Chapter 1187

355 40 0
                                    

စာစဉ် 80 Chapter 1187 ငါ့သားသတ်ကွင်းထဲကို ခြေချပြီးပြီပဲ

“ယဲ့ … ယဲ့ဘုရင်လား”
တကုန်းဖုန့် လျှာခလုတ်တိုက်နေပြီး သူ့ရင်ထဲမှာ အိပ်မက်ဆိုးက တကယ် ဖြစ်လာနေလေသည်။ ယဲ့ဖန်၏ မျက်စိရှေ့တွင် ဝမ်းနည်းပူဆွေးနေသော မျက်နှာများကို ဆက်တိုက် တွေ့နေရသည်။
သူတို့၏ ယုံကြည်မှုရှိဟန်၊ မာနကြီးဟန်၊ မောက်မာဟန်တို့က ချက်ချင်း ပျက်စီးသွားလေပြီ။ အဘယ်ကြောင့် ဆိုသော် သူတို့သည် ကျုံးကျိုးအင်ပါယာ စတည်ထောင်စဉ်ကတည်းက တစ်ခါမှ မကြုံဖူးသေးသည့် နတ်ဆိုးနှင့် ရင်ဆိုင်နေရသောကြောင့်ပင်။
ယဲ့ဘုရင်ဟူသော အမည်ကို ကြားလိုက်ရသည့် အခိုက်မှာပင် သူတို့ ငိုကြွေးလုနီးပါး ဖြစ်သွားရသည်။ လီဟယ်၏ ခြေထောက်များ ပျော့ခွေလာပြီး အသက်ရှုနှုန်းက မမှန်တော့ချေ။
*လူကြီးမင်းယဲ့က ယဲ့ဘုရင်လား*
*ငါ ယဲ့ဘုရင်ကို အာခံမိတာပေါ့*
လီဟယ် သူ သေရတော့မည်ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ မူလ၌ သူ ယဲ့ဖန်ဘက်တွင် ရပ်တည်နိုင်မည့် အခွင့်အရေး ရှိခဲ့သော်လည်း ယာယီဖြစ်ပေါ်လာသည့် လောဘကြောင့် သူ ထိုအခွင့်အရေးကို ဖျက်ဆီးမိသည်။ သူ ယဲ့ဖန်ကို ဒေါသထွက်အောင်ပင် လုပ်ခဲ့မိသည်။ ယခု သူ နတ်ဆိုး၏ ဒေါသကို မည်သို့ ရင်ဆိုင်ရပါမည်နည်း။
*သေတွင်းတူးတာ*
*ဒါ လုံးဝ သေတွင်းတူးတာ*
လီဟွမ်ရီသည်လည်း သူ သေရတော့မည်ဟု သိလိုက်လေသည်။ သူ့အနောက်မှ ဂိုဏ်းတစ်ခုလုံး၏ လူများကို လွှတ်လျင်တောင်မှ သူ့ကိုယ်သူ ကာကွယ်နိုင်မည် မဟုတ်ပါ။ ယဲ့ဘုရင်၏ ရက်စက်မှုက အနှိုင်းမဲ့လှသည်။
တကုန်းဖုန့်သည်လည်း ရင်တုန်လာ၏။ လက်ရှိတွင် သူသည် သူ့မာနနှင့် ဂုဏ်သိက္ခာတို့ကို အရေးမစိုက် နိုင်တော့ဘဲ ချက်ချင်း အော်ဟစ် တောင်းပန်လိုက်သည်။
“ယဲ့ဘုရင် ဒီကိစ္စက နားလည်မှုလွဲတာပါ၊ ခင်ဗျားက ယဲ့ဘုရင်ဆိုတာကို ကျုပ်တို့ မသိခဲ့ပါဘူး၊ ကျုပ်တို့ကို သွားခွင့်ပေးပါ၊ ကျုပ်တို့က ခင်ဗျားရန်သူ မဟုတ်ပါဘူး”
တစ်ဖက်လူက ယဲ့ဘုရင်ဖြစ်သည်။ သူ၏ ဆေးဘုရင်တောင်ကြား ပိုင်ရှင်ပင် အလွန် ကြောက်ရသဖြင့် သူတို့ မနိုင်နိုင်ပါ။ သူနှင့် ရန်သူဖြစ်မည့်အစား ချောက်ထဲ ခုန်ချလိုက်တာက ပိုကောင်းသေးသည်။
“မင်းဘဲ ငါ လူသတ်ပြီး မင်းဆေးဖော်စပ်နည်းကို ခိုးတယ်ဆို”
ယဲ့ဖန်က ကြောက်စရာကောင်းသော အပြုံးဖြင့် မေးလေသည်။
“ဟုတ်ပါတယ်၊ ကျုပ်တို့ လောဘတက်ပြီး ခင်ဗျားရဲ့ ဆေးဖော်စပ်နည်းကို ခိုးချင်လို့ ပြောခဲ့မိတာပါ”
တကုန်းဖုန့်၏ မျက်နှာ မည်းမှောင်နေ၏။ လက်ရှိတွင် သူ ဆက်၍ မဖုံးကွယ်နိုင်မှန်း သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အနည်းငယ် နမော်နမဲ့နိုင်မှုကပင် နတ်ဆိုးကို ဒေါသထွက်စေနိုင်မှန်း ရိပ်မိနေ သောကြောင့်ပင်။
