Chapter 1083

341 39 1
                                    

စာစဉ် 73 Chapter 1083 ဆရာသခင် တစ်ယောက်

ဖျင်ယန်တောင်သည် ဖျင်အန်းမြို့၏ အနောက်ဘက် မြို့ပြင်၌ တည်ရှိသည်။ ၎င်းတောင်သည် ဖျင်အန်းမြို့၏ နယ်သတ်မျဉ်း ဖြစ်ပြီး ယန်စွမ်းအင် အပေါဆုံး နေရာဖြစ်သည်။
ပြီးခဲ့သည့် နှစ်များအတွင်း ဖျင်ယန်တောင်၌ ယန်စွမ်းအင် စုစည်းမှုက ပိုမို၍ များပြားလှခဲ့ပြီး ဖျင်အန်းမြို့ထဲထက် ဆယ်ဆ များလာသောကြောင့် ရတနာသိုက်ကြီးတစ်ခု ဖြစ်ခဲ့သည်။
ယခုအခါတွင်မူ ဖျင်ယန်တောင်သည် သရဲတစ္ဆေ တောင်တစ်လုံး ဖြစ်နေ၏။ အနီးအနားမှ ဒေသခံများ တစ်ယောက်ပြီး တစ်ယောက် ဤနေရာမှ ပြောင်းရွှေ့သွားသဖြင့် ကြောက်စရာကောင်းသော ဒဏ္ဍာရီများက ဖျင်ယန်တောင်အား ပို၍ ကြောက်စရာကောင်းလာစေသည်။
လက်ရှိအချိန်တွင် တောင်ပေါ်မှ အိမ်ရာတစ်ခုရှေ့သို့ ဇိမ်ခံကားနှစ်စီး ရောက်ရှိလာ၏။ ထိုကားများထဲမှ ယဲ့ဖန်၊ ထန်ယွင်အာနှင့် လင်းမြောင်မြောင်တို့ ဆင်းလာကြသည်။
သူတို့ ဆင်းလာသည်နှင့် အရပ်မျက်နှာအနှံ့များ အေးစိမ့်မှုများ ပျံ့လွင့်လာသဖြင့် သုံးယောက်စလုံး ချမ်းစိမ့်လာသည်။
လေတိုးသံများ ဆက်တိုက် ထွက်ပေါ်လာသဖြင့် ထောင်ချီသော သရဲများ သွားလာနေသည်ဟု ထင်မှတ်ရကာ ကျောချမ်းဖွယ် ကောင်းလှသည်။
“ယွင် … ယွင်အာ၊ ငါတို့ မဝင်တာ ပိုကောင်းမယ် ထင်တယ်နော်”
လင်းမြောင်မြောင်၏ ခြေထောက်များက ကြောက်စိတ်ကြောင့် တုန်ယင်နေပြီး မျက်နှာများက သွေးမရှိသကဲ့သို့ ဖြူရော်နေ၏။
အိမ်ရာကိုကြည့်ပြီး သူမ သွေးပျက်နေသည်။ ထန်ယွင်အာ အလွန် တည်ငြိမ်နေသော ယဲ့ဖန်ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“လူကြီးမင်းယဲ့ ဒီရောက်နေမှတော့ အဆင်ပြေသွားမှာပါ”
သုံးယောက်သား အိမ်ရာထဲသို့ လျှောက်လာကြသည်။ ထိုစဉ် ကားသံတစ်ချို့နှင့်အတူ တောင်ပတ်လမ်းမှ K4 ပြိုင်ကားနှင့် စွမ်းအင်သုံး ဇိမ်ခံကားများ ရောက်လာပြီး သူတို့ရှေ့၌ ရပ်လာလေသည်။
ထိုကားထဲမှနေ၍ အနက်ရောင်ဝတ်စုံနှင့် ယောက်ျားများ ဆယ်ယောက်မက ထွက်လာ၏။ သူတို့ တစ်ယောက် ချင်းစီသည် သန်မာလှပြီး မျက်လုံးများက စူးရှလှသည်။ သူတို့အားလုံးသည် အဆင့်နှစ် ရွှေရောင်ခန္ဓာကိုယ် ရှိသော သိုင်းပညာရှင်များ ဖြစ်ကြသည်။
ထိုသူများအား လူငယ်တစ်ယောက်နှင့် မီးခိုးရောင်ဝတ်ရုံ ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် ဦးဆောင်လာသည်။
“ယွင်အာ၊ မြောင်မြောင်၊ ငါ နောက်မကျဘူး၊ ဟုတ်တယ်မလား”
