Chapter 1058

383 43 3
                                    

စာစဉ် 71 Chapter 1058 မွှေးပျံ့သော ရနံ့

တဖြည်းဖြည်းနှင့် အချိန်ကုန်ဆုံးလာပြီး လျပ်တစ်ပြက်အတွင်း နောက်ထပ် ငါးရက်တာ ကုန်ဆုံးသွားလေသည်။
ဤငါးရက်တာအတွင်း ယန်နယ်မြေ၏ ဖိအား ဥပဒေသနှင့် ယဲ့ဖန် အသားကျလာ၏။ ထို့အတူ ဤဖိအား အောက်၌ သူ၏ကြွက်သားများက ပို၍ကျစ်လျစ် သန်မာလာကြောင်း သိလာရသည်။ ခန္ဓာကိုယ်တွင်းမှ စွမ်းအင်သည်လည်း လျင်မြန်စွာ သန့်စင်လာသည်။
ထို့အပြင် ဘုံကိုးပါး ယန်စွမ်းအင်၏ အကူအညီကြောင့် သူ၏ ယန်စွမ်းအင်ကို စုပ်ယူနိုင်သည့် နှုန်းကလည်း ကြောက်စရာကောင်းလာ၏။
စားသောက်ဆိုင်လေး၏ တံခါးဝရှေ့၌ ယဲ့ဖန်သည် နေပူဆာလှုံသကဲ့သို့ ကျောက်သားစင်္ကြံ၌ ထိုင်မြဲ ထိုင်နေသည်။
သို့သော် ကောင်းကင်ယံမှ ပူပြင်းသော ယန်စွမ်းအင်များက မမြင်နိုင်သော စွမ်းအင်လှိုင်းအသွင် ပြောင်းသွားပြီး သူ၏ အရူးအမူး စုပ်ယူခြင်း ခံနေရသည်ကို မည်သူမှ မမြင်နိုင်ကြချေ။
ဖောက် ဖောက် ဖောက်။
ပဲစေ့ ပေါက်သကဲ့သို့သော အသံမျိုး ထွက်လာသဖြင့် ယဲ့ဖန် မျက်လုံးမှိတ်ထားရာမှ ပြန်ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းတွင်း၌ ရွှေရောင် အလင်းတန်းတစ်ခု လှစ်ခနဲ ဖြတ်ပြေးသွားသည်။
“ဒါ ငါးရက်အတွင်း လေးကြိမ်မြောက် အဆင့်တက်ခြင်းပဲ”
ယန်စွမ်းအင်၏ အကျိုးသက်ရောက်မှုက ငရဲဘုံမှ ရောက်လာသော သူ့အတွက် တုန်လှုပ်စရာ ကောင်းလှသည်။ ယန်နယ်မြေ၌ သူ တစ်ရက်တာ ကျင့်ကြံခြင်းသည် ငရဲဘုံ၌ နှစ်ဆယ်ချီ သို့မဟုတ် ရာချီ၍ ကျင့်ကြံခြင်းရလဒ်နှင့် ညီမျှနေ၏။
ပထမအကြိမ် အဆင့်တက်ချိန်တွင် နတ်အထွတ်အထိပ်အဆင့်မှနေ၍ အဆင့် ခြောက်ဆင့်ကို ချိုးဖောက်၍ အဓိက နတ်ဘုရား တစ်ပိုင်းအဆင့်သို့ ရောက်ခဲ့သည်။
ဒုတိယတစ်ကြိမ်၌ အဓိက နတ်ဘုရားတစ်ပိုင်းအဆင့်မှနေ၍ အဆင့်ငယ် လေးခုကို ကျော်ဖြတ်ပြီး အဓိက နတ်ဘုရား အထွတ်အထိပ်အဆင့်သို့ ရောက်သွားခဲ့သည်။
