Chapter 1152

341 47 1
                                    

စာစဉ် 77 Chapter 1152 ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်

“ယဲ့ယွင်ထျန်း ဆင်းလာပြီး အသေခံစမ်း”
ထိုစကားက ကူးစက်ရောဂါကဲ့သို့ ပျံ့လွင့်လာချိန်တွင် စီရင်စုတစ်ခုလုံး တုန်ခါသွားလေသည်။ မျက်တောင် တစ်ခတ်အတွင်း အကြီးအကဲ ဆယ်ယောက်ကျော်ကို သတ်လိုက်ခြင်းက ဂိုဏ်းတစ်ခု၏ အမွေအနှစ်ကို ထိခိုက် သွားစေသည်။
ယွင်ရင်တောင် သေချာပေါက် ကျဆင်းပေတော့မည်။ ဤသည်ကလည်း ယဲ့ဖန်တစ်ဦးတည်းကြောင့် ဖြစ်ပေါ် လာခြင်းပင်။ တကယ်ကို မယုံနိုင်စရာ ကောင်းလှသည်။
“သူ့နောက်ကြောင်းကို စုံစမ်းစမ်း၊ ဒီကောင်က ဘာကောင်လဲ ငါ သိချင်တယ်”
ကွန်ပျူတာရှေ့၌ ကြည့်နေသော ပုဂ္ဂိုလ်ကြီးတစ်ချို့ ရုတ်တရက် သွေးပျက်လာကြသည်။ ကျုံးကျိုး အင်ပါယာ တည်ထောင်ခဲ့စဉ်ကတည်းက ဤသို့သော မကောင်းဆိုးဝါးမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အသတ်ခံလိုက်ရသူများသည် ဟွိုင်အန်း စီရင်စုတစ်ခုလုံး၌ ဈာန်ဝင်စားခြင်းအဆင့်သို့ ရောက်ပြီးနေသည့် ထိပ်တန်း အကြီးအကဲများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက နှစ်တစ်ရာ သက်တမ်းရှိသော မကောင်းဆိုးဝါးအိုကြီးများ ဖြစ်လေသည်။
ခြေဆောင့်ခြင်းကပင် သွေးထွက်သံယိုများသော အဖြစ်အပျက်တစ်ခုကို ဖန်တီးနိုင်၏။ သို့ရာတွင် ရလဒ်ကား ယဲ့ဖန်ထံ၌ ချက်ချင်း အသတ်ခံလိုက်ရသည် မဟုတ်ပါလော။ ရာထူးမြင့်သော ပုဂ္ဂိုလ်ကြီးတစ်ချို့ပင် ချောက်ချားစိတ်ကို ခံစားမိလာသည်။
*ယဲ့ဖန်က အသက် ဘယ်လောက် ရှိပြီလဲ*
*တကယ်လို့ သူသာ နောက်အနှစ်တစ်ရာ၊ တစ်ထောင်အထိသာ အသက်ရှင်နေဦးမယ်ဆိုရင် ဘယ်လောက် ကြောက်စရာ ကောင်းတဲ့ အခြေအနေမျိုးအထိ သူ ကြီးပြင်းလာမှာလဲ*
လက်ရှိအချိန်တွင် ဖန်သားပြင်ရှေ့မှနေ၍ တိုက်ပွဲကို ကြည့်နေသော ပုဂ္ဂိုလ်ကြီးများအားလုံး တစ်ခုတည်းသော အရာကိုသာ သိချင်နေကြသည်။ ထိုအရာမှာ ယဲ့ဖန်က ဘယ်သူလဲဟူသော အချက်ပင်။ အကယ်၍ ရန်သူ ဖြစ်နေပါက ငြိမ်းချမ်းရေးရအောင် ဖြစ်နိုင်သည့် နည်းလမ်းအားလုံးဖြင့် အသနားခံရမည်။ မိတ်ဆွေဖြစ်နေပါက ပို၍ စိတ်ကျေနပ်အောင် မျက်နှာလုပ်ရပေမည်။
*ဒီလို မကောင်းဆိုးဝါးမျိုးနဲ့ ငါတို့ ရန်သူ ဖြစ်လို့မရဘူး*
“ဖြောင်း ဖြောင်း ဖြောင်း”
