Chapter 1015

352 36 0
                                    

စာစဉ် 68 Chapter 1015 နဂါးဧကရာဇ်

နဂါးသတ်တောင်ထိပ်ပေါ်၌ သွေးများ စီးနေသည်။ နတ်ဆိုးနဂါး၏ ဦးခေါင်းက နောက်ဆုံး စမ်းသပ်ချက်အောက်၌ သေဆုံးပျက်စီးသွားလေသည်။
တောင်ခြေ၌ တိတ်ဆိတ် ငြိမ်သက်၍ နေသည်။ ထောင်ချီသော ထိုက်ကူနဂါးမျိုးနွယ်ဝင်များသည် စီးကျနေသော သွေးစက်များကို ကြည့်ပြီး မျက်လုံး၌ လေးစားကာ ဝမ်းနည်း၍ မတတ်သာဟန်များ ထင်ဟပ်လာသည်။
စမ်းသပ်ချက် ရှစ်ခုတစ်ခုကို တောင့်ခံပြီးနောက် သေဆုံးသွားခြင်းသည် ထိုက်ကူနဂါးမျိုးနွယ်၌ မကြုံဖူးသော ရှုံးနိမ့်ခြင်းဖြစ်ပြီး ထိုက်ကူနဂါးမျိုးနွယ်၏ ခြောက်ခြားဖွယ်ကောင်းသော သမိုင်းကို ဖန်တီးခဲ့ခြင်းပင်။ နတ်ဆိုးနဂါး၏ သေဆိုးခြင်းက အလွန် ဝမ်းနည်းစရာ ကောင်းလှသည်။
“နတ်ဆိုးနဂါး ဖုရှန်လည်း ကျရှုံးတာပဲ၊ သူက နဂါးသတ်တောင်မှာ သေသွားတဲ့ တစ်ထောင့်တစ်ဆယ်မြောက် နဂါးပဲ”
ထိုက်ကူနဂါးမျိုးနွယ်ဝင်တစ်ယောက်၏ မျက်လုံးတွင် အလွန်တရာ ဝမ်းနည်းဟန်များ စွန်းထင်းလာ၏။ သူသည် နတ်ဆိုးနဂါးက အလွန် အထင်သေးခဲ့ဖူးသည်။
တစ်ဖက်လူသည် မူလက ထိုက်ကူနဂါးမျိုးနွယ်၏ သမိုင်းတွင် ကြောက်စရာအကောင်းဆုံး နဂါးဧကရာဇ် ဖြစ်လာနိုင်သည့် ပါရမီရှိသောသူပင်။ သို့သော် အဆုံးသတ်၌ သူသည် အချစ်ကို စွဲလမ်းခဲ့သောကြောင့် အစေခံမလေး၏ လက်ထဲ၌ သေဆုံးခဲ့ရသည်။
အရှက်မဲ့ကာ အထင်သေး စက်ဆုပ်ဖွယ်ကောင်းလှသည်။ သို့သော် ယခုအခါ၌ သူသည် နတ်ဆိုးနဂါး ဖုရှန်နှင့် ပတ်သက်သော အတွေးက ပြောင်းလဲသွားလေပြီ။
နတ်ဆိုးနဂါးသည် တစ်မူထူးသော စွမ်းရည်ကို ဆုံးရှုံးခဲ့သော်လည်း အသွင်မပြောင်းနိုင်သော နဂါးခန္ဓာကိုယ်ဖြင့် ထိုက်ကူနဂါးမျိုးနွယ်၏ သမိုင်းသစ်တစ်ခုကို ရေးထွင်းခဲ့သဖြင့် သူ၏ စိတ်ထဲတွင် လေးစားစိတ်များ တိုးပွားလာရသည်။
“ဟားဟားဟား …”
ထိုစဉ် ရူးသွပ်သော ရယ်သံများ ပဲ့တင်ထပ်ထွက်လာသည်။ ထိုရယ်သံပိုင်ရှင်ကား ဘုရင်မခွေရှယ်ပင်။ သူမသည် အားပါးတရ ရယ်မောနေသဖြင့် ခန္ဓာကိုယ်ပင် တုန်နေ၏။ နဂါးသတ်တောင်ထိပ်ပေါ်မှ သွေးစက်များကို ကြည့်ပြီး သူမမျက်လုံး၌ အထင်သေး၍ လှောင်ပြောင်သရော်ဟန်များက ဖုံးဖိမရအောင် ထင်ဟပ်နေသည်။
“သေပြီ၊ ရှစ်ဆယ့်တစ်ခုမြောက် စမ်းသပ်ချက်မှာ အဲ့ကောင် သေသွားပြီပဲ၊ ရယ်ရလိုက်တာ”
