Chapter 1042

390 42 2
                                    

စာစဉ် 70 Chapter 1042 ယင်ယန်လောကနှင့် ငရဲဘုံ ပျက်စီးခြင်း

နဂါး၏ ခန္ဓာကိုယ်နှစ်ပိုင်းပြတ်အား အမှိုက်သဖွယ် ဖြစ်လာချိန်တွင် ဘုရင်မ ခွေရှယ်နှင့် ထိုက်ကူနဂါးများအားလုံး အံ့ဩမှင်တက်သွားကြသည်။
“ဘယ်လိုဖြစ်ရတာလဲ”
ဘုရင်မခွေရှယ် တုန်လှုပ်သွားရသည်။ သူမ ကြံရာမရသော အခြေအနေသို့ ရောက်နေချိန်တွင် ကောင်းကင်တာအို ရောက်လာသဖြင့် ယဲ့ဖန်နှင့် အခြားသူများကို သတ်နိုင်ပြီဟု ထင်ခဲ့မိသည်။ သို့သော် ပထမဆုံး သေသွား ရသည့်သူက ထိုက်ကူနဂါးမျိုးနွယ်ဝင် ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားမိချေ။
ထိုသို့စဉ်းစားမိပြီးနောက် ဘုရင်မခွေရှယ်က လူသား အရှင်သခင်နှင့် ရွှေရောင် သတ္တဝါအား‌ လှမ်းကြည့်၍ ကြောက်လန့် ဒေါသထွက်စွာ မေးလိုက်သည်။
“လူသား အရှင်သခင် ဘာတွေ ဖြစ်နေတာလဲ”
“ကောင်းကင်ဘုံ ဆန့်ကျင်သူတွေကို သတ်ပြီးရင် ကျွန်မတို့ ရှေးဟောင်း မျိုးနွယ်သုံးခုကို ယင်ယန်လောကနဲ့ ငရဲဘုံကို အုပ်ချုပ်နိုင်အောင် ကူညီပေးမယ်လို့ ရှင် အရင်က ပြောခဲ့တယ် မဟုတ်ဖူးလား”
“ဘာလို့ ကျွန်မရဲ့ ထိုက်ကူနဂါးမျိုးနွယ်ကို သတ်ရတာလဲ”
ဘုရင်မခွေရှယ်၏ အသံ၌ သွေးပျက်၍ စိုးရိမ်တုန်လှုပ်ဟန်များ ပါဝင်နေသည်။ သို့သော် ထိုသို့သောအချိန်၌ သွေးများ ပန်းထွက်လာသံ ထွက်ပေါ်လာပြီး ကောင်းကင်မိစ္ဆာကြွက်တစ်ကောင် ခေါင်းပြတ်သွားသည်။ ဧရာမ ကြွက်ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့သည်လည်း‌ အောက်သို့ ပစ်ချခံလိုက်ရသည်။
“ထျန်းရှောင်”
ထျန်းချန်ဇီနှင့် အခြားသော ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်ဝင်များအားလုံး ဒေါသထွက်လာကြသည်။ သေဆုံးသွားသော ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဝင်သည် မျိုးနွယ်၏ ပါရမီရှင် မျိုးဆက်များထဲမှ ဖြစ်သော်လည်း ယခုအခါတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသတ်ခံလိုက်ရသည်။ ဤမြင်ကွင်းကြောင့် ရှေးဟောင်း မျိုးနွယ်သုံးခုလုံး တုန်လှုပ်ခြောက်ခြားလာ၏။
“လူသားအရှင်သခင်၊ လူကြီးမင်း၊ ဘာလို့ သူတို့ကို ကျုပ်ရဲ့ ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်ကို သတ်ခွင့် ပေးရတာလဲ”
ထျန်းချန်ဇီ ဒေါသထွက်သလို ဝမ်းလည်းဝမ်းနည်းနေ၏။ ယခုထက်ထိ သူ အိပ်မက်မက်နေသည်ဟု ထင်မှတ် မိနေသည်။