ကြည့်မောင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်လေးသည် ချောမောပြီး မာနကြီးသော ဟန်ပန်ဖြင့် ထန်ယွင်အာကို မေးလာ၏။ ထိုလူငယ်ကို မြင်သည်နှင့် ထန်ယွင်အာ မျက်မှောင် မကြုတ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်။
“ယဲ့ရှောင်ထျန်း၊ ငါ ဒီမှာ ရှိတာ နင် ဘယ်လိုသိတာလဲ’
ဤလူငယ်လေးသည် ဖျင်အန်းမြို့မှ ယဲ့မိသားစု၏ ဒုတိယ သခင်လေးဖြစ်ပြီး ထန်ယွင်အာကို အသည်းအသန် ပိုးပန်းသူများထဲမှ တစ်ယောက် ဖြစ်သည်။
ယခုတစ်ခေါက် သူမ ဖျင်ယန်တောင်သို့ လာသည့်အကြောင်းအား လင်းမြောင်မြောင်နှင့် ယဲ့ဖန်တို့သာ သိလေသည်။ ထို့ကြောင့် ယဲ့ရှောင်ထျန်း ဤသို့ ရောက်လာနိုင်ရသည့် အကြောင်းရင်းမှာ …
ဖြစ်နိုင်ချေတစ်ခုကို တွေးမိပြီးနောက် ထန်ယွင်အာ၏ မျက်နှာ မသိမသာ ပျက်သွားပြီး လင်းမြောင်မြောင်ကို သုန်မှုန်စွာ ကြည့်၍ ပြောလိုက်သည်။
“မြောင်မြောင် နင် သူ့ကို ပြောလိုက်တာ မဟုတ်လား”
ထန်ယွင်အာ၏ ဒေါသကို သတိထားမိသဖြင့် လင်းမြောင်မြောင် မျက်နှာပျက်သွားပြီး ခပ်သွက်သွက် ပြောလိုက်သည်။
“ယွင်အာ စိတ်မဆိုးပါနဲ့၊ ငါ ရှောင်ထျန်းကို‌ ပြောလိုက်တာပါ”
ထိုသို့ပြောပြီး လင်းမြောင်မြောင်က ယဲ့ဖန်ကို မကျေမနပ်နှင့် အထင်သေးသော အကြည့်ဖြင့် တစ်ချက်ကြည့်ပြီး ဆက်ပြောလေသည်။
“နင် သူ့ကို ရှာလာပင်မယ့် ငါ စိတ်မအေးလို့၊ တကယ်တမ်းကျတော့ သူက ယန်စွမ်းအင် တစ်စက်မှ မရှိဘူးလေ၊ ပြင်ပကျင့်စဉ်ကို ကျင့်ကြံတဲ့ လူတစ်ယောက်ပဲကို၊ ဟိုကြောက်စရာကောင်းတဲ့ သရဲတွေလက်ထဲမှာ သူ မအောင်မြင်ရင် ဘယ်လိုလုပ်မလဲ”
“ရှောင်ထျန်းက ဆရာသခင်တစ်ယောက်နဲ့ သိတယ်၊ သူ ငါတို့ကို ကူညီပေးနိုင်တာ သေချာတယ်”
*ဆရာသခင်တစ်ယောက်*
ထိုအမည်ကြောင့် ထန်ယွင်အာတောင်မှ ထိတ်လန့်သွားရသည်။ ထိုဆရာသခင်က ဖျင်အန်းမြို့တွင် အလွန် နာမည်ကြီးရုံသာမက ဟွိုင်အန်းပြည်နယ်တစ်ခုလုံး၌ နာမည်ကြီးသည်ကို သူမ သိထားသည်။
ထိုသူအား ကျင်းရှန်းဟု ခေါ်တွင်ပြီး သရဲတစ္ဆေများအား လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်နိုင်သောသူ ဖြစ်သည်။
အစပိုင်း၌ ထန်မိသားစုနှင့် လင်းမိသားစုက ထိုဆရာသခင်ကို အကူအညီ‌ တောင်းခဲ့သော်လည်း ငြင်းပယ် ခံခဲ့ရသည်။
ထန်ယွင်အာ ထိတ်လန့်သွားသည်ကိုကြည့်ပြီး ယဲ့ရှောင်ထျန်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားရကာ ထန်ယွင်အာကို ပြန်ရှင်းပြလိုက်သည်။
“ယွင်အာ၊ မင်း ဖျင်ယန်တောင်ကို သွားမယ်လို့ ငါ သိလိုက်ရတုန်းက ဆရာသခင်ကို ပထမဆုံးအကြိမ် ဆက်သွယ်လိုက်တာပဲ၊ ဆရာသခင်ကလည်း ဒီဖျင်ယန်တောင်ပေါ် လာမယ်လို့ ငါ ထင်မထားမိဘူးလေ”