ထိုသို့သောအချိန်၌ အချိန်အခါ မဟုတ်သော လက်ခုပ်သံ ထွက်ပေါ်လာသည်။ ယဲ့ယွင်ထျန်းက ပြုံး၍ လက်ခုပ် တီးကာ အောက်သို့ ဆင်းလာနေ၏။ ဤအဖြစ်က လူတိုင်းကို မှင်တက်သွားစေသည်။
*ယဲ့ဖန်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ပုံစံကို မြင်ပြီးတာတောင် ယဲ့ယွင်ထျန်းက ပြုံးနိုင်နေသေးတာလား*
*သူ ရူးသွားတာလား*
ယဲ့ဖန်တောင်မှ မျက်မှောင်ကြုတ်သွားရသည်။ တစ်ဖက်လူ၏ အပြုအမူက အလွန့်ကို မူမမှန်ပေ။
*ယဲ့ယွင်ထျန်းမှာ အားကိုးစရာ ရှိနေသေးတာလား*
လူတိုင်း အံ့အားသင့်ဟန် ပေါ်လာသည်။
“ယဲ့ဖန် ငါ ကြုံတွေ့ဖူးသမျှထဲမှာ မင်းက အသန်မာဆုံး ပြိုင်ဘက် ဖြစ်နေတာကိုတော့ ငါ တကယ် ဝန်ခံတယ်၊ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကသာ မင်းနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါတောင်မှ မင်းပြိုင်ဘက် မဟုတ်နိုင်လောက်ဘူး”
“အခုလက်ရှိ ငါနဲ့မှ မင်း လာတိုးတာကတော့ စိတ်မကောင်းစရာပဲ …”
လူတိုင်း ကြက်သီးမွေးညင်းထကာ မျက်လုံးတွင် ကြောက်လန့်စိတ်များနှင့် ပြည့်နှက်လာသည်။
*ယဲ့ယွင်ထျန်းမှာ အားကိုးရမယ့်သူ ရှိနေတာ သေချာတယ်*
*အဲ့လို ဖြစ်ကိုဖြစ်ရမယ်၊ မဟုတ်ရင် သူ ဒီလောက် စိတ်အေးလက်အေး ဖြစ်နေမှာ မဟုတ်ဘူး*
တစ်ခဏအတွင်းမှာပင် ယဲ့ယွင်ထျန်း၏ မျက်နှာက သုန်မှုန်လာပြီး ဒေါသတကြီး အော်ဟစ်လာသည်။
“အဲ့ဒါကြောင့် မင်း ငါ အလောင်းဖြစ်သွားတောင် ငါ့လက်က မလွတ်နိုင်ဘူး”
“ဝုန်း”
သူ့ကိုယ်ထဲမှ ရုတ်တရက် ပြင်းထန်သော နတ်ဆိုးစွမ်းအင်များ ထွက်ပေါ်လာပြီး မိုးကောင်းကင်နှင့် ပထမဝီ မြေကြီးအား ဖျက်ဆီးဖြိုလဲနိုင်သော စွမ်းအင်က အရပ်မျက်နှာ အနှံ့သို့ ပျံ့လွင့်သွားသည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် ပထဝီမြေကြီးတို့ ပြောင်းလဲလာပြီး ယွင်ရင်တောင်မှ သဘာဝပေါက်ပင်များ ခြောက်သွေ့ကာ သေဆုံးသွားလေသည်။ ကောင်းကင်သည် ယဲ့ယွင်ထျန်းအား ဗဟိုထား၍ ပြောင်းပြန်ဝဲတစ်ခု ဖြစ်ပေါ်နေပြီး ထိုဝဲအတွင်းမှ အနက်ရောင် လျှပ်စီးများနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာ၏။
ဤသည်က လောက၏ ထိတ်လန့်ချောက်ချားဖွယ်ကောင်းသော စွမ်းအားတစ်ခုကို ကိုယ်စားပြုနေသလိုပင်။ ထိုစွမ်းအားက စတုရန်း မီတာတစ်သောင်းအတွင်းမှ ကောင်းကင်နှင့် ပထဝီ မြေကြီးအား ဖျက်ဆီးနိုင်သည်။
တိုက်ပွဲကို ကြည့်နေသည့်လူတိုင်း ဆံပင်မွေးထောင်ကာ တစ်ကိုယ်လုံး တုန်ယင်လာကြသည်။
