Chapter 1103

348 43 2
                                    

စာစဉ် 74 Chapter 1103 သွေးဆူး အဆိပ်လင်းယုန်အား သတ်ဖြတ်သူ

လက်ရှိအချိန်တွင် အားကစားရုံတွင်းမှ လူတိုင်း၏ စိတ်ဝင်စားနေသော အကြည့်အောက်၌ လူတစ်ယောက် ရောက်ရှိလာသည်။
ထိုသူသည် တစ္ဆေကဲ့သို့ တိတ်ဆိတ်စွာ လှုပ်ရှားသောကြောင့် လူတိုင်း ခေါင်းမွေးထောင်ကာ ထင်ယောင်ထင်မှား ဖြစ်သည်ဟုပင် ထင်မိသွားသည်။
*လူငယ်ပါလား*
ထိုသူသည် လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏ အသားအရေက နူးညံ့ချောမွတ်သည်။ သူ၏ မျက်နှာသွင်ပြင်က ချောမောသော်လည်း မျက်လုံးများက လောက၏ အနိမ့်အမြင့် အတက်အကျများကို ကြုံတွေးဖူးပုံ ပေါ်နေ၏။
“သူ … သူက ရန်တန်းလား၊ ဘယ်လိုလုပ် ဒီလောက် ငယ်နေရတာလဲ”
“အရှင် ရန်တန်းက ဟုန်ကူးတောင်မှာ တစ်နှစ်ပတ်လုံး ကျင့်ကြံနေတာလေ၊ မသေမချင်း အိုမင်းသွားမှာ မဟုတ်ဘူး”
“သူက နှစ်နှစ်ရာကျော်နေတဲ့ လူအိုကြီးပဲ၊ တကယ် ကြောက်ဖို့ကောင်းတယ်”
“…”
ထိုအခိုက်တွင် ဤလူငယ်ကို သေချာမြင်သည်နှင့် အားကစားကွင်းတစ်ခုလုံး ဆူညံပွက်လောရိုက်လာ၏။ ရန်တန်းကမူ ဝင်ပေါက်မှနေ၍ တစ်လှမ်းချင်း လှမ်းလာနေသည်။
သူ မြေကြီးပေါ် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် လူတိုင်း ပြင်းထန်စွာ ရင်တုန်သွားရသလို ခံစားလိုက် ရသည်။ သူ့ထံမှ ပြင်းထန်သော ယန်စွမ်းအင်များက အတောမသတ် ပျံ့လွင့်နေသဖြင့် ကြက်သီးထဖွယ် ကောင်းလှသည်။
“ကြောက်စရာကောင်းလိုက်တာ၊ လူအိုကြီး ကျန်းမိန်ထက် အဆပေါင်းများစွာ ပိုသန်မာသေးတယ်”
“ဟုတ်တယ် ဟုတ်တယ်၊ ငါ့နှလုံး ပေါက်ထွက်တော့မယ်လို့တောင် ငါ ခံစားလိုက်ရတာ၊ မြတ်စွာဘုရား …”
ကြောက်လန့်သံများ တစ်သံပြီး တစ်သံ ထွက်ပေါ်လာ၏။ အရှင် ရန်တန်းက ပွဲကြည့် ပရိသတ်ခုံများသို့ ဖြတ်သွားချိန်တွင် ပွဲကြည့်ခုံမှ လူတိုင်းသည် အနားမှ သေမင်းတမန် ဖြတ်သွားသည်ဟု ထင်မှတ်ကာ ချွေးတဒီးဒီး ကျလာလေသည်။
သူတို့သည်သာမက ထန်မင်လီသည်လည်း ကျောတွင် ဇောချွေးတို့ဖြင့် ရွှဲနစ်နေပြီး မျက်နှာ မည်းမှောင် နေသည်။
“ဘိုးဘိုး အရှင် ရန်တန်းက ဒဏ္ဍာရီထဲကလို တကယ် သန်မာတာပဲလား”
ထန်ယွင်အာက သူမအဘိုးကို ဖြူရော်နေသော မျက်နှာထားဖြင့် ကြောက်လန့်တုန်ယင်စွာ ပြောလိုက်သည်။ သူမစကားကြောင့် ထန်မင်လီက မချိပြုံး ပြုံးလေသည်။
