Chapter 1023

337 36 0
                                    

စာစဉ် 69 Chapter 1023 ဂါဝရသုံးကြိမ် ပြုပြီးတာနဲ့ မင်္ဂလာပွဲ ပြီးဆုံးသွားမယ်

“အဲ့ဒါ ကျိုထျန်းရွှမ်နွီ နတ်သမီးလား၊ မြတ်စွာဘုရား တစ်လောကလုံးမှာ သူ အလှဆုံးပဲ”
“ဟုတ်ပါ့ကွာ၊ ယင်ယန်လောကမှ နတ်မိမယ်လေးတွေ မရေတွက်နိုင်လောက်အောင် ရှိပမေဲ့ ဒီလောက် လှတဲ့ မိန်းကလေးမျိုး တစ်ခါမှ မရှိခဲ့ဖူးဘူး”
“သခင်လေး ရွှယ်ယွမ် တစ်ခါမြင်လိုက်ရုံနဲ့ သဘောကျမိသွားတာ အံ့ဩစရာ မရှိတော့ဘူး၊ သူက တကယ့်ကို မှင်တက် ရှုမောဖွယ်ကောင်းတဲ့ အလှလေးပဲ”
“…”
လက်ရှိအချိန်၌ မြေကွက်လပ် ပတ်လည်ရှိ ယင်ယန်လောကမှ သိုင်းပညာရှင် အယောက်တစ်သိန်းတို့သည် ဟွမ်အာအား စူးစိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် အံ့ဩဟန်များ ထင်ဟပ်နေသလို ရမက်မီးများလည်း တောက်လောင်နေ၏။
ဟွမ်အာက ပိုမိုလှပလာသည်ဟု ပြောရမေည်။ အထူးသဖြင့် အနီရောင် သတို့သမီး ဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမသည် အနီရောင် နှင်းဆီပန်းကဲ့သို့ လှပကာ ဆွဲဆောင်မှု ရှိလှသည်။ လူအများသည် တစ်ချက်ကြည့်မိရုံနှင့် နှလုံးခုန်နှုန်း မြန်ဆန်လာလေတော့သည်။
ထို့အပြင် ကျိုထျန်းရွှမ်နွီ၏ ခန္ဓာကိုယ်၌ မည်သည့် နတ်ဘုရားစွမ်းအင်မှ စီးဆင်းနေခြင်း မရှိသည်ကို သိုင်းပညာရှင်များ သတိပြုမိသွားသည်။ သူမစွမ်းအင်က ချိပ်ပိတ်ထားခြင်း ခံထားရသည်။
“တိတ်ကြတော့”
ထိုစဉ် လူသား အရှင်သခင်က လက်မြှောက်၍ ပြောလိုက်သည်နှင့် မြေကွက်လပ်မှ လူတစ်သိန်းလုံး တိတ်ဆိတ် သွားသည်။
သူသည် များစွာသော ယင်ယန်လောက၏ သိုင်းပညာရှင်များကို ကြည့်ပြီး အသာပြုံးလိုက်သည်။
“ငါက ပြိုင်ဘက်ကင်းတယ်ဆိုတာကို လူတိုင်း သိကြမှာပါ၊ ငါ မွေးဖွားလာပြီးကတည်းက ပြိုင်ဘက်ကင်း ခဲ့ပြီးတော့ ငါနဲ့ ယှဉ်နိုင်တဲ့လူကို တွေ့ရခဲတယ်၊ ယင်ယန်လောကမှ တစ်သက်မှာ တစ်ကြိမ်ပဲ ပေါ်ထွက်လာတဲ့ အသန်မာဆုံး ပါရမီရှင်လို့ ကျော်ကြားခဲ့တယ်”
“ဒီနေ့ ဒီအရှင်သခင်က မင်းတို့ကို သတင်းကောင်းတစ်ခု ပြောစရာ ရှိတယ်”
လူသား အရှင်သခင်က ရွှယ်ယွမ်ကို ဂုဏ်ယူသော အကြည့်ဖြင့် လှမ်းကြည့်လေသည်။
“ဒါကတော့ ကောင်းကင်ဘုံက ငါ့ကို တပည့်အဖြစ် လက်ခံလိုက်ပြီဆိုတာပဲ”
“အခုချိန်ကစပြီး ရွှယ်ယွမ်က ယင်ယန်လောကရဲ့ အရှင်သခင် ဧကရာဇ်ပဲ”
*ဘာ*
*ကောင်းကင်ဘုံရဲ့ တပည့်*
ထိုစကားကို ကြားပြီးနောက် မြေကွက်လပ်မှ လူတစ်သိန်းလုံး အုတ်အော်သောင်းတင်း ဖြစ်သွားကြသည်။ လူသား အရှင်သခင်က လိမ်ပြောမည်မဟုတ်ကြောင်း သူတို့ သိပါသည်။
