Chapter 1063

333 35 2
                                    

စာစဉ် 71 Chapter 1063 ကင်းမြီးကောက်၏ အနူးအညွတ် တောင်းပန်ခြင်း

တစ်ချိန်တည်းမှာပင် ရေတိမ်ခရိုင်၏ အိမ်တော်တစ်ခုအတွင်း၌ အဘွားအိုတစ်ယောက်က ခုတင်ထက်တွင် ငြိမ်သက်စွာ လှဲလျောင်းနေ၏။ သူမသည် အချိန်တိုင်း မူးဝေနေပြီး ညည်းတွားမိနေသည်။
သူမသည် မျက်တွင်းချောင်ကျကာ ပါးများချိုင့်နေပြီး နဖူး၌ အရေအကြောင်းများ တွန့်လိမ်နေကာ သေမင်း အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူမပုံစံက ပြင်းထန်သော ဝေဒနာကို ခံစားနေရပုံ ပေါ်သည်။
ကင်းမြီးကောက် လူသတ်သမား၏ မျက်လုံးမှ မျက်ရည် စီးကျလာသည်။ မိခင်ဖြစ်သူ၏ နေမကောင်း ဖြစ်နေသော မြင်ကွင်းကို မြင်နေရသည်ထက် မိမိသေသွားသည်က ပိုကောင်းသည်ဟု တွေးမိလောက်သည်အထိ ရင်နာနေရသည်။
“အမေ၊ ရက်နည်းနည်းလောက်ပဲ ထပ်တောင့်ခံထားပေးပါ၊ ဖျင်အန်းမြို့မှာ ဆေးပညာရှင်တစ်ယောက် ရောက်နေပြီ၊ သား အဲ့လူကို ရှာတွေ့တာနဲ့ ဘယ်လိုလူစားပဲ ဖြစ်နေပါစေ၊ သူ့ကို သား အနူးအညွတ် တောင်းပန်ပြီး အမေ့ကို ကုသပေးအောင် ပြောမှာပါ”
လူဖြစ်ဖြစ်၊ နဂါးဖြစ်ဖြစ် မျက်တောင်တစ်ချက် မခတ်ဘဲ သတ်ပစ်ရန် ဝန်မလေးတတ်သည့် ရက်စက်သော အမူအကျင့်ရှိသော ရေတိမ်ခရိုင်၏ ဘုရင်က မိခင်၏ ခုတင်ဘေး၌ ကျိတ်၍ ငိုနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
“ကျွန်တော့်အမှားပါ”
“အတိတ်တုန်းက ကျွန်တော့်ကို အမေ ကယ်ဖို့ မလုပ်ခဲ့ဘူးဆိုရင် သွေးတစ္ဆေကြွက် ကိုက်တာကို ခံခဲ့ရမှာ မဟုတ်ဘူး၊ အဲ့လိုသာဆိုရင် အမေ သွေးတစ္ဆေကြွက်ရဲ့ အဆိပ် မိမှာ မဟုတ်သလို၊ ဒီလိုမျိုး သေရတာထက် ပိုဆိုးတဲ့ ဝေဒနာကို နေ့တိုင်း ခံစားနေရမှာ မဟုတ်ဘူး”
“အမေ့ကို ကျွန်တော် သတ်မိတာ၊ ဒါတွေအားလုံးက ကျွန်တော့်ကြောင့် …”
လက်ရှိအချိန်တွင် ကင်းမြီးကောက် လူသတ်သမားသည် မျက်ရည်လည်ရွဲဖြင့် ငိုကြွေးကာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၍ ခေါင်းကို လက်သီးဖြင့် အကြိမ်ကြိမ် ထိုးနှက်နေ၏။
ညတိုင်း မိခင်ဖြစ်သူ၏ သွေးတစ္ဆေကြွက်၏ အဆိပ်ကြောင့် နာကျင်စွာ အော်ဟစ်နေသံကို သူ ကြားနေရသည်။ ထိုအော်သံများကြောင့် မိမိရင်ကို ဓားဖြင့် မွှန်းနေသကဲ့သို့ ခံစားရလေသည်။
ကုန်လွန်ခဲ့သော နှစ်များအတွင်း ကင်းမြီးကောက် လူသတ်သမားသည် ငယ်ရွယ်သော အချိန်မှစ၍ တိုက်ခိုက် ဖြစ်လာခဲ့သည်မှာ အောင်မြင်မှုအတွက် မဟုတ်သလို စည်းစိမ်ဥစ္စာအတွက်လည်း မဟုတ်ပေ။
သူ၏မိခင်အတွက်သာ ဖြစ်သည်။ သူသည် မိခင်ဖြစ်သူအား ဆေးကုပေးနိုင်မည့် ဆေးပညာရှင်ကို ဖိတ်ကြားနိုင် လောက်သည်အထိ သန်မာသော လူတစ်ယောက် ဖြစ်ချင်သည်။
