Chapter 1065

340 42 1
                                    

စာစဉ် 71 Chapter 1065 ဘုရင့်ဘား၏ ပိုင်ရှင် ရှုထျန်းရှုံး

ဖေးဖေးနှင့် အခြားသူများ၏ အထင်သေးသော အပြုံးက ပိုမိုပီပြင်လာ၏။ ထို့အပြင် သူတို့အား ဖန်းရီပေါ် အကြောင်း သိသိသာသာ ထုတ်ပြောလာ၏။
“ငါတို့ သခင်လေး ဖန်းရီပေါ်ရဲ့ ဖန်းမိသားစုက ဖျင်အန်းမြို့မှာ သိပ်နာမည်ကြီးတာ၊ ပြီးတော့ သခင်လေးဖန်းက ငါတို့အတန်းရဲ့ လူရည်ချွန်လေ”
“ဟုတ်တယ်၊ ယန်စွမ်းအင်တောင် မရှိတဲ့ လူ့အမှိုက်က ဘယ်လိုလုပ် ငါတို့ရဲ့ ချမ်းသာပြီး‌ ချောမောတဲ့ သခင်လေး ဖန်းနဲ့ ယှဉ်နိုင်မှာလဲ၊ လီအာတော့ လက်လွှတ်လိုက်ရပြီ”
“…”
လူတိုင်းက ဖန်းရီပေါ်ကို ဆက်လက်၍ မျက်နှာချိုသွေးနေပြီး ယဲ့ဖန်ကို ဆက်တိုက် ပုတ်ခတ်ကာ ရယ်မော နေကြသည်။ အားပင်းတောင်မှ စိတ်ထဲ၌ အလွန် ပျော်ရွှင်နေ၏။
သူ ယဲ့ဖန်ကို မုန်းတီးပြီး အလွန် အထင်သေးလေသည်။ သူ့စိတ်ထဲတွင် ယဲ့ဖန်က ကျုံးမိသားစုကို ချက်ပြုတ်နည်း ပေးသော်လည်း သူ ဘယ်ကနေ ရောက်လာသလဲ မသိပေ။
သူတို့၏ စကားများကြောင့် ကျုံးလီအာ၏ စိတ်ထဲတွင် ယဲ့ဖန်အပေါ် အပြစ်မကင်းသလို ခံစားလာရသည်။ သူမ ယဲ့ဖန်ကို ဤသို့ ခေါ်လာမိသည့်အတွက် နောင်တရမိသည်။
ယဲ့ဖန်ကမူ ဂရုမစိုက်ဘဲ ဤလူများ၏ ပုတ်ခတ်မှုအား မကြားဟန်ဖြင့် ခပ်အေးအေးထိုင်၍ ဘားထဲမှ လူများကိုသာ လိုက်ကြည့်နေသည်။
ကျုံးလီအာ သည်းမခံနိုင်တော့ဘဲ ထရပ်၍ ယဲ့ဖန်ကိုဆွဲကာ ထွက်သွားတော့မည့်အချိန်၌ သူတို့ထံ လှမ်းလာသော ခြေသံများကို ကြားလိုက်ရပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က သက်တော်စောင့်များနှင့်အတူ ခပ်သွက်သွက် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
*ရှုထျန်းရှုံးပါလား*
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကိုမြင်ပြီး စားပွဲနံပါတ် ၆၀၆ သာမက ဘေးစားပွဲဝိုင်းများအားလုံး လှည့်ကြည့် လာသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားသည် ဤဘုရင့်ဘား၏ ပိုင်ရှင် ရှုထျန်းရှုံး ဖြစ်နေသောကြောင့်ပင်။
ဖန်းရီပေါ်နှင့် အခြားသူများသည် ရှုထျန်းရှုံးက တစ်စုံတစ်ယောက်ကိုခေါ်၍ မိမိတို့ စားပွဲသို့ လာနေသည်ကိုမြင်ပြီး ထိတ်လန့်ကာ တစ်ယောက်ပြီး တစ်ယောက် မတ်တပ်ထရပ်လာသည်။