*ဒီလိုဆိုတော့ ရွှယ်ယွမ်ကို ကောင်းကင်ဘုံက အသိအမှတ် ပြုလိုက်ပြီပေါ့*
*ဒါ … တော်တော် ကြောက်စရာကောင်းတာပဲ*
ထိုအခိုက်တွင် လူသား အရှင်သခင်က ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ဆက်ပြုံးနေသည်။
“ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားပြီးသွားရင် ကျုပ် ကောင်းကင်ဘုံကို တက်ပြီး ကျင့်ကြံခြင်း ခရီးစဉ်ကို ဆက်မယ်”
“ပြီးတော့ ရွှယ်ယွမ်နဲ့ ကျိုထျန်းရွှမ်နွီက တစ်ယောက်နဲ့ တစ်ယောက် သိပ်ချစ်ကြတယ်၊ အဲ့တော့ ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနားမတိုင်ခင် သူတို့အတွက် ရိုးစင်းတဲ့ မင်္ဂလာပွဲ ကျင်းပဖို့ ဒီအရှင်သခင် စီစဉ်ထားတယ်”
လူသားအရှင်သခင်၏ စကားကြောင့် မြေကွက်လပ်မှ လူတစ်သိန်းလုံး ဆူညံသွားကြသည်။ သိုင်းပညာရှင်များ အားလုံး မြေကြီးပေါ် ဒူးထောက်ကာ မြေကွက်လပ် အလယ်မှ ရွှယ်ယွမ်နှင့် ဟွမ်အာတို့ဘက် မျက်နှာမူ၍ သံပြိုင် အော်ဟစ်လေသည်။
“ဧကရာဇ်အတွက် ဂုဏ်ယူပါတယ်”
“ကြင်ယာတော်အတွက် ဂုဏ်ယူပါတယ်”
“…”
မျက်စိရှေ့မှ တစ်သိန်းသော လူအများက မြေကြီးပေါ် ဒူးထောက်၍ ဂုဏ်ပြုစကား ပြောနေသည်ကိုကြည့်ပြီး ရွှယ်ယွမ် စိတ်လှုပ်ရှားကာ ပျော်ရွှင်နေ၏။ သူက ဟွမ်အာကို တီးတိုးပြောလိုက်သည်။
“ငါ့မိန်းမ မင်း မြင်လား”
“သူတို့က မင်းကို ဒီဧကရာဇ်ရဲ့ ကြင်ယာတော်လို့ ခေါ်နေကြတယ်၊ ဒီဧကရာဇ်ရဲ့ အမျိုးသမီး၊ ဟားဟားဟား …”
သူ လိုချင်သောအရာကို သူ ရရှိလိုက်သဖြင့် ရွှယ်ယွမ် အလွန် ပျော်ရွှင်နေလေသည်။ ကောင်းကင်ဘုံမှ အသိအမှတ်ပြုသောသူ၏ တပည့် ဖြစ်လာသည့်အပြင် ယင်ယန်လောက၏ အလှဆုံးသော ကျိုထျန်းရွှမ်နွီ နတ်သမီးကိုလည်း ပိုင်ဆိုင်ရလေပြီ။ ယနေ့သည် သူ့ဘဝ၏ အထွတ်အထိပ်သို့ ရောက်သောနေ့ပင်။
ဟွမ်အာ၏ မျက်နှာက ပို၍ ဂရုမစိုက်ပုံ ပေါ်လာပြီး အေးစက်လာသည်။ သူမက ရွှယ်ယွမ်အား သေလူတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်လိုက်သည်။
“နင့်အမျိုးသမီး ဟုတ်လား”
“ရယ်ချင်စရာပဲ၊ ငါက အဲ့လူတစ်ယောက်တည်းရဲ့ အမျိုးသမီးပဲ၊ အရင်ဘဝရော၊ အခုဘဝရော၊ နောင်ဘဝရော … သူ့အမျိုးသမီးအဖြစ် ရှိနေမှာ”
“နင့်ကိုယ်နင် ဘာထင်နေလဲ”
ထိုသို့ပြောလိုက်ချိန်တွင် ဟွမ်အာက လေသံကို နှိမ့်မထားချေ။ ထို့ကြောင့် ရွှယ်ယွမ်သာမက လူသား အရှင်သခင်နှင့် ယင်ယန်လောကမှ လူတစ်သိန်းတို့လည်း ကြားသွားကြပြီး မျက်နှာပျက်သွားလေသည်။