တတိယတစ်ကြိမ်တွင်မူ အဆင့်ငယ် နှစ်ခုကို ချိုးဖောက်ကာ လောကသခင် စဦးအဆင့်သို့ ရောက်သွား လေသည်။ ယခု စတုတ္ထမြောက် အကြိမ်၌ စဦးအဆင့်မှနေ၍ လောကသခင် အလယ်အလတ်အဆင့်သို့ ရောက်လာသည်။
“ယန်စွမ်းအင်ကို ခန္ဓာကိုယ်ထဲ စုပ်ယူတဲ့ ပထမဆုံးအကြိမ်က အဆင့်ချိုးဖောက်နှုန်း ကြောက်စရာ အကောင်းဆုံး ဖြစ်ခဲ့တာနဲ့ တူတယ်”
“ပိုပြီး စုပ်ယူလေ အဆင့်တက်ရ ခက်လာလေ”
ငါးရက်အတွင်း အဆင့်ငယ် ဆယ့်သုံးခုကို ဖြတ်ကျော်နိုင်ခြင်းကို ငရဲဘုံက လူများသာ ကြားသိသွားပါက သေမတတ် ထိတ်လန့်သွားလောက်သည်။
သို့သော် လက်ရှိတွင် ယဲ့ဖန်က ထိုမျှနှင့် မကျေနပ်သေးချေ။ ယဲ့ဖန်၏ အတွေးကိုသာ အခြားသူများ သိသွားပါက လူတိုင်း ဒေါင်ချာစိုင်းသွားလောက်သည်။
“ငါ့ ဘုံကိုးပါး ယန်စွမ်းအင်က ပိုအစွမ်းထက်လို့ တော်သေးတယ်”
ယဲ့ဖန် အသာပြုံးလိုက်သည်။ သူ၏ လေးလွှာမြောက် မှတ်ဉာဏ်ထဲမှ ဘုံကိုးပါး ယန်စွမ်းအင်သည် အပ်ထိပ်မျှသာ ရှိလေသည်။ သို့သော် ဤငါးရက်အတွင်း သူ ယန်စွမ်းအင်ကို နေ့တိုင် စုပ်ယူ ခဲ့သည်။
ထို့ကြောင့် သူ၏ခန္ဓာကိုယ်၌ ယန်စွမ်းအင်များ ပြည့်နှက်လာပြီး ကိုယ်တွင်းမှ ဘုံကိုးပါး ယန်စွမ်းအင် သည်လည်း လက်သန်းတစ်လုံးစာ ကျစ်လျစ်လာ၏။
ထို့အပြင် သူ၏ မှတ်ဉာဏ်ထဲမှ ဘုံကိုးပါး ဧကရာဇ်၏ မှတ်ဉာဏ်က အလွန် ရောထွေးနေသည်ကို ယဲ့ဖန် သိလိုက်ရသည်။
ထူးဆန်းသော သိုင်းပညာများသာမက ယန်နယ်မြေ၏ ဆေးဝါးဖော်စပ်ပုံ၊ ယန်နယ်မြေ၏ ပုံသွင်းခြင်း၊ တားမြစ်ချက် စသဖြင့် စုံလင်စွာ ရှိနေသည်။
ယဲ့ဖန်သည် သူ၏ ဘုံကိုးပါး ဧကရာဇ်မှတ်ဉာဏ်သည် ယန်နယ်မြေမှ ဧကရာဇ်ကိုးပါး၏ မှတ်ဉာဏ်များ ဖြစ်ကြောင်း နားလည်လိုက်သည်။
ထိုဧကရာဇ်များထဲမှ တစ်ပါးသည် ဧကရာဇ် မင်ရှစ် ဖြစ်သည်။ သူ၏ အချိန်ကုန်ဆုံးချိန်တွင် သူ၏ ကြောက်စရာကောင်းသော လက်အောက်ငယ်သားများ၊ သန်းချီသော စစ်သူကြီးများနှင့် စစ်သည်တော် များအား ကမ္ဘာမြေအောက်၌ ချိပ်ပိတ်ထားခဲ့ပြီး ပြန်လည် ရှင်သန်လာမည့် အချိန်ကို စောင့်စေခဲ့သည်။
“ဧကရာဇ် မင်ရှစ်ရဲ့ သန်းချီတဲ့ စစ်သည်တော်တွေကို နိုးထစေဖို့အတွက် ကြောက်စရာကောင်းလွန်းတဲ့ စွမ်းအင် လိုအပ်တယ်၊ ငါ့လက်ရှိအဆင့်နဲ့ဆို အဲ့လိုလုပ်ဖို့ လုံးဝ မဖြစ်နိုင်ဘူး”
