Chapter 1132

342 47 2
                                    

စာစဉ် 76 Chapter 1132 ပြင်းထန်စွာ ဖိနှိပ်ခံရခြင်း

“ဘာ”
ထိုအခိုက်တွင် ယဲ့ကျန်းချောင်တောင်မှ ထမအော်ဘဲ မနေနိုင် ဖြစ်သွားရသည်။ သူ့မျက်နှာ၌ မယုံနိုင်ဟန်များ ထင်ဟပ်နေ၏။
*ရန်တန်းက ထုန်ရှန်ကျွီရမ်ကို အနိုင်ယူနိုင်တာလား*
“အား … ငါ့လက်”
ထုန်ရှန်ကျွီရမ် အော်ဟစ်မိနေသည်။ သူ့လက်မောင်းများ ပြတ်ထွက်သွားပြီး အရိုးများက ထင်းခနဲ ပေါ်နေ၏။ သေနိုင်လောက်သည်အထိ ပြင်းထန်သော ဒဏ်ရာပင်။ လူတိုင်း‌ ခေါင်းမွေးထောင်ကာ လိပ်ပြာလွင့်နေသည်ဟုပင် ခံစားမိသည်။
*တစ်ခါမှ မရှုံးဖူးတဲ့ ထုန်ရှန်ကျွီရမ်က တစ်ချက်တည်းနဲ့ အရေးနိမ့်သွားတာလား*
*ရန်တန်းက ဘယ်တုန်းက ဒီလို ကြောက်ဖို့ကောင်းသွားတာလဲ*
ထိုစဉ် လူတိုင်း၏ အကြည့်များက ယဲ့ဖန်ထံ ကျရောက်လာ၏။ အဘယ်ကြောင့်ဆိုသော် ရန်တန်းက “ကျွန်တော့်ကို ဥပဒေသ သင်ပေးတဲ့ လူကြီးမင်းယဲ့ကို ကျေးဇူးတင်ပါတယ်” ဟု ပြောခဲ့သည်ကို သူတို့ ရှင်းရှင်လင်းလင်း ကြားခဲ့ရ သောကြောင့်ပင်။
*ယဲ့ဖန်က သူ့ကို ဘာသင်ပေးလိုက်တာလဲ*
*မယုံနိုင်စရာပဲ*
*မယုံနိုင်စရာပဲ*
*ဒီယဲ့ဖန်မှာ မသိနိုင်တဲ့ ဝှက်ဖဲတွေ ဘယ်နှစ်ခု ရှိနေတာလဲ*
*ဈာန်ဝင်စားခြင်းအဆင့်တောင် မရောက်သေးတဲ့လ လူတစ်ယောက်မှာ ဘယ်လိုလုပ် ထင်မထားတဲ့ ပရိယာယ်တွေ ရှိနေရတာလဲ*
အရေးအကြီးဆုံးမှာ ယခုအချိန်ထိ ယဲ့ဖန်က အမှန်တကယ် မလှုပ်ရှားသေးခြင်းပင်။ သို့သော် ထိပ်တန်း လူသုံးယောက်က သူ့ကြောင့်နှင့် သေကြေကာ ဒဏ်ရာရသွားကြသည်။
ယဲ့ဖန်က အသာပြုံး၍ ခေါင်းခါလာသည်။ ထိုသိုင်းကွက်သည် ဘုံကိုးပါး ဧကရာဇ်ထဲမှ တစ်ပါးအဖြစ် သူ လူဝင်စားနေသည့် အစောပိုင်းအချိန်က တီထွင်ခဲ့သော သိုင်းကွက် ဖြစ်သည်။ သို့သော် သူ့ခွန်အားက တိုးတက် သန်မာလာပြီး ထိုသိုင်းကွက်က သူ့အတွက် အားနည်းလွန်းသဖြင့် စွန့်ပစ်ခဲ့သည်။
