Chapter 1104

375 50 6
                                    

စာစဉ် 74 Chapter 1104 ကျေးဇူးပြုပြီး စီနီယာ ကျွန်တော့ကို ခွင့်လွှတ်ပေးပါ

“သနား ညှာတာတတ်တဲ့လူပေါ့လေ”
“သူတော်ကောင်း ဟန်ဆောင်နေတဲ့ ကြောင်သူတော်ပဲ”
ယဲ့ဖန်၏ အရှင် ရန်တန်းအပေါ် ပြောသော မှတ်ချက်ကို အားကစားကွင်းထဲမှ လူတိုင်း ကြားလိုက်ရသောအခါ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဆူညံ ပွက်လောရိုက်သွားလေသည်။
“ဘာ ဒီကောင်က အရှင်ရန်တန်းကို တကယ် သရော်နေတာလား၊ သူ သူ ရူးသွားတာလား”
“ဟုတ်တယ် အရှင်ရန်တန်းက ဟွိုင်အန်း စီရင်စုရဲ့ သူရဲကောင်းလေ၊ သူလို အမည်မသိက ဘယ်လို ယှဉ်နိုင်မှာလဲ”
“ခွေးသားလေး ငါတို့ ဟွိုင်အန်း စီရင်စုရဲ့ သူရဲကောင်းကို သရော်ရဲတယ်ပေါ့လေ”
“…”
ထိုအခိုက်တွင် မိသားစုကြီး နှစ်ခု၏ ဦးဆောင်မှုကြောင့် လူတိုင်း ဒေါသထွက်ကာ ယဲ့ဖန်အား ဆဲရေး တိုင်းထွာလာ၏။
ထန်မိသားစု၏ မျက်နှာထားတောင်မှ ပိုမို ဖြူရော်လာသည်။ လက်ရှိတွင် သူတို့ ဝင်ရောက် ထိန်းသိမ်း နိုင်မည့် အနေအထားမျိုး မရှိတော့ချေ။
“ဒီလို မဖြစ်သင့်ဘူး၊ ဒီလို မလုပ်သင့်ဘူး၊ လူကြီးမင်းယဲ့က အရှင်ရန်တန်းရဲ့ လူသတ်ချင်စိတ်ကို ဆွမပေးသင့်ဘူး၊ ငါတို့ ဘာလုပ်နိုင်တော့မှာလဲ”
ထန်မင်လီ ခေါင်းခါ၍ သက်ပြင်းချလိုက်မိသည်။ ထိုအခိုက်တွင် စင်မြင့်နေရာ၌ အခြေအနေက တင်းမာလျက် ရှိသည်။
ဘယ်နေရာသို့ သွားသွား ထာဝစဉ် လေးစားကြည်ညိုစွာ ဆက်ဆံခံရသည့် အရှင်ရန်တန်းသည်လည်း မဖြစ်စလောက် လူငယ်လေးက သူ့ကို ဤသို့ လှောင်ပြောင်လိမ့်မည်ဟု ထင်မထားမိပေ။
“ဟေ့ကောင် မင်း ငါ့ကို တကယ် စိတ်တိုအောင် လုပ်တာပဲ”
အရှင် ရန်တန်း၏ လေသံက အေးစက်နေသည်။
“ရန်စတယ် ဟုတ်လား”
ယဲ့ဖန်က သရော်ပြုံး ပြုံးလိုက်သည်။
“အစောပိုင်းတုန်းက ရွှမ်ရင် ငါ့ကို သတ်မယ့်အချိန် မင်း ဘယ်ရောက်နေလဲ၊ ကျန်းမိန်က ငါ့ခန္ဓာကိုယ်ကို တစ်စစီ ဖြစ်အောင် လုပ်မယ် ပြောတုန်းကရော မင်း ဘယ်ရောက်နေလဲ”
“အခု သူတို့ ရှုံးသွားတော့မှာ မင်းက ထွက်လာပြီး ခွင့်မလွှတ်တတ်ဘူးလေး ဘာလေး လာပြောနေတယ်”
“တကယ်လို့ ငါ ရှုံးသွားရင်ရော သူတို့က ခွင့်လွှတ်နိုင်မှာလား”
စကားလုံးတိုင်းက နှလုံးသားအား ပုတီးစေ့နှင့် ပစ်ပေါက်ခံလိုက်ရသလို ဖြစ်သွားစေသည်။ အရှင် ရန်တန်းတောင်မှ တစ်ဒင်္ဂမျှ ငြိမ်သက်သွားသည်။