“ဟားဟားဟား … လတ်စသက်တော့ ဖန်းသခင်လေးပါလား”
ထိုစဉ် ရှုထျန်းရှုံးက ဝမ်းသာအားရ နှုတ်ဆက်လိုက်သောအသံကြောင့် လူတိုင်း အံ့ဩသွားလေသည်။ ဖန်းမိသားစုက ချမ်းသာ၍ အင်အားကြီးသော်လည်း ဘုရင့်ဘားပိုင်ရှင် ရှုထျန်းရှုံးနှင့် ယှဉ်နှင့် ဘာမှမဟုတ်ကြောင်း အားလုံး သိကြသည်။
ဖေးဖေးနှင့် အခြားသူများသည်လည်း ဖန်းရီပေါ်က ရှုထျန်းရှုံးနှင့် တွေ့နိုင်လိမ့်မည်ဟု ထင်မထားကြပေ။ သူတို့အားလုံး မသိလိုက်သည်မှာ ဖန်းရီပေါ် ကိုယ်တိုင်လည်း အံ့အားသင့်နေသည်ဟူသော အချက်ပင်။
သူ၏ဖခင်နှင့်အတူ ရှုထျန်းရှုံးကို တစ်ခါ သွားတွေ့ဖူးသော်လည်း တစ်ဖက်လူက သူ၏ဖခင်ကို မျက်နှာပင် မပြခဲ့ချေ။
*အခု … သူက ဘယ်လိုလုပ် ငါ့ကို တွေ့ရတာ ဝမ်းသာနေရတာလဲ*
ဖန်းရီပေါ်သည် တွေဝေနေသော်လည်း အလျင်အမြန်ပြုံး၍ နှုတ်ဆက်လိုက်သည်။
“ဦးလေးရှု၊ ကျွန်တော်ကြောင့် ဒုက္ခဖြစ်သွားပြီလား”
“သခင်လေးဖန်း အထင်လွဲနေပါပြီ၊ မင်း အရှင် ကင်းမြီးကောက် လူသတ်သမားနဲ့ သိတယ်ဆိုတာကို ဘာလို့ ငါ့ကို မပြောရတာလဲ၊ မင်းသာ ကြိုပြောခဲ့မယ်ဆိုရင် ငါ မင်းအတွက် ဘုရင်အဆင့် စားပွဲတစ်ဝိုင်း စီစဉ်ပေးမှာပေါ့”
ရှုထျန်းရှုန်းက တက်ကြွစွာ ပြုံးရယ်နေ၏။
*အရှင် ကင်းမြီးကောက် လူသတ်သမားလား*
ထိုနာမည်ကို ကြားလိုက်ရသည့်အခိုက်တွင် အားလုံး အံ့ဩသွားသည်။
ဤရေတိမ်ခရိုင်၌ ရှုထျန်းရှုံးကဲ့သို့သော လူမျိုးပင် အရှင်ဟု ခေါ်ရသည့်လူက တစ်ယောက်တည်းသာ ရှိသည်။ ထိုသူကား ကင်းမြီးကောက် လူသတ်သမားပင်။
စားပွဲနံပါတ် ၆၀၆ သာမက ဘေးစားပွဲဝိုင်းများပါ ဆူညံသွားလေ၏။ ကင်းမြီးကောက် လူသတ်သမားသည် ရေတိမ်ခရိုင်၏ ဘုရင်ဖြစ်ရုံသာမက သာမန်လူများ တွေ့ဆုံရန် ခက်ခဲသော လူဖြစ်သည်။ ထိုသို့သောလူမျိုးအား ဖန်းရီပေါ်က သိနေဖြင့် အားလုံး မထိတ်လန့်ဘဲ မနေနိုင်တော့ချေ။
လက်ရှိတွင် ဘားထဲမှ လူများအားလုံးက ဖန်းရီပေါ်အား မနာလိုအားကျဟန်ဖြင့် ကြည့်လာ၏။ ဖန်းရီပေါ်က ဘုရင့်ဘား တစ်ခုလုံး၏ ဇာတ်လိုက် ဖြစ်လာသလိုပင်။
အားပင်းသည် ဖန်းရီပေါ်အား အလွန် လေးစားဟန်ဖြင့် ကြည့်နေပြီး လူမှန်တစ်ယောက်နှင့် ရင်းနှီးလိုက်ရသည်ဟု တွေးနေ၏။