တစ်နည်းအားဖြင့် ဆိုရလျင် ရန်တန်းထံ စွန့်ကြဲလိုက်ခြင်း ဖြစ်သည်။ သို့သော် ဤသိုင်းကွက်က ထုန်ရှန်ကျွီရမ်ကို ချက်ချင်း ထိခိုက်အောင် လုပ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိပါ။
“တိုက်စစ်က အားနည်းလွန်းတယ်၊ သက်လုံ မလုံလောက်သေးဘူး၊ သတ်ဖြတ်မယ့် ခွန်အားကလည်း ပျော့လွန်းတယ်၊ တကယ်ကို ဘာအားမှမပါဘူး၊ အသုံးမကျလိုက်တာ”
ယဲ့ဖန်က ခေါင်းခါ၍ ပြောလိုက်သည်။
“နောက်ပိုင်း ဒီသိုင်းကွက်ကို အပြည့်အဝ မလေ့ကျင်နိုင်ရင် ငါ ထုတ်သုံးခွင့် မပေးနိုင်ဘူး၊ အဲ့ဒါမှပဲ ငါ အရှက်ကွဲ သက်သာမှာ”
လူတိုင်း ထိတ်လန့်သွားရပြန်သည်။
*ဒီလောက် ကြောက်စရာကောင်းနေတဲ့ သိုင်းကွက်ကို*
*ဒါတောင် မပြည့်စုံသေးဘူးလား*
*ဒါကသာ ပြီးပြည့်စုံတဲ့ သိုင်းကွက်ဖြစ်နေရင် ဘယ်လောက် ကြောက်စရာ ကောင်းလိုက်မလဲ*
*ထုန်ရှန်ကျွီရမ်ကို သဲအိတ်လို ပေါက်ကွဲအောင် သတ်နိုင်မှာလား*
*ကြောက်စရာကောင်းတယ်*
*တော်တော် ကြောက်စရာကောင်းတယ်*
ယဲ့ဖန်၏ စကားကို ကြားသော် စိတ်ပျက်ရမည့်အစား ရန်တန်းအား ကျိုးနွံသော ကျောင်းသားတစ်ယောက်သဖွယ် ခေါင်းကိုငုံ့၍ ပြန်ပြောလေသည်။
“ဟုတ်ကဲ့ပါ လူကြီးမင်းယဲ့”
သူ့စိတ်ထဲတွင် ဝမ်းသာနေပြီးသား ဖြစ်သည်။ ဤသိုင်းကွက်က ပြည့်စုံနေပြီဟု ထင်ထားသော်လည်း အမှိုက် အဆင့်သာ ရှိဦးမည်ဟု ထင်မထားမိပေ။
တစ်နည်းအားဖြင့် ဆိုရလျင် ဤသိုင်းကွက်သာ ပို၍ ပြည့်စုံလာပါက သူ ပိုသန်မာလာနိုင်ပေမည်။ ဤသည်ကို တွေးမိရုံနှင့်တင် ရန်တန်းတစ်ယောက် ရတနာတစ်ခုကို ကောက်ရသကဲ့သို့ မထိန်းနိုင်လောက်အောင် စိတ်လှုပ်ရှား လာ၏။
“ရန်တန်း ယဲ့ဖန်၊ ငါ မင်းတို့အလောင်းကို တစ်စစီ ဖြစ်အောင် လုပ်ပစ်မယ်”
ထုန်ရှန်ကျွီရမ် အလွန် ဒေါသူပုန် ထနေ၏။ သူ တစ်ခါမှ ဤသို့ ဆိုးဆိုးရွားရွား ဒဏ်ရာမရဖူးပါ။ မကြာခင်မှာပင် သူ၏ ခန္ဓာကိုယ်တွင်းမှ မီးတောင် ပေါက်ကွဲသံကဲ့သို့သော အသံတစ်သံ ထွက်ပေါ်လာပြီး ယန်စွမ်းအင်များ ပျံ့နှံ့လာသည်။
သူ၏ အရိုးများမှ ပဲသီးစေ့ တဖျောက်ဖျောက် ပေါက်သကဲ့သို့သော အသံ ထွက်လာသည်။ သူ၏ အနက်ရောင် ဆံပင်များ လျော့တိလျော့ရဲ ဖြစ်လာပြီး ခန္ဓာကိုယ်က ကြီးမားလာသည်။