ကျန်းမိန်နှင့် ရွှမ်ရင်တို့၏ သတ်ဖြတ်လိုစိတ်အရဆိုလျင် ယဲ့ဖန် ရှုံးနိမ့်သွားပါက သူ၏ သေခြင်းက ရွှမ်ရင်၏ သေခြင်းထက် ပို၍ ဆိုးရွားနေလောက်သည်။
ယဲ့ဖန်က လူအိုကြီး ကျန်းမိန်ကို တစ်ချက်ကြည့်၍ အေးစက်စွာ ပြုံးလိုက်သည်။
“သူ ဘာကြောင့်လဲဆိုတာကို မမေးဘူး၊ သူက အဖြူအမည်းကိုတောင် မခွဲခြားနိုင်ဘူး”
“သူ့တပည့် သေတာကို ငါ့ခေါင်းပေါ် အတင်းပုံချတယ်၊ ငါ့ကိုလည်း အကြိမ်ပေါင်းများစွာ သတ်မယ်လို့ ခြိမ်းခြောက်တယ်၊ အဲ့တော့ သူ သေသင့်တယ်”
ထို့နောက် ယဲ့ဖန်က အရှင်ရန်တန်းကို ပြန်လှည့်ကြည့်လေသည်။
“မင်း ငါ့ကို တားမယ်ဆိုရင် မင်းလည်း သေရမယ်”
ယဲ့ဖန်၏ စကား၌ ရန်တန်းအပေါ် တစ်စက်ကလေးမျှ လေးစားသမှု မရှိပေ။ ခက်ထန်သော စကားလုံးများက သေလူတစ်ယောက်အား ပြောနေသလိုပင်။ ထိုစကားကြောင့် ရန်တန်း၏ မျက်နှာထားက အေးစက်သွားသည်။
“ဘာပဲဖြစ်ဖြစ် ငါ ရှိနေရင် မင်း သူ့ကို မသတ်နိုင်စေရဘူး”
“အခု ဒူးထောက်စမ်း”
အရှင် ရန်တန်းသည် ယဲ့ဖန်ကို အနိုင်ယူနိုင်မှသာ ကျန်းမိန်ကို ကယ်နိုင်မည်ဖြစ်ကြောင်း ရိပ်စားမိ လိုက်သည်။ ထို့နောက် သူသည် ဖျတ်ခနဲ လှုပ်ရှား၍ ယဲ့ဖန်ကို ဖမ်းချုပ်လေသည်။
သူသည် လျှပ်စီးအလား လျင်မြန်လှပြီး ယုန်တစ်ကောင်ကို တိုက်ခိုက်သော ကျားတစ်ကောင်သဖွယ် တားဆီး မရနိုင်ပေ။ ဤမြင်ကွင်းကြောင့် ပွဲကြည့်စင်၌ ရပ်ကြည့်နေကြသော မိသားစုကြီး နှစ်ခုလုံး ပို၍ စိတ်လှုပ်ရှားလာကြသည်။
“ကောင်းတယ်၊ အရှင်ရန်တန်း လှုပ်ရှားလာပြီဆိုတော့ ဒီမျိုးမစစ်လေး ပွဲသိမ်းပြီပဲ”
ယဲ့ကျန့်ရှုံးနှင့် လင်းထျန်းဟောင်တို့သည် စိတ်အေးသလို သက်ပြင်းချလိုက်မိသည်။ လင်းမြောင်မြောင်နှင့် ယဲ့ရှောင်ထျန်းတို့သည်လည်း စိတ်လှုပ်ရှားမှုကြောင့် မျက်နှာနီမြန်းနေ၏။
သူတို့သည် ယဲ့ဖန်တစ်ယောက် အရှင် ရန်တန်းလက်ထဲ၌ အဖမ်းခံရပြီး ခွေးသေတစ်ကောင်ကဲ့သို့ ဘဝကူးသွားပြီဟု မြင်ယောင်နေလေသည်။
“ထွက်သွား”
သို့သော် ထိတ်လန့်ဖွယ် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့အပြင် အရှင်ရန်တန်းက ယဲ့ဖန်ထံ ပြေးဝင်သွားချိန်တွင် ယဲ့ဖန်က လက်တစ်ဖက်အား အသာလှုပ်လိုက်သည်ကို လူတိုင်း မြင်လိုက်ရသည်။ ထိုလက်က ဧရာမ နတ်ဆိုးချီမျှင်စု လက်ဝါးအသွင် ပြောင်းသွားပြီး အရှင် ရန်တန်းအား ရိုက်ထုတ် လေသည်။
ဝုန်း!
