Chapter 1076

360 39 2
                                    

စာစဉ် 72 Chapter 1076 အသေသတ်ပစ်ခြင်း

“ငါ့ကျွန်လုပ်၊ ဒါဆို မင်းအသက်ကို ချမ်းသာပေးမယ်”
ယဲ့ဖန်၏ စကားအဆုံး၌ လူတိုင်း တုန်လှုပ်ခြောက်ခြားသွားကြပြီး ဘားတစ်ခုလုံး ဆူညံပွက်လောရိုက်လာ၏။
“မြတ်စွာဘုရား၊ အရူးပဲ၊ ဒီကောင်က မင်းသားကို တကယ် ရန်စနေတာပါလား”
“ဒီနှစ်ပိုင်းအတွင်း မင်းသားကို ရန်စရဲတဲ့ ပထမဆုံးလူက ဒီလူ ဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
“မင်းသားကို ကျွန်လုပ်ခိုင်းတယ်လား၊ ဒီကောင် ရူးများနေတာလား”
“…”
လက်ရှိအချိန်တွင် ဘားထဲမှ လူတိုင်းသည် ယုံတမ်းပုံပြင်တစ်ပုဒ်ကို ကြားလိုက်ရသကဲ့သို့ မယုံနိုင် ဖြစ်နေကြသည်။ ကင်းမြီးကောက် လူသတ်သမားတောင်မှ ကြက်သီးတဖြန်းဖြန်း ထနေ၏။
သူ့စိတ်ထဲတွင် ဤလူကြီးမင်းယဲ့က ထူးခြား၍ ကြောက်စရာကောင်းသော်လည်း လက်ရှိအပြုအမူက ကိုယ့်သေတွင်း ကိုယ်တူးနေသည်ဟု ခံစားမိနေသည်။
ကင်းမြီးကောက် လူသတ်သမား၏ နဖူးမှ ချွေးစေးများ တဒီးဒီး စီးကျလာပြီး အောင့်သက်သက် ပြုံးနေမိသည်။ သူ့စိတ်ထဲတွင် ဤစကားကြောင့် ယဲ့ဖန် သေရုံသာမက သူလည်း သေရလောက်သည်ဟု ထင်မှတ်နေလေသည်။
လက်ရှိတွင် စိတ်အလှုပ်ရှားဆုံး ဖြစ်နေသူမှာ အဆိပ်မိကျောင်း၊ မိန်းမဝကြီး၊ ဖန်းရီပေါ်နှင့် အခြားသူများ ဖြစ်သည်။
ယခင်က ယဲ့ဖန် မင်းသားရှေ့ ဒူးထောက်၍ မင်းသားအား အရှင်သခင်အဖြစ် တင်မြှောက်မည်ကို သူတို့ စိုးရိမ်နေခဲ့ကြသေးသည်။ ထိုသို့ဖြစ်လာခဲ့ပါက သူတို့ ကံဆိုးသွားနိုင်သည်။ ယဲ့ဖန်က ဤမျှ ရူးနေလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။ သူသည် မင်းသား၏ စကားကို ငြင်းဆန်ရုံသာမက မင်းသားကိုပါ ဒေါသထွက်အောင် လုပ်ရဲနေ၏။
“မင်းသား၊ ကြားတယ်မဟုတ်လား၊ ဒီမျိုးမစစ်ကောင်က သေသင့်တယ်၊ သူ့ကို နုတ်နုတ်စင်းပြီး ခွေးကျွေးသင့်တာ”
အဆိပ်မိကျောင်းက ယဲ့ဖန်ကို ရက်စက်ခက်ထန်စွာ ကြည့်၍ ပြောလာသည်။ မိန်းမဝကြီး၏ အဆီများနေသော မျက်နှာကလည်း ပန်းပွင့်သကဲ့သို့ ရွှင်လန်းတက်ကြွနေသည်။ သူမက ယဲ့ဖန်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