အရပ်က သုံးမီတာ မြင့်လာပြီး ခက်ထန်ကြမ်းကြုတ်သော လူ့ဘီလူးအသွင် ပြောင်းလဲလာ၏။ နတ်ဆိုး တစ်ကောင်ဟုပင် ထင်မှတ်မှားရသည်။ ဤသည်မှာ ထုန်ရှန်ကျွီရမ်၏ ပုံစံ အစစ်အမှန် ဖြစ်ပေသည်။
“ဂါး”
သူ ရုတ်တရက် မာန်ဖီလိုက်သဖြင့် အော်သံက ဘေးလူများအားလုံးအား ရိုက်ခတ်သွားသည်။ စုန့်ကျီရှီးနှင့် အားနည်းသူများအားလုံးသည် ဤဆိုးရွားသော အသလှိုင်းကို တောင့်မခံနိုင်သဖြင့် တစ်ပြိုင်ထဲ နားထဲမှ သွေးများ စီးကျလာ၏။
သိုင်းပညာရှင်များအားလုံးသည်လည်း တုန်ရီနေပြီး ခေါင်းမူးကာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာမရအောင် တောင့်ခံ နေရသည်။ လူတိုင်း အတွင်းစိတ်ထဲအထိ ကြောက်လန့်နေကြသည်။
“ငါ မင်းကို အရှင်လတ်လတ် အရေခွံနွှာပစ်မယ်ကွ”
ထုန်ရှန်ကျွီရမ်က ရုတ်တရက် ရှေ့သို့ ပြေးတက်လာသည်။
“ဒုန်း ဒုန်း ဒုန်း”
ကြီးမားလေးလံသော ခြေလှမ်းများကြောင့် မြေငလျင်လှုပ်သကဲ့သို့ တုန်ခါလာ၏။ လူတိုင်း ကြောက်လန့် တကြားနှင့် မျက်နှာဖြူရော်လာလေသည်။
ဧရာမ လူ့ဘီလူးကြီး ဖြစ်နေသော ထုန်ရှန်ကျွီရမ် ပြေးတက်လာသည့်ပုံစံသည် လူတိုင်း မျက်နှာပျက်ကာ အိပ်မက်ဆိုး မက်ရသည်အထိ ဖြစ်လာလေသည်။
သို့သော် ရန်တန်းက တည်ငြိမ်မြဲ တည်ငြိမ်ဆဲပင်။ ယခင်က သူမဟုတ်တော့ဟု ပြောထားသလိုပင် သူ၏ မျက်နှာက တည်ငြိမ်နေပြီး ထုန်ရှန်ကျွီရမ်အား ကြောက်ရွံ့ခြင်း မရှိဘဲ ယုံကြည်မှုရှိစွာဖြင့် ကြည့်နေလေသည်။ ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကလည်း ယဲ့ဖန်က ပေးစွမ်းထားခြင်း ဖြစ်ပေသည်။
“သေပေတော့”
ထိုစဉ် ဧရာမ ထုန်ရှန်ကျွီရမ်၏ လက်သီးချက်က ရန်တန်း၏ ဦးခေါင်းထက်သို့ အရှိန်ဖြင့် ကျဆင်းလာသည်။ ယဲ့ကျန်းချောင်က ထီမထင်ဟန် မျက်နှာပေးဖြင့် ပျက်ရယ်ပြုလာသည်။
နတ်ဆိုးသဖွယ် ဖြစ်နေသော ထုန်ရှန်ကျွီရမ်က မည်မျှ ကြောက်စရာကောင်းကြောင်း လူတိုင်း အထင်းသား မြင်နေရသည်။ ကျုံးကျိုး အင်ပါယာ၏ ရှားပါး ပါရမီရှင်ဟုပင် တင်စားခဲ့ရသော သူ၏ အစ်ကိုကြီးပင် ထုန်ရှန်ကျွီရမ်အား တလေးတစား ဆက်ဆံရသည်။
