက် လက်သီးချက်တွင်မူ လူသား အရှင်သခင် ခြေလှမ်းတစ်ထောင်စာမျှ လွင့်ထွက်သွားပြီး သွေးအန်လေတော့သည်။
မဟာနတ္ထိ ရှေးဧကရာဇ်၏ လက်သီးချက်၌ ကြောက်စရာကောင်းသော စွမ်းအင်များ ပါဝင်နေသည်ဟု သူ ခံစားမိနေ၏။ သူ၏ လက်အရိုးများ ကျိုးကြေသွားပြီး ကိုယ်တွင်းအင်္ဂါများပင် ပျက်စီးလုနီးနီး ဖြစ်သွားရသည်။
“ဘယ်လိုလုပ် ဒီလောက် သန်မာရတာလဲ”
လူသားအရှင်သခင် အလွန်အမင်း ထိတ်လန့်နေ၏။ ဤသည်က မဟာနတ္ထိ ရှေးဧကရာဇ် ခွန်အား အကုန် မဟုတ်သေးသည်ကို သူ သိနေသည်။ အကယ်၍ မဟာနတ္ထိ ရှေးဧကရာဇ်သာ ယခင်ခေတ်အခါအတိုင်း သန်မာနေပါက မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
ဤသည်ကို တွေးမိပြီးနောက် လူသား အရှင်သခင်သည် အနားမှ ယဲ့ဖန်ကို ပြန်ကြည့်မိပြီး မျက်ခုံးလှုပ် သွားလေသည်။
ရှေးခေတ်အခါက သိုင်းပညာရှင်များ၏ အရှင်သခင်ဖြစ်သည့် တပေါ် အရှင်သခင်ဖြစ်ခဲ့သော ယဲ့ဖန်ဆိုလျင် မည်မျှ ကြောက်လန့်စရာကောင်းလောက်အောင် သန်မာနေမည်နည်း။ လူသား အရှင်သခင် မတွေးဝံ့တော့ချေ။
“သေပေတော့”
လူသား အရှင်သခင် ထိတ်လန့်နေချိန်တွင် မဟာနတ္ထိ ရှေးဧကရာဇ်က ထပ်မံ၍ လက်သီးဖြင့် ထိုးနှက်လာ၏။ လက်သီးချက်များက တစ်ချက်ပြီး တစ်ချက် ကျရောက်လာလေသည်။ မဟာနတ္ထိ ရှေးဧကရာဇ်က လူသား အရှင်သခင်ကို အပြီးတိုင် ချေမှုန်းချင်နေသည့်ပုံပင်။
“အား…”
ထိုသို့သောအချိန်၌ ဘေးနားမှ စူးခနဲ အော်သံ ထွက်ပေါ်လာသည်။ ထိုအသံပိုင်ရှင်သည် ရွှေရောင် သတ္တဝါဖြစ်ပြီး မရဏဝိညာဉ်နတ်မင်းကြောင့် ခန္ဓာကိုယ်မှ ရွှေရောင်အသားစများ ဆုတ်ဖြဲခြင်း ခံနေရလေသည်။
ထိုရွှေရောင်သတ္တဝါ၏ ခန္ဓာကိုယ်မှ သွေးများ တတောက်တောက် စီးကျနေ၏။ ယခင်တစ်ချိန်က ကောင်းကင်ဘုံ ဆန့်ကျင်သူ သုတ်သင်ခြင်း စစ်ပွဲမှ ရရှိလာသော ဒဏ်ရာက ယခုထိ အရှင်းမပျောက်သေးပေ။
ယခု မရဏဝိညာဉ်နတ်မင်း၊ ထျန်းရှန်းအာ၊ ပိုင်ယီနှင့် မသေမျိုး ဖီးနစ်ဘုရင်တို့ လေးယောက်နှင့် တိုက်ခိုက်နေရသဖြင့် ရွှေရောင်သတ္တဝါသည် အိပ်မက်ဆိုးထဲ ရောက်နေသကဲ့သို့ ခံစားနေရသည်။
ရွှစ်! ရွှစ်!
