Chapter 1095

332 42 3
                                    

စာစဉ် 73 Chapter 1095 ငါက လူသတ်သမား ... အမည်မသိဆိုတာပဲ

ကျုံးမိသားစု၏ စားသောက်ဆိုင်ရှေ့တွင် ကျုံးမိသားစုများက ပုံမှန်အတိုင်း အလုပ်လုပ်လျက် ရှိသည်။ ယဲ့ဖန်က အမည်မသိ လူကြီးမင်း ဖြစ်သည်ဟူသော အချက်ကို ကျုံးလီအာက မိဘများအား မပြောပြခဲ့သလို ယဲ့ဖန်ကလည်း တစ်ခါမှ မပြောဖူးချေ။
ယနေ့က အမည်မသိနှင့် လူအိုကြီး ကျန်းမိန်တို့၏ အဆုံးအဖြတ် တိုက်ပွဲဖြစ်မှန်း ကျုံးလင်မယား သိသော်လည်း သူတို့ကိုယ်တိုင်နှင့် ပတ်သက် ဆက်နွှယ်နေလိမ့်မည်ဟု ထင်မထားကြပေ။
သူတို့အစား စားသောက်ဆိုင် တံခါးအပြင်ဘက်၌ ကျုံးလီအာသည် စိုးရိမ်တကြီးနှင့် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေသည်။
လှပသော မျက်လုံးတစ်စုံကလည်း တစ်စုံတစ်ယောက်ကို စောင့်နေဟန်ဖြင့် လမ်းအဆုံးသို့ ခဏခဏ လှမ်းလှမ်းကြည့်နေသည်။
“ဆယ့်တစ်နာရီ ထိုးတော့မယ်၊ အဆုံးအဖြတ် တိုက်ပွဲစဖို့ တစ်နာရီပဲ လိုတော့တယ်၊ တိုက်ပွဲ စခါနီးနေပြီ”
ကျုံးလီအာ၏ မျက်နှာလှလှလေးက စက္ကူသဖွယ် ဖြူရော်နေ၏။ ပြီးခဲ့သည့် နှစ်ရက်အတွင်း ယဲ့ဖန် ပြန်မလာခဲ့ပေ။ ထို့အတူ ယဲ့ဖန် ဖျင်အန်းမြို့မှ ထွက်ပြေးသွားပြီဟူသော သတင်းများ ကိုလည်း ကျုံးလီအာ ကြားခဲ့ရသည်။
သို့သော် ယဲ့ဖန် ထွက်မပြေးဟု သူမ ယုံကြည်သည်။ တစ်စုံတစ်ရာကြောင့်သာ နောက်ကျနေခြင်း ဖြစ်မည်။
“အစ်ကိုယဲ့ ဘယ်တော့မှ ပြန်မလာဖို့ ငါ မျှော်လင့်ရတာပဲ၊ အစ်ကို ဒီကနေ ထွက်သွားရင်တောင်မှ သူ …”
ကျုံးလီအာ လူအိုကြီး ကျန်းမိန်၏ ကျော်ကြားမှုကို သိနေသဖြင့် ယဲ့ဖန်အား မစိုးရိမ်ဘဲ မနေနိုင်ချေ။ သူမစိတ်ထဲတွင် ယဲ့ဖန်သည် အလွန် ထူးခြား၍ ကြောက်စရာကောင်းသော်လည်း ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်နေသော လူအိုကြီး ကျန်းမိန်ကို မခုခံနိုင်ဟု ထင်နေသည်။
ဤအဆုံးအဖြတ် တိုက်ပွဲသည် ရှင်းရှင်းပြောရလျင် ယဲ့ဖန်ကို သတ်ရန်သာ ဖြစ်သည်။ ကျုံးလီအာ စိုးရိမ်နေချိန်တွင် မခိုးမခန့်အသံတစ်သံ ထွက်ပေါ်လာ၏။
“မင်းက ကျုံးလီအာ ထင်တယ်၊ ဟုတ်တယ်မလား”
*ဟင်*