ယဲ့ဖန် ကျိတ်၍ သက်ပြင်းချလိုက်မိသည်။ သူသာ ဧကရာဇ်မင်ရှစ်၏ စစ်သူကြီးများနှင့် စစ်သည်တော် များကို နိုးထနိုင်စေပါက ကျုံးကျိုးနယ်မြေတစ်ခုလုံးကို ရှင်းလင်းနိုင်မည် ဖြစ်ကြောင်း သိနေသည်။
ယဲ့ဖန် ထိုင်၍စဉ်းစားနေချိန်တွင် မိတ်ကပ် ထူလပျစ် လိမ်းထားပြီး ကြီးမားသော တင်စိုင်များရှိသည့် ဝဖိုင့်ဖိုင့် အမျိုးသမီး တစ်ယောက်က တစ်ကြိမ်လျင် ခြေတစ်လှမ်းကို မနည်းလှမ်း၍ စားသောက်ဆိုင် လေးထံသို့ လျှောက်လာနေ၏။
“ဟင်း … နင်တို့ဆိုင်လုပ်ငန်းက ခြောက်ကပ်လွန်းလိုက်တာ၊ ကျွတ်ကျွတ် … စားသုံးသူကလည်း နည်းနည်းလေးနဲ့၊ စီးပွားရေးတော့ ချွတ်ခြုံကျတော့မှာ မြင်ယောင်သေး”
ထိုအမျိုးသမီး၏ စကားလုံးများက ရန်စချင်ပြီး မကောင်းသော အရိပ်အယောင်များ ပြည့်နှက်နေ၏။ ထိုစကားကို ကြားပြီး ဆိုင်ရှင် ကျုံးရှူ၊ အားပင်းနှင့် ကျုံးလီအာတို့အားလုံး မီးဖိုချောင်ထဲမှ ထွက်လာ ကြသည်။
“သူဌေးဝမ်၊ ခင်ဗျား ဘာလာလုပ်တာလဲ”
ဦးလေးကျုံး မျက်မှောင်ကြုတ်သွားသည်။ ဤမိတ်ကပ်ထူလပျစ်နှင့် အမျိုးသမီးက မိမိဆိုင်ဘေး၌ အသစ်ဖွင့်ထားသည့် စားသောက်ဆိုင် ပိုင်ရှင်ဖြစ်ကြောင်း သူ သိလေသည်။
သူ၏ဆိုင်မှ ဖောက်သည်များကို လုယူရုံသာမက မိမိဆိုင်အား သုံးစွဲသည့် ပစ္စည်းများက မလတ်ဆတ်ကြောင်း၊ ပတ်ဝန်းကျင်ကိုလည်း သန့်သန့်ရှင်းရှင်း မထားကြောင်း စသဖြင့် အကြိမ်ပေါင်း များစွာ အသရေ ပျက်အောင် မဟုတ်မမှန် စကားများ ပြောဆိုလေသည်။
ထိုသို့ပြုလုပ်ခြင်းကြောင့် လာနေကျ ဖောက်သည်များစွာ သူမဆိုင်သို့ ရောက်သွားခဲ့သဖြင့် သူ၏ ဆိုင်လုပ်ငန်းက အရှုံးပြလာပြီး မကြာခင် ပိတ်ရလုနီးပါး ဖြစ်လာရသည်။
“ဘာလဲ၊ စီးပွားရေး လုပ်ဖို့ တံခါးဖွင့်ထားတာ မဟုတ်ဘူးလား၊ ဧည့်သည်ကို အခုထိ မကြိုဆို သေးဘူးလား”
မိတ်ကပ် ထူလပျစ် လိမ်းထားသော ဝဖိုင့်ဖိုင့် အမျိုးသမီးက ထီမထင်သော မျက်နှာပေးဖြင့် ပြောလာ၏။
“ဒီနေ့ ငါ ဒီမှာ စားဖို့လာတာ”