သူ၏ခန္ဓာကိုယ်မှ သွေးများ ဆက်တိုက် ပန်းထွက်လာသည်။ သွေးသံတရဲရဲနှင့် အသားစများ ဆက်တိုက် ပဲ့ထွက်နေ၏။ သူ၏ခန္ဓာကိုယ်၌ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေပြီး သွေးများ ဆက်တိုက် စီးကျနေသည်။
ဤမြင်ကွင်းကြောင့် အောက်ဘက်မှ လေနတ်ဘုရားနှင့် ရေနတ်ဘုရားတို့ ခြောက်ခြားသွားကြသည်။ အခြေအနေက ထပ်မံပြောင်းလဲသွားလိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
လူသား အရှင်သခင် ဦးဆောင်သော ယင်ယန်လောက၏ အသန်မာဆုံး လူငါးယောက်ပင် ဤသို့ ဆိုးရွားစွာ ဖိနှိပ်ခံနေရသည် မဟုတ်ပါတကား။
ထိုစဉ် လေနတ်ဘုရားတို့နှစ်ယောက်သည် ယဲ့ဖန်အား ကြောက်လန့်သွေးပျက်စွာ လှမ်းကြည့်လိုက်မိသည်။ ယဲ့ဖန်သည် လက်ပိုက်၍ တိုက်ပွဲအား ငြိမ်သက်စွာ ကြည့်နေသည်။
သူ၏မျက်နှာထားက တစ်စုံတစ်ခုကို အလေးအနက် တွေးနေသည့်ပုံပင်။ သူ ဘာတွေးနေသလဲ မည်သူမှ မခန့်မှန်းတတ်ချေ။ သူ့ဘေး၌ ဟွမ်အာက အံ့ဩစိတ်လှုပ်ရှားသော မျက်နှာထားဖြင့် ရှိနေလေသည်။ သူမ သိပ်ကို ချစ်မြတ်နိုးရသော အမျိုးသားက တပေါ် အရှင်သခင် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိပါ။
“အစ်ကို၊ ရှင့်ဘေးမှ ရပ်နေရတာ … ပျော်ဖို့ကောင်းလိုက်တာ”
ဟွမ်အာ၏ နှလုံးသားထဲ၌ အနွေးဓာတ်များ လွှမ်းခြုံနေ၏။ သူတို့သည် အခက်အခဲများစွာကို ဖြတ်ကျော်ခဲ့ရသည်။ သူတို့သည် အချိန်ကြာမြင့်စွာ ခွဲခွာနေခဲ့ရသည်။ ထို့ကြောင့် ယဲ့ဖန်ဘေး၌ ရပ်ခွင့်ရုံနှင့်တင် ဟွမ်အာ အလွန်အမင်း ကျေနပ်မိနေသည်။
“အရူးမလေး”
ယဲ့ဖန် ကြင်နာစွာ ပြုံးလိုက်သည်။ ထို့နောက် သူမ လွတ်မြောက်နိုင်ရန်အတွက် လက်ကိုဆန့်၍ ဟွမ်အာ၏ ကိုယ်ပေါ်မှ အစီအရင်ကို ဖျက်ဆီးလိုက်သည်။ အစီအရင်ကို ဖျက်ဆီးပြီးသည်နှင့် ဟွမ်အာကို တင်းကြပ်စွာ ပွေ့ဖက်လိုက်မိသည်။ သူမကို သူ ပေးဆပ်ရန် အကြွေး မြောက်မြားစွာ တင်နေ၏။
ထိုစဉ် ကောင်းကင်ထက်မှ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး တစ္ဆေနတ်မင်းကြောင့် ဗောဓိဘိုးဘေး နတ်ဘုရား၏ ခန္ဓာကိုယ်တစ်ဝက် ပေါက်ကွဲသွားပြီး ကောင်းကင်ယံမှနေ၍ ခွေးသေတစ်ကောင်ကဲ့သို့ ပြုတ်ကျလာသည်။
အောက်သို့ အရှိန်ဖြင့် ပြုတ်ကျလာသောကြောင့် ဖုန်တထောင်းထောင်း ထလာရသလို ဗောဓိဘိုးဘေး နတ်ဘုရားသည်လည်း သွေးတစ်လုပ် အန်လာပြီး မျက်နှာ ပြာနှမ်းနေသည်။
“အဆုံးသတ်ရတော့မှာလား”
ဗောဓိဘိုးဘေး နတ်ဘုရား မချိပြုံးပြုံးလိုက်မိသည်။ သူသည် ခန္ဓာကိုယ် ပြန်လည်ဖွဲ့စည်းနိုင်ပြီး အသက်ပြန် ရှင်လာသည့် အခိုက်မှာပင် ထပ်မံ၍ သေဆုံးရလိမ့်မည်ဟု မျှော်လင့်မထားမိပေ။
ဤသို့တွေးမိပြီးနောက် ဗောဓိဘိုးဘေး နတ်ဘုရားသည် တိုက်ပွဲကို ကြည့်နေသော ယဲ့ဖန်အား လှမ်းကြည့် လိုက်မိသည်။ သူ၏ အကြည့်၌ နောင်တတို့ဖြင့် ပြည့်နှက်နေ၏။
