Chapter 1113

351 46 3
                                    

စာစဉ် 75 Chapter 1113 မင်းက သေလမ်းရှာနေတာလား

လက်ရှိအချိန်တွင် ဤအဖြစ်ကိုကြည့်ပြီး ယန်ချန်ကျစ်သာမက ထုံယန်ရှန့်သည်လည်း သူ့မိသားစုကို အလျင်အမြန် ခေါ်လိုက်သည်။ မိသားစု၏ ဒေါသကို ဆွနိုင်ရန်အတွက် သူသည် ပြတ်သွားသော သူ့လက်ကိုပင် ဓာတ်ပုံရိုက်၍ ပို့လိုက်လေသည်။
အချိန် အတိုင်းအတာ တစ်ခုအထိ လူတိုင်း ထိတ်လန့်နေကြသည်။ ဤခေါ်ဆိုမှု နှစ်ခုအပြီး၌ ဖျင်အန်းတစ်မြို့လုံး ငလျင်လှုပ်သကဲ့သို့ လှုပ်ခါသွားမည့် ကိစ္စတစ်ခု ဖြစ်လာဦးမည်ကို သူတို့ ရိပ်စားမိနေ၏။
ယန်မိသားစုနှင့် ထန်မိသားစုတို့ လုံးဝ ဆူပူအုံကြွလာလောက်သည်။ ဤသည်ကို တွေးမိပြီး ဘေးနားမှ လူတိုင်းက ယဲ့ဖန်အား မြန်မြန် ထွက်သွားရန် တစ်ယောက်ပြီး တစ်ယောက် မျက်ရိပ်ပြလေသည်။ ထုံမိသားစုနှင့် ယန်မိသားစု ရောက်လာသည်နှင့် ဤဖျင်အန်းမြို့တစ်ခုလုံး လှုပ်ခါသွားပေတော့မည်။
ယဲ့ဖန်က သန်မာပါသော်လည်း ဘယ်လိုလုပ် ယန်မိသားစုနှင့် ထုံမိသားစု၏ ရန်သူ ဖြစ်နိုင်ပါမည်နည်း။
ကျုံးချိုးရှားသည်လည်း မျက်နှာ ဖြူရော်နေ၏။ ယန်မိသားစုသည် ထိပ်တန်းမိသားစု သုံးခုဖြစ်ပြီး အင်အားအရ ထန်မိသားစုပြီးလျင် သူတို့က ဒုတိယပင်။ ယခု ထုံမိသားစုပါ ပါလာသဖြင့် သူ့နေရာ၌ ထန်မိသားစုတောင်မှ ရှောင်တိမ်းရပေမည်။
*ဒီကောင်က မိသားစုကြီး နှစ်ခုလုံးကို တစ်ချိန်တည်း ရန်စလိုက်တော့ သေချာပေါက် သေတော့မှာပဲ*
စုန့်ကျစ်ယွင်တောင်မှ ပျက်ရယ်ပြုလေသည်။
*မင်းကို ထန်မိသားစုက လေးလေးစားစား ဆက်ဆံတော့ရော ဘာဖြစ်လဲ*
*မိသားစုကြီး နှစ်ခုလုံးကို တစ်ပြိုင်တည်း ရန်စမှတော့ ထန်မိသားစုတောင်မှ မင်းကို မကာကွယ်နိုင်ဘူးကွ*
အစပိုင်း၌ စုန့်ကျစ်ယွင်သည် ရှက်ရွံ့သလို ခံစားခဲ့ရသည်။ သို့သော် ယဲ့ဖန်က သူ့ကံထက် ပိုဆိုးတော့မည်ကို မြင်နေရသဖြင့် သူ ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားလေသည်။ ကျုံးချိုးရှားသည်လည်း ကျိတ်၍ ဝမ်းသာနေ၏။
*ဟမ့် … နင့်အဆင့်အတန်းက အရေးပါတော့ရော ဘာဖြစ်လဲ၊ အခုတော့ သေပွဲဝင်ရတော့မယ် မဟုတ်လား*
ယဲ့ဖန်နှင့် ပတ်သက်မှု ရှင်းလင်းနေသည့်အတွက် သူမကိုယ်သူမ ကံကောင်းသည်ဟု ခံစားမိနေသည်။ သို့မဟုတ်ပါက သူမပါ ရောယောင်၍ ဆွဲထည့်ခံနေရမလား မသိနိုင်ပေ။ သို့သော် ယဲ့ဖန်က တုတ်တုတ်မျှ မလှုပ်ပေ။