ထိုစကားများကြောင့် လူသားအရှင်သခင်နှင့် ရွှေရောင်သတ္တဝါတို့က အလွန့်ကို ထီမထင်၍ နိုင်လိုမင်းထက် ပြုမူလိုသော အမူအရာမျိုး ဖြစ်လာကြသည်။
“ဟားဟားဟား … အရူးတွေ၊ မင်းတို့တွေ အရူးလုပ်ခံရတာ”
“ငါလို လူသားအရှင်သခင်က လောကကို ခွဲခြမ်းပြီး မင်းတို့မျိုးနွယ်သုံးခုနဲ့ အတူတူ ခွဲဝေအုပ်ချုပ်မယ်လို့ တကယ် ထင်နေတာလား”
“မင်းတို့ကို အမှန်အတိုင်း ပြောလိုက်မယ်၊ ဒီနေ့ ကောင်းကင်တာအိုရဲ့ အမွေအနှစ်ကို မရထားတဲ့လူတိုင်း သေရမှာ”
လူသား အရှင်သခင်၏ စကားများက ခက်ထန်ကြမ်းကြုတ်လှသည်။ ထို့အပြင် သူ ဆက်ပြောလိုက်သည့် စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
“မင်းတို့ကို သတ်ရုံတင်မကသေးဘူး၊ မင်းတို့အားလုံးကို သတ်ပြီးတာနဲ့ ကောင်းကင်တာအိုက ယင်ယန်လောကနဲ့ ငရဲဘုံတစ်ခုလုံးကိုပါ ဖျက်ဆီးပစ်မှာ”
“ဒီနေရာကို အထီးကျန်တဲ့ တစ္ဆေဝိညာဉ်တွေရဲ့ နေရာဖြစ်လာအောင် လုပ်မှာ”
“လူတိုင်း သေရမယ်၊ ဘယ်သူမှ အသက်မရှင်နိုင်ဘူး”
ထိုစကားကို ကြားလိုက်ရချိန်မှသာ ထျန်းချန်ဇီ၊ ဘုရင်မခွေရှယ်၊ ဗောဓိဘိုးဘေး နတ်ဘုရားနှင့် အခြားသူများ အရာအားလုံးကို သဘောပေါက်သွားလေသည်။
တစ်ဖက်လူ၏ ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားသည် ယဲ့ဖန်နှင့် ကောင်းကင်ဘုံ ဆန့်ကျင်သူများကို သတ်ရန် ဦးတည်ထားခြင်း မဟုတ်ဘဲ ယင်ယန်လောကနှင့် ငရဲဘုံမှ လူများအားလုံးအတွက် ပျက်ကိန်း ဆိုက်အောင် ကြံစည်ထားခြင်း ဖြစ်ပေသည်။
သူတို့သည် တစ်ဖက်လူ၏ အသုံးချခံ နယ်ရုပ်လေးမျှသာ ဖြစ်သည်။ ကောင်းကင်တာအို ပေါ်လာသည်နှင့် သူတို့အားလုံး စွန့်ပစ်ခံ ဖြစ်သွားရသည်။
ယခုအခါတွင်မှ အစောပိုင်းက လူသား အရှင်သခင်နန်းတော်မှ သိုင်းပညာရှင်များ အသတ်ခံလိုက်ရသော်လည်း လူသား အရှင်သခင် ဂရုမစိုက်သည့် အကြောင်းရင်းကို သူတို့ နားလည်သွားကြသည်။ လူသား အရှင်သခင်၏ မျက်လုံးထဲတွင် နန်းတော်မှ လူများကိုပါ သေစာရင်းသွင်းထားပြီးသား ဖြစ်နေ၏။
“လူသားအရှင်သခင် ရှင် ရူးနေပြီလား”
ဘုရင်မခွေရှယ်သည် မလိုလားဟန်ဖြင့် အော်ဟစ်လိုက်သည်။
“ရှင် ကျွန်မတို့ကို သတ်လိုက်ရင်၊ ယင်ယန်လောကနဲ့ ငရဲဘုံကို သတ်လိုက်ရင် တစ်လောကလုံးမှာ ရှင်တစ်ယောက်ပဲ ကျန်ခဲ့မှာလေ၊ ရှင် ဘယ်သူ့ကို သွားအုပ်ချုပ်မှာလဲ”
ဤမေးခွန်းသည် ထျန်းချန်ဇီနှင့် အခြားသူများ၏ စိတ်ထဲ၌ ပဟေဠိဖြစ်နေသော မေးခွန်းပင်။ လူသား အရှင်သခင် နန်းတော် ပျက်စီးသွားပြီး ယင်ယန်လောကနှင့် ငရဲဘုံတို့ပါ ပျက်စီးသွားလျင် တစ်လောကလုံး၌ လူသား အရှင်သခင်တစ်ဦးတည်းသာ ကျန်ခဲ့ပေမည်။ သူတစ်ယောက်တည်းဖြင့် ဘာလုပ်နိုင်မည်နည်း။
