Chapter 1122

346 42 2
                                    

စာစဉ် 75 Chapter 1122 အခု မင်း ပါးစပ်ပိတ်ထားလို့ရပြီလား

“ဖြောင်း”
ထိုရိုက်ချက်က အလွန် ပြင်းထန်လှသည်။ ယဲ့လုံအန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် သုံးလေးမီတာမျှ လွင့်ထွက်သွားပြီးမှ ကြမ်းပြင်ပေါ် အရှိန်ဖြင့် ပြန်ကျလေသည်။
သူ၏ ပါးရိုးများသည် ထိုလက်ဝါးချက်ကြောင့် ကျိုးကြေသွားပြီး ပါးမှ သွေးများ စိမ့်ထွက်လာ၏။ ယဲ့လုံအန် မှင်တက် သွားသည်။ ဟွိုင်အန်းမြို့ နယ်မြေအတွင်း၌ သူ့အား တိုက်ခိုက်ရဲသည့်သူ ရှိလိမ့်မည်ဟု သူ ထင်မထားမိပေ။
ရုတ်ချည်းဆိုသလိုပင် သူ့မျက်နှာ၌ ရက်စက်ကြမ်းကြုတ်သော အမူအရာများ ထင်ဟပ်လာပြီး ကျယ်လောင်စွာ အော်ငေါက်လိုက်သည်။
“ဘယ်သူလဲ၊ ငါလို သခင်လေးကို ဘယ်ကောင် ရိုက်ရဲတာလဲ”
ကျုံးဝမ်သည်လည်း အံ့ဩမိနေသည်။ သူမ နောက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က သူမအနောက်၌ သုန်မှုန်နေသော မျက်နှာထားဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန်သည် အသက်မပါသော အမူအရာဖြင့် ရပ်နေသော်လည်း မျက်လုံးတွင် အေးစက်စက် အလင်းများ ထင်ဟပ်နေသည်။
“မင်း သူ့ကို ထိရဲလို့ကတော့ မင်း မိသားစုတစ်ခုလုံးကို ငါ သတ်ပစ်မယ်”
ဖော့ပြောလိုက်သော စကား ဖြစ်သော်လည်း ခြိမ်းခြောက်သော အငွေ့အသက်များ ပါဝင်နေသေးသည်။ ဤသည်ကို မြင်ပြီး ကျုံးဝမ် ချက်ချင်း ငိုကြွေးမတတ် ဖြစ်သွားရသည်။ သူမကိုယ်သူမ စတေးရသည့် အကြောင်းရင်းမှာ ယဲ့ဖန်ကို ကာကွယ်ရန် ဖြစ်သည်။
သို့သော် ယဲ့ဖန် ပြုလုပ်လိုက်သည့် အပြုအမူက မီးထဲသို့ လောင်စာ သွားထည့်လိုက်သလိုပင်။ ယဲ့လုံအန်က သူ့အား မည်သို့ အသက်ချမ်းသာပေးပါတော့မည်နည်း။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ယဲ့လုံအန်၏ မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်။ သူ ကလေးဘဝကတည်းက ဤသို့ အရှက်ကွဲခြင်းမျိုး မကြုံဖူးသေးပါ။ ထို့အပြင် သူသည် အရိုက်ခံရသည့်အပြင် ခြိမ်းခြောက်ခံနေရသည်။
ထို့အပြင် သူ့ကို ခြိမ်းခြောက်သည့်လူက သူကိုယ်တိုင် အချိန်မရွေး ညှစ်သတ်လိုက်၍ရသည့် ပုရွက်ဆိတ်လိုကောင် ဖြစ်နေ၏။