“ဟားဟားဟား … ဟဲ့ကောင်၊ နင် သတ္တိရှိတယ်ဆိုတာကိုတော့ ငါ လက်ခံတယ်၊ ဘယ်သူမှ ရန်စမရဲတဲ့ မင်းသားကိုတောင်မှ ရန်စတယ်ဆိုတော့လေ”
“အဲ့ဒါ သေတာနဲ့ မခြားဘူး”
မိန်းဝကြီး၏ စကားအဆုံး၌ မင်းသားက ထိုင်ခုံမှနေ၍ ဝုန်းခနဲ ထရပ်လေသည်။ သူ ဒေါသူပုန် ထနေ၏။ ယဲ့ဖန်သည် ဤနှစ်များအတွင်း သူ့ကို ရန်စရဲသည့် ပထမဆုံးသောလူပင်။
“ကောင်းပြီလေ၊ တုံးအတဲ့ခွေးမျိုး”
“ငါ မင်းကို အသက်ရှင်ခွင့်ပေးတာကို မင်းက မလိုချင်မှတော့ မင်း သေလိုက်တော့ပေါ့”
ထိုသို့ပြောပြီး မင်းသားက လက်ဝှေ့ယမ်း၍ အချက်ပြလိုက်သည်။
“သွေးနဂါး၊ ကျားသစ်နက်”
“ဟုတ်ကဲ့”
မြေအောက်လောက ဘုရင်နှစ်ပါး ရှေ့တက်လာသည်။ သူတို့နှစ်ယောက်သည် အရပ်ရှည်ပြီး ကြွက်သားများက အမြောင်းမြောင်း ထနေသဖြင့် ကြီးမားသော ခွန်အားတို့ဖြင့် ပြည့်နှက်နေကြောင်း ပေါ်လွင်နေ၏။ ဧရာမ သားရဲနှစ်ကောင်နှင့် တူသော သူတို့နှစ်ယောက်သည် မင်းသားအား အရိုအသေပေးလာကြသည်။
“သွား၊ အဲ့ကောင်ရဲ့ ခြေလက်တွေကို ငါ့အတွက် ချိုးဖဲ့လာခဲ့၊ သူ့အရေပြားကိုလည်း ခွာလာခဲ့၊ ဒါပေမဲ့ ချက်ချင်း အသေမသတ်နဲ့”
မင်းသား၏ မျက်လုံးများက ကြမ်းကြုတ်သောအသွင်ဆောင်နေ၏။
“ငါ သူ အော်ဟစ်တာကို ကြားချင်သေးတယ်၊ သူ တော်ဝင် ဟင်းလျာ အမွေအနှစ် ပေးလာတာကို စောင့်နေ၊ ပြီးမှ သူ့ကို ဖြည်းဖြည်းချင်း သေအောင်လုပ်”
မင်းသား၏ စကားများက လူတိုင်းကို တုန်လှုပ်သွားစေသည်။
*ခြေလက်တွေကို ရိုက်ချိုး*
*အရေခွံခွာတဲ့လား*
မင်းသား ယခုတစ်ခေါက် အမှန်တကယ် ဒေါသထွက်နေကြောင်း လူတိုင်း ရိပ်မိလိုက်သည်။
“အမိန့်အတိုင်းပါ”
သွေးနဂါးနှင့် ကျားသစ်နက်တို့က အပြုံးကြီးပြုံးပြီး ယဲ့ဖန်ထံ ချက်ချင်း လှမ်းသွားကြသည်။ သူတို့၏ မာန်ပါသော ခြေသံများက ဘားထဲမှ အခြေအနေကို ပို၍ တင်းမာလာစေသည်။
ကြောက်စရာကောင်းသော မရဏ အငွေ့အသက်များက ယဲ့ဖန်ကို လွှမ်းခြုံလာ၏။ ကင်းမြီးကောက် လူသတ်သမားတောင်မှ ကြက်သီးထလာရသည်.
