Chapter 1021

347 35 0
                                    

စာစဉ် 69 Chapter 1021 သေသင့်တယ်

ကောင်းကင်ဘုရင်အဆင့် အဘိုးအိုလေးယောက်၏ စကားသံ ထွက်ပေါ်လာပြီးနောက် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
မျိုးနွယ်မှ ရာထူးကြီးမားသောလူတိုင်းသည် ကြမ်းပြင်ပေါ်ရှိ မီးခိုးရောင် ကြွက်၏ အလောင်းကို ကြည့်ပြီး မျက်ခုံး လှုပ်နေကြသည်။
*ကျန့်ဖေး*
*ဒီအလောင်းက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ရဲ့ နံပါတ်တစ် ပါရမီရှင် သခင်လေး ထျန်းကျန့်ဖေးရဲ့ အလောင်း ဖြစ်နေပါလား*
ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ မျိုးနွယ်ဝင်များအားလုံး မျက်နှာ မည်းမှောင်သွားကြသည်။ အထူးသဖြင့် မိသားစု ခေါင်းဆောင် ထျန်းချန်ဇီပင်၊ သူသည် ခေါင်းပေါက်မတတ် ခံစားလာရပြီး မျက်လုံးများက သွေးကဲ့သို့ နီရဲလာသည်။
“ဒါ ... ဒါ ငါ့ဖေးအာရဲ့ အလောင်းလား”
ထျန်းချန်ဇီရဲ့ အသံက တုန်နေ၏။ ယခုအထိ အဖြစ်မှန်ကို မယုံနိုင်သေးသည့်ပုံပင်။ သူ့စကားကြောင့် ကောင်းကင်ဘုရင်အဆင့် အဘိုးအို လေးယောက်သည် ဦးရေပြား စပ်ဖျဉ်းဖျဉ်း ဖြစ်လာသလို ခံစားလိုက်ရသည်။ သူတို့သည် မိသားစုခေါင်းဆောင်ကို မော်ကြည့်ရဲသည့် သတ္တိမရှိသောကြောင့် ခေါင်းငုံ့၍ ပြောလိုက်သည်။
“ဟုတ်ပါတယ်၊ မိသားစုခေါင်းဆောင်၊ ဒါ … ဒါက သခင်လေး ကျန့်ဖေးရဲ့ အလောင်းပါ”
“အဲ့ယဲ့ဖန်က သခင်လေး အဆင်သင့်မဖြစ်တာကို အခွင့်ကောင်းယူပြီး အလစ်ဝင်တိုက်တာပါ၊ သခင်လေးကို တစ်ချက်တည်း သတ်ပစ်လိုက်ပါတယ်”
“ကျုပ်တို့ လေးယောက်သာ အသည်းအသန် ဝင်မကယ်ခဲ့ရင် သခင်လေး ကျန့်ဖေးရဲ့ အလောင်းကိုတောင် ပြန်သယ်လာနိုင်ခဲ့မှာ မဟုတ်ပါဘူး”
ထိုသို့ပြောပြီး ကောင်းကင်ဘုရင်အဆင့် အဘိုးအိုလေးယောက်က မည်းမှောင်နေသော မျက်နှာထားဖြင့် ယဲ့ဖန်အား အလွန်အမင်း မုန်းတီးစွာ ပြောလိုက်သည်။
“အဲ့ဒါအပြင် အဲ့လူသတ်ကောင်က … သခင်လေး ကျန့်ဖေးရဲ့ မကောင်းဆိုးဝါး အမြုတေကိုပါ ထုတ်သွား ပါသေးတယ်”
*ဘာ*
ထိုစကားကို ကြားလိုက်ရချိန်တွင် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဝင်များ မျက်နှာ အကြီးအကျယ် ပျက်ယွင်း သွားသည်။ ထိုအခါတွင်မှ ဧရာမ ကြွက်အလောင်း၏ နဖူး၌ သွေးစွန်းနေသော အပေါက်တစ်ခု ရှိနေသည်ကို သတိထားမိသွားလေသည်။