ထိုအသံကြောင့် ကျုံးလီအာ မျက်မှောင်ကြုတ်မိသွားပြီး နောက်လှည့်ကြည့်လိုက်သည်။ ထိုအခါ ဝတ်စုံပြည့်နှင့် လည်သာဖိနပ်တစ်ရံကို ဝတ်ဆင်ထားပြီး ရွှေရောင်မျက်မှန်ကိုင်းကို တပ်ထားသည့် လူငယ်တစ်ယောက်က ပြုံး၍ ဘေးဘက်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ထိုလူငယ်၏ အနောက်ငယ် ဗလတောင့်တောင့် လူလေးယောက် ရပ်နေသည်။ တစ်ယောက် ချင်းစီက ခိုင်မာသော အရှိန်အဝါများ ထွက်နေကြသည်။ ထိုသူအားလုံးက အဆင့်နှစ် ရွှေရောင်ခန္ဓာကိုယ်အဆင့် သက်တော်စောင့်များ ဖြစ်လေသည်။
“ရှင်က …”
ကျုံးလီအာ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာပြီး ရင်လေး လာရသည်။
“ကိုယ့်ကိုယ်ကိုယ် အရင်မိတ်ဆက်ရတာပေါ့”
မျက်မှန်နှင့်လူငယ်က အသာပြုံးလိုက်ပြီးနောက် ခေါင်းမော့၍ ပြောလိုက်သည်။
“ငါက ဒီမြို့ရဲ့ ထိပ်တန်းမိသားစုတစ်ခုဖြစ်တဲ့ လင်းမိသားစုရဲ့ ဘဏ္ဍာစိုး ကောတဲယိုပဲ”
လင်းမိသားစုဟူသော စကားကို ကြားလိုက်ရချိန်တွင် ကျုံးလီအာ မျက်နှာပျက်သွားသည်။ မနေ့က ယဲ့မိသားစုနှင့် လင်းမိသားစုက လူလွှတ်ပြီး သူမနှင့် သူမမိဘများအား ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း လမ်းဆုံ၌ ထန်မိသားစု၏ ပိတ်ဆို့ခြင်း ခံလိုက်ရသည်ကို သူမ သိထားသည်။
ယခု အဆုံးအဖြတ် တိုက်ပွဲ စတင်တော့မည် ဖြစ်သဖြင့် ထန်မိသားစု၏ သက်တော်စောင့်များက ဤနေရာမှ ထွက်သွားကြသည်။
သို့သော် အဆုံးအဖြတ်တိုက်ပွဲ မစခင် လင်းမိသားစု လူထပ်လွှတ်လိမ့်မည်ဟု ကျုံးလီအာ ထင်မထားမိပါ။
“ဘာလဲ၊ မင်းကို ထန်မိသားစုက ကယ်လိမ့်မယ်လို့ မျှော်လင့်နေတုန်းလား”
လင်းမိသားစု၏ ဘဏ္ဍာစိုး ကောတဲယိုက တစ်ချက်ကြည့်ရုံနှင့် ကျုံးလီအာ၏ အတွေးကို သိဟန်ဖြင့် ထီမထင်ဟန် ပြုံးလေသည်။
“ဟမ့် … စဉ်းစားမနေနဲ့၊ ထန်မိသားစု ထွက်သွားပြီးနေပြီ၊ သူတို့အားလုံး သေခြင်းရှင်ခြင်း တိုက်ပွဲအတွက် ပြင်ဆင်ဖို့ မိသားစုဆီ ပြန်သွားကြပြီ”
“ကဲ … အခု ငါတို့ စကားပြောကြမလား”
ကောတဲယို၏ စကားအဆုံး၌ သန်မာသော သက်တော်စောင့် လေးယောက်က ရှေ့တက် လာသဖြင့် ကျုံးလီအာ မျက်နှာဖြူရော်သွားသည်။