“ယွင်အာ မင်း သွေးဇီးကွက် လင်ဖေးရဲ့ ဆရာကို သိလား”
သွေးဇီးကွက် လင်ဖေး၊ ဖျင်အန်းမြို့၏ မိစ္ဆာကောင်၊ ဖျင်အန်းမြို့မှ လူတိုင်း အိပ်မက်ဆိုးသဖွယ် ကြောက်ရွံ့ရသောသူ၊ သူ၏ ဆရာက မည်သူနည်း။
“ဘိုးဘိုး ပြောချင်တဲ့လူက လွန်ခဲ့တဲ့ နှစ်သုံးဆယ်က ပျောက်သွားတဲ့ သွေးဆူး အဆိပ်လင်းယုန်လား”
ထန်ယွင်အာက တစ်စုံတစ်ရာကို တွေးမိသွားဟန်ဖြင့် သွေးပျက်သွားသည်။ လွန်ခဲ့သော နှစ်သုံးဆယ်က ဟွိုင်အန်း စီရင်စု၌ ထိပ်တန်း လူသတ်သမားတစ်ယောက် ပေါ်ထွက်လာခဲ့သည်။
သူသည် ဟွိုင်အန်း စီရင်စုထဲမှ မြေကမ္ဘာအဆင့် မြို့ကိုးမြို့ကို ကူးလူးသွားလာခဲ့သည်။ သူ၏ လက်ချက်ကြောင့် သေဆုံးရသူများ များပြားလာသည်။
အလောင်းများက နေရာတိုင်း၌ ပျံ့ကြဲနေပြီး သွေးများက မြစ်သဖွယ် စီးဆင်းနေ၏။ ထိုလူသည် ဟွိုင်အန်း စီရင်စု၌ ရာစုနှစ်အတွင်း အရက်စက်ဆုံးဖြစ်ပြီး သွေးဆူး အဆိပ်လင်းယုန်ဟု အမည်တွင်သည်။
ထိုသူသည် သွေးဇီးကွက် လင်းဖေး၏ ဆရာ ဖြစ်လေသည်။ ထိုလူအိုကြီးသည် သွေးဇီးကွက် လင်ဖေးထက် ဆယ်ဆမက ပိုကြောက်စရာ ကောင်းသည်။
“ဟုတ်တယ်”
ထန်မင်လီ၏ မျက်လုံးတွင် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့ဟန်များ ထင်ဟပ်နေသည်။
“အဲ့အချိန်တုန်းက သွေးဆူး အဆိပ်လင်းယုန်က ဟွိုင်အန်း စီရင်စုနယ်မြေမှ လူအများကြီးကို သတ်ဖြတ်ခဲ့လို့ ရာစုနှစ် မကောင်းဆိုးဝါးအိုကြီးလို့ သတ်မှတ်ခဲ့တာ”
“ဒါပေမဲ့ နောက်ဆုံးတော့ အဲ့မကောင်းဆိုးဝါးအိုကြီးကို ဟွိုင်မြစ်ကမ်းဘေးမှာ တွေ့ခဲ့တယ်”
“ပြီးတော့ အဲ့လူကို သတ်ခဲ့တဲ့လူက အရှင် ရန်တန်းပဲ”
ထန်မင်လီ၏ စကားက ထန်ယွင်အာကိုသာမက အနီးအနားဝန်းကျင်မှ လူအများကိုပင် ထိတ်လန့်ကာ တုန်လှုပ်သွားစေသည်။
ထိုနှစ်တွင် သွေးဆူး အဆိပ်လင်းယုန်၏ သေဆုံးမှုက မစဉ်းစားတတ်သော ပဟေဠိတစ်ခု ဖြစ်ပြီး ဟွိုင်အန်း စီရင်စုတစ်ခုလုံး ပွက်လောရိုက်သွားခဲ့သည်။ ထို့နောက် ဟွိုင်အန်း စီရင်စုနယ်မြေမှ သန်းရာချီသော လူအများတို့ အော်ဟစ် ပျော်ရွှင်သွားခဲ့လေသည်။
သို့သော် သွေးဆူး အဆိပ်လင်းယုန်၏ သေဆုံးမှု လက်သည်ကို မည်သူမှ မသိပေ။ ဤအဖြစ်အား ဟွိုင်အန်း စီရင်စု၏ အံ့ဩစရာကောင်းသော ကိစ္စရှစ်ခုထဲမှ တစ်ခုအဖြစ် လူသိများသည်။
သွေးဆူး အဆိပ်လင်းယုန်ကို သတ်ခဲ့သော သူရဲကောင်းက အရှင် ရန်တန်း ဖြစ်နေလိမ့်မည်ဟု လူတိုင်း ထင်မထားမိပေ။