*သူ့ကိုယ်ထဲက မကောင်းဆိုးဝါး အမြုတေ မရှိတော့ဘူးပဲ*
*ရှက်ဖို့ကောင်းလိုက်တာ*
ငရဲဘုံမှ လူတစ်ယောက်က ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်မှ သခင်လေး၏ အမြုတေကို ထုတ်ယူ လိုက်ခြင်းသည် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်၏ သမိုင်း၌ အကြီးမားဆုံး အရှက်ရစရာ ကိစ္စပင်။
“ချီးတဲ့မှပဲ၊ ငရဲဘုံက ပုရွက်ဆိတ်တစ်ကောင်က သိပ်ဂြိုဟ်ကြွနေတယ်ပေါ့လေ၊ မိသားစုခေါင်းဆောင်က သခင်လေးအတွက် လက်စားချေမှ ရပါမယ်”
“ဟုတ်ပါတယ်၊ အဲ့ငရဲဘုံကကောင်ရော သူ့ဘေးနားက လူတိုင်းပါ သေသင့်ပါတယ်၊ ငရဲဘုံကိုလည်း ဖျက်ဆီး သင့်တယ်”
“သူ့ကိုသတ်မယ်၊ သခင်လေးအတွက် လက်စားချေမယ်”
“…”
ထိုအခိုက်တွင် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ခုလုံး အုတ်အောင်သောင်းတင်း ဖြစ်နေ၏။ ကောင်းကင်မိစ္ဆာ ကြွက်များ၏ မျက်လုံးများမှ သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေသည်။
ဤသည်ကိုကြည့်ပြီး မဟာအကြီးအကဲ ထျန်းကျူးနှင့် ထျန်းရှန်းအာတို့ မျက်နှာ အမူအရာ ပျက်ယွင်းသွားသည်။ ထိုစဉ် ထျန်းရှန်းအာက ရှေ့ထွက်လာသည်။ သူမက ဒေါသထွက်နေသော မျက်နှာထားဖြင့် မျိုးနွယ်ဝင်များအား အော်လိုက်လေသည်။
“တိတ်ကြစမ်း”
ထျန်းရှန်းအာ၏ အော်သံအဆုံး၌ ဒေါသထွက်နေသော ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်များ ချက်ချင်း ပါးစပ်ပိတ် သွားကြသည်။
ထျန်းရှန်းအာသည် ငယ်ရွယ်သော်လည်း အလွန် ထူးချွန်သူဖြစ်ပြီး ထျန်းကျန့်ဖေးနှင့်ယှဉ်လျင် ဒုတိယနေရာ၌ ရှိသူ ဖြစ်သည်။
သူမ၏ခွန်အားက ထျန်းကျန့်ဖေးအား ကျော်သွားပြီဟူသော ကောလာဟလများလည်း ရှိနေ၏။ သို့သော် သူမသည် ပျင်းရိသော ပင်ကိုစရိုက် ရှိသူဖြစ်သဖြင့် သူမခွန်အားကို တစ်ခါမှ ထုတ်မပြချေ။
ယခု ထျန်းရှန်းအာ စကားပြောလာသောအခါ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်များသည် ငြိမ်နားထောင်ရုံသာ ရှိတော့သည်။ သူမသည် မျိုးနွယ်ဝင်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ဘုရင်အဆင့် အဘိုးအို လေးယောက်ကို စိုက်ကြည့်လိုက်သည်။
“ရှင်တို့ မဟုတ်တာတွေ ပြောနေတယ်၊ ယဲ့ဖန်က အပြစ်မရှိတဲ့လူကို လုံးဝ မသတ်ဘူး၊ ရှင်တို့ သူ့ကို အရင်ရန်စပြီး ဗိုလ်ကျလို့သာ သူ ပြန်တိုက်တာပဲ ဖြစ်မယ်”
“ဟုတ်တယ်မလား၊ ငါ့ကို ပြောစမ်း”