*ငါ့မိသားစုကို သတ်မယ်ဟုတ်လား*
ယဲ့လုံအန်က ထူးခြားစွာ ရယ်မော၍ ပြောလိုက်သည်။
“ကောင်းပြီလေ၊ မင်းပြောတဲ့အတိုင်း ငါ လုပ်ရတာပေါ့၊ မင်းမိသားစုကို ငါ သတ်ပစ်မယ် ပြီးရင် သူ့မိသားစုကိုပါ ထပ်သတ်မယ်”
ထိုအချိန်တွင် ကျုံးဝမ်က ယဲ့ဖန်ကို ဆက်တိုက် တွန်းထုတ်နေသည်။ သူမမျက်လုံးတွင် မျက်ရည်များဖြင့် ပြည့်နေပြီး အသံမထွက်ဘဲ ဗလုံးဗထွေး အော်နေပုံက ယဲ့ဖန်ကို မြန်မြန် ထွက်သွားစေချင်နေသည့်ပုံပင်။
ယဲ့လုံအန်က ပြောသည့်အတိုင်း လုပ်တတ်သူဖြစ်ကြောင်း သူမ သိသည်။ ဘာကြောင့်မှန်း မသိသော်လည်း ယဲ့ဖန် မသိမသာ ဝမ်းနည်းသလို ခံစားလိုက်ရပြီး အသံနက်နက်ဖြင့် အော်လိုက်သည်။
“တော်သင့်ပြီ”
ကျုံးဝမ် အံ့ဩသွားပြီး ယဲ့ဖန်ကို ငေးကြည့်လေသည်။
“ဒီလောကမှာ ဘယ်သူမှ မင်းကို မယုံတောင် ငါ မင်းကို ယုံတယ်”
“ဒီကမ္ဘာကြီးမှာ ဘယ်သူမှ မင်းကို မချစ်ရင်နေပါစေ၊ ငါ မင်းကို ချစ်တယ်”
“ဒီလောကမှာ မင်းအတွက် ဘာကာကွယ်မှုမှ မရှိလည်း ရတယ်၊ ငါ မင်းကို ကာကွယ်မယ်”
ကျယ်လောင်သော စကားသုံးခွန်းကြောင့် ဝမ်အာ ချက်ချင်း ကြက်သေ သေသွားရပြီး နေရာမှာတင် ငိုင်နေမိသည်။ သူမသည် အနုပညာ လောက၏ ဘုရင်မဟူသော နေရာသို့ တက်လာနိုင်ရန် သူမတစ်ကိုယ်တည်း၏ အားအပေါ် မှီခို၍ အမြဲကြိုးစားခဲ့ရသည်။
ခက်ခဲ ကြမ်းတမ်းမှုများကို သူမသာလျင် သိပေသည်။ သူမ တစ်ကိုယ်တည်း ကြံ့ကြံ့ခံလာရသဖြင့် မှီခိုခြင်းဟူသော စကားလုံးကို သူမ မသိတော့သည်မှာ ကြာနေလေပြီ။ လုံခြုံမှု ပေးစွမ်းသည် ဆိုတာကိုလည်း မသိတော့ပေ။
သို့သော် လက်ရှိအချိန်၌ သူမ တစ်ခါမှ မခံစားဖူးသော ခံစားချက်မျိုးကို ယဲ့ဖန်ထံမှ ရနေသည်။ အထက်စီးဆန်၍ ရိုင်းပျသော ဤလူအား သူမ မမှီခိုဘဲ မနေနိုင်သလို ဖြစ်လာရသည်။
“အဲ့ဒါကြောင့်”
နဂါးတစ်ကောင်သဖွယ် ရဲဝင့်သော ယဲ့ဖန်သည် ကျုံးဝမ်အားဆွဲ၍ သူ့အနောက်သို့ ပို့လိုက်သည်။ သူမကလည်း သူ့နောက်၌ ရှက်ရွံ့စွာ ပုန်းနေလေသည်။
“မင်း လုပ်ရမှာဆိုလို့ ငါ့အနောက်မှာ ရပ်ပြီး ငါ လူသတ်တာကို ကြည့်နေရုံလေးပဲ”
