Chapter 1160

337 45 3
                                    

စာစဉ် 78 Chapter 1160 မင်း သေသင့်တယ်
ကျုံးဝမ် အလန့်တကြားဖြင့် နောက်လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက် ရသည်။
“မင်း ဆုံးရှုံးသွားရင် ပြန်ရအောင် ယူရမှာပေါ့”
“တစ်ယောက်ယောက်က မင်းကို ရိုက်နှက်လာရင် မင်း ပြန်တိုက်ရမယ်”
“အဲ့လူတွေကို မင်း မရိုက်နိုင်ဘူးဆိုရင် ငါ မင်းအတွက် တိုက်ပေးမယ်”
“မင်း မသတ်နိုင်တဲ့ လူတွေကို ငါ သတ်ပေးမယ်”
ရက်စက်ကြမ်းကြုတ်၍ အထက်စီးဆန်လှသည်။ နတ်ဆိုးတစ်ကောင်ကဲ့သို့ ထာဝရ ပြိုင်ဘက်ကင်းနေသလိုပင်။ သူ့စကားကို လူတိုင်း ကြားသောအခါ ဟားတိုက် ရယ်မောကြသည်။
“ဟားဟားဟား ဒီအရူး ဘာပြောလိုက်လဲ မင်း ကြားလိုက်လား၊ သူက တစ်ယောက်ယောက်ကို သတ်ချင်တယ်လို့ ပြောနေတာလား”
လျန့်ကျစ်ရှန်က ရယ်ရလွန်းသဖြင့် ခန္ဓာကိုယ်ပင် ရှေ့နောက် ယိမ်းနေ၏။
“ဝိုး ကြောက်စရာကောင်းလိုက်တာ၊ ငါ သူ့ကို ပြောတယ်ကွာ၊ မင်း ငါ့ကို သတ်နိုင်တဲ့အစွမ်း ရှိလား”
ကတုံးနှင့်လူက ထရပ်ပြီး ယဲ့ဖန်ကို ရန်စလေသည်။
“တကျွမ်း အဲ့လောက်ထိ မလိုပါဘူး၊ ခင်ဗျား ဒီကောင့်ခေါင်းကို တစ်ချက်ထိုးလိုက်ရုံနဲ့တင် ရနေပြီကို၊ ခင်ဗျား သူ့ကို ဟန်လုပ်ခွင့်လေး မပေးနိုင်ဘူးလား”
“ဟုတ်တယ်ဗျ … သူတို့ သခင်ရှေ့မှာ သူရဲကောင်း ဟန်ဆောင်နေတဲ့လူတွေကို နည်းနည်းလေး မျက်နှာသာ ပေးလိုက်လို့ မရဘူးလားဗျာ”
လူတိုင်း ဟားတိုက် ရယ်မောနေသဖြင့် မျက်ရည်များပင် ထွက်လာလေသည်။ သူတို့၏ မျက်လုံးတွင် အထင်သေးမှုများ ပိုပို၍ ပီပြင်လာသည်။
မကြာသေးခင်အချိန်က ယဲ့ဖန်သည် အင်တာနက်ပေါ်၌ နာမည်ကြီးခဲ့သော်လည်း ဟွိုင်အန်းစီရင်စု၏ သိုင်းလောက၌သာ ကျော်ကြားခြင်း ဖြစ်သည်။
ဟွိုင်အန်းမှ သိုင်းပညာရှင်များသည် ယဲ့ဖန်၏ ဓာတ်ပုံနှင့် ဗွီဒီယိုများကို တီဗွီသတင်းများ သို့မဟုတ် ပို့စ်များ၌ တစ်ကြိမ်၊ နှစ်ကြိမ်မျှ မြင်ဖူးသော်လည်း အပြင်မှတွေ့လျင် မှတ်မိနိုင်မည် မဟုတ်ပါ။
ထို့အပြင် ကျုံးကျိုး အင်ပါယာ၏ ထိန်းချုပ်မှုကြောင့် အင်တာနက်ပေါ်၌ ယဲ့ဖန်၏ သတင်းများ မရှိတော့သဖြင့် လူအများသည် သူ ဘယ်လိုပုံလဲ ဆိုသည်ကို မေ့လျော့နေလေပြီ။
လျန့်ကျစ်ရှန်နှင့် အခြားသူများတောင်မှ သူ့ကို မမှတ်မိပေ။
“ခွေးက ဘယ်လိုမျက်နှာမျိုး လိုချင်နေလို့လဲ”
တကျွမ်းက ရိုင်းပျစွာ ပြောလိုက်ပြီး ယဲ့ဖန်အား ရန်စသလို ကြည့်လိုက်သည်။
“မျိုးမစစ်လေး ငါ မင်းကို စဉ်းစားချိန် တစ်မိနစ် ပေးမယ်၊ ဒူးထောက်ပြီး တောင်းပန်မလား ဒါမှမဟုတ် ဆေးရုံ တက်မလား”