ထိုသို့ပြောပြီးသည်နှင့် သူမက အားပင်းကို လက်ညှိုးထိုး၍ အမိန့်ပေးလိုက်သည်။
“သွား … ငါ့အတွက် ကျားရိုးစွပ်ပြုတ် သွားလုပ်လာခဲ့”
ကျားရိုးစွပ်ပြုတ်သည် ကျုံးစားသောက်ဆိုင်၏ ကိုယ်ပိုင် လက္ခဏာပင်။ သူ့စကားကြောင့် အားပင်းသည် တစ်ဒင်္ဂမျှ တုံ့ဆိုင်းနေသော်လည်း ဦးလေးကျုံး အချက်ပြလိုက်သဖြင့် မီးဖိုချောင်ထဲသို့ ဒေါသတကြီး ဝင်သွားလိုက်သည်။
တစ်ခဏကြာသော် ကျားရိုးစွပ်ပြုတ် တစ်ပန်းကန် သယ်၍ ပြန်ထွက်လာလေသည်။ လာချပေးသော စွပ်ပြုတ်ပန်းကန်ကို ကြည့်ပြီး ဝမ်ဟူသော မိန်းမဝကြီးက ရွံရှာသော မျက်နှာပေးဖြင့် ပြောလာပြန်သည်။
“ချီး … နင်တို့ စွပ်ပြုတ်ရဲ့ အရောင်ကိုလည်း ကြည့်ပါဦး၊ လူစားဖို့တောင် မဟုတ်ဘူး”
ထိုသို့ပြောပြီး မိန်းမဝကြီးက ဇွန်းကောက်ကိုင်၍ တစ်ငုံသောက်လိုက်သည်။
ဝေါ့
မိန်းမဝကြီးက ပါးစပ်ထဲ ဇွန်းရောက်သည်နှင့် တန်းအန်လေသည်။
“ဘယ်လိုသောက်ကျားရိုးစွပ်ပြုတ် ဖြစ်နေလို့ ဒီလောက် ဆိုးရတာလဲ၊အရသာက ဆိုးရွားလိုက်တာ၊ နင်တို့ ဆိုင်တံခါး မြန်မြန် ပိတ်လိုက်ဖို့ ငါ အကြံပေးချင်တယ်”
ထိုမိန်းမဝကြီးသည် သူမစားပွဲနားမှ အခြားဧည့်သည်များကို လှည့်ပြောပြန်သည်။
“ရှင်တို့တွေ ဘာလို့ ဒီမှာ ဆက်စားနေသေးတာလဲ၊ ဒီဆိုင်က ပိတ်ခါနီးနေပြီကို၊ အစားအသောက် ကလည်း သေမလို ဆိုးရွားသေးတယ်”
“ရှင်တို့ ဘေးနားက ဝမ် စားသောက်ဆိုင်ကို သွားစားသင့်တယ်၊ အစားအသောက်တွေက အရသာ ရှိသလို သန့်လည်း သန့်ရှင်းတယ်”
သူမစကားကြောင့် ဦးလေးကျုံး၊ ကျုံးလီအာနှင့် အခြားသူများအားလုံး ဒေါသထွက်ကာ အသက်ရှူသံ မြန်လာသည်။
ဤမိန်းမက သည်လောက် အရှက်မဲ့လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ ဆိုင်အပြင်ဘက်မှ ဧည့်သည် များကို လုယူခြင်းက ပုံမှန်ဟု ဆိုနိုင်သော်လည်း ယခုအခါတွင် ဆိုင်ထဲသို့ ဝင်၍ စားသုံးသူများကို ပေါ်တင် လုယူနေ၏။ ယုတ်ညံ့လွန်းလှသည်။
သူမစကားကြောင့် စားပွဲ၌ ထိုင်နေသော ဧည့်သည်များ သိသိသာသာကို တုံ့ဆိုင်းလာ၏။
“ဟုတ်တယ်၊ ဒီက အစားအသောက်တွေက သာမန်ပဲ”