ထောင်လွှား၍ ရူးသွပ်လွန်းလှသည်။ ကျုံးဝမ် မျက်နှာ ဖြူရော်သွားပြီး သူမရှေ့မှာ အားထားရသော ကျောပြင်ကို ငေးကြည့်ပြီး သူမရင်ထဲ၌ ခံစားချက် တစ်စုံတစ်ရာ ပြည့်နှက်လာသည်ဟု ခံစားမိသည်။
*ဒါ ကာကွယ်ခံရတဲ့ ခံစားချက်လား*
“ကြည်နူးစရာပဲ၊ တော်တော် ကြည်နူးစရာ ကောင်းတယ်”
ယဲ့လုံအန်က ဒေါသနှင့် ရယ်မောလိုက်ပြီး လက်ခုပ်တီးလေသည်။
“မင်းတို့က တော်တော် ချစ်ပြနေတာပဲ၊ တကယ် ကြည်နူးဖို့ကောင်းတယ်”
“အဲ့တော့ ငါ ဆုံးဖြတ်လိုက်ပြီ၊ မင်းကို ခဏလောက် ကျိုးပဲ့သွားအောင် လုပ်ပြီးတာနဲ့ ညီအစ်တွေ ဆယ်ယောက် ကျော်လောက် ရှာပြီး မင်းရှေ့မှာ မင်းမိန်းမနဲ့ ပျော်ပါးပြမယ်”
“ပြီးရင် ငါ သူ့ကို သတ်ပစ်မယ်”
ရက်စက် ကောက်ကျစ်လွန်းပေသည်။ ဟွိုင်အန်းမြို့တွင် သူသည်သာ ဥပဒေ ဖြစ်သည်။ သူ လုပ်ချင်သော ဘယ်အရာကိုမဆို လုပ်နိုင်၏။ သူ ကြောက်ရသူဟူ၍ လက်ဆယ်ချောင်းပင် မပြည့်ပေ။ ထို့အပြင် ယဲ့ဖန်က သူကြောက်ရသော လူများစာရင်း၌ မပါကြောင်း သူ သိသည်။
ယဲ့ဖန်က အထင်သေးစွာ ရယ်မောလိုက်သည်။
“မင်း အဲ့လိုလုပ်နိုင်မယ့် အခွင့်အရေး ရှိမှာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ငါ မင်းကို ဒီမှာ သတ်မှာမို့လို့ပဲ”
ယဲ့လုံအန်က ထိုကဲ့သို့ ပြောလာနေပြီ ဖြစ်သဖြင့် သူ၏ အဆုံးသတ်ကလည်း ဆိုးရွားပေတော့မည်။
“ဘာဖြစ်တာလဲ”
ထိုသို့သောအချိန်၌ စုန့်ကျီရှီးနှင့် အခြားသူများ ပြေးလာကြပြီး ဇဝေဇဝါဖြင့် ဝိုင်းကြည့်လာသည်။ ယဲလုံအန်၏ မျက်လုံးက အရောင်လက်သွားပြီးနောက် ကျုံးဝမ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“အဲ့အရှက်မရှိတဲ့ ခွေးမက ငါ့ကို မြှူဆွယ်ချင်နေတာ”
ဘေးလူများအားလုံး ထိတ်လန့်သွားပြီး ကျုံးဝမ်အား တွေဝေစွာ ဝိုင်းကြည့်လာ၏။ ကျုံးဝမ်ကိုယ်တိုင်တောင်မှ မှင်တက်သွားရသည်။
တစ်ဖက်လူက ဤမျှ အရှက်မဲ့လိမ့်မည်ဟု သူမ ထင်မထားမိပါ။
*လာမြှူဆွယ်တဲ့လူက သူကို၊ အခု သူက ပြောင်းပြန်တွေ ပြောနေပါလား*
“ငါ သန့်စင်ခန်းထဲက ထွက်လာတော့ သူက ငါ့ရှေ့ပိတ်ရပ်ပြီး ငါ့အပျော်မယားအဖြစ် နေချင်တယ်လို့ ပြောလာတယ်၊ ပြီးတော့ သူ့ကို အရင်ကလို ထိပ်ကို ပြန်ရောက်အောင် လုပ်ပေးဖို့ ငါ့ကို ကူညီစေချင်နေတာ”