ယခုအခါတွင် သူ၏ မျှော်လင့်ချက်များ ဖြစ်ပေါ်လာပေသည်။ သို့သော် ထိုသူကို ပြန်ရှာမတွေ့သေးသဖြင့် ပို၍ ရတက်မအေး ဖြစ်နေရသည်။
ထိုစဉ် ကင်းမြီးကောက် လူသတ်သမားသည် မတ်တပ်ထရပ်၍ အသက်အရွယ် ကြီးရင့်နေသော မိခင်ဖြစ်သူအား အလေးအနက် စိုက်ကြည့်ပြီးနောက် အခန်းတံခါး ပိတ်ကာ ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။
“ဘော့စ်”
ဧည့်ခန်းထဲတွင် အင်အားကြီးသော မြေအောက် ထူးချွန်သူတစ်ချို့က ကင်းမြီးကောက် လူသတ်သမား ထွက်လာသည် ကိုမြင်ပြီး တစ်ယောက်ပြီး တစ်ယောက် ထရပ်လာကြသည်။
“အခြေအနေ ဘယ်လိုရှိလဲ”
ထိုအခိုက်တွင် ကင်းမြီးကောက် လူသတ်သမားသည် သွေးအေးသော နတ်ဆိုးဘုရင်ကဲ့သို့သော အမူအရာမျိုး ဖြစ်နေပြီး အေးစက်စက် လေသံဖြင့် မေးလိုက်သည်။
သူ့စကားကြောင့် မြေအောက်လောက လူဆိုးများအားလုံး မျက်နှာ ပျက်ယွင်းသွားကြသည်။
“တောင်းပန်ပါတယ် ဘော့စ်၊ ကျွန်တော့ လက်အောက်ငယ်သားတွေက ပြောထားတဲ့ ပုံစံနဲ့ ကိုက်ညီတဲ့လူကို ရှာမတွေ့သေးပါဘူး”
“ဘော့စ်၊ ကျွန်တော့်လူအားလုံးကို ရေတိမ်ခရိုင်က ဟိုတယ်တွေအားလုံးကို စောင့်ကြည့်ခိုင်းထားပါတယ်၊ အခုထိတော့ ရှာလို့မတွေ့သေးပါဘူး”
“…”
လက်အောက်ငယ်သားများ၏ တင်ပြမှုများကို နားထောင်ပြီး ကင်းမြီးကောက် တဖြည်းဖြည်း ရင်လေးလာ၏။ သူ စိတ်ပျက်ကာ ပြတင်းပေါက်နားသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ထို့နောက် သူသည် ယန်စီးကရက် တစ်ဘူးကို ထုတ်ကာ တစ်လိပ်ကို ထုတ်၍ မီးညှိလိုက်သည်။
ဆေးလိပ်ကို ခပ်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးနောက် ကောင်းကင်မှ လသာသာကို ကြည့်ပြီး စိုးရိမ်၍ အလောကြီးသော အမူအရာဖြင့် ရေရွတ်လိုက်သည်။
“ဆေးပညာရှင်၊ ကျေးဇူးပြုပြီး မြန်မြန် ပေါ်လာပါတော့”
“ကျုပ် အသက်ကို လိုချင်တယ်ဆိုရင်တောင်မှ ကျုပ်အမေ နေပြန်ကောင်းမယ်ဆို ကျုပ်အသက်ကို ပေးပါ့မယ်”
ကင်းမြီးကောက် လူသတ်သမား လသော်တာကို ငေးကြည့်၍ တောင်းပန်နေစဉ်တွင် ရုတ်တရက် သူ၏ စမတ်နာရီမှ ခေါ်ဆိုသံ ထွက်လာ၏။
ကင်းမြီးကောက် လူသတ်သမား အံ့ဩသွားပြီး မြန်မြန် ကိုင်လိုက်သည်။ ထိုအခါ သူ၏ လက်ကောက်ဝတ်မှ ပုံရိပ်ယောင်တစ်ခု ထွက်လာသည်။ ထိုပုံရိပ်ယောင်သည် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ ပုံပင်။ ထိုသူသည် အလွန် ဝမ်းသာနေသော အမူအရာဖြင့် ကင်းမြီးကောက် လူသတ်သမားကို သတင်းပို့လာသည်။
“ဘော့စ်၊ ကျွန် … ကျွန်တော် အဲ့လူကို ရှာတွေ့ပါပြီ၊ အခု အဲ့လူက ဘုရင့်ဘားရဲ့ စားပွဲ ၆၀၆ မှာ ရှိနေပါတယ်”