“အခု ငါနဲ့ လိုက်လာတယ်”
ထိုသို့ပြောပြီး ယဲ့ရှောင်ထျန်းက ဘေးနားမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ညွှန်ပြ၍ အလေးအနက် မိတ်ဆက်ပေးလေသည်။
“ဒါ ဆရာသခင်ပဲ”
ထိုစကားကြောင့် ထန်ယွင်အာနှင့် လင်းမြောင်မြောင်တို့ ထိတ်လန့်သွားကြသည်။ ဤလူလတ်ပိုင်းအရွယ် အမျိုးသားက ယဲ့မိသားစု၏ ဆရာသခင်တစ်ယောက် ဖြစ်လိမ့်မည်ဟု သူတို့ ထင်ထားကြသဖြင့် ဂုဏ်သတင်း ကြီးမားသော ဆရာသခင်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ထင်မထားမိချေ။
ထိုအချိန်တွင် ဆရာသခင်၏ ခန္ဓာကိုယ်မှ ပြင်းထန်၍ ပူပြင်းသော ယန်စွမ်းအင်များ ထွက်ပေါ်လာပြီး ဘေးပတ်လည်မှ အေးစိမ့်သော ယင်စွမ်းအင် ပါရှိသည့် လေသည် ယန်စွမ်းအင်ကြောင့် ချောက်ချားသွားပြီး နောက်သို့ ပြန်ဆုတ် သွားကြသည်။ မည်သည့် ယင်စွမ်းအင်ကမျှ ရှေ့တိုးမလာရဲချေ။
ထန်ယွင်အာနှင့် လင်းမြောင်မြောင်တို့သည် ဤဆရာသခင်ရှေ့၌ အသက်ပင် မရှူရဲလောက်အောင် ကြောက်လန့် သွားပြီး အလျင်အမြန် အရိုအသေ ပေးလိုက်ကြသည်။
“ဆရာသခင်ကို နှုတ်ဆက်ပါတယ်”
ဤမြင်ကွင်းကိုကြည့်ပြီး ဆရာသခင်က အသာ ခေါင်းညိတ်ပြလိုက်ပြီးနောက် ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
“ဟေ့ကောင်၊ မင်း ဘာလုပ်နေတာလဲ၊ ဆရာသခင် ရောက်နေတာကို မင်း မမြင်ဘူးလား”
ယဲ့ရှောင်ထျန်းက မျက်မှောင်ကြုတ်၍ ယဲ့ဖန်ကို ကြည့်နေသည်။ ယဲ့ရှောင်ထျန်းသည် ထန်ယွင်အာအား သူပိုင်ဆိုင်သော အရာဟု သတ်မှတ်ထားပြီးသား ဖြစ်သည်။ သို့သော် ထန်ယွင်အာက ယဲ့ဖန်အပေါ် ခံစားချက်တစ်ချို့ ရှိသည်ကို လင်းမြောင်မြောင်ထံမှ သူ သိခဲ့ရသည်။ ဤသည်ကြောင့် သူ ယဲ့ဖန်ကို အချစ်ပြိုင်ဘက်အဖြစ် ပထမဆုံးအကြိမ် သတ်မှတ်မိသည်။
“မင်း ဖျင်အန်းမြို့က နာမည်ကြီးတယ်ဆိုပင်မယ့် မင်းရှေ့က ဆရာသခင်က သခင်ကြီး ကျန်းမိန်ရဲ့ တပည့်ပဲ”
“မြန်မြန် လာပြီး အရိုအသေ ပေးလိုက်၊ ဆရာသခင်က မင်းကို ဘဝတစ်သက်စာ အကျိုးအမြတ် ရနိုင်မယ့် အကြံဉာဏ်တွေ ပေးနိုင်တယ်”
ယဲ့ရှောင်ထျန်းက ဆက်ပြောနေသည်။ သူ့စကားကြောင့် ဘေးနားမှ လင်းမြောင်မြောင်ကလည်း ထေ့ငေါ့သလုံး ပြုံးကာ ပြောပြန်သည်။
“ရှောင်ထျန်း ပြောတာ မှန်တယ်၊ လူကြီးမင်းယဲ့ ရှင် ရှေ့တိုးပြီး ဆရာသခင်ကို မြန်မြန် အရိုအသေ‌ ပေးသင့်တယ်”
