Chapter 1147

348 41 3
                                    

စာစဉ် 77 Chapter 1147 လောင်းကစား

"ဟွိုင်အန်စီရင်စုက လူငယ်မျိုးဆက်တွေထဲမှာ စီနီယာ အစ်ကိုယဲ့ရဲ့ တိုက်ကွက် သုံးကွက်ကို တားဆီးနိုင်တဲ့လူက လက်ဆယ်ချောင်းထက်တောင် ကျော်မယ်မထင်ဘူးလို့ ငါ ထင်တယ်"
သူတို့ အထင်သေးစွာ ပျက်ရယ်ပြုနေကြသည်။ အဘယ်ကြောင့်ဆိုသော် ယွင်ရင်တောင်၏ အရည်အချင်း အရှိဆုံး တပည့်ဖြစ်သူ၏ တိုက်ကွက်သုံးကွက်အား တောင့်ခံနိုင်သည်ကပင် ဂုဏ်ယူစရာကိစ္စဟု သူတို့ မှတ်ယူထား သောကြောင့်ပင်။
တစ်ခဏအတွင်း တပည့်ဂိုဏ်းသားအားလုံးက ယဲ့ယွင်ထျန်းအား စိတ်အားထက်သန်စွာ ကြည့်လာကြသည်။ ကိစ္စအထွေအထူး မဖြစ်ခဲ့ပါက ယဲ့ယွင်ထျန်းက ယွင်ရင်တောင်၏ နောင်တက်မည့် ဂိုဏ်းချုပ် ဖြစ်လာလိမ့်မည်ဟု သူတို့အားလုံး သိနေသောကြောင့်ပင်။
ယဲ့ဖန် မည်မျှသန်မာကြောင်း သူတို့ မသိသော်လည်း ယဲ့ဖန် ဆိုးဆိုးရွားရွား ရှုံးနိမ့်၍ သေဆုံးသွားရလိမ့်မည်ဟု ခန့်မှန်းထားကြသည်။
လက်ရှိအချိန်၌ ကင်မရာများ ဆယ်လုံးကျော် အဆင်သင့် ဖြစ်ထားကြပြီး အဓိက တီဗွီရုပ်သံလိုင်းများနှင့် အင်တာနက် ကွန်ရက်များအား ယွင်ရင်တောင်၌ အခြေစိုက်ထားပြီး အချိန်နှင့် တပြေးညီ တိုက်ရိုက် ထုတ်လွှင့်ရန် ပြင်ဆင်ထားလေသည်။ ဘောလုံးပွဲထက်ပင် ပို၍ ခမ်းနားကြီးကျယ်သေးသည်။
အဓိက တိုက်ရိုက်ထုတ်လွှင့်ခြင်း ဆွေးနွေးခန်းများ၌ လူများနှင့် ပြည့်နှက်နေကာ များပြားလှသော လူအရေ အတွက်ကြောင့် အင်တာနက်လိုင်းများ ကျလျက်ရှိသည်။ အဓိက တိုက်ရိုက်ထုတ်လွှင့်ခြင်း ပလက်ဖောင်းများသည် နည်းပညာရှင်များအားလုံးပင် ခေါ်၍ လိုင်းအား ပြန်ပြင်ရသည်။
တိုက်ရိုက်ထုတ်လွှင့်ခြင်း ရုပ်သံတစ်ခုချင်းစီ၌ လူအရေအတွက်က တစ်သန်းပင် ကျော်နေပြီး ရုပ်သံလိုင်း များအားလုံး ပေါင်းလိုက်သောအခါ အင်တာနက်ပေါ်မှ ကြည့်နေသူဦးရေ သန်းတစ်ရာပင် ကျော်သွား၏။ ကြောက်စရာ ကောင်းလောက်သော အရေအတွက်ပင်။
ဟွိုင်အန်း စီရင်စုတစ်ခုလုံးက ဤယွင်ရင်တောင်၌ အာရုံစိုက်နေသည်ဟု ပြောနိုင်ပေ၏။ သူတို့အားလုံးသည် ယဲ့ဖန်ဟူသော လူက မည်မျှ ရူးသွပ်နေသောကြောင့် ဟွိုင်အန်း စီရင်စု၏ အနာဂတ်ဘုရင်ကို ရန်စရဲတာလဲဟု သိချင်နေကြသည်။
ထို့အတူ ယဲ့ယွင်ထျန်းက မည်သို့သော နည်းလမ်းကိုသုံး၍ ထိုသို့မောက်မာနေသောကောင်ကို သတ်ပစ်မလဲ သိချင်နေကြလေသည်။
လောင်းကစား အသိုင်းအဝိုင်း၌လည်း လောင်းကြေးများ ဖွင့်နေကြသည်။ လောင်းကစား ခေါင်းစဉ်မှာ ယဲ့ဖန်က ယဲ့ယွင်ထျန်း၏ တိုက်ကွက် တစ်ကွက်အား ခုခံနိုင်ခြင်း၊ သိုင်းကွက် နှစ်ကွက်အား ခုခံနိုင်ခြင်း၊ သိုင်းကွက် သုံးကွက်အား ခုခံနိုင်ခြင်းနှင့် ချက်ချင်း အသတ်ခံလိုက်ရခြင်းဟူ၍ ဖြစ်သည်။
ဤသည်မှာ အဆုံးစွန်အထိ လှောင်ပြောင်ခြင်း ဖြစ်ပေသည်။ မည်သူကမှ ယဲ့ဖန်အ‌ပေါ် အကောင်းမမြင်ကြချေ။