“သူ ကျီရှီးကို တအား မနာလိုဖြစ်တယ်လို့လည်း ပြောသေးတယ်၊ ငါ ငြင်းလိုက်တော့ သူ့ရည်းစားကို ငါ့ကို ရိုက်ဖို့ ပြောလိုက်တာပဲ”
ယဲ့လုံအန်သည် တကယ်ပင် လျှာအရိုးမရှိတိုင်း လျှောက်ပြောနေ၏။ သူ၏ စကားများက ကျုံးဝမ်ကို သိသိသာသာ ညှိုးနွမ်းအောင် လုပ်နေသည်။
လူတိုင်း ကြက်သေ သေသွားကြသည်။ ကျုံးဝမ်က ဖြားယောင်း၍ မရသည်နှင့် ရိုက်နှက်ခိုင်းလောက်အောင် အရှက်မဲ့လှမည်ဟု လူတိုင်း ထင်မထားမိချေ။
ထို့အပြင် သူ့ချစ်သူကလည်း လူကောင်း မဟုတ်ပေ။ မိမိကောင်မလေးက အခြားယောက်ျားတစ်ယောက်အား သွေးဆောင်ခြင်းကို ကူညီပေးနေသဖြင့် ယောက်ျားတစ်ယောက်ဟုပင် မခေါ်ဆိုထိုက်ပေ။
တစ်ခဏအတွင်းမှာပင် အားလုံးက ယဲ့ဖန်ကို အလွန် အထင်သေးသော မျက်နှာဖြင့် ကြည့်လာကြသည်။ တစ်ယောက်ချင်းစီ၏ စိတ်ထဲ၌လည်း ကျိန်ဆဲနေလေသည်။
*ခွေးထီးနဲ့ခွေးမ*
ကျုံးဝမ်၏ မျက်လုံးများ မျက်ရည်များ ဝေ့တက်လာပြီး ဆက်တိုက် ခေါင်းခါပြနေမိသည်။ သို့သော် သူမသည် အသံ ဆုံးရှုံးထားရသဖြင့် သူမ အကျိုးသင့် အကြောင်းသင့် ပြန်ရှင်းမပြနိုင်ပေ။ သူမ မပြောနိုင်မှန်း သိနေ၍သာ ယဲ့လုံအန်က တမင်တကာ အပုပ်ချ၍ စော်ကားပြောဆိုခြင်း ဖြစ်သည်။
“ကျုံးဝမ် ခွေးမ၊ နင့်ကို ငါ့သူငယ်ချင်းကောင်းအဖြစ် သတ်မှတ်ထားမိတဲ့အထိ ငါ ကန်းနေခဲ့တာပဲ၊ နင့်ကို ငါ့အထိမ်းအမှတ်ပွဲဆီ ကြင်ကြင်နာနာနဲ့ ဖိတ်ခဲ့ပင်မယ့် နင်က ငါ့ချစ်သူကိုတောင် မြှူဆွယ်တယ်ပေါ့လေ”
စုန့်ကျီရှီး သည်းမခံနိုင်လောက်အောင် ဒေါသထွက်လာသဖြင့် ရုန့်ရင်းကြမ်းတမ်းသော စကားများ ပြောဆို လာသည်။ ယဲ့ကျန်းချောင် ပိုးပန်းသည်ကိုတောင် ကျုံးဝမ်က ငြင်းဆန်ခဲ့ကြောင်း သူမ သိထားသဖြင့် ကျုံးဝမ်က ယဲ့လုံအန်ကို အဘယ်ကြောင့် မြှူဆွယ်ပါမည်နည်း။ ဤသည်က ယဲ့လုံအန်၏ လက်တုံ့ပြန်ခြင်းသာ ဖြစ်ပေမည်။
စုန့်ကျီရှီးသည် သဝန်တိုစိတ်များ တဖွားဖွားပေါက်ဖွားနေသော်လည်း သူမဒေါသကို ယဲ့လုံအန်ထံ ပုံမချဝံ့သဖြင့် နူးညံ့သော ကျုံးဝမ်အပေါ်သာ ပုံချမိနေ၏။
*ခွေးမ နင် အသံကောင်းနေတုန်းကလည်း ငါ့ကို မပျော်အောင် လုပ်တယ်၊ အခုထိလည်း ငါ့ကို မပျော်အောင် လုပ်နေသေး တာပဲလား*