အားပင်းသည် ကဘေးဘဝကတည်းမှာ ကင်းမြီးကောက် လူသတ်သမားအကြောင်း သိခဲ့ပြီး တစ်ဖက်လူက စကားတစ်ခွန်း ပြောလိုက်သည်နှင့် အနာဂတ်အတွက် အလုပ်အကိုင် စိတ်ပူစရာ မလိုတော့ချေ။ ထို့အတူ သူ့အဆင့်အတန်းလည်း မြင့်တက်လာပေမည်။
ထိုသို့တွေးမိပြီးနောက် အားပင်းသည် ဒူးထောက်၍ ဖန်းရီပေါ်ဖိနပ်ကိုပင် လျှာဖြင့်ကုန်းလျက်ချင်စိတ် ပေါက်လာသည်။
“ကင်းမြီးကောက် … အရှင်သခင်လား”
ဖန်းရီပေါ်တောင်မှ အံ့ဩသွားပြီး တုန်လှုပ်သွားရသည်။
“ဟုတ်တယ်လေ”
ရှုထျန်းရှုံးက ပြုံး၍ ပြန်ပြောလိုက်သည်။
“အရှင် ကင်းမြီးကောက်ကိုယ်တိုင် ဖုန်းဆက်ပြီး စားပွဲ ၆၀၆ မှာ သူ့ဧည့်သည် ရှိတယ်၊ ကောင်းကောင်း ဧည့်ခံထားတဲ့လေ၊ ငါက ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်မယ်ထင်နေတာ၊ သခင်လေးဖန်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားမိဘူး”
ရှုထျန်းရှုံးသည်လည်း ထိတ်လန့်နေရသည်။ ဤဘုရင့်ဘား၏ ပိုင်ရှင်အစစ်အမှန်က ကင်းမြီးကောက် လူသတ်သမား ဖြစ်ကြောင်း သူ တစ်ဦးတည်းသာ သိလေသည်။
သူသည် ကင်းမြီးကောက် လူသတ်သမား၏ ခွေးသာသာ အဆင့်သာ ရှိသည်။ ထိုသို့ ကင်းမြီးကောက် လူသတ်သမားက ဧည့်သည်ဟု ပြောနေသဖြင့် သူ မည်သို့ အရေးမစိုက်ဘဲ နေနိုင်မည်နည်း။
သူ့အမြင်တွင် စားပွဲဝိုင်း ၆၀၆ ၌ အဆင့်အတန်းအနည်းငယ်ရှိသည့်လူကလည်း ဖန်းရီပေါ်သာ ရှိသည်။ ထို့ကြောင့် သူသည် ဖန်းရီပေါ်နှင့် ကင်းမြီးကောက် လူသတ်သမားတို့ ပုံမှန်မဟုတ်သော ဆက်ဆံရေးမျိုးဖြင့် သိကျွမ်းကြသည်ဟု ထင်သွားလေသည်။
“အကောင်းဆုံး ထိပ်တန်း သစ်သီးပန်းကန် မြန်မြန်လာချစမ်း၊ ယူနီကွန်းဘုရင်ဆင် ဝိုင်ပုလင်းတွေ ထပ်ဖောက်လိုက်”
ရှုထျန်းရှုန်း၏ အေးစက်စက် အသံကြောင့် ဘားတစ်ခုလုံး တုန်လှုပ်သွားရပြန်သည်။ အကောင်းဆုံး သစ်သီးပန်းကန်သည် ထိပ်တန်းအဆင့် စားပွဲဝိုင်း၌သာ ရနိုင်ပြီး ယန်နယ်မြေ၏ ရှားပါး၍ အဖိုးတန်သော သစ်သီး ဖြစ်သောကြောင့် တန်ဖိုးကြီးလှသည်။
ယူနီကွန်းဘုရင်ဆင်ဝိုင်သည် ကြောက်စရာကောင်းသော မိစ္ဆာသားရဲဖြစ်သည့် ယူနိကွန်းဘုရင်ဆင်၏ သွေးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဝိုင်တစ်ပုလင်းစီက သန်းချီတန်ပြီး ဈေးကြီးလွန်းလှသည်။