“ရှင် … ရှင် ဘာလိုချင်တာလဲ”
ကောတဲယိုက ရယ်မောလေသည်။ သူ၏ရယ်သံက ဆိုးရွား၍ ကြောက်စရာ ကောင်းလှသည်။
“မစိုးရိမ်ပါနဲ့၊ ယဲ့မျိုးရိုးနဲ့ကောင် မသေခင် ငါတို့ လင်းမိသားစုက မင်းတို့ကို မသတ်ပါဘူး”
“ဒါပေမဲ့ မင်းတို့ ဒါကို လက်မှတ်ထိုးရလိမ့်မယ်”
ထိုသို့ပြောပြီး ကောတဲယိုက စာရွက်စာတမ်းတစ်ခုကို ကမ်းပေးလာသည်။ ကျုံးလီအာ မျက်မှောင်ကြုတ် သွားသည်။ စာရွက်စာတမ်းကို သူမ ယူကြည့်လိုက်ပြီးနောက် မျက်နှာ မည်းမှောင်သွား၏။
ဤစာရွက်စာတမ်းမှာ စာချုပ်တစ်ခု ဖြစ်သည်။ ကျုံးမိသားစု၏ ပိုင်ဆိုင်မှုကို လွှဲပြောင်းသော စာချုပ် ဖြစ်ပြီး ကျုံးလီအာက မိမိကိုယ်ကို လင်းမိသားစုထံ ရောင်းသော စာချုပ် ဖြစ်နေ၏။
ကျုံးကျိုးနယ်မြေသည် သိပ္ပံနှင့် နည်းပညာ ထွန်းကားသော လောကတစ်ခု ဖြစ်ပြီး အင်အားကြီးသူကိုသာ လေးစားကြကာ အားနည်းသူက အားကြီးသူ၏ သားကောင် ဖြစ်ရသည်။
ထို့ကြောင့် ဤနယ်မြေ၌ ကိုယ့်ခန္ဓာကိုယ်ကို ရောင်းစားသောကိစ္စက ပုံမှန်ကိစ္စတစ်ခုပင်။ မိန်းမလှလေးများ၊ တစ်မူထူးခြားသော စွမ်းရည်ရှိသည့် ယောက်ျားသားများသည် ထောက်ပံ့သူ ရှာနိုင်ရန်အတွက် အင်အားကြီးသူတစ်ချို့၌ ကိုယ့်ကိုယ်ကိုယ် ရောင်းစား၍ ကျေးကျွန်အဖြစ် နေကြရသည်။
ဤစာချုပ်တွင် လင်းမိသားစုက ကျုံးမိသားစု၏ ဟင်းလျာများနှင့် ကျုံးလီအာအား ဈေးပေါပေါနှင့် ဝယ်ယူမည်ဟု ရေးသားထားသည်။
“မဟုတ်ဘူး … မဖြစ်နိုင်ဘူး”
ကျုံးလီအာ ဒေါသထွက်လွန်းသဖြင့် မျက်နှာလေးက နီမြန်းလာသည်။ ဟင်းလျာများသည် ယဲ့ဖန်က ကျုံးမိသားစုကို ပေးထားခြင်း ဖြစ်သဖြင့် အခြားသူများကို လွှဲပြောင်းပေးရန် မဖြစ်နိုင်ပေ။ ထို့အတူ ကျုံးလီအာသည် လင်းမိသားစု၏ ကျေးကျွန် အဖြစ်မခံလိုပါ။
“အိပ်မက် မက်မနေနဲ့၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ကျုံးလီအာသည် စာချုပ်အား လင်းမိသားစု၏ ဘဏ္ဍာစိုး ကောတဲယို၏ မျက်နှာသို့ ကောက်ပေါက်လိုက်သည်။
ကောတဲယိုသည် ဤသို့ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားမိဟန်ဖြင့် စိတ်ဆိုးဟန်မပြဘဲ မချိုမချဉ်ဖြင့် ပြောလာသည်။