ထိုလက်ဝါးသည် ငလျင်လေအလား ပြင်းထန်လှသည်။ ယင်း နတ်ဆိုးချီမျှင်စု လက်ဝါး ဖွဲ့စည်းလာသည်နှင့် ပြေးလာနေသော အရှင်ရန်တန်း တုန်လှုပ်သွားပြီး သူ့မျက်နှာ၌ မယုံနိုင်ဟန်များ စွန်းထင်းလာ၏။
ဤနတ်ဆိုးချီမျှင်စု လက်ဝါးကို အရှင် ရန်တန်း အလွန် ရင်းနှီးနေသည်။ ယဲ့ဖန်က ယင်းကို ဘယ်လိုလုပ် အသုံးပြုနိုင်ရသနည်း။
“မဟုတ်ဘူး … မဖြစ်နိုင်တာ”
အရှင် ရန်တန်း၏ နှလုံးသားထဲတွင် လှိုင်းထန်နေပြီး တစ်ချက်ကလေးမှ လျစ်လျူမရှုရဲဘဲ လက်သီးဆုပ်၍ ကျရောက်လာသော နတ်ဆိုးလက်ဝါးကို ပြန်ခုခံလိုက်သည်။
ဝုန်း!
အသံက ငလျင်လှုပ်သံအလား ထိတ်လန့်ဖွယ် ကောင်းလှသည်။ ပွဲကြည့်စင်မှ ထောင်ချီသော ပွဲကြည့် ပရိသတ်များလည်း မူးဝေသွားသလို ခံစားလိုက်ရသည်။
ထို့နောက် အက်ကွဲသံများ ထွက်ပေါ်လာသည်။ အရှင်ရန်တန်း၏ လက်သီးသည် နတ်ဆိုးချီမျှင်စု လက်ဝါးချက်အောက်၌ ကျိုးကြေသွားသည်ကို တွေ့လိုက်ရသည်။ ကြောက်စရာကောင်းသော လက်ဝါးချက်က သူ့ရင်ဘတ်ပေါ်သို့ အရှိန်ဖြင့် ကျရောက်လာ၏။
ဝေါ့!
အရှင်ရန်တန်း သွေးအန်လာသည်။ သူသည် ကြက်ပေါက်ကလေးကဲ့သို့ အရိုက်ခံရကာ မြေကြီးပေါ် လွင့်စဉ် လဲကျသွားသည်။
ထိုအခိုက်တွင် လူအိုကြီး ကျန်းမိန် မှင်တက်သွားပြီး ပွဲကြည့်စင်မှ အော်ဟစ် အားပေးနေသော အသံများပါ တိတ်ကျသွားသည်။ လူတိုင်း ပါးစပ် အဟောင်းသားဖြင့် တအံ့တဩ ကြည့်နေကြသည်။
*ကြောက်စရာကောင်းတဲ့ အရှင်ရန်တန်းက ယဲ့ဖန်ဆီမှာ ကြက်ကလေးလို ရိုက်ထုတ်ခံလိုက် ရတယ်တဲ့လား*
*ငါ အမြင်များမှားတာလား*
*ဒါ လုံးဝ အမြင်မှားတာပဲ ဖြစ်မယ်*
လူတိုင်း အထင်မှားနေသည်ဟု တွေးပြီး မျက်လုံးကို ပွတ်လိုက်၊ ကိုယ့်ပေါင်ကိုယ် ဆိတ်လိုက် လုပ်နေကြသည်။
ထိုအခါတွင်မှ အရာအားလုံး မှန်ကန်နေသည်ကို သူတို့ သေချာသိလိုက်ရသည်။ ပွဲကြည့်စင်များမှနေ၍ ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
“မြတ်စွာဘုရား၊ ငါ ဘာမြင်လိုက်ရတာလဲ၊ ဒီလူက အရှင်ရန်တန်းကို နိုင်သွားတာလား”
“မဖြစ်နိုင်လိုက်တာ၊ သူ ဘယ်လိုလုပ်လိုက်တာလဲ”
“ချီး မကောင်းဆိုးဝါးပဲ၊ ဒီကောင်က မကောင်းဆိုးဝါး မဟုတ်လား”
“…”
မရေတွက်နိုင်သော ကြောက်လန့် ထိတ်လန်သံများက အားကစားကွင်းသို့ ပဲ့တင်ထပ်သွားသည်။
အရှင် ရန်တန်း သွေးအန်နေသည်။ လူ၏ လက်မောင်းတစ်ဖက်က ကျိုးကြေသွားပြီး ရင်ဘတ်မှ နံရိုးဆယ်ချောင်းမက ကျိုးကြေနေ၏။