“ဟေ့ကောင် ထူးဆန်းလှချည်လား၊ မင်း ဘာလို့ ထွက်မသွားတာလဲ”
ယန်ချန်ကျစ်က သုန်မှုန်စွာ ပြုံးနေသည်။
“ဒါမှမဟုတ် ထွက်ပြေးလည်း အသုံးမဝင်တာကို သိနေလို့လား”
“စိတ်မကောင်းစရာက နောင်တရဖို့ နောက်ကျသွားတာပဲ၊ မင်းမိသားစုတစ်ခုလုံးကို သတ်မယ်လို့ ပြောလိုက်တဲ့အတွက် ငါ စိတ်မကောင်းပါဘူး၊ ငါ တကယ် မင်းတစ်မိသားစုလုံးကို သတ်ကိုသတ်မှာ”
ယန်ချန်ကျစ်က ခက်ထန်သော အမူအရာဖြင့် ကြည့်နေပြီး ယဲ့ဖန်အား ကြက်ကလေး၊ ငှက်ကလေးသဖွယ် သတ်ပစ်ပြီး လူတိုင်းအား သူဆိုသော ယန်ချန်ကျစ်က ရန်လာစ၍ မရနိုင်သောသူ ဖြစ်ကြောင်း ပြချင်နေ၏။
ကျွီ
ရုတ်ချည်းဆိုသလိုပင် ဇိမ်ခံကား ဆယ်စီးကျော်က ဟိုတယ်အဝင်ဝ၌ တစ်ပြိုင်တည်း ရပ်လာသည်။ အနက်ရောင် ဝတ်စုံနှင့်လူများ အလျင်အမြန် ပြေးဝင်လာကြသည်။ အားလုံးသည် ခန္ဓာကိုယ် တုတ်ခိုင်၍ သိုင်းပညာရှင်များ ဖြစ်လေသည်။ လေထုအတွင်း၌ သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်လာ၏။
“ဟားဟား ဒီမှာ၊ သူတို့ ဒီရောက်လာပြီကွ”
ထုံယန်ရှန့်က ခက်ထန်စွာ ရယ်မောပြီး ယဲ့ဖန်အား စူးစိုက်ကြည့်လေသည်။
“မျိုးမစစ်ကောင် မင်း သေမယ့်အချိန်ကို စောင့်နေလိုက်တော့၊ မင်းကိုမှ ငါ မရှင်းနိုင်ရင် ငါ့ကိုယ်ငါ ထုံယန်ရှန့်လို့ မခေါ်တော့ဘူး”
ယန်ချန်ကျစ်သည်လည်း ပြုံးနေပြီး ယဲ့ဖန်အား ကြည့်ကာ ပြောလိုက်သည်။
“ဟေ့ကောင် ဒီဘဝတော့ ထားလိုက်တော့၊ နောက်ဘဝရောက်ရင်လည်း ငါဆိုတဲ့ ယန်ချန်ကျစ်နဲ့ ထပ်မတွေ့ပါစေနဲ့လို့ ဆုတောင်းဖို့ သတိရဦး”
စုန့်ကျစ်ယွင်နှင့် ကျုံးချိုးရှားတို့ ပြိုင်တူ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး လူအုပ်နောက်၌ အလွန်အမင်း ကြောက်ရွံ့ တုန်လှုပ်နေ၏။ ယဲ့ဖန် သေပြီးသွားလျင် သူတို့ပါ ဆွဲထည့်မခံချင်ကြပေ။
“သခင်လေး”
“သခင်လေး”
ယန်မိသားစုနှင့် ထုံမိသားစု၏ သက်တော်စောင့်များက သခင်လေးနှစ်ယောက်ရှိသို့ တန်း၍ ပြေးလာလေသည်။ ထို့‌နောက် ခက်ထန်စွာ အော်ငေါက်လိုက်သည်။
“ဘယ်ကောင်လဲ၊ ငါ့သခင်လေးကို ထိခိုက်အောင် ဘယ်သူ လုပ်ရဲတာလဲ၊ ထွက်လာခဲ့စမ်း”
“အေး ငါ လုပ်တာ”