အဘိုးဖြစ်သူ၏ စကားအဆုံး၌ ထန်ယွင်အာ ပို၍ မျက်နှာဖြူရော်လာပြီး ရင်ထဲ၌ စိတ်လေးလာသည်။ ယဲ့ဖန်သည် ကြောက်စရာကောင်းသူ ဖြစ်ပြီး သွေးဇီးကွက် လင်ဖေးအား သတ်နိုင်သည်။
သို့သော် လင်ဖေးက ဆရာဖြစ်သူ သွေးဆူး အဆိပ်လင်းယုန်ထက် ဆယ်ဆ ပိုအားနည်းလေသည်။ အရှင် ရန်တန်းမှာမူ သွေးဇီးကွက် လင်ဖေး၏ ဆရာအား သတ်ခဲ့သူ ဖြစ်သည်။ ထိုသူအား ယဲ့ဖန် မည်သို့ တိုက်ခိုက်ပါမည်နည်း။
“ဘိုးဘိုး၊ ဒီလျှို့ဝှက်ချက်ကို ဘိုးဘိုး သိတယ်ဆိုတော့ အရှင် ရန်တန်းနဲ့လည်း ဘိုးဘိုး သိမှာပဲ”
“လူကြီးမင်းယဲ့အတွက် ဘိုးဘိုး တောင်းပန်ပေးပါလား၊ အရှင် ရန်တန်းကို မသတ်အောင် ကြိုးစားပြီး တားပေးပါလား”
ထန်ယွင်အာ စိတ်ရှုပ်ထွေးနေ၏။ ထိုစကားကြောင့် ထန်မင်လီအာ အောင့်သက်သက် ပြုံးလေသည်။
“အရူးမလေး၊ မင်းအဘိုးက ဖျင်အန်းမှာပဲ လူရာဝင်တာ၊ အရှင်ရန်တန်းရှေ့ဆို ပမွှားလေးပဲ”
“ဒီလို ကျော်ကြားတဲ့ပုဂ္ဂိုလ်က အဘိုးစကားကို ဘယ်လိုလုပ် နားထောင်မှာလဲ”
ထန်မင်လီက ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။ ယဲ့ဖန် ဇာတ်သိမ်းပြီဟု သူ သိလိုက်သည်။ သူ၏ ထန်မိသားစုသည်လည်း ဇာတ်သိမ်းပေတော့မည်။
“ဒီဘဝတော့ ဒီလောက်ပဲနဲ့ တူတယ်”
ထန်မင်လီ မျက်လုံး မှိတ်လိုက်သည်။ ခါးသီးမှုတစ်ချို့က သူ့အား လွှမ်းခြုံလာ၏။ လက်ရှိတွင် လင်းမိသားစုနှင့် ယဲ့မိသားစုတွင်း၌ အားကစားကွင်း ပေါက်ကွဲမတတ်သော အော်သံများ ထွက်ပေါ် နေသည်။
“အရှင် ရန်တန်း”
“အရှင် ရန်တန်း”
“…”
ထိုအခိုက်တွင် မိသားစုကြီး နှစ်ခုမှ မိသားစုဝင်များက အရှင် ရန်တန်းအား နှစ်ပေါင်းများစွာ ဆာလောင်နေသော လူမိုက်များက ဗလာကျင်းနေသော မိန်းမလှလေးကို တွေ့လိုက်ရဟန်ဖြင့် တပ်မက် မျှော်လင့်စွာ ကြည့်နေကြသည်။
အထူးသဖြင့် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ပင်။ သူတို့ မျှော်လင့်ချက် မဲ့နေခဲ့ကြသည်။ သို့သော် ကြံရာမရသော အခြေအနေ၌ မျှော်လင့်ချက်တစ်ခုကို ပြန်တွေ့လိုက်ရသည် မဟုတ်ပါတကား။
“ဟားဟားဟား … ထန်ယွင်အာ၊ မင်း ခုနက ဘာပြောလိုက်တာလဲ၊ အခုရော ဘယ်လိုနေလဲ”
“နင်တော့ သွားပြီ၊ အဲ့ယဲ့မျိုးရိုးနဲ့ကောင်လည်း ပွဲသိမ်းပြီ၊ ဟားဟားဟား …”
နှစ်ယောက်သား အရှင်ရန်တန်းကြောင့် ယဲ့ဖန် ဆိုးဆိုးရွားရွား ဇာတ်သိမ်းသွားသည်ကို မြင်နေရဟန်ဖြင့် ဟက်ဟက်ပက်ပက် ရယ်မောနေ၏။