“မင်း အခုထိ ယဲ့မျိုးရိုးနဲ့ကောင်ကို မျှော်လင့်နေသေးတာလား”
“အရူးပဲ၊ ငါ မင်းကို အမှန်တရားတစ်ခု ပြောလိုက်မယ်၊ အဲ့ယဲ့မျိုးရိုးနဲ့ကောင် ထွက်ပြေးသွားတာ ကြာလှပြီ၊ သူ မပြေးရင် ဒီနေ့က သူ သေမယ့်နေ့ပဲ”
ကောတဲယိုက ထိုသို့ပြောပြီး သရော်ဟန်ပြုံး၍ မနီးမဝေးမှ ကျုံးမိသားစု၏ စားသောက်ဆိုင်ကို ကြည့်လိုက်သည်။
“ပြီးတော့ မင်း သဘောမတူရင် ငါ အခုချက်ချင်း ငါ့လူတွေနဲ့ မင်းမိဘတွေကို သတ်ခိုင်းလိုက်မယ်”
ထိုစကားကြောင့် ကျုံးလီအာ ပို၍ မျက်နှာပျက်သွားသည်။ အထူးသဖြင့် ကောတဲယို လက်ပြလိုက်သည်နှင့် အဆင့်နှစ် ရွှေရောင်ခန္ဓာကိုယ် ရှိသော သက်တော်စောင့် လေးယောက်က ဓားများထုတ်၍ ကျုံးမိသားစု စားသောက်ဆိုင်သို့ လျှောက်သွားသည်ကို သူမ တွေ့လိုက်ရသဖြင့် ခြောက်ခြားသွားရသည်။
“မလုပ်နဲ့၊ ရပ်”
လက်ရှိအချိန်တွင် ကျုံးလီအာ ဆောက်တည်ရာမရ ဖြစ်နေ၏။ သူမနှင့် သူမမိဘများအား အင်အားကြီးသော လင်းမိသားစုက လက်ချောင်းတစ်ချောင်းတည်းဖြင့် သတ်ပစ်၍ ရသည်။ သူမရှေ့၌ မိဘများ အသတ်ခံရမည်ကို သူမ ကြည့်မနေနိုင်ပါ။
ကျုံးလီအာ၏ မျက်ဝန်းမှ မျက်ရည်များ စီးကျလာပြီး ကောတဲယိုအား ဝမ်းနည်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“တ … တကယ်လို့ ကျွန်မ ကတိပေးရင် လင်းမိသားစုက အစ်ကိုယဲ့နဲ့ ကျွန်မမိဘတွေကို လွှတ်ပေးမှာလား”
လက်ရှိတွင် ကျုံးလီအာ၌ မျှော်လင့်ချက်တစ်ခုတည်းသာ ရှိတော့သည်။ ယဲ့ဖန် ဘေးကင်း၍ သူမမိဘများ အန္တရာယ်မရှိရန်သာ မျှော်လင့်မိသည်။ သူမစကားကြောင့် ကောတဲယိုက ညစ်ကျယ်ကျယ် ပြုံးလာ၏။
“ဟုတ်တယ်”
“မင်း မယုံလည်း မင်းမိဘတွေကို ငါတို့ နုတ်နုတ်စင်းပစ်တာကို ကြည့်နေပေါ့”
ကောတဲယိုက ကျုံးလီအာ၏ နှစ်လိုဖွယ်ကောင်းသော ခန္ဓာကိုယ်လေးအား တပ်မက်စွာ ကြည့်လိုက်သည်။
ကျုံးလီအာသည် ဖျင်အန်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ်မှ နာမည်ကြီးသော ကျောင်းသူလေး ဖြစ်ပြီး စွဲမက်ဖွယ်ကောင်းသော ခန္ဓာကိုယ်နှင့် လှပသော မျက်နှာလေး ရှိသည်။ ကောတဲယို၏ စိတ်ထဲတွင် သူမအား ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံပစ်ချင်နေ၏။