*ဘာ၊ ဆေးဘုရင် တောင်ကြားက သူများကို သတ်ပြီး ဆေးဖော်စပ်နည်းကို လုချင်တာလား*
လူတိုင်း ဘာဖြစ်နေသလဲ နားလည်သွားကြသည်။ ဆေးဘုရင် တောင်ကြားနှင့် အခြားဂိုဏ်းများက ယဲ့ဖန်၏ ဆေးဖော်စပ်နည်းကို လုချင်ကြသည်။ သို့သော် ယဲ့ဖန်အား သူတို့၏ ဆေးဖော်စပ်နည်းကို ခိုးပါသည်ဟု စွပ်စွဲခဲ့သည်။ သို့မှသာ သူတို့ တရားမျှတမှုဟု ခေါင်းစဉ်တပ်၍ အနုနည်းဖြင့် လုယူနိုင်ပေမည်။
*အရှက်မဲ့လိုက်တာ*
*အရှက်ကို မရှိဘူး*
*ကြီးကျယ်တဲ့ ဆေးဘုရင်တောင်ကြားက၊ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ ဂိုဏ်းက အရှက်မရှိ မျက်နှာပြောင် လွန်းတယ်*
ထိုအခိုက်တွင် မရေတွက်နိုင်သော လူများသည် ဆေးဘုရင်တောင်ကြားအား အထင်သေးပြီးရင်း သေးလာ ကြသည်။
*ဘာကို ဖြောင့်မတ်တဲ့ ဂုဏ်သတင်း ရှိတာလဲ၊ အားလုံး ချီးထုပ်တွေပဲ*
“ဒါဆို ဒီကိစ္စက မင်းဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် မင်းဂိုဏ်းချုပ်က ဆုံးဖြတ်တာလား”
ယဲ့ဖန် ထပ်မေးလိုက်သည်။ တကုန်းဖုန့် တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ကျုပ်တို့ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ပါ”
“ဒါဆိုရင် ဆေးဘုရင်တောင်ကြား တည်ရှိနေစရာ မလိုတော့ဘူး”
ယဲ့ဖန်က အေးအေးဆေးဆေး ပြောလိုက်သည်။ ဤဆုံးဖြတ်ချက် တကုန်းဖုန့်၏ ဆုံးဖြတ်ချက် ဖြစ်ပါက သူတစ်ယောက်တည်းသာ သေရန် လိုအပ်ပေသည်။ သို့သော် ဤသည်က ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက် ဖြစ်နေသဖြင့် ဆေးဘုရင် တောင်ကြားတစ်ခုလုံး ဖျက်ဆီးခံရပေလိမ့်မည်။
“ဘယ်လို”
တကုန်းဖုန့် မျက်နှာပျက်သွားပြီး အမူအရာကလည်း အသည်းအသန် ပြောင်းလဲလာသည်။
“မင်း ငါတို့ ဆေးဘုရင်တောင်ကြားနဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲ တိုက်ခိုက်မလို့လား”
ဘေးပတ်လည်မှ လူများသည်လည်း ထိတ်လန့်သွားကြသည်။ လေထုထဲ၌ အအေးဓာတ် တိုးလာသည်ဟု ခံစားမိပြီး သူတို့ ခိုက်ခိုက်တုန်လာကြလေသည်။
*ယဲ့ဘုရင်က ဆေးဘုရင်တောင်ကြားကို ဖျောက်ဖျက်ချင်နေတာလား*
ယဲ့ဘုရင်၌ ထိုသို့လုပ်နိုင်စွမ်းရှိမှန်း သိနေသဖြင့် သူတို့ အလန့်တကြား ဖြစ်နေသည်။ နှစ်ထောင်ချီ တည်ရှိသော ဂိုဏ်းကြီးတစ်ခုတွင် ယခု ကပ်ဆိုးကြီးတစ်ခု ကျရောက်ပေတော့မည်။
“သေခြင်းရှင်ခြင်း တိုက်ပွဲ ဟုတ်လား၊ သတ်ဖြတ်ပွဲလို့ ပြောရတာကို ငါ ပိုသဘောကျတယ်”
ထိုအခိုက်တွင် ယဲ့ဖန်၏ မျက်လုံးတွင်း၌ ခက်ထန်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီးနောက် သူ့မျက်နှာက ရုတ်တရက် အန္တရာယ်များသော အသွင်အပြင်သို့ ပြောင်းလဲသွားကာ လက်ကိုဆန့်၍ တကုန်းဖုန့်ကို လက်ညှိုးထိုးလာသည်။
ဝုန်း!