“ခစ်ခစ် … ဟာသကြီးပဲ၊ နောင်အနာဂတ်က ထိုက်ကူနဂါးမျိုးဆက်တွေကတော့ နင့်ကို သတိရရင် ရမှာပေါ့၊ သမိုင်းထဲမှာ ကြောက်စရာကောင်းခဲ့တဲ့ နဂါးမင်းသားက အရယ်ရဆုံး ဟာသဖြစ်ခဲ့တာကိုလေ”
ဘုရင်မခွေရှယ် အလွန်အမင်း ဝမ်းသာနေ၏။ အစပိုင်း၌ နတ်ဆိုးနဂါးက ပထမဘိုးဘေး၏ အမွေအား ဆက်ခံနိုင်သွားမည်ကို သူမ စိုးရိမ်ခဲ့သည်။ ယခု သူမအား ခြိမ်းခြောက်နိုင်သောသူ မရှိတော့သဖြင့် သူမ မပျော်ဘဲ နေနိုင်ပါမည်လား။
သူမ အပြုအမူကြောင့် ထိုက်ကူနဂါးမျိုးနွယ်ဝင်များအားလုံး ဒေါသထွက်သော်လည်း ဘာမှမပြောရဲချေ။ ဘုရင်မ ခွေရှယ် အားပါးတရ ရယ်မောနေချိန်တွင် နဂါးသတ်တောင်ထိပ်ပေါ်မှ ပေါက်ကွဲသံ ထွက်ပေါ်လာ၏။
ထိုအသံက လောကကိုပင် ဖျက်ဆီးနိုင်လောက်သည်။ ထိုအသံကြောင့် ထိုက်ကူနဂါးမျိုးနွယ်ဝင်များအားလုံး တုန်လှုပ်သွားသည်။ ဘုရင်မခွေရှယ်၏ အပြုံးသည်လည်း အေးခဲသွားရသည်။
ထိုက်ကူနဂါးမျိုးနွယ်ဝင်များအားလုံး နဂါးသတ်တောင်ကို ကြည့်နေမိကြသည်။ ထိုစဉ် ကြီးမားလှသော နဂါးသတ်တောင်သည် ငလျင်လှုပ်သကဲ့သို့ တုန်ခါလာပြီး ကျောက်တုံးကျောက်ဆောင်များ လွင့်စဉ်လာသည်။
ဖုန်မှုန့်များကြားထဲမှနေ၍ အဖြူရောင် အရိုးများ ထွက်ပေါ်လာ၏။ ပထမ ဘိုးဘေး၏ နဂါးအရိုးစုတစ်ခုလုံး အသက်ဝင်လာလေသည်။
ထို့အပြင် အဖြူရောင် နဂါးဦးခွံက လှုပ်လာပြီးနောက် ကြီးမားသော အဖြူရောင် မျက်လုံးများ၌ အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
ပြင်းထန်လှသော နဂါးအရိုးစု၏ အရှိန်အဝါကြောင့် ထိုက်ကူနဂါးချိုင့်ဝှမ်းတစ်ခုလုံး ကြက်သီးမွေးညင်း ထလာ ကြသည်။
“ဒါ …. ဒါ ဘိုးဘေးရဲ့ အရိုးစုပဲ”
ဤအဖြစ်ကို မြင်လိုက်ရသည့် ထိုက်ကူနဂါးများအားလုံး ထိတ်လန့်ကာ တုန်ယင်သွားလေသည်။ ကြီးမားလှသော ဘိုးဘေး၏ နဂါးအရိုးစုအောက်၌ သူတို့ကိုယ်သူတို့ အားနည်းလှသည်ဟု ခံစားမိကာ မြေကြီးပေါ် ဒူးထောက် ဝပ်တွားမိလာသည်။
တောင်ခြေ၌ ဒူးထောက်နေသော ထိုက်ကူနဂါးမျိုးနွယ်များနှင့် ပြည့်နှက်နေ၏။ ဘုရင်မ ခွေရှယ်တောင်မှ ကြောက်လန့် တုန်လှုပ်နေသည်။ ထိုအရှိန်အဝါကြောင့် သူမလည်း ကြက်သီးထကာ ဒူးထောက် ဝပ်တွား လိုက်ရသည်။
ထိုက်ကူနဂါးမျိုးနွယ်ဝင်များအားလုံး၏ နဖူးမှချွေးစေးများ စီးကျလာသည်။ နတ်ဆိုးနဂါး၏ ဦးခေါင်း ပျက်စီးသွားသည်နှင့် ဘိုးဘေး၏ အရိုးစုက အသက်ပြန်ဝင်လာလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ဂါး!