“ကျုံးဝမ်ကိုလည်း ဒူးထောက်ပြီး ငါ့ကို တောင်းပန်ခိုင်းလိုက်”
လျန့်ကျစ်ရှန်က စိတ်လှုပ်ရှား၍ အရောင်လက်နေသော မျက်လုံးများဖြင့် ပြောလာသည်။ ယဲ့ဖန်ကမူ သူတို့၏ စကားများကို မကြားသလို နေကာ ကျုံးဝမ်ကို လှည့်ကြည့်လေသည်။
“အခု မင်း ဘာလုပ်ချင်လဲ ငါ့ကိုပြော”
ကျုံးဝမ် အကြီးအကျယ် မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး တစ်ခဏကြာသော် အသက်ပြင်းပြင်း ရှူလိုက်ပြီး အကြည့်များက ခိုင်မာ ပြတ်သားလာ၏။ ထို့နောက် သူမက တစ်ဖက်လူကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
“ကျွန်မ ပိုင်တာကို ပြန်လိုချင်တယ်”
“ကောင်းပြီလေ”
ယဲ့ဖန်၏ အမူအရာက ထူးဆန်းသွားလေသည်။ သူ တစ်ဖက်လှည့်၍ ရှောင်ဟယ်ကို ကြည့်လိုက်လေသည်။
“မင်း ခုနက ကျုံးဝမ်ကို ဘာပြောလိုက်တာလဲ၊ မင်း ပြန်ပြောရဲရင် ပြောလိုက်”
ထိုအသံက ရေခဲတမျှ အေးစက်လှသည်။ ရှောင်ဟယ် ထိတ်လန့်ကာ တစ်ကိုယ်လုံး အေးစက်လာ၏။ သို့သော် ယဲ့ဖန်၏ အဝတ်အစားကိုမြင်ပြီး သူ ချက်ချင်း စိတ်တည်ငြိမ်သွားသည်။
*သူတောင်းစားတစ်ယောက်ကို ငါ ကြောက်နေစရာမှ မလိုတာ*
ချက်ချင်းဆိုသလိုပင် ရှောင်ဟယ်၏ မျက်နှာ၌ အထင်သေးသော အရိပ်အယောင်များ ထွက်ပေါ်လာ၏။
“ယောက်ျားဖာလေး မင်း ငါ့ကို လာဖြီးလုံးထုတ်နေတာလား”
“သူက ချစ်စရာကောင်းတဲ့ ခွေးမလို့ ငါ ပြောတယ်ကွာ၊ အရှက်မရှိတဲ့ မိန်းမပျက်မ၊ မင်း ငါ့ကို ဘာလုပ်နိုင်လဲ”
ရှောင်ဟယ်၏ မျက်နှာထားက မောက်မာ ခက်ထန်နေ၏။ ဤကလပ်အတွင်း၌ လူများစွာ ရှိသဖြင့် ယဲ့ဖန်ကဲ့သို့ ကပ်စားကောင်က သူ့ပေါ် တစ်ခုခု လုပ်နိုင်လိမ့်မည်ဟု မယုံကြည်ပါ။
“ကပ်စားကောင်က ငါ့ကို နိုင်ချင်ယောင် ဆောင်နေတယ်ပေါ့၊ မင်း ငါ့ကို ထိကြည့်လိုက်စမ်းပါ၊ ငါ မင်းကို လမ်းပေါ် လေးဘက်ထောက်သွားရအောင် လုပ်ပေးမယ်”
“ဝိုး … ရှောင်ဟယ် နင် တော်တော် ချောတာပဲ”
“ရှောင်ဟယ် နင်က ဒီလောက် ယောက်ျား ပီသလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”
လျန့်ကျစ်ရှန်နှင့် အခြားသူများက အော်ဟစ်အားပေးလာ၏။ သူတို့စကားကို ကြားသည်နှင့် ရှောင်ဟယ် ပို၍ စိတ်အေးလာပြီး ယဲ့ဖန်အား ပို၍ အထင်သေး ရန်စသလို ကြည့်လိုက်သည်။
“ငါ မင်းကို ဘာလုပ်နိုင်လဲ ဟုတ်လား၊ ဟားဟားဟား …”
ယဲ့ဖန် ရုတ်တရက် ထရယ်လိုက်ပြီးနောက် သူ့မျက်နှာတွင် ချက်ချင်း အန္တရာယ်ပေးသော အရိပ်အယောင်မျိုး ထွက်ပေါ်လာသည်။