ထျန်းရှန်းအာက ငရဲဘုံက လူတစ်ယောက်ဖက်မှ ကာပြောပေးနေသည်ကိုမြင်ပြီး ကောင်းကင်မိစ္ဆာ ကြွက် မျိုးနွယ်များ မယုံနိုင် ဖြစ်သွားလေသည်။
အထူးသဖြင့် ကောင်းကင်ဘုရင်အဆင့် အဘိုးအိုလေးယောက်တို့ ရင်တုန်သွားကြသည်။ သို့သော် သူတို့ တစ်ယောက်ပြီး တစ်ယောက်က ရင်ကွဲမတတ် ပြန်ပြောလိုက်သည်။
“မမလေး ရှန်းအာ၊ မျိုးနွယ်ဝင်အချင်းချင်း ရန်မလုပ်ပါနဲ့၊ သခင်လေးနဲ့ ကျုပ်တို့က ယဲ့ဖန်ကို လေးစားပါတယ်၊ သူ လာတာ နောက်ကျလို့ ကျုပ်တို့ သူ့တံခါးရှေ့မှာ သုံးနာရီတောင် စောင့်နေခဲ့ရတာပါ”
“ဟုတ်ပါတယ်၊ သခင်လေး ကျန့်ဖေးက မိသားစုခေါင်းဆောင်ရဲ့ သင်ကြားမှုကို အမြဲ မှတ်သားထားတဲ့သူပါ၊ သူက ယဲ့ဖန်ကို ကောင်းကောင်းမွန်မွန်ပဲ ပြောခဲ့တာ၊ ဒါပေမဲ့ အဲ့ကောင်က ကျုပ်တို့ရဲ့ မကောင်းဆိုးဝါး အမြုတေကို အသည်းအသန် မြည်းချင်နေခဲ့တာ”
“သူက မိစ္ဆာပဲ၊ မောက်မာပြီး ရိုင်းစိုင်းသလို ကြမ်းကြုတ် ရက်စက်တယ်၊ ကျုပ်တို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်က နံစော်နေတဲ့ ကြွက်သိုက်တစ်ခုပဲလို့ ပြောလိုက်သေးတယ်၊ ကျုပ်တို့နဲ့ ပူးပေါင်းရမှာကို ရွံတယ်တဲ့”
“…”
ကောင်းကင်ဘုရင်အဆင့် အဘိုးအို လေးယောက်၏ စကားအဆုံး၌ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဝင် များအားလုံး ဒေါသထွက်ကာ တုန်ယင်လာကြသည်။
*နံစော်နေတဲ့ ကြွက်မျိုးနွယ်တဲ့လား*
*ပူးပေါင်းရမှာကို ရွံတယ်ပေါ့လေ*
“ကောင်းပြီလေ၊ သိပ်ဟုတ်နေတဲ့ ငရဲဘုံကကောင်ပဲ၊ ငါ အခုပဲ သူ့ကို သွားသတ်မယ်”
“ငါရောပဲ၊ ငါတို့က သူ့ကို တလေးတစား ဆက်ဆံတာတောင် သူက အကောင်း၊အဆိုး မခွဲခြားတတ်ဘူးပဲ၊ သေသင့်တဲ့ကောင်”
“…”
လက်ရှိအချိန်၌ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တစ်ခုလုံး ဆူညံပွက်လောရိုက်နေ၏။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ် တစ်ယောက်ပြီး တစ်ယောက် ဒေါသူပုန် ထနေကြသည်။ ဒေါသတကြီး ဖြစ်နေသော မျိုးနွယ်ဝင်များကိုကြည့်ပြီး ထျန်းချန်ဇီ၏ မျက်နှာထားက မည်းမှောင်လာ၏။
“တိတ်စမ်း”
သူ၏အော်သံက မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်လှပြီး ငြင်းခုန်နေသော မျိုးနွယ်ဝင်များ တုန်လှုပ်ကာ ချက်ချင်း ငြိမ်ကျသွားသည်။