ချက်ချင်းဆိုသလိုပင် လေဟာနယ်က တွန့်လိမ်လာပြီး အဘက်ဘက်တိုင်းမှ ခေါက်ချိုးချိုးသကဲ့သို့ ဖြစ်လာသဖြင့် တကုန်းဖုန့်အား ဖျစ်ညှစ်သလို ဖြစ်လာလေသည်။
တကုန်းဖုန်သည့် အလွန် အန္တရာယ်များသော စွမ်းအင်တစ်ခုကို ခံစားလိုက်မိပြီး ၎င်းက သူ့အား မလှုပ်နိုင်အောင် ချုပ်နှောင်ထားသဖြင့် မရဏ အငွေ့အသက်များ လွှမ်းမိုးလာကြောင်း ခံစားမိလေသည်။
“မဟုတ်ဘူး … ယဲ့ဖန် ရပ်လိုက်”
သူ တစ်စုံတစ်ရာကို ချက်ချင်း သတိပြုမိပြီး အသည်းအသန် အော်ဟစ်လိုက်သည်။ ဤနတ်ဘုရားကဲ့သို့သော လူ၏ နည်းလမ်းကို သူ လုံးဝ မခုခံနိုင်မှန်း ရိပ်မိနေသည်။ ထိုစဉ် ယဲ့ဖန်က လက်ကို ကွေးလိုက်ပြီး ရက်စက်သော အပြုံးမျိုး ပြုံးနေ၏။
“မလုပ်နဲ့”
တကုန်းဖုန့် ရတက်မအေးစွာ အော်ဟစ်နေစဉ်မှာပင် လေဟာနယ်၏ ဖိအားအောက်၌ သူ့ကိုယ်က တွန့်လိမ်လာ၏။
“ဝုန်း”
ထို့နောက် ပေါက်ကွဲကာ သွေးများ ဘေးသို့ လွင့်စဉ်လာလေသည်။ မည်သည့်အရိုးမျှ မကျန်ရစ်တော့ပေ။ ချက်ချင်းဆိုသလိုပင် ဘေးလူများအားလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။
လူတိုင်း နားဝေတိမ်တောင် ဖြစ်နေပြီး တစ်ယောက်ယောက်က သူတို့၏ လည်မျိုကို လာညစ်ထားသကဲ့သို့ ဘာအသံမှ မထွက်နိုင်အောင် ဖြစ်နေကြသည်။
*ဆေးဘုရင်တောင်ကြားက တကုန်းဖုန့်က ယဲ့ဘုရင်ကြောင့် ညှစ်သတ်ခံလိုက်ရတာလား*
*ဒီလို ခံစားရပြီး အရှက်တကွဲနည်းနဲ့ သေရတာပဲ*
*တကယ့်ကို လူရယ်စရာပဲ*
*ဆေးဘုရင်တောင်ကြားရဲ့ အားကိုးရတဲ့လူက ချက်ချင်း အသတ်ခံလိုက်ရတယ်ပေါ့*
လက်ရှိတွင် ယဲ့ဖန်က သူ့၌ ဆေးဘုရင်တောင်ကြား တစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းရည်ရှိသည်ဟု ပြောသော စကားက မုသား မဟုတ်ကြောင်း သူတို့အားလုံး ရိပ်စားမိသွားသည်။
“နတ်ဆိုး၊ သူက နတ်ဆိုးပဲ”
“တကုန်းဖုန့်က သူ့ဆီမှာ လက်တစ်ဖက်တည်းနဲ့ ရှင်းလင်းခံလိုက်ရတာ၊ အခြား ဘယ်သူက သူ့ပြိုင်ဘက် ဖြစ်နိုင်ဦးမှာလဲ”
တစ်ချို့လူများဆိုလျင် အော်ပင် ငိုကြလေသည်။
“ယဲ့ဘုရင် အသက်ချမ်းသာပေးပါ၊ ညှာတာပေးပါ၊ ကျုပ် နောက်ထပ်မလုပ်တော့ပါဘူး”
“ယဲ့ဘုရင် ကျုပ်တို့ လုပ်ရပ်အတွက် ပြန်ဆင်ခြင်နိုင်ဖို့ အခွင့်အရေးပေးပါ၊ ကျုပ်တို့ သေချာပေါက် စိတ်ကို ပြောင်းလဲပြီး တစ်သက်လုံး ကျွန်အဖြစ် ခစားပါ့မယ်၊ အရှင့်ဆီမှာ အညံ့ခံပါ့မယ်”
“ဟားဟား …”
ယဲ့ဖန်က လှောင်ရယ်၍ လက်နှစ်ဖက်လုံးဖြင့် ရိုက်ချလိုက်သည်။ ထိုအခါ ဂိုဏ်းချုပ်နှစ်ယောက်လုံး နေရာမှာတင် ပြားချပ်ကာ သေဆုံးသွားလေသည်။ ရက်စက် သွေးဆာလှပေ၏။