ငရဲ၏ နက်ရှိုင်းသော တစ်နေရာမှ ထွက်ပေါ်လာသကဲ့သို့ အေးစက်သော အငွေ့အသက်မျာ ထွက်ပေါ်လာပြီး ခြိမ်းခြောက်နိုင်သော သရဲတစ္ဆေ ပေါ်ထွက်လာသည်ဟု ထင်မှတ်မှားရသည်။
ယဲ့ဖန်က ရှောင်ဟယ်ရှေ့ ချက်ချင်း ရောက်သွားပြီး သူ့မျက်လုံးများက ငရဲကို ကြည့်နေရသည့် အကြည့်များလိုပင်။
“ငါ မင်းကို ဒီလိုလုပ်မှာ”
ယဲ့ဖန်၏ လက်များက ရှောင်ဟယ်၏ ပခုံးပေါ် ကျရောက်လာလေသည်။
“ဂျွတ် ဂျွတ် ဂျွတ်”
ထို့နောက် အရိုးကျိုးသံများ ထွက်ပေါ်လာပြီး သူ့လက်မောင်းတစ်ခုလုံး လိမ်ကောက်ကာ ကျိုးပဲ့သွားသည်။ အရိုးက အသားထဲမှ ဖောက်ထွက်လာသဖြင့် အသားများ စုတ်ပြတ်ပဲ့ထွက်လာ၏။ ဤမြင်ကွင်းက အလွန် သွေးထွက်သံယို များလှသည်။
“အား … ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်”
ရှောင်ဟယ် နာကျင်စွာ အော်ဟစ်လိုက်မိသည်။ သူ့အသံ၌ ကြောက်ရွံ့ခြင်းနှင့် နာကျင်မှုများ ပြည့်နှက်နေသည်။ သူ့လက်မောင်းတစ်ခုလုံး ပုံပျက်ကာ လိမ်ကောက်နေသည်။ လူတိုင်း ကြက်သီးမွေးညင်း ထသွားလေသည်။ ယဲ့ဖန်က ဤမျှ ရက်စက်လိမ့်မည်ဟု သူတို့ ထင်မထားမိပေ။
*သူက ဘာမှမပြောဘဲ စလှုပ်ရှားတာပဲ*
*ပြီးတော့ သူက လူကို ဒီအတိုင်းအတာအထိ ရောက်အောင် နှိပ်စက်သေးတယ်*
*နတ်ဆိုး*
*တကယ့်ကို နတ်ဆိုးပဲ*
“ငါ မင်းကို ဒီလိုသတ်မှာ”
ယဲ့ဖန်က ရက်စက်စွာ ပြုံးလိုက်ပြီး ရှောင်ဟယ်၏ လက်တစ်ဖက်ကို ဆွဲဖြုတ်လေသည်။ လက်တစ်ဖက်လုံး အဖြုတ်ခံလိုက်ရသည့် ပြင်းထန်သော ဝေဒနာကြောင့် ရှောင်ဟယ်၏ အော်သံက ပိုမိုကျယ်လောင်လာ၏။
သီးသန့်ကလပ်တစ်ခုလုံးသို့ ရှောင်ဟယ်၏ အော်သံ ပျံ့လွင့်လာသဖြင့် လူတိုင်း ချောက်ချားသွားကြသည်။ ထိုအသံက အလွန် ကြောက်စရာကောင်းလှသည်။
“အား …”
လျန့်ကျစ်ရှန်နှင့် အခြားသူများလည်း ထိတ်လန့်သွားရသည်။ သူတို့အရှေ့မှ ရှောင်ဟယ်သည် လက်တစ်ဖက် ပြတ်ကာ လက်တစ်ဖက် ကျိုးနေပြီး သွေးအလိမ်းလိမ်းနှင့် ကြမ်းပြင်ပေါ် လိမ့်နေ၏။
ဘေးနားမှ ကျုံးဝမ်သည်လည်း ကြောက်ရွံ့သွားရသည်။ ယဲ့ဖန်က ဘာတစ်ခွန်းမှ မပြောဘဲ လူတစ်ဖက်သားကို ထိခိုက်အောင် လုပ်သည်အထိ ရက်စက်လိမ့်မည်ဟု သူမ ထင်မထားမိချေ။
သူသည် ပုရွက်ဆိတ်ကို သတ်သကဲ့သို့ ပုံမှန်ဖြစ်လွန်းလှပြီး ဘာကိုမှ ဂရုမစိုက်ပေ။ ယခင်က ယဲ့ဖန် ရှောင်ဟယ်ကို လှည့်ကြည်ရန်ပင် စိတ်မဝင်စားချေ။ သို့သော် ယဲ့ဖန်ရှေ့၌ ကျုံးဝမ်ကို သူ ထိုသို့ မစော်ကားလိုက်သင့်ပါ။
“ငါ့အသက်ကို ချမ်းသာပေးပါ၊ ငါ့အသက်ကို ချမ်းသာပေးပါ”
ရှောင်ဟယ် ဝေဒနာကြောင့် ကြမ်းပြင်ပေါ် လူးလှိမ့်ရင်း‌ အော်ဟစ်နေ၏။