“ငါတို့ ဘေးဆိုင်ဆီသွားပြီး အစားအသောက်တွေ စမ်းမှာကြည့်ရင်ရော ဘယ်လိုလဲ”
လူတစ်ချို့သည် လှုပ်လှုပ်ရှားရှား ဖြစ်လာပြီး ထရပ်ရန် ပြင်လာကြသည်။ ဤအဖြစ်ကြောင့် ဦးလေးကျုံးနှင့် အခြားသူများ မျက်နှာပြာနှမ်းသွားလေသည်။
သူတို့၏ စားသောက်ဆိုင် အပြီးတိုင် ပိတ်ရတော့မည်ဟု သိလိုက်သည်။ အရသာက ဘေးဆိုင်လောက် မကောင်းသည်ကို မေ့ထားနိုင်သော်လည်း တစ်ဖက်လူက ဧည့်သည်များကို အရှက်မရှိ လာလုနေသဖြင့် ကျုံးစားသောက်ဆိုင်က ပိတ်ရမည့်အဖြစ်သို့ ရောက်လာရတော့သည်။
ဤသို့တွေးမိပြီးနောက် ဦးလေးကျုံး ဒေါသထွက်ကာ သတိလစ်လုနီးပါး ဖြစ်သွားရသည်။ ကျုံးလီအာ သည်လည်း အရှက်ခွဲခံရခြင်းကြောင့် မျက်ရည်များ ဝေ့လာ၏။
အားပင်းကမူ အကြည့်ကစားနေ၏။ ဤဆိုင် ပိတ်ရတော့မည်ကို သိလိုက်ပြီးနောက် သူသည် မိန်းမဝကြီး ဘေးသို့ အပြေးသွား၍ မျက်နှာချိုသွေးကာ ပြောလိုက်သည်။
“သူဌေးဝမ်၊ ခင်ဗျား စားပွဲထိုး တစ်ယောက်လောက်များ လိုသလားဗျ”
“ခင်ဗျား ကျွန်တော့်ကို ဘယ်လိုသဘောရလဲ”
သူ့စကားကြောင့် ကျုံးသားအဖနှစ်ယောက်လုံး အံ့ဩသွားကြသည်။
“အားပင်း၊ နင် …”
ဤသို့သောအချိန်၌ အားပင်းတောင်မှ သူမတို့ သားအဖေအား နောက်ကျောမှ ဓားနှင့်ထိုးလိမ့်မည်ဟု သူမ ထင်မထားမိပါ။
“ဟားဟားဟား …”
ထိုအခါ ဝမ်မျိုးရိုးနှင့် မိန်းမဝကြီးက ပျော်ရွှင်စွာ ထရယ်၍ အားပင်းကို ပြုံးကြည့်လိုက်သည်။
“သိပ်တော်တယ်၊ နင်က လက်ရှိ အခြေအနေတွေကို နားလည်တဲ့ လူငယ်လေးပဲ၊ ငါတို့ဆိုင်ကို လာခဲ့၊ ပြီးတော့ နင့်လစာကို နှစ်ဆပေးမယ်”
ထိုစကားကြောင့် အားပင်း၏ စိတ်ထဲ၌ ဝမ်းသာပျော်ရွှင်သွားလေသည်။ သူ မိန်းမဝကြီးကို ထပ်ခါထပ်ခါ ကျေးဇူးတင်စကား ဆိုလိုက်မိသည်။ ထို့နောက် ကျုံးမိသားစု သားအဖကို လက်ညှိုးထိုး၍ ငေါ့တော့တော့ ပြောလိုက်သည်။
“ဦးလေးကျုံး၊ လီအာ၊ ငါ့ကို အပြစ်မတင်နဲ့၊ တကယ်တမ်းဆို မင်းတို့ စားသောက်ဆိုင်က ပိတ်ခါနီး နေပြီကို၊ ငါ အားပင်းက မင်းတို့နဲ့အတူ ငတ်မသေနိုင်ဘူးလေ”