ချက်ချင်းဆိုသလိုပင် စုန့်ကျီရှီးက ယဲ့ဖန်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ်လေသည်။
“နင် တော်တော် အသုံးမကျတာပဲ”
“လိပ်လို ကိုယ့်ဘက်ကိုယ် ပြန်ယက်ရလို့ ပျော်နေလား၊ နင့်ရည်းစားကို တစ်ခြားယောက်ျားရဲ့ ခုတင်ပေါ် တင်နိုင်တဲ့အထိ သဘောကောင်းတယ်ပေါ့လေ၊ နင့်ရည်းစားရဲ့ ဖာခေါင်းလုပ်ရလို့ ပျော်နေတာမလား၊ ဟုတ်တယ် မလား”
“ဟုတ်မှာပေါ့၊ ဘာလို့လည်းဆိုတော့ နင်ကလည်း ကျုံးဝမ်လိုပဲလေ၊ နှစ်ယောက်လုံး ဈေးပေါတယ်၊ ခွေးထီးနဲ့ ခွေးမအတွဲ၊ ဟားဟားဟား”
မောက်မာလွန်းလှသည်။ ဤအာဝဇ္ဇန်းသည် ကောက်ကျစ်ရုံသာမက ယုတ်ညံ့လွန်း၏။
“ဟားဟား”
ယဲ့ဖန်သည် တစ်ချက်မျှ အေးစက်စက် ရယ်မောလိုက်ပြီး မျက်မှောင်ကြုတ်ကာ သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။
“ဝုန်း”
ထို့နောက် စုန့်ကျီရှီး၏ ဝမ်းဗိုက်ကို အားဖြင့် ကန်ထုတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူမ သွေးအန်ကာ လွင့်ထွက်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ မျက်နှာဖြင့် ရိုက်ကျလေသည်။ သူမမျက်နှာတစ်ခုလုံး သွေးများ ပေကျံနေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။ သူမ၏ နှာခေါင်းအတုလည်း ချက်ချင်း ကျိုးသွားသဖြင့် ကြည့်ရဆိုး လှသည်။
ကျန်လူများအားလုံး ကြက်သီးမွေးညင်းထကာ ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လေသည်။
*ယဲ့လုံအန်ကို ခဏခဏ အရှက်ခွဲနေတာပဲ၊ ယဲ့လုံအန်က သူ့ကို မသတ်ရဲဘူးလို့ ထင်နေတာလား*
“ငါ့မျက်နှာ ငါ့မျက်နှာ”
စုန့်ကျီရှီး အော်ဟစ်နေ၏။ အကြိမ်ပေါင်းများစွာ ခွဲစိတ်ပြုပြင်ထားသော သူမမျက်နှာတစ်ခုလုံး ယခု ပျက်စီးသွား ရလေပြီ။ အနည်းဆုံး တစ်နှစ်အထိ မူလပုံစံအတိုင်း ပြန်ဖြစ်လာမည် မဟုတ်ပါ။ သူမအလုပ်အကိုင်၊ သူမချစ်သူ စသည့် အရာအားလုံးက သူမကို စွန့်ခွာသွားပေတော့မည်။
“အခု မင်း ပါးစပ်ပိတ်ထားလို့ ရပြီလား”
ယဲ့ဖန်က ခံစားချက်မဲ့သော မျက်နှာထားဖြင့် စုန့်ကျီရှီးကို စိုက်ကြည့်လေသည်။
“မပိတ်ရင်တော့ ငါ မင်းကို တစ်သက်လုံး ပါးစပ်ပိတ်သွားအောင် လုပ်လိုက်မယ်”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now