သူသာ ရွှေရောင်သတ္တဝါ၏ အပေးအယူကို သဘောမတူလိုက်ပါက ပိုင်ယီ၏မျက်နှာကိုထောက်၍ ယဲ့ဖန် သူ့ကို အသက်ပြန်သွင်းပေးနိုင်လောကသည်။ ယခုအခါတွင်မူ … အရာအားလုံး နောက်ကျသွားလေပြီ။
ဗောဓိဘိုးဘေး နတ်ဘုရား ရှုံးနိမ့်ခြင်းသည် အစမျှသာ ရှိပေသေးသည်။ ဘုရင်ခွေရှယ်၏ မြွေခန္ဓာကိုယ် သည်လည်း နတ်ဆိုးနဂါး ဖုရှန်၏ ကိုက်ဖဲ့ခြင်း ခံလိုက်ရသည်။
သူ၏မျက်လုံးတွင် ဒေါသနှင့် မုန်းတီးစိတ်တို့ဖြင့် ပြည့်နှက်နေသည်။ သူသည် ဘုရင်မခွေရှယ်၏ ကြီးမားသော မြွေခန္ဓာကိုယ်ကို အားဖြင့်ကိုက်၍ ဆွဲဖဲ့လိုက်သည်။
“အား…”
ဘုရင်မခွေရှယ် ငယ်သံပါအောင် အော်ဟစ်လိုက်မိသလို သူမ၏ မြွေခန္ဓာကိုယ် တစ်ဝက်သည်လည်း ကောင်းကင်ယံမှ အောက်သို့ အရှိန်ဖြင့် ပြုတ်ကျသွားလေသည်။
ဘုရင်မခွေရှယ် ဆောက်တည်ရာမရ ဖြစ်နေ၏။ အခြေအနေက ယဲ့ဖန်နှင့်အခြားသူများကြောင့်‌ ပြောင်းလဲ သွားလိမ့်မည်ဟု သူမ ထင်မထားမိပေ။
ဒုတိယမြောက် ခေါင်းဆောင် ရှုံးနိမ့်သွားသည်ကို မြင်လိုက်ရပြီးနောက် လေနတ်ဘုရားနှင့် ကျန်လူများအားလုံး ကျောချမ်းသွားကြသည်။
ထိုစဉ် ကောင်းကင်ယံမှ သွေးများ စီးကျလာပြီးနောက် ထျန်းချန်ဇီသည် ကောင်းကင်မိစ္ဆာ ကြွက်အသွင်ဖြင့် တကျွိကျွိ ဟစ်အော်နေသည်။
တစ္ဆေနတ်မင်း၏ လက်သီးချက်က သူ၏ဝမ်းဗိုက်သို့ ထိုးဖောက်သွားသဖြင့် ကောင်းကင်ယံမှ ပြုတ်ကျ လာရသည်။
ကောင်းကင်ယံတွင် မဟာနတ္ထိ ရှေးဧကရာဇ်၏ ထိုးနှက်ချက်ကြောင့် လူသားအရှင်သခင်၏ လက်မောင်း တစ်ဖက်မှ သွေးများ ပန်းထွက်လာသည်။ နောက်လက်သီးချက်က လူသားအရှင်သခင်၏ ရင်ဘတ်ပေါ် ကျရောက်လာ၏။
သူ၏ရင်ညွန့်ရိုး ကျိုးကြေသွားပြီး ဥက္ကာခဲကဲ့သို့ အောက်သို့ ပြုတ်ကျလာလေသည်။ လူသား အရှင်သခင် ရှုံးနိမ့် သွားလေပြီ။ ယခုအချိန်အထိ ခေါင်းဆောင်‌ လေးယောက်လုံး ရှုံးနိမ့်ကာ သွေးအလိမ်းလိမ်း ဖြစ်နေကြသည်။
ကောင်းကင်ယံ၌ ရွှေရောင်သတ္တဝါသာ ရုန်းကန်တိုက်ခိုက်နေသေးသည်။ သို့ရာတွင် မရဏဝိညာဉ် နတ်မင်းနှင့် အခြားသူများ၏ တိုက်ခိုက်မှုကြောင့် သူ၏ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် စိမ့်ထွက်နေ၏။
“ဒီလို မဖြစ်မခံနိုင်ဘူးကွ”
“ငါက ကောင်းကင်ဘုံရဲ့ သတ္တဝါ၊ ငါက ဘာလို့ မင်းတို့လို ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့လူတွေရဲ့ လက်ထဲမှာ သေရမှာလဲ”
ထိုသို့ကြုံးဝါးပြီးနောက် ရွှေရောင်သတ္တဝါသည် ဒေါသထွက်၍ ရူးသွပ်သော မျက်လုံးများဖြင့် ကောင်းကင် ထက်သို့ မော့ကြည့်ကာ ဟစ်ကြွေးလိုက်သည်။
“သခင်၊ ဘာတွေကို စောင့်နေတာလဲ၊ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့လူတွေအားလုံး ပေါ်လာပါပြီ၊ သခင်သာ မလှုပ်ရှားရင် ကျွန်တော်တို့အားလုံး သေရပါတော့မယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now