“လူကြီးမင်းယဲ့ သတိထားပါ၊ သွေးနဂါးက အဆင့်ခြောက် ရွှေရောင်ခန္ဓာကိုယ် ရောက်နေပါပြီ၊ ကျားသစ်နက်က အဆင့်ငါး ရွှေရောင်ခန္ဓာကိုယ်ပါ”
“ဒီလူနှစ်ယောက်ကို လုံးဝ သတိထားရပါမယ်”
ရွှေရောင်ခန္ဓာကိုယ်သည် ယန်နယ်မြေမှ သိုင်းပညာရှင်များ၏ သိုင်းအဆင့် ဖြစ်လေသည်။ ယန်စွမ်းအင်က ခန္ဓာကိုယ်တွင်း လှည့်လည်စီးဆင်း၍ ရွှေရောင် ခန္ဓာကိုယ်ကို ပုံဖော်ပေးသည်။
သာမန်လူများသည် အဆင့်တစ် ရွှေရောင်ခန္ဓာကိုယ်သာ ရှိကြသည်။ ကိုယ်ရံတော်များ၊ လူမိုက်များနှင့် အားကစားသမားများမှာမူ အဆင့်နှစ် ရွှေရောင်ခန္ဓာကိုယ် ရှိသူများ ဖြစ်လေသည်။
ကင်းမြီးကောက် လူသတ်သမားနှင့် အဆိပ်မိကျောင်းတို့ကဲ့သို့ သန်မာသော လူများတောင်မှ အဆင့်လေး ရွှေရောင် ခန္ဓာကိုယ် အထွတ်အထိပ်အဆင့်၌သာ ရှိသေးသည်။
တစ်နည်းအားဖြင့် ဆိုရလျင် သွေးနဂါးနှင့် ကျားသစ်နက် နှစ်ယောက်ထဲမှ မည်သည့်တစ်ယောက်မဆို အဆိပ်မိကျောင်းတို့အား အနိုင်ပိုင်းနိုင်၏။
ယခု ထိုသူနှစ်ယောက် ပူးပေါင်းလိုက်သောအခါ မြေအောက်လောကတစ်ခုလုံး၌ ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သွား လေပြီ။
လက်ရှိအချိန်တွင် လူတိုင်းသည် ကြောက်စရာကောင်းသော သားရဲနှစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ တုန်လှုပ် နေကြသည်။
“ကောင်းတယ်၊ အရှင် သွေးနဂါးနဲ့ အရှင် ကျားသစ်နက် သူ့ကို သတ်ပစ်လိုက်၊ ဒီကောင်က မင်းသားကို လှောင်ပြောင်နေခဲ့တာ၊ သေသွားလည်း သနားသင့်တဲ့ကောင် မဟုတ်ဘူး”
“ဟုတ်တယ်၊ ဒီအရူးကို သတ်လိုက်၊ သူ့ကို ဖျင်အန်းမြို့က ဘယ်သူ့အပိုင်လဲ သိအောင် ပြလိုက်”
“…”
ဖန်းရီပေါ်နှင့် အခြားသူများ ဝမ်းသာအားရ အော်နေကြပြန်သည်။ သူတို့၏စိတ်ထဲတွင် ယဲ့ဖန်အား သေလူတစ်ယောက်ဟု သတ်မှတ်လာကြသည်။ အဆိပ်မိကျောင်းနှင့် မိန်းမဝကြီးတောင်မှ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။
“ဟားဟားဟား … မျိုးမစစ်လေး၊ မင်းရဲ့ အိပ်မက်ဆိုး ရောက်လာပြီကွ”
“ခံစားလိုက်စမ်း”