ယဲ့ဖန်က အသာခေါင်းညိတ်၍ ရှေ့သို့ လျှောက်လာသည်။ သက်တော်စောင့်များအားလုံးသည် လည်မျိုကို အညှစ်ခံထားရသကဲ့သို့ အသက်ဖြောင့်ဖြောင့် မရှူနိုင်သလို ဖြစ်လာပြီး ပြောမည့်စကားများက လည်ချောင်း တွင်ပင် တစ်သွားလေသည်။
ထို့နောက် အားလုံး၏ မျက်လုံးတွင် ကြောက်စိတ်များ စိုးမိုးလာပြီး ဆန်စက်ထဲမှ စပါးကဲ့သို့ တုန်ယင် လာကြသည်။ ထို့အပြင် သူတို့သည် ငိုချင်စိတ်ပါ ပေါက်နေကြသည်။
*ဘယ်လိုလုပ် ဒီနတ်ဆိုး ဖြစ်နေရတာလဲ*
“သူပဲ”
ထုံယန်ရှန့်က ကျန်သော လက်တစ်ဖက်ဖြင့် ယဲ့ဖန်အား လက်ညှိုးထိုး၍ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လေသည်။
“အခု ငါ့အတွက် သူ့ကို မင်း ချက်ချင်း သတ်ပစ်လိုက်”
သူ၏မျက်နှာတွင် ရူးသွပ် နာကျင်မှုများနှင့် ပြည့်နှက်နေ၏။ ယဲ့ဖန်က သူ့အား ဤအခြေအနေထိ ဖြစ်အောင် ရိုက်နှက်ခဲ့ သည့်အပြင် လက်တစ်ဖက်ကိုလည်း ဖြတ်ပစ်ခဲ့သေးသည်။ ယဲ့ဖန်အား ဓားတစ်သောင်းဖြင့် ခုတ်ထစ်ရန် သူ မစောင့်နိုင်တော့ချေ။
“သခင်လေး လက်ညှိုးမထိုးပါနဲ့”
သက်တော်စောင့်များသည် ငိုမတတ် မျက်နှာထားဖြင့် ထုံယန်ရှန့်၏ လက်အား အတင်း အောက်သို့ နှိမ့်ချလေသည်။ မည်သူမှ စိတ်ထဲ မကျိန်ဆဲပဲ မနေရဲချေ။
*မင်းဖေဖေကြီး ရူးတော့မယ်ကွ*
*မင်း ပြဿနာရှာချင်လည်း ရှာပါကွာ၊ ဒါပေမဲ့ ဒီတစ်ယောက်က ပြဿနာရှာလို့ လွယ်တဲ့လူ မဟုတ်ဘူးကွ*
ထိုစကားကြောင့် ထုံယန်ရှန့် ချက်ချင်း စိတ်ပျက်သွားသည်။
“မင်း ဘာပြောချင်တာလဲ၊ ငါ သူ့ကို သတ်ဖို့ ပြောနေတာလေ၊ ဘာလို့ မင်းက ငါ့ကို သူ့ကို လက်ညှိုးမထိုးနဲ့လို့ ပြောတာလဲ”
“ပြီးတော့ မင်း၊ မင်းကရော ဘာလို့ ရှေ့တက်ပြီး သူ့ကို မဖမ်းတာလဲ”
ယန်ချန်ကျစ်သည်လည်း ယန်မိသားစု သက်တော်စောင့်အား မနေနိုင်ဘဲ အော်လိုက်မိသည်။ ယန်မိသားစု၏ သက်တော်စောင့်သည်လည်း ငိုချင်နေ၏။
*ကျွန်တော်တို့လည်း ခိုင်းတဲ့အတိုင်း လုပ်ချင်ပါတယ်၊ ဒါပေမဲ့ မေးစရာ ရှိတာက ကျွန်တော်တို့ လုပ်နိုင်ပါ့မလား ဆိုတာပဲ*
တစ်ဖက်လူက သူတို့အား လက်ညှိုးတစ်ချောင်းတည်းဖြင့် သတ်နိုင်၏။ ထိုနေ့က သူတို့သည် မိသားစု ခေါင်းဆောင်များနှင့်အတူ အားကစားကွင်းသို့ လိုက်သွားခဲ့သည်။ ထို့အပြင် ယဲ့ဖန်၏ ကျန်းမိန်တို့အား သတ်ဖြတ်ပုံကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရလေသည်။
ယခု ပြန်တွေးကြည့်မိရုံနှင့်တင် သူတို့ ကြက်သီးထကာ ရင်တုန်လာရသည်။