“ကောင်းကင်ဘုံ … ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်”
ရုတ်တရက် လူတစ်ယောက်က ထရေရွတ်လာ၏။ ထိုစကားက ငြိမ်နေသော ရေမျက်နှာပြင်သို့ ကျောက်တုံး ကျလာသကဲ့သို့ လှိုင်းထန်သွားစေသည်။
“ဘာ … ဒါ ကောင်းကင်ဘုံ ဝါးမျိုခြင်း သိုင်းကွက် ဖြစ်နေတာလား၊ လူသားတွေနဲ့ နတ်ဘုရားတွေကို ပျောက်ကွယ်အောင် လုပ်နိုင်တဲ့ ဟိုအပြင်းဆုံး လူသတ်သိုင်းကွက် မဟုတ်လား၊ အဲ့ဒါက ဟိုတစ်ယောက်နဲ့အတူ ပျောက်ကွယ်သွားပြီ မဟုတ်ဘူးလား”
“ကောင်းကင်ဘုံ ဝါးမျိုခြင်း သိုင်းကွက်က လောကထဲက လူသန်းတစ်ရာကို တစ်ညတည်းနဲ့ သတ်ပစ်နိုင်ပြီး ဘယ်သူမှ မတားဆီးနိုင်ဘူး၊ ယန်နယ်မြေရဲ့ သမိုင်းမှတ်တမ်းမှာ အပြင်းထန်ဆုံးနဲ့ မျှော်လင့်ချက် အမဲ့ဆုံး ဖြစ်ခဲ့တာ မဟုတ်လား”
“ဒီနတ်ဆိုးသိုင်းကွက်ကို တီထွင်ခဲ့တဲ့ နတ်ဆိုး အမျိုးသမီးက လောကထဲက ဘုရင်တွေကို သတ်ခဲ့တာ မဟုတ်လား၊ ငါ မှတ်မိတာ မှန်မယ်ဆိုရင် သူ့နာမည်က … အိုးရန်ချင်ရွှယ်”
လူတိုင်း ယဲ့ယွင်ထျန်းကို အလန့်တကြား ကြည့်နေမိကြသည်။ မိုးမြေကို ဝါးမျိုနိုင်သည့် ကြောက်စရာကောင်းသော သိုင်းကွက်ကို ယဲ့ယွင်ထျန်း ကျွမ်းကျင်စွာ တက်မြောက်နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
*သူ ဒီလောက် ယုံကြည်မှုရှိနေတာကို မအံ့ဩတော့ဘူး၊ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်အောက်မှာ သက်ရှိသတ္တဝါတိုင်းက ပုရွက်ဆိတ်လိုပဲ*
*ယဲ့ဖန်က ထူးချွန်တယ်ဆိုပင်မယ့် ဒီပြိုင်ဘက်ကင်း သိုင်းကွက်အောက်မှာ သူ ပျောက်ကွယ်ရမှာပဲ*
“ဟားဟားဟား … ယဲ့ဖန် မင်း အပျော်လွန်နေခဲ့တာ မဟုတ်လား၊ အခု သခင်လေးယဲ့ရဲ့ နောက်ဆုံးသိုင်းကွက် ပေါ်လာပြီဆိုတော့ မင်း သေဖို့ပဲ စောင့်နေလိုက်တော့”
ဖန်းရီပေါ် ဟားတိုက် ရယ်မောနေမိသည်။ သူ ဒေဝါလီ ခံရတော့မည်ဟု ထင်နေသောအချိန်၌ အခြေအနေက ပြောင်းလဲသွားပြန်သည်။
“ယဲ့ဖန် ကျုံးကျိုးအင်ပါယာရဲ့ နံပါတ်တစ် နတ်ဆိုးသိုင်းကွက်မှာ မင်း သေရတဲ့အတွက် ဂုဏ်ယူသင့်တယ်၊ စိတ်မပူနဲ့ မင်း သေသွားပြီးရင် ငါ ကျုံးလီအာရဲ့ မိသားစုကို ကောင်းကောင်းကြီး စောင့်ရှောက်ပေးမယ်”
အားပင်းသည်လည်း စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ရယ်မောနေသည်။ ယဲ့ဖန် နေရာမှာတင် ပွဲချင်းပြီး သေသွားသည်ကို မျှော်လင့်စောင့်စားနေ၏။