နှစ်ယောက်သား ဝမ်းသာအားရ အော်ဟစ်ပြောဆိုလာသည်။ အဆိပ်မိကျောင်း၊ ဖန်းရီပေါ်နှင့် အခြားသူများသည် ယဲ့ဖန် ငယ်သံပါအောင် အော်ဟစ်နေပြီး ဆိုးရွားသော အဖြစ်အပျက်နှင့် ကြုံတွေ့နေရပြီဟု မြင်ယောင် လာလေသည်။
သူတို့အားလုံး အပြုံးကြီး ပြုံးနေကြသည်။ သူတို့နှင့် ဆန့်ကျင်ဖက် ခံစားချက် ဖြစ်နေသောသူများမှာ ကင်းမြီးကောက် လူသတ်သမားနှင့် ကျုံးလီအာတို့ပင်။
သူတို့နှစ်ယောက်လုံး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားကြသည်။ ယဲ့ဖန် သေရေးရှင်ရေးနှင့် ရင်ဆိုင်လာရပါက သူတို့ သေရမည်ဆိုလျင်တောင်မှ ယဲ့ဖန်ကို ဝင်ကူမည်ဟု ဆုံးဖြတ်ထားလေသည်။
ထိုအချိန်တွင် သွေးနဂါးနှင့် ကျားသစ်နက်တို့က ယဲ့ဖန်ရှေ့သို့ ရောက်လာသည်။ သူတို့သည် ယဲ့ဖန်အား သေခါနီး တွားသွားတစ်ကောင်ကို ကြည့်သကဲ့သို့ တင်စီးသော အကြည့်များဖြင့် ကြည့်လိုက်သည်။
“ဟေ့ … တွားသွားကောင်၊ မင်းက အဆိပ်မိကျောင်းကို ထိခိုက်အောင် လုပ်နိုင်တဲ့အပြင် လူတွေကိုလည်း သတ်နိုင်တဲ့ဆိုတော့ အစွမ်းအစတော့ ရှိသားပဲ”
“ပြောကြည့်၊ မင်း ဘယ်လိုသေချင်လဲ”
သွေးနဂါးက ယဲ့ဖန်ကို စိုက်ကြည့်၍ ပြောင်ချော်ချော်ဖြင့် ပြောလိုက်သည်။ သူသည် အဆင့်ခြောက် ရွှေရောင် ခန္ဓာကိုယ် ရှိသော သိုင်းပညာရှင်ဖြစ်ပြီး ဖျင်အန်းမြို့၏ မြေအောက်လောကမှ အစစ်အမှန် ဘုရင်တစ်ပါး ဖြစ်လေသည်။ ကင်းမြီးကောက် လူသတ်သမားနှင့် အဆိပ်မိကျောင်းတို့တောင်မှ သူ့ကို မယှဉ်နိုင်ပေ။
သူ့စကားကြောင့် ယဲ့ဖန်က မျက်လုံးကိုမှေး၍ သွေးနဂါး၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။
“သေအောင်ရိုက်သတ်”
လူတိုင်း မှင်တက်သွားသည်။ ယဲ့ဖန်က ဤသို့သော သေနည်းကို ရွေးချယ်လိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
*သေအောင် ရိုက်သတ်တဲ့လား*
အကယ်၍ သွေးနဂါးသာ ခွန်အားကို ကောင်းကောင်း မထိန်းချုပ်နိုင်ပါက သူ၏ ရိုက်ချက်နှင့်တင် ကျိုးကြေ၍ သေသွားလောက်သည်။
“ဟားဟားဟား … ကောင်းပြီလေ၊ ဒါဆိုလည်း … သေအောင် ရိုက်သတ်ကြတာပေါ့”
သွေးနဂါးသည် အလွန် စိတ်ဝင်စားစရာကောင်းသော တွားသွားကောင်ကို တွေ့လိုက်ရသည်ဟု ထင်သွား လေသည်။ ထိုသို့ပြောပြီးသည်နှင့် သူသည် လက်ကိုမြှောက်၍ ယဲ့ဖန်ကို ရိုက်လိုက်သည်။