မင်္ဂလာပွဲ မစတင်ခင်၌ သတို့သမီးက ဤသို့ ပြောလာသဖြင့် ရွှယ်ယွမ်အတွက် အကြီးအကျယ် အရှက်ကွဲခြင်းပင်။ ထိုအခိုက်တွင် ရွှယ်ယွမ်၏ မျက်နှာက နီရဲလာပြီး ကျိုထျန်းရွှမ်နွီအား စူးစူးရဲရဲ စိုက်ကြည့်လေ၏။
“မိန်းမ မင်း ငါ့ကို စော်ကားနေတာပဲ”
“စိတ်ချ၊ မင်း သူ့အပေါ် အရူးအမူး စွဲလမ်းနေတဲ့အတွက် ငါ သူ့ကို … သေချာပေါက် နုတ်နုတ်စင်းပစ်မယ်”
ရွှယ်ယွမ်က ရက်စက်သွေးဆာသော အပြုံးမျိုး ပြုံးနေသည်။ ထို့နောက် သူက လူသားအရှင်သခင်ကို လှမ်းကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
“ဆရာ၊ စလိုက်ရအောင်”
ထိုစကားကြောင့် လူသား အရှင်သခင် မျက်မှောင်ကြုတ်သွားပြီး ဟွမ်အာအား မကျေမနပ် လှမ်းကြည့်လိုက်သည်။ ထို့နောက် လူတစ်သိန်းအား ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“အချိန်ကျလာပြီ”
“အခု ရွှယ်ယွမ်နဲ့ ကျိုထျန်းရွှမ်နွီတို့အတွက် ရိုးရှင်းတဲ့ မင်္ဂလာပွဲ ကျင်းပမယ်၊ မင်္ဂလာပွဲ ပြီးသွားရင်း ကျုပ်တို့ ကောင်းကင်ဘုံ ယဇ်ပူဇော်ခြင်း အခမ်းအနား ကျင်းပပြီး ကောင်းကင်ဘုံကို ပူဇော်ကြမယ်”
“အောက်ကလူတွေထဲက ကျိုထျန်းရွှမ်နွီ နတ်သမီးနန်းတော်က လက်အောက်ငယ်သားတွေ ရှေ့ထွက်လာပါ”
ထိုသို့ပြောပြီး လူသား အရှင်သခင်က လေနတ်ဘုရားနှင့် အခြားသူများကို ကြည့်လိုက်သည်။ လူသား အရှင်သခင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသဖြင့် လေနတ်ဘုရားနှင့် အခြားသူများ တုန်ယင်သွားပြီး ခပ်မြန်မြန် ထရပ်၍ မြေကွက်လပ်အလယ်သို့ လျှောက်သွားလိုက်သည်။
သူတို့သည် မူက ကျိုထျန်းရွှမ်နွီ နတ်သမီးနန်းတော်၏ လက်အောက်ငယ်သားများ ဖြစ်သည်။ သူတို့သည် ဟွမ်အာနှင့် အသိဆုံးသောသူများ ဖြစ်သည်။ ယခု မင်္ဂလာပွဲအား သူတို့ တာဝန်ယူ၍ ကျင်းပရပေမည်။
လက်ရှိတွင် လေနတ်ဘုရား၊ မီးနတ်ဘုရားနှင့် အခြားသူများအားလုံး စင်ပေါ်သို့ တက်လာကြပြီး ရွှယ်ယွမ်အား အရိုအသေ ပေးလေသည်။ ထို့နောက် သူတို့က ဟွမ်အာအား ဂုဏ်ပြုစကား ပြောလေသည်။
“ဂုဏ်ယူပါတယ် နတ်သမီး၊ ဧကရာဇ်နဲ့ ကြင်ယာတော်တို့ သက်ဆုံးတိုင် ရွှေလက်မြဲပြီး အမြဲ အတူနေနိုင်ပါစေလို့ ကျုပ်တို့ ဆုမွန်ကောင်း တောင်းပါတယ်”

ထိုသူများသည် မျက်နှာချိုသွေး၍ ကပ်ဖားယပ်ဖား ပြောနေကြသည်။ ဟွမ်အာက မီးတောက်နေသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။
“သစ္စာဖောက်တွေ”
ထိုစကားကြောင့် လေနတ်ဘုရားနှင့် အခြားသူများ တောင့်ခနဲ ဖြစ်သွားပြီး ရှက်ရွံ့သွားကြသည်။ သူတို့သည် လူအိုကြီးများ ဖြစ်သည့်အပြင် မြို့တံတိုင်းထက်ပင် အကြောမာသဖြင့် ချက်ချင်း အမူအရာကို ပြောင်းလဲ နိုင်ကြသည်။ ထို့နောက် မြေကွက်လပ်၏ တစ်ဖက်စီ၌ တစ်ယောက်စီရပ်ကာ အောက်ရှိ လူများကို အော်ပြော လိုက်သည်။