*ဒီနတ်ဆိုးဘုရင်ကို သတ်ရမယ်တဲ့လား*
*ငါတို့ ရူးနေမှသာ အဲ့လိုလုပ်မယ်၊ မဟုတ်လို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး*
“သခင်လေး ကျွန်တော်တို့ သူ့ကို သတ်လို့မရပါဘူး”
သက်တော်စောင့် ခေါင်းဆောင်က ယန်ချန်ကျစ်အား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ပြန်ကြည့်၍ ပြောလေသည်။ ယန်ချန်ကျစ် ရုတ်ချည်းဆိုသလို ဒေါကန်လာ၏။
*ဒါ ဘာအကြည့်လဲ၊ အစေခံတစ်ယောက်က ငါ့ကို ဒီအကြည့်မျိုးနဲ့ ကြည့်ရဲတယ်ပေါ့လေ*
*ပြီးတော့ သတ်လို့မရဘူး ဆိုတာကရော ဘာသဘောလဲ*
*ချီးပဲကွာ*
“သတ်လို့မရဘူး၊ ဒါဆို မင်းတို့လို အမှိုက်တွေကို မွေးထားတာ ဘာအသုံးကျဦးမှာလဲ”
ယန်ချန်ကျစ်က ဒေါသတကြီးဖြင့် သက်တော်စောင့် ခေါင်းဆောင်ကို လက်ညှိုးထိုးလေသည်။
“မင်းက ခေါင်းဆောင် မဟုတ်ဘူးလား၊ မင်းရော သေချင်နေတာလား”
ထိုစကားကို ကြားပြီးနောက် သက်တော်စောင့်ခေါင်းဆောင်သည် ပုံမှန်အတိုင်း ကြည့်၍ ပြန်ပြောလိုက်သည်။
“ကျွန်တော်တို့ သူ့ကို သတ်လို့မရဘူး၊ ထုံမိသားစုလည်း သူ့ကို မသတ်နိုင်သလို ယန်မိသားစုကလည်း မသတ်နိုင်ဘူး၊ ပြီးတော့ ဖျင်အန်းတစ်မြို့လုံးမှာ ဘယ်သူမှ သူ့ကို မသတ်နိုင်ဘူး”
*ဖျင်အန်းတစ်မြို့လုံးမှာ ဘယ်သူမှ သူ့ကို မသတ်နိုင်ဘူးတဲ့လား*
ဘေးပတ်လည်မှ လူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဒါ ဘာအဓိပ်ပာယျလဲ*
လူတိုင်း ခေါင်းရှုပ်သွားလေသည်။ ထိုစကား၏ အဓိပ္ပာယ်ကို သူတို့ လုံးဝ နားမလည်ကြပေ။
*ဒါ ငနာလေး တစ်ကောင်ပဲကို၊ ဘာလို့ သူ့ကို သတ်လို့မရတာလဲ*
ထုံမိသားစု၏ သက်တော်စောင့်ကလည်း ထုံယန်ရှန့်ကို ခေါင်းခါပြလေသည်။
“သခင်လေး ဒီတစ်ခါတော့ ခင်ဗျားတို့ ဒုက္ခရောက်ပြီပဲ”
“ဟုတ်တယ်၊ ဒုက္ခမှ အကြီးကြီး”
ကျွီ
ထိုစဉ် တံခါးဝ၌ ဇိမ်ခံကားနှစ်စီး ရပ်လာပြန်သည်။ ထိုကားထဲမှ အမျိုးသမီးများနှင့် လူကြီးမင်းများ တစ်ပြိုင်တည်း ထွက်လာကြသည်။
ယန်မိသားစု၏ မိသားစုခေါင်းဆောင်နှင့် ထုံမိသားစု၏ မိသားစုခေါင်းဆောင်တို့သည် မျက်နှာများ မည်းမှောင် နေသည်။
ယခုအခါတွင် သူတို့သည် အမည်မသိ လူကြီးမင်းထံ အညံ့ခံထားသဖြင့် ဖျင်အန်းမြို့မဆိုထားနှင့် အနီးအနားမြို့ များမှ အင်အားကြီးသူများပင် သူတို့အား လေးစားရသည်။