“အဲ့ဒါအပြင် မင်းတို့သားအဖက ငါ့ကိုပဲ အလုပ်လုပ်ခိုင်းတာလေ၊ သုံးစားမရတဲ့ အမှိုက်ကောင်ကိုတော့ ဘာမှမလုပ်ခိုင်းဘဲနဲ့၊ အဲ့ဒါကို ငါ မကျေနပ်ဘူး”
ထိုသို့ပြောပြီးနောက် အားပင်းက ယဲ့ဖန်ဘက် လှည့်ကြည့်၍ ထီမထင်ပြီး ပျက်ရယ်ပြုလိုသော မျက်နှာထားဖြင့် ပြောလာသည်။
“ယဲ့ဖန် မင်း မြင်ပြီမလား”
“မင်းက ကံဆိုးတဲ့ကောင်ပဲ၊ မင်းရောက်လာပြီးကတည်းက ဆိုင်စီးပွားရေးက ဆိုးလာတာ၊ နောက်ပိုင်း မင်း သူတို့ သားအဖနဲ့အတူ ငတ်သေကြပေါ့”
“ယန်စွမ်းအင် မရှိတဲ့ အမှိုက်က သေဖို့ထိုက်တန်တယ်၊ ဟားဟားဟား…”
အားပင်း၏ စကားများက ကျုံးသားအဖကို ပိုပို၍ မျက်နှာသုန်မှုန်လာစေ၏။ သူ့စကားကို ကြားသည်နှင့် ယဲ့ဖန်၏ မျက်လုံးက လတ်ခနဲ ဖြစ်သွားပြီး အားပင်းအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။ ထို့နောက် သူက ဆိုင်ထဲမှ ထွက်သွားရန် ပြင်နေသည့် ဧည့်သည်များကို လှမ်းပြောလိုက်လေသည်။
“ဧည့်သည်တို့ နေပါဦး”
ထိုဧည့်သည်များသည် တစ်ခဏမျှ အံ့ဩသွားပြီး ယဲ့ဖန်အား လှည့်ကြည့်လာသည်။
“ငါးမိနစ်”
ယဲ့ဖန်က သူတို့ကို ဆက်ပြောလိုက်သည်။
“ငါးမိနစ်ပဲ စောင့်ပေးပါ၊ နောက်ဟင်းပွဲက ခင်ဗျားတို့ စားချင်စိတ်နဲ့ မကိုက်ဖူးဆိုရင် ပိုက်ဆံ ပေးစရာ မလိုဘူး၊ ဘယ်လိုလဲ”
ထိုစကားကြောင့် ဧည့်သည်များ အံ့အားသင့်သွားကြသည်။ သူတို့သည် တစ်ဒင်္ဂမျှ တုံ့ဆိုင်းနေပြီးနောက် နေရာ၌ ပြန်ထိုင်လိုက်သည်။ အားပင်းနှင့် မိန်းမဝကြီးတို့လည်း အံ့ဩသွားသည်။
“ဟားဟားဟား … ယဲ့ဖန်၊ မင်း စားဖို့ဟင်းကိုတောင် မင်း ချက်တတ်လို့လား၊ စိတ်ကူးယဉ်မနေနဲ့၊ မင်းသဘောအတိုင်း ဖြစ်မယ်ထင်နေလား”
သူသည်သာမက မိန်းမဝကြီးသည်လည်း ပြုံးလိုက်မိပြီး ဦးလေးကျုံးအား ပျက်ရယ်ပြုလေသည်။
“ဟားဟားဟား … မစ္စတာကျုံး၊ ရှင့်စားပွဲက လတ်စသက်တော့ အရူးပါလား၊ ရှင့်ဆိုင် စုတ်ပြတ် လာတာကို မအံ့ဩတော့ဘူး”
“ရယ်ရလွန်းလို့ အူတောင်နာတယ်၊ ငါးမိနစ်အတွင်း နင် ဘာလုပ်မလဲဆိုတာ ငါလည်း သိချင်သား”