ရန်တန်း၌ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် ခွန်အားမျိုး ရှိနေလျင်တောင်မှ တားဆီးနိုင်မည် မဟုတ်ပါ။ ရန်တန်း လုံးဝ တားဆီးနိုင်မည် မဟုတ်၊ ဤခွန်အားက တားဆီးရန် ခက်ခဲပေသည်။ လူတိုင်း ထိုသို့ ယုံကြည် ထားကြသည်။
“ဝုန်း”
ကျယ်လောင်သော အသံတစ်သံကြောင့် လူတိုင်း ထိတ်လန့်သွားလေသည်။
“ပေါက်ကွဲသွားပြီ၊ ရန်တန်း ပေါက်ကွဲသွားပြီ”
ယဲ့လုံအန် အံ့ဩဝမ်းသာစွာ ထရယ်လေသည်။ ရန်တန်း သေလိမ့်မည်ဟု လူတိုင်း ယုံကြည်နေကြပြီး ဤအသံက အကောင်းဆုံး သက်သေပင်။
ဆက်လက် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် ရန်တန်း ရပ်နေသော နေရာ၌ ဘာဆိုဘာမှ ရှိမနေသောကြောင့်ပင်။ ထိုနေရာ၌ လွင့်ပြယ်စပြုနေသော ဖုန်မှုန့်များသာ ရှိလေသည်။
ရန်တန်း ဘယ်ဆီဘယ်ဝယ် ရောက်နေမှန်း မည်သူမှ မသိကြပေ။ ထုန်ရှန်ကျွီရမ်တောင်မှ ထိတ်လန့်ကာ မျက်နှာ ဖြူရော်သွားသည်။
*လူတစ်ယောက်က တစ်ခဏအတွင်း ပျောက်ကွယ်သွားတာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ကောင်းကင် လှုပ်ခါခြင်း”
ရုတ်ချည်းဆိုသလိုပင် အေးစက်၍ လူသတ်ချင်သော အငွေ့အသက်များ ပါဝင်သည့် အသံတစ်သံက ထုန်ရှန်ကျွီရမ်၏ အနောက်မှ ထွက်ပေါ်လာ၏။ ငရဲမှထွက်ပေါ်လာသည်ဟု ထင်မှတ်ရသော စွမ်းအင်များက ထုန်ရှန်ကျွီရမ်၏ ကျောပေါ် ကျရောက်လာသည်။ ထိုအခါ ထုန်ရှန်ကျွီရမ်၏ အရေပြားများ စုတ်ပြတ်ကာ သွေးများ ပန်းထွက်လာလေသည်။ သူ ဒုတိယတစ်ကြိမ် ဒဏ်ရာရသွားပြန်သည်။
“ဘယ်လိုလုပ် …”
“ဘာလို့ ရန်တန်းက သူ့အနောက်နေ ပေါ်လာတာလဲ”
“အဆုံးသတ်မှာ ဘာဖြစ်သွားတာလဲ”
“အံ့ဩစရာပဲ”
ကျောနောက်၌ သွေးအလိမ်းလိမ်းနှင့် အပေါက်ကြီးဖြစ်အောင် အထိုးခံထားရသည့် ထုန်ရှန်ကျွီရမ်ကို ကြည့်ပြီး သူတို့ အိပ်မက်မက်နေသည်ဟုပင် ခံစားမိနေ၏။ ထိုစဉ် ရန်တန်းက ဒေါသတကြီးဖြင့် အော်ဟစ်လေသည်။