ထန်ယွင်အာ လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသော်လည်း မျက်နှာ၌ သေသွားမည်ကို စိုးရိမ်နေဟန်များ စွန်းထင်းနေသည်။
လူတိုင်း ပြောဆိုနေစဉ်မှာပင် အရှင် ရန်တန်းက တိုက်ပွဲဖြစ်ရာသို့ ရောက်လာ၏။ အရှင်ရန်တန်း၏ မျက်လုံးများက ဒေါသကြောင့် တောက်ပနေလေသည်။
သူ ဤနေရာသို့ အစောကတည်းက ရောက်နေသင့်သည်။ သို့သော် ယခင်က သူ အနည်းငယ် ဒဏ်ရာရ နေသောကြောင့်သာ နောက်ကျသွားခြင်း ဖြစ်သည်။
သူ ရောက်လာသည်နှင့် ဆရာတူ တူလေး ကျန်းမိန်က ပြင်ပကျင့်စဉ် ကျင့်ကြံသူထံ၌ ခွေးသေတစ်ကောင်ကဲ့သို့ အနိုင်ကျင့်ခံနေရလိမ့်မည်ဟု ထင်မထားမိပါ။
“အမှိုက်ကောင်”
အရှင် ရန်တန်း၏ အာဃာတတရားက တိုက်ပွဲနေရာ တစ်ဝိုက်သို့ ပျံ့လွင့်သွားသည်။ သူ့စကားကြောင့် လူအိုကြီး ကျန်းမိန် ရှက်ရွံ့ကာ မျက်နှာနီမြန်းသွားလေသည်။
“ဆရာဦးလေး၊ ဒီဆရာတူ တူလေး အသုံးမကျခဲ့လို့ ဒီမျိုးမစစ်လေးဆီမှာ ရှုံးသွားပါတယ်”
“ဆရာဦးလေးကို ကျွန်တော်နဲ့ ကျွန်တော့် တပည့်နှစ်ယောက်အတွက် လက်စားချေပေးဖို့ တောင်းဆို ပါရစေ”
လူအိုကြီး ကျန်းမိန်၏ စကားသံ၌ နာကျည်းချက်များနှင့် ပြည့်နှက်နေသည်။ အရှင် ရန်တန်းသည် မြေကြီးပေါ်မှ ရွှမ်ရင်၏ ဦးခေါင်းမဲ့နေသော အလောင်းကိုမြင်ပြီး မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။
ရွှမ်ရင်က ဤမျှ ဆိုးရွားစွာ သေသွားလိမ့်မည်ဟု သူ ထင်မထားမိပါ။ လက်ရှိတွင် သူ့ရင်ထဲမှ ဒေါသနှင့် နာကျည်းချက်က ပိုများလာသဖြင့် ယဲ့ဖန်ကို စူးစူးရဲရဲ စိုက်ကြည့်၍ မေးလိုက်သည်။
“ဟေ့ကောင် မင်းနည်းလမ်းက ရက်စက်လွန်းတယ်”
“မင်းဆရာက မင်းကို အခြားသူတွေနဲ့ ဘယ်လို ရင်ဆိုင်ရမလဲ မသင်ပေးဘူးလား”
အရှင်ရန်တန်း၏ လေသံမှ ပြင်းထန်သော ဖိအား အရှိန်အဝါ ထွက်ပေါ်လာပြီး ယဲ့ဖန်အား လွှမ်းခြုံ သွားသည်။
ဤဖိအားအောက်၌ အဆင့်ကိုး ရွှေရောင်ခန္ဓာကိုယ် သိုင်းပညာရှင်သာမက ဈာန်ဝင်စားခြင်းအဆင့် သိုင်းပညာရှင်လျင်ပင် တောင့်မခုံနိုင်မည်ကို စိုးရသည်။ သို့ရာတွင် ယဲ့ဖန်ရှေ့သို့ သူ ရောက်လာသည်ကိုက ကံဆိုးသွားသည်။
“သနား ညှာတာတတ်တဲ့လူပေါ့လေ”
“သူတော်ကောင်း ဟန်ဆောင်နေတဲ့ ကြောင်သူတော်ပဲ”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်သည်။ သူ့စကားကြောင့် လူတိုင်း ဆူညံ ပွက်လောရိုက်သွားသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now