ထိုရိုက်ချက်၌ သွေးနဂါးက ခွန်အားကုန်ထည့်ထားလေသည်။ သူ၏ လက်ဝါးချက်မှ လေတိုးသံများ ထွက်ပေါ် လာသဖြင့် လူတိုင်း ထိတ်လန့်ကာ နောက်သို့ ဆုတ်သွားကြသည်။
ယဲ့ဖန်ကမူ အသာပြုံး၍ အဆင့်ခြောက် ရွှေရောင်ခန္ဓာကိုယ်ပိုင်ရှင် သွေးနဂါး၏ လက်ဝါးချက်ကို လက်ဝါးဖြင့် ပြန်ရိုက်လိုက်သည်။
“သေချင်နေတာပဲ”
လူတိုင်း ထိုစကားလုံးကိုသာ တွေးမိနကြသည်။
အဆင့်ခြောက် ရွှေရောင်ခန္ဓာကိုယ်က အဆင့်တစ် ရွှေရောင်ခန္ဓာကိုယ်ပင် မရှိသော လူကို သတ်ချင်က အလွန် လွယ်ကူလွန်းလှသည်။
ဘေးပတ်လည်မှ လူများသည် ခေါင်းတခါခါဖြစ်နေကြပြီး သွေးနဂါး၏ လက်ဝါးချက်က မည်မျှ ပြင်းထန်ကြောင်း ရိပ်မိနေကြသည်။
သူ၏ လက်ဝါးတစ်ချက်နှင့်တင် များစွာသော သိုင်းပညာရှင်များကို အသေသတ်နိုင်၏။ ယခုအခါတွင်လည်း ယဲ့ဖန်က သွေးနဂါး၏ လက်ဝါးချက်အောက်၌ သေရတော့မည်ဟု သူတို့ ထင်မှတ်နေလေသည်။
“သေလိုက်တော့”
ထိုစဉ် သွေးနဂါး၏ ကျယ်လောင်သော ကြိမ်းဝါးသံ ထွက်ပေါ်လာပြီး လက်ဝါးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်။ ကျိုးပဲ့သံများ ထွက်ပေါ်လာပြီးနောက် သွေးများ ပန်းထွက်လာ၏။ သရဲသဘက်နှင့် တွေ့လိုက်ရသကဲ့သို့သော စူးစူးဝါးဝါး အော်ဟစ်သံပါ ပေါ်ထွက်လာသည်။
လူတိုင်း ယဲ့ဖန် ပွဲသိမ်းပြီဟု ထင်မှတ်ကာ ယဲ့ဖန်၏ ဆိုးရွားလှသော အဖြစ်ကို ကြည့်ရန် ခေါင်းမော့လိုက်ကြသည်။ သို့ရာတွင် သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံး မှင်တက်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် ကျိုးပဲ့သွားသော လူက ယဲ့ဖန် မဟုတ်ဘဲ သွေးနဂါး ဖြစ်နေသောကြောင့်ပင်။ လက်ရှိအချိန်တွင် ယဲ့ဖန်၏ လက်ဝါးချက်ကြောင့် သွေးနဂါး၏ လက်ဝါးက စက္ကူစသဖွယ် ကျိုးပဲ့သွား၏။
ထို့နောက် လက်ဝါးမှနေ၍ လက်မောင်း၊ ရင်ဘတ်၊ ဦးခေါင်း … စသဖြင့် ကျိုးပဲ့သွားသည်။ ယဲ့ဖန်၏ လက်ဝါးချက်ကြောင့် သွေးနဂါး၏ ခန္ဓာကိုယ်တစ်ခုလုံး သစ်ကိုင်းခြောက်သဖွယ် ကျိုးပဲ့ပျက်စီးသွားပြီး ကြမ်းပင်၌ သွေးအိုင်တစ်ခုသာ ကျန်ရှိတော့သည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now