ဤသည်ကြောင့် လောင်းကစား ကုမ္ပဏီကြီးများနှင့် တိုက်ရိုက်ထုတ်လွှင့်ခြင်း ချန်နယ်များ၌ ပွက်လောရိုက် လာလေသည်။
“ဟားဟားဟား … ယဲ့ယွင်ထျန်းက မိုက်တယ်ဟေ့၊ ယဲ့မိသားစုရဲ့ သခင်လေးက ဟွိုင်အန်းစီရင်စုက နံပါတ်တစ် ပါရမီရှင်လို့ ခေါ်ထိုက်ပါပေတယ်၊ ယဲ့ဖန်ကိုသာ မြန်မြန် သတ်လိုက်တော့”
“ယဲ့ယွင်ထျန်း ငါ့အတွက် ငါ့စည်းစိမ်ကို ပြန်ကယ်ပေးလို့ ကျေးဇူးပဲကွာ၊ ငါ ခေါင်မိုးထပ်သွားရတော့မယ်လို့ ထင်နေတာ၊ ငါ နောက်ကို မင်း ပရိသတ်အဖြစ် အမြဲ ရှိနေမှာပါ၊ ယဲ့ယွင်ထျန်း လုပ်ထားကွ”
“ငါ့ယွင်ထျန်းလေးက အသန်မာဆုံးပဲဆိုတာ ငါ သိသားပဲ၊ ဘယ်လိုလုပ် သောက်ယဲ့ဖန်က သူ့ပြိုင်ဘက် ဖြစ်မှာလဲ၊ သူ အဲ့အရူး ယဲ့ဖန်ကို တစ်ချက်တည်းနဲ့ နင်းချေပစ်မှာ စောင့်ကြည့်နေကြ”
“ယဲ့ဖန် ငါသာ မင်းနေရာမှာဆို ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်ပြီ၊ ငါ ဘယ်နည်းနဲ့မှ မနိုင်နိုင်တာကို သေလိုက်တာ အကောင်းဆုံးပေါ့၊ ဒီလူရဲ့ အချိန်တွေကို ဖြုန်းမနေနဲ့ မြန်မြန်လုပ်”
အင်အားကြီး ပုဂ္ဂိုလ်များလည်း မချိပြုံး ပြုံးလာကြသည်။
“ထားလိုက်တော့ စုံစမ်းဖို့ မလိုတော့ဘူး”
ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်အောက်၌ မည်သူမှ အသက်မရှင်ပေ။ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်သည် မိုးမြေကို ဖျက်ဆီး၍ နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်ဖြတ်နိုင်၏။
ယဲ့ဖန်၏ သိုင်းအဆင့်က ယဲ့ယွင်ထျန်းထက် ကျော်မနေလျင် သေချာပေါက် သေရပေလိမ့်မည်။
*နှမြောစရာပဲ*
*ဒီလို အရည်အချင်းရှိတဲ့လူနဲ့ ငါ မိတ်ဆွေဖြစ်ချင်ခဲ့တာ*
ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်ကို ကျင့်ကြံထားသော ယဲ့ယွင်ထျန်းနှင့် ရင်ဆိုင်ရသည်အထိ သူ့ဘဝက ဆိုးရွားနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ လက်ရှိတွင် သူတို့၏ မျက်လုံးထဲ၌ ယဲ့ဖန်က သေလူ ဖြစ်နေလေသည်။ သေလူနှင့် မိတ်ဆွေဖွဲ့ရန် မလိုအပ်တော့ချေ။
တစ်ချိန်တည်းမှာပင် ယဲ့ဖန်၏ အမူအရာက အေးစက် တောင့်တင်းလာ၏။ အလွန် ရင်းနှီးသော ခံစားချက်က သူ့နှလုံးသားတွင်း၌ ပေါက်ဖွားလာသည်။
*ဒါ ငါ့အမေ ဖန်တီးခဲ့တဲ့ သိုင်းကွက်လား*
*ဘယ်လောက် ကြင်နာလိုက်လဲ*
*ဘယ်လိုတောင် ရင်းနှီးနေရတာလဲ*
သူ့ကိုယ်မှ သွေးများ ပွက်ပွက်ဆူလာသည်အထိ ဖြစ်စေသော ဤစွမ်းအင်က ရင်းနှီးနေသည်ဟူသော စကားနှင့်ပင် ဖော်မပြနိုင်တော့ချေ။