ဖျင်အန်းမြို့၏ အစစ်အမှန် ပုဂ္ဂိုလ်ကြီးများသာ သောက်နိုင်စွမ်း ရှိသည်။ ယခု ထိုဝိုင်ကို ပုလင်းလိုက် ဖောက်ခိုင်းနေသဖြင့် ရှုထျန်းရှုံးက ဖန်းရီပေါ်၏ အရေးပါမှုကို မည်မျှ တန်ဖိုးထားကြောင်း သိသာလှသဖြင့် အားလုံး ထိတ်လန့်နေကြသည်။
ဖန်းရီပေါ် မျက်နှာနီမြန်းကာ အသက်ပြင်းပြင်းရှူ၍ မျက်ခုံးပင့်လိုက်မိသည်။ ကင်းမြီးကောက် လူသတ်သမားက ဘာကြောင့် သူ့ကို တန်ဖိုးထားမှန်း မသိသော်လည်း လက်ရှိတွင် သူ့ကိုယ်သူ အထင်ကြီးကာ ယူနီကွန်းဘုရင် ဆင်ဝိုင်ကိုပင် ဖောက်ပေးသဖြင့် မိမိကိုယ်မိမိ ဘုရင့်ဘား၏ ဘုရင်တစ်ပါး ဖြစ်လာပြီဟူ ထင်မှတ်နေ၏။
အားပင်းက အလျင်အမြန်ပင် ဖန်းရီပေါ်ကို ဝိုင်ငှဲ့ပေးလိုက်ပြီး ဖေးဖေးနှင့် အခြားသူများအပြင် ကျုံးလီအာကိုပါ ငှဲ့ပေးလိုက်သည်။ သို့သော် သူသည် ယဲ့ဖန်ကို ဝိုင်မငှဲ့ပေးသည့်အပြင် ဖိနှိပ်လိုသော အမူအရာဖြင့် ပြောလိုက်သည်။
“ယဲ့ဖန်၊ မင်းနဲ့ သခင်လေးဖန်းက မိုးနဲ့မြေလို ကွာခြားတယ်၊ မင်း လက်ရှိ အခြေအနေကို သတိထားမိပြီးတော့ လီအာအနားကနေ မြန်မြန်ထွက်သွားဖို့ ငါ သတိပေးလိုက်မယ်၊ မဟုတ်လို့ကတော့ သခင်လေးဖန်းကို ရန်စလိုက်မိရင် မင်း ဘယ်လိုသေရမလဲ သိမှာတောင် မဟုတ်ဘူး”
အားပင်း ပျက်ရယ်ပြု၍ ပြောလိုက်သည်။ သူ့စကားကြောင့် ရှုထျန်းရှုံး အံ့ဩသွားပြီးနောက် ယဲ့ဖန်က ဖန်းရီပေါ်၏ အချစ်ပြိုင်ဘက် ဖြစ်ကြောင်း နားလည်သွားလေသည်။
“သခင်လေးဖန်း၊ ငါ မင်းဆီက စကားတစ်ခွန်းပဲ လိုတာပါ၊ မင်းသာ ပြောလိုက်ရင် ငါ့လူတွေနဲ့ သူတို့ကို ချက်ချင်း မောင်းထုတ်ပစ်လိုက်မယ်”
ရှုထျန်းရှုံးက ရင်ဘတ်ကိုပုတ်၍ ဖန်းရီပေါ်ကို ပြောလိုက်သည်။ သူ့စကား၏ အဓိပ္ပာယ်မှာ ဖန်းရီပေါ်သာ ပြောလိုက်သည်နှင့် ယဲ့ဖန် ဇာတ်သိမ်းပြီဟု ဆိုလိုခြင်းပင်။
သူ၏စကားအဆုံး၌ နာရီမှနေ၍ သတင်းစကားတစ်ခု ရောက်လာသဖြင့် ရှုထျန်းရှုံး မျက်နှာပျက်သွားပြီး ခပ်သွက်သွက် ပြန်ပြောလိုက်သည်။
“တောင်းပန်ပါတယ် သခင်လေးဖန်း၊ အရှင် ကင်းမြီးကောက် လူသတ်သမား ဒီရောက်နေလို့ ကျွန်တော် နှုတ်ဆက် ရပါဦးမယ်”