“လာပါဦး၊ ငါ မင်းခန္ဓာကိုယ်ကို အရင်စစ်ဆေးကြည့်ဦးမယ်”
ကောတဲယိုက ရုတ်တရက် လက်ကိုဆန့်၍ ကျုံးလီအာ၏ ရင်သားကို ဖမ်းဆုပ်လာ၏။ ဤအဖြစ်ကြောင့် ကျုံးလီအာ ထိတ်လန့်သွားပြီး ရှောင်လိုက်သည်။
သို့သော် ကောတဲယိုသည် သန်မာသော သိုင်းပညာရှင်ဖြစ်ပြီး သူ၏လက်က လျှပ်စီးသဖွယ် လျင်မြန်ပေသည်။
သူမကို ကိုင်မိတော့မည့် တစ်ခဏမှာပင် ကောတဲယို၏ လက်မှ သံတံတိုင်းတစ်ခုနှင့် တိုက်မိသွားသကဲ့သို့သော အသံတစ်သံ ထွက်လာ၏။
ဤအဖြစ်ကြောင့် အားလုံး အံ့ဩသွားသည်။ ကောတဲယိုသည်လည်း သူ၏လက်ဝါးက လူတစ်ယောက်၏ လက်ဝါးဖြင့် ထိပ်တိုက်တွေ့သွားသည်ကို တွေ့လိုက်ရသဖြင့် ထိတ်လန့် သွားသည်။ ထို့အပြင် ထိုလူက လူငယ်တစ်ယောက်သာ ဖြစ်နေသည်။
“ဟေ့ကောင် မင်း ဘာတွေလာကြီးကျယ်နေတာလဲ၊ ဒီက ထွက်သွားစမ်း”
တစ်စုံတစ်ယောက်က သူ၏ အချိန်ကောင်းလေးကို လာဖျက်ဆီးရဲလိမ့်မည်ဟု ထင်မထားသဖြင့် ဒေါပွသွားရသည်။ ကောတဲယို၏ မျက်နှာ မည်းမှောင်နေစဉ် ကျုံးလီအာ၏ အံ့ဩနေသော အသံ ထွက်လာ၏။
“အစ် … အစ်ကိုယဲ့”
ကျုံးလီအာ အံ့ဩနေမိသည်။ သူမ အလွန် ဒုက္ခရောက်နေသော အခိုက်အတန့်၌ ယဲ့ဖန် ရုတ်တရက်ကြီး ရောက်လာလိမ့်မည်ဟု ထင်မထားမိပါ။
ကျုံးလီအာ၏ စကားကြောင့် ကောတဲယို တုန်လှုပ်သွားပြီး သူ့မျက်လုံး၌ တဏှာရိပ်များအစား ကြောက်ရွံ့ဟန်များ အစားထိုး ထင်ဟပ်လာသည်။
“ယဲ့ဆိုတော့ … ဟိုအမည်မသိလား”
“မင်းက အဲ့သောက်အမည်မသိကောင်လား”
ကောတဲယို မယုံနိုင်ဖြစ်နေ၏။ ယဲ့မျိုးရိုးနှင့်လူသည် အချိန်အတော်ကြာစဉ်ကတည်းက ထွက်ပြေးသွားပြီ မဟုတ်ပါလော။
“သောက်အမည်မသိတဲ့လား”
ယဲ့ဖန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်လာပြီး မျက်လုံးများက အေးစက်သထက် အေးစက် လာ၏။
“မှားတယ်”
“ငါက လူသတ်သမား … အမည်မသိဆိုတာပဲ”
ထိုသို့ပြောပြီးသည်နှင့် ယဲ့ဖန်က ကောတဲယို၏ ဆံပင်ကို လက်တစ်ဖက်ဖြင့် ဆွဲချုပ်၍ နောက်လက်ဖြင့် ဓားကိုကိုင်ဆွဲ၍ ခုတ်ပိုင်းလိုက်သည်။
ဘုတ်!
မြေကြီးပေါ်သို့ ခေါင်းပြတ်တစ်လုံး လိမ့်ဆင်းသွားလေသည်။
                 စာစဉ် ၇၃ ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now