မိသားစုခေါင်းဆောင် ထျန်းချန်ဇီက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထျန်းကျန့်ဖေး၏ ကြွက်ပုံစံ အလောင်းရှေ့သို့ ရောက်သောအခါ သူ၏ မျက်နှာ၌ ဝမ်းနည်းရိပ်များ စွန်းထင်းလာသည်။ ထို့နောက် အဘိုးအို လေးယောက်ဘက် လှည့်၍ သေချာ မေးလိုက်သည်။
“ငါ မင်းတို့ကို မေးမယ်၊ မင်းတို့ ယဲ့ဖန်ကို ရန်မစခဲ့ဘဲ သူက ငါ့မြေးကို သတ်ဖို့ ဆုံးဖြတ်လိုက်တာ သေချာလား”
“အဲ့ဒါသာ သေချာရင် ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို စော်ကားလိုက်တာပဲ”
မိသားစုခေါင်းဆောင် ထျန်းချန်ဇီ၏ ရင်ထဲ၌ ဒေါသစိတ်များဖြင့် ပြည့်နှက်နေ၏။ သူ့စကားကြောင့် ကောင်းကင် ဘုရင်အဆင့် အဘိုးအိုလေးယောက်လုံး ကြက်သီးထသွားသည်။
သူတို့သည် အပြစ်ရှိသောစိတ်ဖြင့် အချင်းချင်း ပြန်ကြည့်လိုက်မိသည်။ ထို့နောက် အံကိုကြိတ်၍ ပြန်ပြော လိုက်သည်။
“မိသားစုခေါင်းဆောင် ကျုပ်တို့ပြောတာတွေက အကုန် အမှန်တွေပါပဲ”
“အဲ့ကောင်က ကျုပ်တို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို စော်ကားရုံတင်မကဘဲ မိသားစုခေါင်းဆောင်ကို ဆံပင်မရှိတဲ့ ကြွက်အိုကြီးလို့ ကျိန်ဆဲပါသေးတယ်၊ ကျုပ်တို့အားလုံးက ကြွက်သေလို နံစော်လွန်းပြီး တစ်ဝိုင်းတည်း ထိုင်ဖို့တောင် သည်းမခံနိုင်ဘူးလို့ ပြောပါတယ်”
ထိုစကားကြောင့် ထျန်းချန်ဇီ၏ ခန္ဓာကိုယ် တုန်ယင်သွားပြီး မျက်လုံးများက ဒေါသစိတ်ကြောင့် မီးတောက် လာသည်။
“ကောင်းပြီလေ၊ သိပ်ထောင်လွှားတဲ့ ငရဲဘုံကကောင်ပဲ”
“မင်းက အသက်မရှင်ချင်တော့လို့ သေလမ်းကို ရွေးလိုက်တာကိုး”
ထျန်းချန်ဇီက ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်အားလုံးကို အော်ပြောလိုက်သည်။
“မျိုးနွယ်ဝင်အားလုံးကို အခမ်းအနားအတွက် ပြင်ဆင်ခိုင်းလိုက်၊ လူသားအရှင်သခင်နန်းတော်ကို သွားကြမယ်”
“လူသားအရှင်သခင်ကို ကူညီပြီး ယဲ့ဖန်ကို သတ်မယ်”
ထိုစကားကြောင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်အားလုံး စိတ်လှုပ်ရှားစွာ ဟစ်ကြွေးကြသည်။ ဤအဖြစ်ကြောင့် မဟာအကြီးအကဲ ထျန်းကျူးနှင့် ထျန်းရှန်းအာတို့ မျက်နှာ ပြာနှမ်းသွားလေသည်။
“မိသားစုခေါင်းဆောင်”
“ဘိုးဘိုးမိသားစုခေါင်းဆောင်”
ထိုအခိုက်တွင် မြေးအဘိုးနှစ်ယောက်လုံးက ထျန်းချန်ဇီအား ပြန်စဉ်းစားရန် ပြောချင်ပါသော်လည်း ထျန်းချန်ဇီက လက်ကာပြလိုက်သည်။ သူက သုန်မှုန်နေသော အမူအရာဖြင့် ထျန်းကျူးနှင့် ထျန်းရှန်းအာတို့ကို ပြောလိုက်သည်။