“ကျွန်တော့်ကို ခန္ဓာကိုယ်ကျင့်စဉ် ပေးတဲ့ လူကြီးမင်းယဲ့ကို ကျေးဇူးတင်ပါတယ်”
*ထပ်ပြီးတော့ လူကြီးမင်းယဲ့ပဲလား*
*လာပြန်ပြီ သောက်လူကြီးမင်းယဲ့*
ယဲ့ကျန်းချောင်နှင့် အခြားသူများ ယဲ့ဖန်ကို အခါတစ်သောင်းမက ခုတ်ထစ်ရန် မစောင့်နိုင်တော့ချေ။ ယဲ့ဖန်ကြောင့်သာ မဟုတ်ပါက သူတို့ ထပ်ခါထပ်ခါ အထိနာမည် မဟုတ်ပါ။
ဟွိုင်အန်းမြို့မှ အင်အားကြီးသူတစ်ချို့ သွေးပျက်စ ပြုလာ၏။ သူတို့၏ အမူအရာက အတော်လေး မူမမှန်တော့ဘဲ ယဲ့ဖန်ကို ငေးကြည့်နေကြသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က အလွန် ဆန်းကြယ်နေသောကြောင့်ပင်။ ရန်တန်းသာမက ကင်းမြီးကောက် လူသတ်သမားပါ အနိုင်ရသွားသည့် အကြောင်းရင်းမှာ ယဲ့ဖန်ကြောင့်သာ ဖြစ်သည်။
*သူ့ဆီမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေတာလဲ*
“အရှင် ထိုင်ပါဦး”
ထိုစဉ် ထျဲမူထားက ဧရာမ ဆိုဖာတစ်လုံးကို သယ်၍ ရောက်လာပြီး ယဲ့ဖန်၏ အနောက်၌ ချပေးလေသည်။
ဒုန်း!
ကြမ်းပြင်တစ်ခုလုံး ကျိုးကြေပျက်စီးသွားလေသည်။ ဤမြင်ကွင်းက အလွန် တုန်လှုပ်စရာ ကောင်းလှသည်။ ထိုဆိုဖာသည် အဖြိုက်နက်ဖြင့် ပြုလုပ်ထားသော ဆိုဖာဖြစ်ပြီး အလွန်လေးလံ၏။
ဆယ်တန်မက လေးလံသော ထိုဆိုဖာအား ရှေးခေတ် သံချပ်ကာ ဝတ်ထားသော လူက လက်တစ်ဖက်တည်းဖြင့် မထားသဖြင့် အံ့ဩစရာ ကောင်းလှသည်။
ယဲ့ဖန်က ဆိုဖာ၌ ထိုင်ချလိုက်ပြီးနောက် ကျုံးဝမ်၏ လက်ကိုဆွဲ၍ သူ့ပေါ် ထိုင်ခိုင်းလေသည်။ ကျုံးဝမ်မှာမူ ကြောက်လန့်နေသဖြင့် မျက်နှာတစ်ခုလုံး ဖြူရော်နေ၏။ အဘယ်ကြောင့်ဆိုသော် သူမဘေး၌ ထိုင်နေသူမှာ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်နေသောကြောင့်ပင်။
ထိုစဉ် ယဲ့ဖန်က စကားစလာ၏။
“ရန်တန်း နောက်သုံးမိနစ်အတွင်း သူ့ကို မသတ်နိုင်ရင် မင်း သေရမယ်”
“ဒီငယ်သား အမိန့်ကို နာခံပါ့မယ်”
ရန်တန်းက မချိုမချဉ်ပြုံးလိုက်ပြီး ထုန်ရှန်ကျွီရမ်ထံ ဖြည်းဖြည်းချင်း လှမ်းသွားလေသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now