“ကျုံးဝမ် ဒီကို အမြဲလာတယ်ဆိုတော့ သူ မင်းကို ဘယ်လောက် မုန့်ဖိုးပေးဖူးသလဲ”
ယဲ့ဖန် သူ့ကို အထက်စီးဖြင့် ကြည့်လိုက်သည်။
“…”
ရှောင်ဟယ် အေးခဲသွားပြီး ဘယ်လိုဖြေရမှန်း မသိတော့ချေ။
“ဂျွတ်”
ယဲ့ဖန်က ချက်ချင်း ခြေထောက်ဖြင့် နင်း၍ ခက်ထန်သော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။
“ငါ တစ်ယောက်ယောက်ကို မေးခွန်းမေးလို့ အဲ့လူက ပြန်မဖြေရင် ငါ့ကို မလေးမစား လုပ်တယ်လို့ ငါ သတ်မှတ်တယ်”
“တစ်သိန်းထက် ပိုပါတယ်၊ တစ်သိန်းကျော်လောက်ပါ”
“တစ်သိန်းကျော်တယ်၊ ဒါဆို သူက မင်းကို ကောင်းကောင်း ဆက်ဆံတာပေါ့”
ယဲ့ဖန်၏ အပြုံးက ပိုပို၍ ကြောက်စရာကောင်းလာသည်။
“ဟုတ် … ဟုတ်ပါတယ်”
“သူ မင်းအပေါ် ဒီလောက် ကြင်နာတာတောင် မင်းက သူ့အပေါ် ဒီလို ဆက်ဆံတယ်ပေါ့၊ မင်းကိုယ်မင်း သေဖို့ ထိုက်တန်တယ် ထင်လား”
ယဲ့ဖန်က ရုတ်တရက် အားဖြင့် ဖိနင်းလိုက်သည်။
“ဝုန်း”
ရှောင်ဟယ်၏ ဦးခေါင်းက ဖရဲသီးသဖွယ် ပေါက်ထွက်သွားပြီး ဦးနှောက်ပင် ပေါက်ကွဲကုန်သည်။ ယဲ့ဖန်က လက်ကို အိတ်ကပ်ထဲ ပြန်ထည့်၍ ဦးခေါင်းမဲ့နေသော အလောင်းကိုကြည့်ကာ ပြုံးလိုက်သည်။
“မင်း သေသင့်တယ်”
*သေသင့်တယ်*
*မင်း သေကိုသေသင့်တယ်*
“အား … အား … အား …”
အလန့်တကြား အော်သံများ တဖန် ထွက်ပေါ်လာ၏။ လျန့်ကျစ်ရှန်နှင့် အခြားသူများသည် ကြောက်လန့် လွန်းသဖြင့် နေရာမှာတင် ဝိညာဉ်လွင့်သွားပြီဟု ထင်သွားလေသည်။
လက်ရှိတွင် သူတို့အားလုံး ကြောက်လန့်ကာ ဤနတ်ဆိုးအား ဘာကြောင့် ရန်စမိသလဲဟု တွေးကာ နောင်တရ လာ၏။
*ဒါက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ*
ထိုစဉ် ယဲ့ဖန်က တိကျွမ်းဘက်လှည့်ကြည့်၍ ပြုံးကာ ပြောလိုက်သည်။
“စောနတုန်းက မင်း ငါ့ကို သတ်ချင်နေတဲ့ပုံပဲ၊ ဟုတ်တယ်မလား”
“…”
နှစ်မီတာမြင့်သော တိကျွမ်းသည် နပမ်းလုံးခြင်းပညာကို သင်ယူထားသော်လည်း လက်ရှိတွင် မိန်းမ တစ်ယောက် ကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်ကာ ဘာမှပင် မပြောနိုင်တော့ချေ။
“မင်းက သေချင်နေမှတော့ ငါ မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်”
ယဲ့ဖန်က နတ်ဆိုးသဖွယ် ရယ်မော၍ လှစ်ခနဲ လှုပ်ရှားလိုက်ရသည်။ လူတိုင်းသည် သူတို့ရှေ့၌ လေတိုက် သွားသည် ဟုသာ ခံစားလိုက်ရသည်။ ယဲ့ဖန် နောက်သို့ ပြန်ဆုတ်လာသောအခါ သူ့လက်ထဲ၌ တစ်စုံတစ်ရာကို ကိုင်ထားကြောင်း တွေ့လိုက်ရသည်။
ထိုအရာမှာ ခေါင်းပြတ်တစ်လုံးပင်။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now