အားပင်းနှင့် မိန်းမဝကြီးက ယဲ့ဖန်ကို လူပြက်တစ်ယောက်သဖွယ် ကြည့်နေ၏။ ကျုံးသားအဖတောင်မှ မျက်နှာ ပိုပျက်လာကြသည်။
“ယဲ့ဖန် …”
“အစ်ကိုယဲ့”
ကျုံးသားအဖက ယဲ့ဖန်ကို ဖျောင်းဖျရန် ပြင်လေသည်။ သို့သော် ယဲ့ဖန်က လက်ကာပြလိုက်ပြီး စာရွက်နှင့် ဘောပင်ကိုယူ၍ တစ်စုံတစ်ခုကို ချရေးလိုက်သည်။
တစ်ခဏအတွင်းမှာပင် ဟင်းပွဲများစွာ၏ ချက်ပုံချက်နည်းနှင့် ပါဝင်ပစ္စည်းများကို ချရေးပြီး သွားလေသည်။ ထို့နောက် ထိုစာရွက်ကို ဦးလေးကျုံးထံ လှမ်းပေးလိုက်သည်။
“ဦးလေးကျုံး ဒီထဲကအတိုင်း ချက်လိုက်မယ်”
လူတိုင်း ထပ်မံ၍ နားဝေတိမ်တောင်ဖြစ်ကာ ကိုယ့်နားကိုယ် မယုံနိုင် ဖြစ်သွားကြသည်။
*အချိန်ခဏလောက် ချရေးလိုက်တာနဲ့ ချက်ပြုတ်နည်း ရပြီတဲ့လား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဦးလေးကျုံးတောင်မှ တုံ့ဆိုင်းနေ၏။ ယဲ့ဖန် ဟင်းချက်တတ်လိမ့်မည်ဟု သူ တစ်ခါမှ မသိခဲ့ချေ။
“ရှောင်ဖန်၊ ဒါ … ဒါ အလုပ်ဖြစ်ပါ့မလား”
“လုပ်သာလုပ်ပါ”
ယဲ့ဖန်သည် အရေးမပါသော စကားများ မပြောချင်သဖြင့် ဦးလေးကျုံးကို လက်ဝှေ့ယမ်းပြလိုက်သည်။ အခြားသူများ မသိနိုင်သော်လည်း သူ၏ စိတ်ထဲတွင် ဘုံကိုးပါး ဧကရာဇ်၏ မှတ်ဉာဏ်များ အပြည့် ရှိသည်။
ထိုဘုံကိုးပါး ဧကရာဇ်၏ လူဝင်စားများသည် လောက၏ အစားအသောက် အားလုံးကို မြည်းစမ်း ဖူးသည်။ ဘုံကိုးပါး ဧကရာဇ် စားဖူးသည့် ဟင်းလျာ တော်တော်များများပင် ပျောက်ဆုံးနေသည်မှာ ကြာနေလေပြီ။
ထိုအချိန်က ဧကရာဇ်ကိုးပါးလုံးသည် ဟင်းလျာများကို တစ်ချက်ကြည့်လိုက်သည်နှင့် ဟင်းလျာများ၏ ချက်ပြုတ်ပုံနှင့် မည်သည့် ပါဝင်ပစ္စည်းများ အသုံးပြုသလဲကို သိကြသည်။
ယခုအခါ၌ ယဲ့ဖန်က ထိုဟင်းလျာများကို အနည်းငယ် ပေါင်းစပ်လိုက်သည်။ ဤဟင်းလျာ အနည်းငယ်က ကျုံးမိသားစု၏ စားသောက်ဆိုင်ကို ထိပ်ဆုံးသို့ ရောက်အောင် ပို့နိုင်သလို ကျုံးကျိုး နယ်မြေ၌ နံပါတ်တစ် စားသောက်ဆိုင်ပင် ဖြစ်လာနိုင်၏။
ယဲ့ဖန်၏ ယုံကြည်မှုရှိသော ဟန်ပန်ကိုမြင်ပြီး ဦးလေးကျုံးသည် တစ်ခဏမျှ တွေဝေနေပြီးနောက် အံကိုကြိတ်၍ မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ ဤသည်ကိုကြည့်ပြီး မိန်းမဝကြီးနှင့် အားပင်းတို့ ပို၍ ပျော်သွားကြသည်။