“အခု ဧကရာဇ်ရဲ့ မင်္ဂလာပွဲကို တရားဝင် စတင်မယ်”
“အခမ်းအနား လုပ်ရမယ့်အချိန်ကလည်း နီးကပ်နေတော့ မင်္ဂလာပွဲကို ရိုးရိုးပဲ လုပ်လိုက်ကြတာပေါ့”
“သုံးကြိမ် ဂါဝရပြုပြီးတာနဲ့ မင်္ဂလာပွဲ ပြီးဆုံးသွားပြီ”
* သုံးကြိမ် ဂါဝရပြုပြီးတာနဲ့ မင်္ဂလာပွဲ ပြီးဆုံးသွားပြီတဲ့လား*
ဤသည်မှာ ယင်ယန်လောကတွင်း၌ အရိုးစင်းဆုံးသော မင်္ဂလာပွဲပင်။ သို့ရာတွင် အောက်မှ လူတစ်သိန်းသည် တုံးအသူများ မဟုတ်သဖြင့် ဤသို့ လုပ်ရသည့်အကြောင်းရင်းမှာ ကျိုထျန်းရွှမ်နွီက လက်မထပ်လို၍ ဖြစ်ကြောင်း နားလည်ကြလေသည်။
သုံးကြိမ် ဂါဝပြုခြင်းသည် မတော်တဆမှုများ ဖြစ်လာမည်ကို တားဆီးရန်သာ ဖြစ်ပေသည်။ လက်ရှိတွင် အားလုံးက မင်္ဂလာပွဲအား စောင့်ဆိုင်းကြည့်ရှုနေကြသည်။ လေနတ်ဘုရား၏ ကျယ်လောင်သောအသံ ပဲ့တင်ထပ်လာ၏။
“ပထမအကြိမ်အနေနဲ့ ကောင်းကင်ဘုံကို ဂါဝရပြုပါ”
ထိုစကားအဆုံး၌ ရွှယ်ယွမ်က အရှေ့သို့ မျက်နှာမူ၍ ရိုကျိုးစွာ အရိုအသေ ပေးလေသည်။ သူ့ဘေးမှ ဟွမ်အာမှာမူ မည်သို့မျှ မတုံ့ပြန်ဘဲ အေးတိအေးစက် နေနေ၏။
ဤအဖြစ်ကြောင့် လေနတ်ဘုရားနှင့် အခြားသူများ ထပ်မံ၍ အရှက်ရသွားကြသည်။ သို့ရာတွင် မီးနတ်ဘုရားက ထပ်၍ အော်ပြောလိုက်သည်။
“ဒုတိယအကြိမ်နဲ့ မြေပြင်ကို ဂါဝရပြုပါ”
နတ်ဘုရားများသည် ဟွမ်အာ အရိုအသေ ပြုသည်၊ မပြုသည်ကို ဂရုမစိုက်ပါ။ သူတို့စိတ်ထဲတွင် မင်္ဂလာပွဲ ပြီးသွားသည်နှင့် ဟွမ်အာက ရွှယ်ယွမ်၏ အမျိုးသမီး ဖြစ်လာမည်ဟုသာ တွေးထားကြသည်။
ထိုစဉ် ရွှယ်ယွမ်က မြေပြင်ကို ထပ်၍ အရိုအသေ ပေးလာသည်။ ဟွမ်အာ၏ မျက်နှာက ဖြူရော်သထက် ဖြူရော်လာ၏။
*နှစ်ကြိမ် ဂါဝရပြုပြီးပြီပဲ”
“ကြည့်ရတာ အချိန်ကျပြီ ထင်တယ်”
ဟွမ်အာ၏ မျက်ဝန်း၌ ဆုံးဖြတ်ချက် ပြတ်သားသော အရိပ်အယောင်များ ထင်ဟပ်လာသည်။ သူမသည် တစ်ခြားသူ၏ သတို့သမီး ဖြစ်လာရန် မဆိုထားနှင့် တတိယမြောက် ဂါဝရပြုခြင်း ပြီးဆုံးသွားမည်ကို မစောင့်နိုင်ပါ။
ထိုသို့တွေးတောပြီးနောက် ဟွမ်အာက လက်တစ်ဖက်ကို လှုပ်လိုက်သည်။ ထိုအခါ သူမလက်ပေါ်၌ ဆေးလုံးတစ်လုံး ပေါ်လာသည်။ ထိုဆေးလုံးပေါ်တွင် အနက်ရောင် အဆိပ်ငွေ့များ ရစ်ဝဲနေ၏။
ထိုအခိုက်တွင် မိုးနတ်မင်း၏ လေသံ ထွက်ပေါ်လာသည်။
“တတိယအကြိမ် အနေနဲ့ လူသား …”
မိုးနတ်မင်းထံမှ ဧကရာဇ်ဟူသော စကား ထွက်မလာဘဲ အသံက တိခနဲ ရပ်တန့်သွားသည်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now