ဘိုးဘေး နဂါးအရိုးစု၏အသံက ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားသည်။ ထိုနဂါးဟိန်းသံ အပြီး၌ အဖြူရောင် နဂါးအရိုးစုတွင် အသွေးအသားများ ဖွဲ့စည်းလာသည်။
အချိန်တိုအတွင်း၌ ဘိုးဘေး၏ လက်သည်းတစ်ဖက် ဖွဲ့စည်းလာသည်။ ထိုနဂါးလက်သည်းသည် လောကအား စုတ်ဖြဲနိုင်စွမ်း ရှိပုံရသည်။
ထိုက်ကူနဂါးမျိုးနွယ်ဝင်များအားလုံး ထိတ်လန့်သွားကြသည်။ သူတို့ ထိတ်လန့်နေစဉ်မှာပင် ဒုတိယ လက်သည်း၊ တတိယလက်သည်းနှင့် စတုတ္ထ လက်သည်းတို့ အသီးသီး ဖွဲ့စည်းလာလေသည်။
ထို့နောက် နဂါးအမြီးနှင့် ကြေးခွံများ ဖြစ်ပေါ်လာသဖြင့် ကြောက်လန့်ဖွယ် အရှိန်အဝါများ ပေါ်ထွက်လာပြန်သည်။ ထို့နောက် နဂါး ခန္ဓာကိုယ်နှင့် အရွတ်တို့ ပေါ်ထွက်လာသည်။
နောက်ဆုံးတွင် ဧရာမ နဂါးဦးခေါင်း ဖွဲ့စည်းလာချိန်တွင် ဘုရင်မခွေရှယ်နှင့် အခြားသူများ မိုးကြိုး ပစ်ချခံရသကဲ့သို့ ထိတ်လန့်သွားကြသည်။
ထိုက်ကူနဂါးမျိုးနွယ်ဝင်များသည် ဘိုးဘေး၏ နဂါးဦးခေါင်းကို ကြည့်ပြီး ခြောက်ခြားကာ မယုံနိုင် ဖြစ်လာ လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနဂါးဦးခေါင်းသည် … နတ်ဆိုးနဂါး၏ ဦးခေါင်း ဖြစ်နေသောကြောင့်ပင်။
“ဘာလို့ … ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ဒီကောင် သေသွားတာ သေချာတာပဲကို”
ဘုရင်မခွေရှယ် တုန်ယင်ကာ ကြောက်လန့်နေ၏။ သူမဘဝ၏ အကြီးဆုံး အိပ်မက်ဆိုးက အမှန်တကယ် ဖြစ်လာ လေသည်။ ကျန်သော နဂါးမျိုးနွယ်ဝင်များမှာမူ စိတ်လှုပ်ရှားလာကြသည်။
“ဖုရှန်က မသေဘူးလား၊ မြတ်စွာဘုရား ငါ နားလည်ပြီ၊ ဘိုးဘေးရဲ့ အမွေအနှစ်ဆိုတာကြီးက နဂါးမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဉ် မဟုတ်ဘဲ ဘိုးဘေးရဲ့ အရိုးကိုး”
“ဟုတ်တယ်၊ ရှေးခေတ်ရဲ့ ပထမဘိုးဘေးမှာ ကြောက်စရာကောင်းတဲ့ ခန္ဓာကိုယ် ရှိတယ်လို့ ပြောကြတယ်၊ ရှေးခေတ်တစ်လျှောက်မှာ ဘယ်သူ့မှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ဘူးတဲ့”
“ဟုတ်တယ်၊ ဖုရှန်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားပင်မယ့် သူ့ဝိညာဉ်မှ မပျက်စီးသွားတာ၊ သူ အောင်မြင်သွားပြီ၊ သူ ထိုက်ကူနဂါးမျိုးနွယ်ရဲ့ အမွေအနှစ်ကို ထိန်းချုပ်နိုင်ပြီးတော့ နတ်ဆိုးနဂါး ဧကရာဇ် ဖြစ်လာပြီ”