ထိုအခိုက်တွင် ယဲ့ဖန် စိတ်လွတ်မတတ် ဖြစ်လာ၏။ တစ်ချိန်က သူ့အမေ၏ ပုံစံကို ပြန်လည်မြင်ယောင် ခံစားမိ လာသည်။ လူတိုင်း၏ မျက်လုံးထဲတွင် သူ့အမူအရာက ကြောက်လန့်သောကြောင့် ဖြစ်လာသည်ဟု ထင်နေကြသည်။
“ဟားဟားဟား အဲ့ကောင်ရဲ့ အမူအရာကိုလည်း ကြည့်ဦး၊ သူ ကြောက်ပြီး ရူးနေပြီ၊ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်နဲ့ ကြုံရတဲ့လူတိုင်း အဲ့လို ဖြစ်လောက်ပါတယ်၊ ငါဆိုလည်း အဲ့လို အမူအရာမျိုးပဲ ဖြစ်မိမှာ”
“နောင်တရလည်း နောက်ကျသွားပြီ၊ ငါတို့မိသားစုက ယွင်ထျန်းကို ရန်စရဲရင် ဒီလို အဆုံးသတ်မှာပဲ”
ထိုအချိန်တွင် လောင်းကစား ကုမ္ပဏီများ၌ လောင်းကြေးအသစ် ပေါ်လာ၏။
ထိုလောင်းကြေးမှာ ယဲ့ဖန် ဘယ်လိုသေမလဲ ဖြစ်သည်။ ရွေးချယ်စရာ သုံးခုရှိပြီး အေ၌ ယဲ့ယွင်ထျန်း၏ ထိုးနှက်ခြင်း ခံရ၍ သေမည်၊ ဘီက ယဲ့ယွင်ထျန်း၏ ကန်ကျောက်ခြင်းကြောင့် သေမည်နှင့် စီက ယဲ့ယွင်ထျန်းကြောင့် လန့်သေမည် ဟူ၍ ဖြစ်လေသည်။
ဤလောင်းကြေးသည် လောင်းစကားအတွက်သာ မဟုတ်ဘဲ ယဲ့ဖန်ကို လှောင်ပြောင် အရှက်ခွဲလိုခြင်း ဖြစ်သည်။ လေးစားရန်ပင် မထိုက်တန်လောက်အောင် အားနည်းသည်ဟု ပြောနေခြင်းပင်။
“ယဲ့ဖန် ငါ့ရဲ့ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်အောက်မှာ သေရမှာမို့ မင်း စိတ်အေးလက်အေး အနားယူလို့ ရပြီ”
ယဲ့ယွင်ထျန်းက အားပါးတရ ရယ်မော၍ ရှေ့တိုးလာသည်။ ယဲ့ယွင်ထျန်း၏ ခန္ဓာကိုယ်မှ ထည်ဝါသော စွမ်းအင်လှိုင်းများ ပျံ့လွင့်လာ၏။
ရုတ်တရက် တောင်တောင်နှင့် မြစ်ချောင်းများ ရွေ့လျားလာပြီး ယွင်ရင်တောင်တစ်ခုလုံး တုန်ခါလာသည်။ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်၏ လွှမ်းမိုးမှုအောက်၌ တောင်တစ်ခုလုံး ပြိုကျလာတော့မတတ်ပင်။
လူတိုင်း အကြီးအကျယ် မျက်နှာပျက်လာကြသည်။
*အရှိန်အဝါတစ်ခုတည်းနဲ့ တောတောင်တွေနဲ့ မြစ်ချောင်းတွေတောင် ရွေ့လျားလာတယ်ဆိုတော့ ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်က တော်တော် ကြောက်စရာကောင်းတာပဲ*
ထိုအချိန်တွင် ယဲ့ဖန်၏ မျက်နှာ၌ ဒေါသရိပ်များ လွှမ်းမိုးလာ၏။
“ကောင်းကင်ဘုံ ဝါးမျိုခြင်း နတ်ဆိုးသိုင်းကွက်ကို မင်း သိုင်းကွက်လို့ ပြောလိုက်တာလား”

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now