သို့သော် ထိုမေးခွန်းကို ကြားသည်နှင့် လူသားအရှင်သခင်က ထီမထင်စွာ ပြုံးလိုက်ပြီး ဘုရင်မခွေရှယ်နှင့် အခြားသူများအား အရူးကို ကြည့်သကဲ့သို့ ကြည့်လေသည်။
“ဟားဟားဟား … အရူးတွေ၊ မင်းတို့ နားမလည်ဘူးလား”
“ယင်ယန်လောကနဲ့ ငရဲဘုံ ပျက်စီးသွားရင် ငါ့ဆရာရဲ့ တာဝန်လည်း လုံးဝ ပြီးဆုံးသွားပြီ”
“ဒီအရှင်သခင်က ဆရာနဲ့အတူ ယန်နယ်မြေကို လိုက်သွားပြီး၊ ယန်နတ်မင်းတစ်ပါး ဖြစ်လာမှာကွ”
လူသားအရှင်သခင်၏ ဟစ်အော်သံကြောင့် လူတိုင်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားပြီး မျက်နှာ ပြာနှမ်းသွားကြသည်။
ထိုအခါမှ လူသားအရှင်သခင်သည် မိမိ၌ လွတ်လမ်းရှိနေပြီးသား ဖြစ်သောကြောင့် ဤမျှ ရူးသွပ်နေခြင်း ဖြစ်သည်ကို သူတို့ နားလည်သွားလေသည်။
ကောင်းကင်ဘုံ ယန်နယ်မြေသို့ တက်သွားပြီး ယန်နယ်မြေ၌ နတ်မင်းတစ်ပါး ဖြစ်လာခြင်းသည် ငရဲဘုံမှ သိုင်းပညာရှင်တိုင်း၏ အိပ်မက်ပင်။ သို့ရာတွင် လူသားအရှင်သခင်က အားလုံး၏ အသက်ကို စတေးရဲသည်အထိ ရက်စက်လွန်းလှ၏။
“ငါ မင်းကို သတ်မယ်ကွ”
ထျန်းချန်ဇီ ဒေါသထွက်ကာ နောင်တရနေသည်။ သူသည် လူသားအရှင်သခင်၏ ဓားတစ်လက် ဖြစ်ပေးပြီး ယဲ့ဖန်နှင့် ရင်ဆိုင်ရာ၌ အသုံးချခံခဲ့သော်လည်း လူသားအရှင်သခင်၏ သစ္စာဖောက်ခြင်း ခံရလိမ့်မည်ဟု ထင်မထားမိပေ။
ထျန်းချန်ဇီက ဒေါသတကြီးနှင့် လူသားအရှင်သခင်ထံ ပြေးဝင်သွားသည်။ ပြင်းထန်သော အရှိန်အဝါများက လူသားအရှင်သခင်ကို လွှမ်းခြုံလာသည်။
ထျန်းချန်ဇီက အသက်ကိုရင်း၍ လူသားအရှင်သခင်ကို သေစေချင်နေမှန်း လူတိုင်း ရိပ်မိနေသည်။ လူသား အရှင်သခင်ကမူ တုန်လှုပ်ဟန် တစ်ချက်မျှ မပြချေ။ ထိုအစား အထင်သေးဟန်ဖြင့်သာ ပြုံးနေ၏။
“ဘယ်လို ရှင်သန်နေထိုင်ရမလဲ မသိတဲ့ သက်ကြားအိုကြီးပဲ၊ ဒီအရှင်သခင်ကို ရှေးဟောင်းမျိုးနွယ်ဆို မသတ်နိုင်ဘူးလို့ ထင်နေတာလား၊ ကြွက်တစ်ကောင်လောက်ကို မသတ်နိုင်ဘူး မှတ်နေလား”
လူသားအရှင်သခင်ထံမှ ပူပြင်းသော အရှိန်အဝါများ ထွက်ပေါ်လာ၏။ ရုတ်ချည်းဆိုသလိုပင် မဟာနတ္ထိ ရှေးဧကရာဇ်ကြောင့် ဒဏ်ရာရထားသော သူ၏လက်တစ်ဖက်က ယန်စွမ်းအင်ကြောင့် ပကတိအတိုင်း ပြန်လည်ကောင်းမွန်လာ၏။
ထို့နောက် ထိုလက်ဖြင့် အရှေ့တည့်တည့်သို့ ထိုးနှက်လိုက်သည်။ ဝုန်းခနဲ ပေါက်ကွဲသံ ထွက်ပေါ်လာပြီး ပြင်းထန်လှသည့် အဖျက်စွမ်းအင်များ ပျံ့လွင့်လာလေသည်။