သို့သော် ယခု သူတို့၏ မျက်ခုံးပေါ် လမ်းတက်လျှောက်ရဲသူ ပေါ်လာသဖြင့် ထိုသူက သေလမ်းရှာနေခြင်းသာ ဖြစ်ရပေမည်။
သူတို့အားလုံး ဒုတိယထပ်သို့ အလျင်အမြန် တက်လာကြသည်။
“အဖေ ဒီခွေးကောင်တွေကို သတ်ပစ်လိုက်တာ၊ သူတို့ ကျွန်တော့်စကားကို နားမထောင်ဘူး”
ယန်ချန်ကျစ်က ရုတ်တရက် ဒေါသတကြီး အော်ပြောလေသည်။
*ဒီခွေးလိုကောင်တွေကများ ငါ့ကို အရှက်ခွဲရဲတယ်၊ ဒီလိုဆိုမှတော့ သေလိုက်ကြတော့*
*ဟမ်*
ယန်မိသားစုခေါင်းဆောင် မျက်မှောင်ကြုတ်သွားပြီး ငေါက်ငမ်းလိုက်သည်။
“ဝမ်ကျန်းကွမ် မင်း သေချင်နေတာလား”
ဝမ်းကျန်းကွမ်သည် ယန်မိသားစု၏ သက်တော်စောင့် ခေါင်းဆောင် ဖြစ်သည်။ ဝမ်ကျန်းကွမ်က မချိပြုံးပြုံး၍ မလှမ်းမကမ်းမှ ယဲ့ဖန်ကို လှမ်းကြည့်လေသည်။
“မိသားစုခေါင်းဆောင် သခင်လေးကို ရန်လုပ်တာ ဘယ်သူလဲ အရင်ကြည့်ပါဦး”
ယန်မိသားစုခေါင်းဆောင်သည် ယဲ့ဖန်ကို မြင်သွားပြီး ချက်ချင်း ခြေထောက်များ ပျော့ခွေလာကာ နေရာမှာတင် ကြက်သေ သေလုနီးပါး ဖြစ်သွားရသည်။
*သေစမ်း သေစမ်း*
သူ့ရင်ထဲ၌ ကျိတ်၍ အော်ဟစ်နေမိသည်။ ယဲ့ဖန်က သူ့အား ပြုံးစစနှင့် ကြည့်နေသည်။
“သူ သေလမ်းရှာနေတယ်လို့ ငါ မမြင်ပင်မယ့် မင်းက သေလမ်းရှာနေတာလား”
ဘေးလူများအားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားလေသည်။
*ဒီကောင်လေးက သခင်လေး နှစ်ယောက်ကို ရန်စမိတာတောင် မလုံလောက်သေးလို့ ယန်မိသားစု ခေါင်းဆောင် ကိုပါ ခြိမ်းခြောက်နေတာလား*
ကျွီ
ထိုအခိုက်တွင် စွမ်းအင်သုံး ဇိမ်ခံကားများ တစ်စီးပြီး တစ်စီး ရောက်လာပြီး ခပ်တန်းတန်း နေတတ်သော ပုဂ္ဂိုလ်များ ဝင်လာကြသည်။
ထန်မိသားစု၏ သခင်ကြီး၊ ကင်းမြီးကောက် လူသတ်သမားနှင့် ဖျင်အန်းတစ်မြို့လုံးမှ အင်အားကြီး ပုဂ္ဂိုလ်များ အားလုံး ဤသို့ ရောက်လာကြသည်။ ဟိုတယ်ထဲ၌ ရှိနေသူများအားလုံး ခေါင်းမွေးထောင်သွားလေသည်။
*ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*
*သခင်လေး နှစ်ယောက် အရိုက်ခံရရုံလေးပဲ မဟုတ်လား၊ ဘယ်လိုလုပ် ဖျင်အန်းမြို့က အင်အားကြီး ပုဂ္ဂိုလ်အားလုံး ရောက်လာရတာလဲ*
*သူတို့နဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ*

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now