“ဟားဟားဟား၊ လီအာ ဦးလေးကျုးက ဒီကောင်ကို တကယ် ယုံတာပဲဟ၊ ငါ ရယ်ရလွန်းလို့ သေတော့မယ်၊ ငါက သူ မြင်ဖူးတာထက် ပိုများတဲ့ ဟင်းလျာတွေကို စားလာတဲ့ကောင်ပါကွာ”
“ဟုတ်တယ်”
မိန်းမဝကြီးက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေ၏။
“ဆံပင်ရှည်နဲ့ကောင်လေးက စာလေးနည်းနည်းလောက် ချရေးလိုက်တာနဲ့ အရသာရှိတဲ့ ဟင်းအမယ်ကို ချရေးနိုင်မယ် ထင်နေတာလား၊ ဟာသပဲ ဟမ့် …”
“ခဏနေရင် နင် ဘယ်လို အရှက်ကွဲမလဲ ကြည့်ရသေးတာပေါ့”
ထိုအခိုက်တွင် နှစ်ယောက်သား အေးအေးဆေးဆေးနှင့် သီချင်းညည်းနေကြသည်။ သူတို့ ယဲ့ဖန်ကို အလွန် အထင်သေးနေကြ၏။
အနားမှ ကျုံးလီအာက ယဲ့ဖန်ကို တောင်းပန်သလို ကြည့်လာသည်။
“တောင်းပန်ပါတယ်၊ အစ်ကိုယဲ့ …”
ကျုံးလီအာ တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် မီးဖိုချောင်ထဲမှ မွှေးပျံ့သော ရနံ့တစ်မျိုး ပျံ့လွင့်လာ၏။ ထိုရနံ့သည် အလွန် သင်းကြိုင်ပြီး ဆွဲဆောင်အား ကောင်းလှသည်။
ထိုရနံ့ကို ရှူလိုက်မိသည့်လူတိုင်း စားချင်စိတ် ဖြစ်လာရသည်။ နားဝေတိမ်တောင် ဖြစ်နေသော ဧည့်သည်များသည် ထိုအနံ့ကို ရသည်နှင့် ငမ်းငမ်းတက် စားချင်စိတ် ဖြစ်လာကြသည်။ ဤရနံ့သည် သူတို့ ရဖူးသမျှထဲတွင် အမွှေးဆုံးရနံ့ပင်။
ဤနေရာတွင်သာမက မွှေးရနံ့က ဆိုင်အပြင်ဘက်သို့ ပျံ့လွင့်သွားချိန်တွင် လမ်းပေါ်မှ လူများအားလုံး ချက်ချင်း လမ်းလျှောက်နေရာမှ ရပ်သွားကြသည်။
ဖျင်အန်းမြို့၏ ကျုံးမိသားစု စားသောက်ဆိုင်ရှိရာအခြမ်း၌ လူတစ်ချို့သည် ပြတင်းပေါက်များ ဖွင့်လာကြသလို တစ်ချို့သူများက ဆိုင်ထဲမှ ထွက်လာကြပြီး အခြားသူများက အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းလာကြသည်။ အားလုံးသည် ဤမွှေးရနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရလေ၏။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now