ထို့နောက် ရှုထျန်းရှုံးက လူတစ်ချို့နှင့်အတူ တံခါးဝသို့ အလျင်အမြန် ထွက်သွားလေသည်။ ထိုအခါ လူတိုင်း စိုးရိမ်တုန်လှုပ်လာကြသ်ည။ ဖေးဖေးနှင့် အခြားသူများဆိုလျင် စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်နေ၏။
တစ်ဖက်လူက ကင်းမြီးကောက် လူသတ်သမား ဖြစ်နေသည် မဟုတ်ပါတကား။ ဤသို့သော ပုဂ္ဂိုလ်မျိုးက ဧည့်ခံတော့မည် ဖြစ်သဖြင့် အိပ်မက်မက်နေသည်ဟု ခံစားမိနေကြသည်။
“စိတ်အေးအေးထား”
ဖန်းရီပေါ်က ဖေးဖေးနှင့် အခြားသူများကို ပြောလိုက်သည်။
“ငါတို့က အဆင့်အတန်း ရှိတဲ့လူတွေလေ၊ အရှက်ရအောင် မလုပ်နဲ့”
ဖန်းရီပေါ်က ထိုသို့ပြောသော်လည်း တုန်ယင်နေ၏။ အထူးသဖြင့် ကျုံးလီအာကို သူ စိုက်ကြည့်လိုက်တိုင်း သူ့စိတ်ထဲမှာ မာနက ပိုမိုကြီးထွားလာသည်။
သူ့စိတ်ထဲတွင် ယနေ့ည၌ သူသည် ဘားတစ်ခုလုံး၏ ဘုရင်တစ်ပါးဟု ထင်နေပြီး ယဲ့ဖန်က သူနှင့်ယှဉ်လျင် ဘာမှမဟုတ်ပေ။ ယနေ့ပြီးသည်နှင့် သူသည် ကျုံးလီအာ၏ စိတ်ကို ရရှိနိုင်ပေတော့မည်။
သူသည်သာမက ဘေးနားမှလူများကလည်း ယဲ့ဖန်အား သေလူတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်နေကြသည်။
“အစ်…အစ်ကိုယဲ့၊ သွားရအောင်”
ကျုံးလီအာ အလွန် မျက်နှာပျက်နေ၏။ သူမသည် ယဲ့ဖန်အား‌ ခေါ်လာမိသည်ကို နောင်တရနေသည်။ သူမ ကြောင့်သာ မဟုတ်ပါက ယဲ့ဖန် ဤမျှ အထင်သေး ပျက်ရယ်ပြုခံရမည် မဟုတ်ပါ။ အထူးသဖြင့် ဤလူများက ယဲ့ဖန်အပေါ် မကောင်းကြံနေသည်ကို သတိပြုမိလာသဖြင့် ပို၍ စိတ်လေးလာရသည်။
ဤသည်ကိုကြည့်ပြီး ယဲ့ဖန်က ပြုံးကာ ခေါင်းညိတ်လိုက်သည်။ သူ့အမြင်တွင် ဖန်းရီပေါ်သာမက ကင်းမြီးကောက် လူသတ်သမားပါ ပုရွက်ဆိတ်အဆင့်မျှသာ ရှိလေသည်။ ကျုံးလီအာကို စိတ်မပူစေချင်၍သာ သူ အလိုက်သင့် နေနေခြင်း ဖြစ်သည်။
နှစ်ယောက်သား ထရပ်တော့မည့်အချိန်၌ ဘုရင့်ဘားထဲမှ လူတိုင်း မတ်တပ်ထရပ်ကာ တံခါးဝသို့ ကြည့်လာ ကြသည်။ ထိုစဉ် အားလုံး၏ အကြည့်အောက်တွင် အရပ်ရှည်သော သိုင်းပညာရှင် တစ်ယောက်က အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် လူတစ်ချို့နှင့်အတူ ဝင်လာ၏။ ထိုသူမှာ ကင်းမြီးကောက် လူသတ်သမားပင် ဖြစ်လေတော့သည်။
              စာစဉ် ၇၁ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now