ထိုစကားကြောင့် ကင်းမြီးကောက် လူသတ်သမား တုန်လှုပ်သွားပြီး စိတ်လှုပ်ရှား ပျော်ရွှင်လာရသည်။ ထို့ကြောင့် သူသည် တုန်ယင်နေသော လေသံဖြင့် ပြန်ပြောလိုက်လေသည်။
“ဘုရင့်ဘားက ရှုထျန်းရှုံး စီမံနေတဲ့ နေရာပဲ၊ ငါ အခု ရှုထျန်းရှုံးကို ခေါ်ပြီး အဲ့ဒီလူကို ဧည့်ခံထားဖို့ ပြောလိုက်မယ်”
“ငါ အဲ့ဒီကို လူခေါ်ပြီး ချက်ချင်း လိုက်သွားမယ်”
ထိုသို့ပြောပြီးသည်နှင့် ကင်းမြီးကောက် လူသတ်သမားက အချက်ပြလိုက်သည်။ ထိုအခါ မြေအောက်လောက သားများက နောက်မှ တစ်ယောက်ချင်းစီ လိုက်လာကြသည်။
ကင်းမြီးကောက် လူသတ်သမားသည် စံအိမ်ထဲမှ ခပ်သွက်သွက် ထွက်လာပြီး ဘုရင့်ဘား၏ မန်နေဂျာ ရှုထျန်းရှုံးထံ ဖုန်းခေါ်လိုက်လေသည်။

ထိုအချိန်တွင် ဘုရင့်ဘားအတွင်း၌ ယဲ့ဖန်နှင့် ကျုံးလီအာတို့က စားပွဲနံပါတ် ၆၀၆ သို့ လျှောက်သွားလေသည်။ အနားသို့ ရောက်ခါနီးလာသည်နှင့် ထိုစားပွဲ၌ လူငယ်အရွယ် အမျိုးသား၊ အမျိုးသမီး ငါးယောက်၊ ခြောက်ယောက်ခန့် ရောက်နှင့်နေပြီး ထိုင်၍ ဝိုင်သောက်နေကြသည်ကို‌ တွေ့လိုက်ရသည်။
ကျုံးလီအာကို မြင်သည်နှင့် လူငယ်တစ်ယောက်က ရုတ်တရက် ထရပ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလာသည်။
“လီအာ၊ နောက်ဆုံးတော့ မင်းရောက်လာပြီပဲ”
ထိုလူငယ်သည် တစ်ကိုယ်လုံး၌ သောင်းချီတန်သည့် ယန်နယ်မြေမှ မိစ္ဆာသားရဲများ၏ သားမွေးဖြင့် ထိုးထားသော ဝတ်စုံကို ဝတ်ဆင်ထားသည်။
ထို့အပြင် သူ၏အင်္ကျီစကို ပင့်တင်လိုက်သည်နှင့် နောက်ဆုံးပေါ် v6 ပထမမျိုးဆက် စမတ်နာရီ ပေါ်လာသည်။ ထိုနာရီ တစ်ခုတည်းနှင့်တင် ရှစ်သောင်း တန်နေသည်။
သူ့၌ ပြင်းပြသော ယန်စွမ်းအင်များ ရှိပြီး သူ၏ ချောမောသော အသွင်အပြင်ကိုပါ ပေါင်းထည့်လိုက်သောအခါ အလွန် ချောမောခံ့ညားသွားလေသည်။
သူ၏ ဤစုဝေးပွဲအား စီစဉ်သည့် ဖန်းရီပေါ် ဖြစ်သည်။ လက်ရှိတွင် ဖန်းရီပေါ်သည် လီအာအား မီးတောက်သော အကြည့်များဖြင့် ကြည့်နေ၏။ ဤသည်ကိုကြည့်ပြီး ကျန်အမျိုးသား၊ အမျိုးသမီးများက ထရပ်ပြီး စိတ်အား တက်ကြွစွာ ပြောလာသည်။
“လီအာ၊ မင်း ရောက်လာပြီပဲ၊ နာရီဝက်အတွင်း မင်း မလာသေးဘူးလားလို့ သူ မေးနေတာ ခုနစ်ခါလောက် ရှိနေပြီ”
“ဟုတ်တယ်၊ ဖန်းသခင်လေး လူတစ်ယောက်ကို ဒီလောက် ဆွဲလိုက်တာကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ”
“…”
ဤလူငယ် အမျိုးသားနှင့် အမျိုးသမီးများသည် ဖန်းရီပေါ်က လီအာကို မည်မျှ အလေးပေးနေကြောင်း တစ်ယောက်ပြီး တစ်ယောက် ပြောနေကြသည်။ သူတို့ မျက်နှာလုပ်ချင်နေမှန်း သိသာလှသည်။ ကျုံးလီအာဘေးမှ ယဲ့ဖန်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး မသိမသာ အံ့ဩသွားကြသည်။