“မင်းတို့ ဘာမှပြောစရာ မလိုဘူး”
“ငါ့မြေး ထျန်းကျန့်ဖေးက မောက်မာဖိနှိပ်လို့ အဲ့ယဲ့ဖန်က သူ့ကို သတ်လိုက်တယ်ဆိုလည်း ကိစ္စမရှိဘူး”
“ဒါပေမဲ့ သူ ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို မစော်ကားသင့်ဘူး၊ ရှေးခေတ်ကတည်းက အခုချိန်အထိ ဘယ်သူမှ ငါတို့ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို မစော်ကားရဲဘူး၊ အဲ့လို စော်ကားလာခဲ့ရင်လည်း အဲ့လူအားလုံး သေရမယ်”
ထျန်းချန်ဇီက ဒေါသတကြီးဖြင့် အဝေးသို့ ထွက်သွားသည်။ ဤသည်ကိုကြည့်ပြီး ထျန်းရှန်အာ ငိုမိလုမတတ် ဖြစ်ကာ အဘိုးဖြစ်သူအား ပြောလိုက်သည်။
“ဘိုးဘိုး၊ ယဲ့ဖန်က အဲ့လိုလူစားမျိုး မဟုတ်တာ သေချာတယ်၊ ယဲ့ဖန်ကို ရန်စလိုက်တာ ထျန်းကျန့်ဖေးပဲ ဖြစ်မယ်၊ အဲ့ဒါကြောင့် ယဲ့ဖန် ပြန်သတ်တာကို ခံလိုက်ရတာ”
“အကြီးအကဲ လေးယောက်ကလည်း မဟုတ်တာတွေ ပြောနေတယ်”
လက်ရှိတွင် ထျန်းရှန်အာသည် ယဲ့ဖန်အတွက် အလွန် စိုးရိမ်ပူပန်နေသည်။ လူသားအရှင်သခင် နန်းတော်နှင့် ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်တို့ ပူးပေါင်းလိုက်လျင် ယဲ့ဖန် မည်မျှ သန်မာနေပါစေ သေဆုံးနိုင်ပေသည်။
ရှန်းအာစကားကြောင့် မဟာ အကြီးအကဲ ထျန်းကျူးက မချိပြုံးပြုံး၍ ခေါင်းခါလေသည်။
“ရှန်းအာ၊ ဒီကိစ္စကို မင်း … အရေးလုပ်မနေနဲ့တော့”
“မင်း အပြစ်တင်ချင်တယ်ဆို ယဲ့ဖန်ဆိုတဲ့ လူငယ်လေးရဲ့ ကံကြမ္မာကိုပဲ အပြစ်တင်လိုက်တော့၊ မဟုတ်ရင် မင်းပါ ဒုက္ခရောက်လိမ့်မယ်”
ထိုသို့ပြောပြီး ထျန်းကျူးသည်လည်း ဤနေရာမှ သုန်မှုန်နေသော မျက်နှာဖြင့် ထွက်သွားသည်။ ထျန်းရှန်းအာ၏ မျက်နှာတစ်ပြင်လုံး ဖြူရော်သွားပြီး မြေကြီးပေါ် လဲကျသွားသည်။
*ကံကြမ္မာတဲ့လား*
“မဟုတ်ဘူး”
ထျန်းရှန်းအာ၏ မျက်ဝန်း၌ မျက်ရည်များ ရစ်ဝဲလာသည်။ သူမစိတ်ထဲတွင် ငရဲဘုံတုန်းက ယဲ့ဖန်၏ ပုံရိပ်များ ကိုသာ ဆက်တိုက် တွေးနေမိသည်။
သူသည် ရန်သူအပေါ် ရက်စက်ကြမ်းကြုတ်သော်လည်း မိတ်ဆွေများအပေါ်တွင်မူ အလွန် တန်ဖိုးထားသည်။ ယဲ့ဖန်က ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ကို စော်ကား ပြောဆိုလိမ့်မည်ဟု သူမ မယုံကြည်ပါ။ ထိုသို့ စဉ်းစားပြီးနောက် ထျန်းရှန်းအာက တစ်စုံတစ်ရာကို ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now