အရှေ့၌ ရှိနေသော ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်ဝင်တစ်ချို့ ပေါက်ကွဲသေဆုံးသွားပြီး ထျန်းချန်ဇီသည်လည်း ဒဏ်ရာ အပြင်းအထန် ရသွားသည်။
လူသားအရှင်သခင်၏ လက်သီးချက်ကြောင့် တစ်ကိုယ်လုံး လွင့်ထွက်သွားလိမ့်မည်ဟု ထျန်းချန်ဇီ မျှော်လင့်မထားမိပါ။ ထို့နောက် သူ၏ခန္ဓာကိုယ် ပေါက်ကွဲသွားပြီး သွေးစက်များနှင့် အသားစက်များက ဘေးနားမှ လူများထံ လွင့်စဉ်သွား၏။
ကောင်းကင်မိစ္ဆာကြွက်မျိုးနွယ်၏ ဘိုးဘေးတစ်ယောက်က လက်သီးတစ်ချက်ဖြင့် ပေါက်ကွဲ သေဆုံးသွားလေပြီ။ ဤအဖြစ်က လူတိုင်းကို မယုံနိုင် ဖြစ်သွားစေသည်။ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်ဝင်များ ရင်ကွဲမတတ် အော်ဟစ် လာလေသည်။
ဘုရင်မခွေရှယ်နှင့် ဗောဓိဘိုးဘေးတို့၏ မျက်နှာတွင်လည်း ထျန်းချန်ဇီ၏ အသားစများနှင့် သွေးစက်များ ပေကျံနေသည်။ နှစ်ယောက်လုံး သွေးစက်များကို တုန်ယင်နေသော လက်များဖြင့် ဖယ်ရှားလိုက်ကြသည်။ သူတို့၏ စိတ်ထဲတွင် ကြောက်စိတ်များ ပြည့်နှက်လာလေသည်။
“ဟားဟားဟား … မင်းတို့ မြင်ပြီလား”
“မင်းတို့အားလုံးက ပုရွက်ဆိတ်တွေပဲ၊ နှစ်ဖက်လုံး ရှုံးနိမ့်ပြီး သေကျေကြမှာ၊ အခုတော့ အားလုံး သေလိုက်ကြတော့”
လူသားအရှင်သခင်က ထိုသို့ပြောဆိုပြီးသည်နှင့် ဖျတ်ခနဲ လှုပ်ရှားကာ ကောင်းကင်မိစ္ဆာ ကြွက်မျိုးနွယ်များထံ ပြေးဝင်၍ သတ်ဖြတ်လေတော့သည်။
သူသည်သာမက လူသားအရှင်သခင်၏ ဆရာဖြစ်သူကလည်း ပျံသန်း၍ တိုက်ခိုက်နေ၏။ သူ တစ်ချက် တိုက်လိုက်တိုင်း ရှေးဟောင်းမျိုးနွယ်ဝင်တစ်ယောက် ခေါင်းပြတ်သွားစမြဲပင်။
ထိုဆရာတပည့်အနောက်၌ ရွှေရောင်သတ္တဝါများစွာတို့က ကောင်းကင်ယံမှ ဆင်းသက်၍ ယဲ့ဖန်၊ မဟာနတ္ထိ ရှေးဧကရာဇ်နှင့် ရှေးဟောင်းမျိုးနွယ်သုံးခုလုံးကို သတ်ဖြတ်လေသည်။
ဤအဖြစ်ကြောင့်‌ ထောင်သောင်းချီ‌သော ယင်ယန်လောက၏ သိုင်းပညာရှင်များနှင့် လေနတ်ဘုရားနှင့် ရေနတ်ဘုရားတို့ပါ ကြက်သေ သေသွားကြသည်။
“ငါ … ငါ ဘာလုပ်ခဲ့မိတာလဲ၊ လူသားအရှင်သခင်ကို ကူပြီး ငရဲဘုံနဲ့ ယင်ယန်လောကကို ဖျက်ဆီးမိတာပါလား”
လေနတ်ဘုရား၏ မျက်နှာက ပျက်ယွင်းကာ ပြာနှမ်း၍နေ၏။ သူ နောင်တရနေသည်။ သူ၏စိတ်ထဲ၌ ခံစားချက်များစွာ ရောပြွမ်းနေလေသည်။
ဘေးနားမှ ရေနတ်ဘုရားနှင့် ယင်ယန်သိုင်းပညာရှင်များလည်း ထိုနည်းတူပင်။ သူတို့ကိုယ်သူတို့ အရူးများဟု ခံစားမိလာကြသည်။ တစ်ဖက်လူကိုကူညီ၍ မိမိကိုယ်မိမိ ဖျက်ဆီးခဲ့မိသည်။ အလွန်တရာ ရူးသွပ်သောသူများ ဖြစ်ခဲ့ပါတကား။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now