လက်ရှိတွင် အရှင် ရန်တန်းသည် ခေါင်းကိုမော့၍ ယဲ့ဖန်အား သရဲသဘက်ကို ကြည့်သကဲ့သို့ ကြည့်လာသည်။
“မင်း … မင်းက ဖျင်ယန်တောင်ပေါ်က စီနီယာလား”
ဖျင်ယန်တောင်၊ ထိုတောင်သည် အရှင်ရန်တန်း အိပ်မက်ဆိုးတစ်ခုနှင့် ကြုံတွေ့ခဲ့သော နေရာဖြစ်သည်။ လွန်ခဲ့သော နှစ်ယောက်က ထိုတောင်၌ ယန်စွမ်းအင်များ ပေါကြွယ်ဝသည်ကို တွေ့ခဲ့သဖြင့်‌ တောင်ထိပ်ပေါ်တက်ကာ လေ့လာခဲ့သည်။
သို့သော် အိမ်ရာတစ်ခုကို သူ တွေ့ပြီး ဝင်ရန်ပြင်သောအခါ မြေနီရောင် စစ်သည်တော်တစ်ယောက်၏ တားဆီးခြင်း ခံရသည်။
ထို့နောက် သူ အိမ်ရာထဲသို့ အတင်းပြေးဝင်သောအခါ နတ်ဆိုးချီမျှင်စု လက်ဝါးတစ်ခု၏ ရိုက်ထုတ်ခြင်း ခံရကာ လွင့်ထွက်သွားပြီး ချက်ချင်း ဒဏ်ရာရခဲ့သည်။
တစ်ဖက်လူက မသက်ညှာခဲ့လျင် သူ ဖျင်ယန်တောင်ပေါ်ကနေ ပြုတ်ကျသွားလောက်သည်။ ယခု လက်ဝါးနှင့် ထွက်သွားဟူသော အသံကလည်း ယခင်က သူ ကြုံတွေ့ခဲ့ရသည့် အရာနှင့် တစ်ထပ်တည်းပင်။
*ဒါ … ဒါ ဘယ်လိုဖြစ်ရတာလဲ*
အရှင်ရန်တန်းက ယဲ့ဖန်ကို မယုံနိုင်သလို ကြည့်နေစဉ်မှာပင် ပွဲ့ကြည့်စင်၏ အရိပ်ထဲမှ အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ထွက်လာ၏။
“ပုရွက်ဆိတ်ကောင်၊ အရင်တစ်ခေါက်က ငါ့အရှင် သက်ညှာခဲ့လို့ မင်း မသေခဲ့တာ၊ အခု မင်းက ထပ်ပြီး သေလမ်း ရှာချင်တာလား”
အရှင် ရန်တန်း အံ့ဩသွားပြီး အသံလာရာသို့ ခပ်သွက်သွက် လှမ်းကြည့်လိုက်သည်။ ထိုအခါ ပြောဆိုသူက ထျဲမူထား ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုသူသည် သူ့အား လက်သီး တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် လုပ်ခဲ့သည့် စစ်သည်တော် ဖြစ်နေသည်။
“သေစမ်း”
ဤမြင်ကွင်းကြောင့် သူ ကြက်သီးတဖြန်းဖြန်း ထသွားသည်။ ယခင်က သူသည် စင်မြင့်ပေါ်သို့ အာရုံရောက်နေသဖြင့် ဘေးဘက်သို့ လုံးဝ သတိမမူမိချေ။
ယဲ့ဖန်က သူ့ကို ဒဏ်ရာရအောင် လုပ်ခဲ့သော ထူးဆန်းသည့် ပုဂ္ဂိုလ် ဖြစ်ကြောင်း ယခု သေချာ သွားလေပြီ။ ဤသို့ တွေးမိပြီးသည်နှင့် အရှင်ရန်တန်း၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။
ထို့နောက် မြေကြီးပေါ်မှ အလူးအလဲ ပြန်ထ၍ ယဲ့ဖန်ရှေ့ ပြေးသွားကာ ဒူးထောက်ဝပ်တွားလိုက်သည်။
“စီနီယာကို သတိမထားမိတဲ့အထိ ဂျူနီယာ အမြင်ကန်းခဲ့ပါတယ်”
“ကျေးဇူးပြုပြီး စီနီယာ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now