“ရွှေရောင်ခန္ဓာကိုယ် ရှိတဲ့ ဆရာသခင်က ပြိုင်ဘက်ကင်းပဲ၊ ယန်စွမ်းအင်ကလည်း ကြောက်စရာကောင်းတယ်၊ နင့်လို ပြင်ပကျင့်စဉ်ကို ကျင့်ကြံတဲ့လူကတော့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းက အပေးအယူမျှစွာ ပြောဆို၍ ယဲ့ဖန်ကို ဖိနှိပ်ပြောဆို၍ ဆရာသခင်ကို မျက်နှာလုပ်နေ၏။
ဤသည်ကြောင့် ယဲ့ဖန်က ယဲ့ရှောင်ထျန်းနှင့် ဆရာသခင်ကို တစ်ချက်ကြည့်လိုက်သည်။
“ယဲ့မိသားစု”
“ဆရာသခင် ဟုတ်လား”
ထိုသို့ပြောပြီး သူက တစ်ဖက်လှည့်၍ အိမ်ရာထံသို့ လျှောက်သွားပြီး ဆက်ပြောလိုက်သည်။
“အရူးတွေ”
ယဲ့ဖန်၏ စကားကြောင့် လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့ အလွန် မျက်နှာပျက်သွားကြသည်။ ထန်ယွင်အာက သူတို့၏ အမူအရာကို လျစ်လျူရှုပြီး ယဲ့ဖန်နောက်သို့ ခပ်သွက်သွက် လိုက်ကာ အိမ်ရာထံသို့ လျှောက်သွားလေသည်။
ဤအဖြစ်ကြောင့် ယဲ့ရှောင်ထျန်း မျက်နှာသုန်မှုန်လာကာ အနားမှ ဆရာသခင်ကို ပြောလိုက်သည်။
“ဆရာသခင်၊ ဒီကောင်က ခင်ဗျားကို စော်ကားလိုက်တာကို သူ့ကို ပညာ မပေးဘူးလား”
“ဟုတ်ပါတယ်၊ ဆရာသခင်၊ ဒီလူက သူ့ရဲ့ မဆိုသလောက် ကျော်ကြားတဲ့ နာမည်ဂုဏ်သတင်းပေါ် မာန်တက်နေတာ၊ ဆရာသခင် သူ့ကို ပညာပေးသင့်ပါတယ်”
လင်းမြောင်မြောင်သည် ယဲ့ဖန်ကို အလွန် မုန်းတီးနေပြီးသား ဖြစ်သဖြင့် ဆရာသခင်က ယဲ့ဖန်အား ဖိနှိပ်သည်ကို ကြည့်ရန် မစောင့်နိုင်တော့ချေ။ သူတို့စကားကြောင့် တည်ငြိမ်နေသော ဆရာသခင်က ထူးဆန်းစွာ ပြုံးလာသည်။
“ဂျူနီယာလေး တစ်ယောက်ပါပဲ”
“သွားကြစို့”
ထိုသို့ပြောပြီး သူက အိမ်ရာထံသို့ ချက်ချင်း လျှောက်သွားလေသည်။ ဤသည်ကိုကြည့်ပြီး ယဲ့ရှောင်ထျန်းနှင့် လင်းမြောင်မြောင်တို့သည် ရင်ထဲမှ ဒေါသကို မျိုသိပ်၍ ဆရာသခင်နောက်သို့ အမီလိုက်သွားသည်။ ယဲ့ဖန်က ဆရာသခင်ကို ရန်စမိသည်နှင့် အဖြစ်ဆိုးလိမ့်မည်ဟု နှစ်ယောက်သား ထင်မြင်နေ၏။
“ခဏနေရင် မင်း ဘယ်လောက်ထိ ဟန်ဆောင်နိုင်မလဲ ဆိုတာကို ကြည့်ကြသေးတာပေါ့၊”
နှစ်ယောက်လုံးသည် အရှေ့မှ ယဲ့ဖန်ကိုကြည့်ပြီး ရင်ထဲတွင် ကျိတ်၍ ဉာဏ်များနေကြသည်။

ဆယ်ယောက်မကသော လူတို့က အိမ်ရာထဲသို့ လျှောက်လာကြသဖြင့် ခြေသံများဖြင့် ဆူညံလျက် ရှိသည်။ အိမ်ရာထဲသို့ သူတို့ ဝင်လာချိန်တွင် မကောင်းသော ဝိညာဉ် အငွေ့အသက်များနှင့် လေအေးများကို ခံစားလိုက် ရသည်။
ထိုနေရာ၌ နေရောင်မတိုးသဖြင့် နေ့အချိန်မှာပင် မှောင်မိုက်နေ၏။ သို့သော် အားလုံး အိမ်ရာကို ဝေ့ကြည့် သောအခါ အဘွားအိုတစ်ယောက်က လမ်းဘေး၌ စက္ကူများကို မီးရှို့၍ ငိုနေသည်ကို တွေ့လိုက်ရ လေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now