ဤသည်က ယဲ့ဘုရင်၏ ဒေါသ မည်မျှ ကြောက်စရာကောင်းကြောင်း လူတိုင်း ရှင်းလင်းစွာ နားလည် သွားကြသည်။
“ခွင့်လွှတ်မှုဆိုတာ နတ်ဘုရားတွေရဲ့ လုပ်ရပ်၊ ငါက မင်းတို့ကို နတ်ဘုရားတွေနဲ့ တွေ့ရဖို့ တမလွန်ကို ပို့ပေးရမယ့် တာဝန်ပဲ ရှိတာ”
ယဲ့ဖန်၏ ခက်ထန်မှုက ပြင်းထန်သထက် ပြင်းထန်လာ၏။
“မဟုတ်ဘူး မဟုတ်ဘူး”
“ယဲ့ဘုရင် အသက်ချမ်းသာပေးပါ၊ ယဲ့ဘုရင် ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ”
သူတို့အားလုံး ယဲ့ဖန် သူတို့ကို အသက်ချမ်းသာပေးမည် မဟုတ်ကြောင်း သိနေ၏။ သို့သော်လည်း သူတို့ ကြံရာမရ ဖြစ်နေလေသည်။
“အကြီးအကဲ ကယ်ပါဦး၊ လူအိုကြီး ကျုပ်ကို ကယ်ပါဦး”
လီဟယ်၏ အသံက ပြာအက်နေပြီး ယွမ်ပမ်းရှီအား အားကိုးတကြီး လှမ်းကြည့်လေသည်။ သူ ငိုနေမိသည်။ ယွမ်ပမ်းရှီသည် ယဲ့ဖန်၏ တပည့်ဖြစ်သဖြင့် သူ ဝင်ပြောလျင် ယဲ့ဖန်က သူ့ကို အသက်ချမ်းသာလောက်သည်။
ထိုအခါ ယွမ်ပမ်းရှီက လောင်ရယ်လေသည်။
“ငါ မင်းကို တစ်ခါ ကယ်ခဲ့တယ်၊ နှစ်ခါ မကယ်နိုင်ဘူး၊ လူတိုင်း သူတို့လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ် သင့်တယ်”
“မင်း သေသင့်တယ်”
လီဟယ်၏ အမူအရာက ချက်ချင်း မှင်တက်သွားပြီးနောက် ထွက်ပြေးလေတော့သည်။ သူ အဝေးသို့ ထွက်ပြေး မိသည်။ ဤတစ္ဆေဆန်သော နေရာမှ ဝေးဝေး သွားပြေးမှ ဖြစ်မည်။ ဤနတ်ဆိုးထံမှ ထွက်ပြေးမှ ရပေမည်။
သူ့လုပ်ရပ်အား ယဲ့ဖန်က အစမှအဆုံးတိုင် မတားဘဲ ရပ်သာကြည့်နေ၏။ ထို့ကြောင့် လီဟယ် တံခါးထံ ပြေးသွား၍ ပြုံးနေမိသည်။ သူ အသက်ရှင်ချင်သည်။ သူ အသက်ရှင်မှ ရမည်။
သို့သော် သူ တံခါးဝသို့ ခြေချလိုက်သည်နှင့် ချက်ချင်း တောင့်တင်းသွားရသည်။ သူ၏ မျက်နှာ အရေပြားများ တွန့်လိမ်လာပြီး အသားအရေက ပျက်စီးဆုတ်ယုတ်လာပြီး ဖျစ်ညှစ်ခံရသလို ဖြစ်ကာ နောက်ဆုံး၌ ပေါက်ကွဲ၍ သေဆုံးသွားလေသည်။
*နောက်တစ်ယောက် သေပြန်ပြီ*
*ဆိုးလိုက်တဲ့ သေခြင်းတရား*
သူ့အနောက်၌ ယဲ့ဘုရင်သည် တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားဟန်ဖြင့် လက်ကို ကွေးထားပြီး အေးအေးလူလူ ပြုံးနေသဖြင့် လူတိုင်း ရူးမတတ် ဖြစ်သွားကြသည်။
“မင်းတို့က ငါ့သားသတ်ကွင်းထဲ ခြေချပြီးပြီပဲ”
“သားသတ်ကွင်းထဲမှာ တစ်ယောက်ပဲ အသက်ရှင်ရတာလေ”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now