“…”
နတ်ဆိုးနဂါးဧကရာဇ်။
ထိုနာမည်ကြားရုံနှင့်တင် ဘုရင်မခွေရှယ်၏ ခန္ဓာကိုယ် တုန်ယင်သွားလေသည်။ သူမ နှုတ်ခမ်းကို ကိုက်ထားမိကာ မျက်နှာ ပြာနှမ်းနေ၏။
“ဒီဘုရင်မက သူ့ရဲ့ စွမ်းရည်အားလုံး စုပ်ယူလိုက်တာလေ၊ သူက အသွင်မပြောင်းနိုင်တဲ့ နဂါးခန္ဓာကိုယ်နဲ့ ဧကရာဇ် ဖြစ်လာတယ်လား”
ထိုအခိုက်တွင် ဘုရင်မ ခွေရှယ်၏ စိတ်ထဲ၌ နောင်တတရားတို့ ပြည့်နှက်လာသည်။ နတ်ဆိုးနဂါးအပေါ် ရက်စက်လွန်းခဲ့သည့်အတွက် နောင်တရခဲ့ခြင်း မဟုတ်ဘဲ သူ့ကို ကြိုတင်၍ အသေမသတ်နိုင်ခဲ့သဖြင့် နောင်တ ရနေခြင်း ဖြစ်သည်။
*ငါ သတိလက်လွတ် ဖြစ်ခဲ့တာပဲ*
ချက်ချင်းဆိုသလိုပင် ဘုရင်မခွေရှယ် ကြောက်လန့်တုန်လှုပ်လာ၏။ နတ်ဆိုးနဂါးသည် ကောင်းကင်ယံသို့ မော့ကြည့်၍ ဟစ်ကြွေးလာသည်။ သူ၏ နှစ်ထောင်ချီသော အမုန်းတရားနှင့် အရှက်ကွဲခံသမျှကို ချေဖျက်နိုင် တော့မည့်ပုံပင်။
နဂါးဟိန်းသံကြောင့် ထိုက်ကူနဂါးမျိုးနွယ်ဝင်များအားလုံး တိတ်ဆိတ်သွားသည်။ အေးစက်သော မျက်လုံးများက သူတို့အား တစ်ဒင်္ဂမျှ ကြက်သေ သေသွားစေသည်။ ထို့အပြင် နတ်ဆိုးနဂါးက ကြီးမားသော နဂါးခန္ဓာကိုယ်ကို အသာတွန့်၍ ဘုရင်မ ခွေရှယ်ထံသို့ ထိုးဆင်းလာ၏။
“မကောင်းတော့ဘူး”
ထိုအခါ၌ ဘုရင်မ ခွေရှယ်သည် သေမင်းတမန်၏ စိုက်ကြည့်ခြင်း ခံရသည်ဟု ခံစားမိကာ ကြက်သီးထသွားသည်။ သေရမည်စိုးသဖြင့် သူမ နောက်လှည့်၍ ထွက်ပြေးလေ၏။
သူမ လျင်မြန်သော်လည်း နတ်ဆိုးနဂါးက သူမထက် ပိုလျင်နေသည်။ သူ၏ ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်၍ ဘုရင်မ ခွေရှယ်၏ ကျောအား ရိုက်ချလိုက်သည်။ ဘုရင်မ ခွေရှယ် မျက်နှာဖြူရော်သွားပြီး သွေးတစ်လုပ် အန်လာသည်။
သူမ ကြောက်လန့်နေစဉ်မှာပင် နတ်ဆိုးနဂါးက လက်စားချေရန် ဆက်မနေဘဲ ကောင်းကင်ယံသို့ ပျံတက် သွားသည်။ ကောင်းကင်ယံမှ အသံတစ်သံသာ ထွက်ပေါ်လာ၏။
“ခွေရှယ်၊ ဒါ စတိသဘောပဲ ရှိသေးတယ်”
“မင်း သေဖို့ အသင့်ပြင်ထားလိုက်တော့”
ထိုအသံ ဆုံးသွားချိန်တွင် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ကလည်း ကောင်းကင်ယံ၌ ပျောက်ကွယ်သွားလေတော့သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now