“လီအာ၊ သူက ဘယ်သူလဲ”
မိန်းကလေးတစ်ယောက်၏ အမေးကြောင့် သူတို့အားလုံး၏ အကြည့်က ယဲ့ဖန်ပေါ် ကျရောက်လာသည်။ ယခင်က သူတို့၏ အာရုံက ကျုံးလီအာပေါ်၌သာ ရှိနေခဲ့ပြီး ယခုအခါတွင်မှ ယဲ့ဖန်ကို သူတို့ သတိထားမိ သွားကြသည်။
အထူးသဖြင့် ဖန်းရီပေါ်ပင်။ ယဲ့ဖန်၏ ခက်ထန်၍ သူမတူသော အရှိန်အဝါကြောင့် သူသည် အချစ်ပြိုင်ဘက်ကို တွေ့လိုက်ရသော သားရဲတစ်ကောင်သဖွယ် ဖြစ်သွားပြီး မျက်လုံး၌ မကြိုဆိုသော အရိပ်အယောင်များ စွန်းထင်း လာသည်။
ကျုံးလီအာသည် နှလုံးသား ဖြူစင်သောကြောင့် ယခုအခြေအနေက မကောင်းလှသည်ကို သတိမထားမိချေ။ သူမက ပြုံးလိုက်ပြီး ယဲ့ဖန်၏လက်မောင်းကိုကိုင်၍ မိတ်ဆက်ပေးလိုက်သည်။
“သူက ယဲ့ဖန်လေ”
ထိုသို့ပြောပြီးသည်နှင့် ကျုံးလီအာက ယဲ့ဖန်ကို ထိုသူများနှင့် မိတ်ဆက်ပေးလေသည်။
“အစ်ကိုယဲ့၊ ညီမ မိတ်ဆက်ပေးရဦးမယ်၊ ဒါက ညီမ အခင်ဆုံးသူငယ်ချင်း ဖေးဖေးနဲ့ ရှောင်ရွှမ်လေ၊ သူတို့ဘေးနားက လူသုံးယောက်က ညီမ အတန်းဖော် ရှုလင်၊ မာကျွင်းနဲ့ ဖန်းရီပေါ်”
ကျုံးလီအာ၏ စကားအဆုံး၌ ထိုစားပွဲတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ဖေးဖေး၊ ရှောင်ရွှမ်၊ မာကျွင်းနှင့် ရှုလင်တို့အားလုံးက ကျုံးလီအာတစ်ယောက် ယဲ့ဖန်၏ လက်မောင်းအား ကိုင်ထားသည်ကိုမြင်ပြီး ဖန်းရီပေါ်ကို တစ်ချက် ခိုးကြည့်လိုက်သည်။ ထိုအခါ ဖန်းရီပေါ်၏ မျက်နှာထားက ပိုပို၍ သုန်မှုန်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားကြသည်။
“မင်း၊ ဟဲလို … ငါ့နာမည်က ဖန်းရီပေါ်ပါ”
ဖန်းရီပေါ်၏ သုန်မှုန်နေသော မျက်နှာထားက ချက်ချင်း ပျောက်ကွယ်သွားပြီး ဟန်လုပ်ပြုံးကာ ယဲ့ဖန်ထံ လက်ဆန့်ပေးလိုက်သည်။ ဖန်းရီပေါ်၏ အမူအရာကို ယဲ့ဖန် သတိထားမိသော်လည်း ဂရုမစိုက်ဘဲ သူနှင့် လက်ချင်းဆွဲ၍ နှုတ်ဆက်လိုက်သည်။
“ယဲ့ဖန်”
ယဲ့ဖန်သည် အခြားသူများကို နှုတ်ဆက်ပြီးသည်နှင့် ကျုံးလီအာနှင့်အတူ ဝင်ထိုင်လိုက်သည်။ ထိုအခါ အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲနေ၏။ သို့ရာတွင် ကျုံးလီအာ၏ အာရုံက ယဲ့ဖန်ထံ၌သာ ရှိနေသဖြင့် ဘာကိုမှ မခံစားမိပေ။ သူမသည် ယဲ့ဖန်ဘေး၌ထိုင်၍ သူ့ကိုသာ စကားပြောနေမိသည်။
ဤအဖြစ်ကြောင့် ဖန်းရီပေါ်နှင့် အခြားသူများ မျက်နှာ သုန်မှုန်လာပြီး အချိန်ကြာလာသည်နှင့်အမျှ အကြည့်များက တင်းမာလာ၏။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now