"အားလုံးပဲ မင်္ဂလာပါ ကျွန်မက သိုင်းလောကမှာ လူသိများတဲ့ အစီအစဉ် တင်ဆက်သူလေး မီယာအိုကဲ ဖြစ်ပါတယ်"
အမျိုးသမီး အစီအစဉ် တင်ဆက်သူက ကင်မရာရှေ့၌ ရပ်၍ ဟန်ရေးပြလာသည်။ ယနေ့ တိုက်ပွဲသည် ဟွိုင်အန်း စီရင်စု တစ်ခုလုံးကို အုတ်အော်သောင်းတင်း ဖြစ်စေသည့်ပွဲပင်။
ထို့ကြောင့် အချို့သော အင်တာနက်ဆယ်လီများနှင့် နာမည်ကြီး အစီအစဉ် တင်ဆက်သူများလည်း တစ်ယောက်ပြီး တစ်ယောက် စုဝေးလာကြသည်။
ဤမီယာအိုကဲသည် နိုင်ငံတွင်း၌ ကျော်ကြားသော သိုင်းလောက အစီအစဉ် တင်ဆက်သူ အမျိုးသမီး ဖြစ်သည်။ သူမသည် သိုင်းလောက တိုက်ပွဲများ၌ အင်တာဗျူးခြင်းနှင့် သတင်းတင်ဆက်တို့အတွက် တာဝန်ယူရသည်။ လက်ရှိတွင် သူမ၌ ပရိသတ်ပေါင်း သန်းသုံးဆယ်ကျော် ရှိနေ၏။
"ဒီနေ့ မီယာအိုကဲက လူတိုင်းကို ပဟေဠိလေးတွေ မေးပြီး အဖြေမှန်တဲ့လူကို ဆုကြေးလေးတွေ ပေးပို့ပေး သွားမှာပါ၊ မေးခွန်းလေးကတော့ ယဲ့သခင်လေးက အမည်မသိ လူကြီးမင်းလို့ခေါ်တဲ့ ယဲ့ဖန်ကို သိုင်းကွက် ဘယ်နှစ်ကွက်အတွင်း သတ်ပစ်နိုင်မှာလဲ ဆိုတာပဲ ဖြစ်ပါတယ်၊ အဖြေမှန်တဲ့လူက မီယာအိုကဲနဲ့အတူ ညစာ စားခွင့် ရှိပါတယ်"
မီယာအိုကဲက ကင်မရာရှေ့၌ ကလူ၏သို့ မြူ၏သို့ အမူအရာဖြင့် အနမ်းခြွေပြလေသည်။ ထိုအခါ မီယာအိုကဲ၏ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်၌ ဆူညံပွက်လောရိုက်လာသည်။
"တစ်ကွက်ပဲ၊ တစ်ကွက်ထက် မပိုဘူးလို့ ငါ လောင်းတယ်"
"ငါ သိုင်းကွက် နှစ်ကွက်လို့ လောင်းတယ်ကွာ၊ ယဲ့ဖန်လို့ခေါ်တဲ့ အမှိုက်ကောင်က အဲ့လောက် မြန်မြန် သေမှာ မဟုတ်ဘူး"
"သိုင်းကွက် နှစ်ကွက် တောင့်ခံပြီးမှ သေမှာ"
"အပေါ်ကလူ ခင်ဗျားက တော်တော် အံ့ဩစရာ ကောင်းတာပဲ၊ ခင်ဗျားက ယဲ့ဖန်ကို အမှိုက်လို့လည်း ပြောသေးတယ်၊ ဘယ်လိုလုပ် သိုင်းကွက်နှစ်ကွက်ကို သူ တောင့်ခံနိုင်မှာလည်း၊ သူ တစ်ကွက်တောင် တောင့်မခံ နိုင်ဘဲ ယဲ့သခင်လေးဆီမှာ ချက်ချင်း အသတ်ခံရလိမ့်မယ်လို့ ကျုပ် လောင်းတယ်ဗျာ"
တရစပ် ပြောဆိုနေသော မှတ်ချက်များကိုကြည့်ပြီး မီယာအိုကဲကလည်း တခစ်ခစ် ရယ်လေ၏။
"ဒီအစ်ကို ပြောတာ မှန်တယ်၊ မီယာအိုကဲလည်း ယဲ့ဖန်ဆိုတဲ့ အမှိုက်ကောင်က သိုင်းကွက်တစ်ကွက်တောင် ခံနိုင်မယ်လို့ မထင်ဘူး"
"ငါ့ပျော်ရွှင်မှုအတွက် ယဲ့ဖန်ဆိုတဲ့ကောင် မြန်မြန်သေပေးကွာ"
"ဟားဟားဟား"
"အဲ့လိုပြောနေစရာတောင် မလိုဘူး၊ ယဲ့ယွင်ထျန်းရဲ့ခွန်အားနဲ့ဆို သူ့ကို သတ်တာက ကစားသလိုတောင် ဖြစ်မနေဘူးလား"
တိုက်ရိုက်ထုတ်လွှင့်ခြင်း အစီအစဉ်များအပြင် အဓိက လောင်းကစား ကုမ္ပဏီများတွင်လည်း များပြားသော လောင်းကစားပွဲများ ရှိနေသဖြင့် ပေါက်ထွက်မတတ် ဖြစ်နေသည်။ လောင်းကစား ကုမ္ပဏီများ၏ သူဌေးများ အားလုံး အလွန် ပျော်ရွှင်နေသဖြင့် တစ်ညလုံး အိမ်မပျော်ကြပေ။
လူတိုင်း ယဲ့ဖန်နှင့် ယဲ့ယွင်ထျန်း၏ တိုက်ပွဲကို လောင်းကစား လုပ်နေကြသည်။ ထို့အတူ ခုနစ်ဆယ် ရာခိုင်နှုန်းက ယဲ့ဖန် ချက်ချင်း အသတ်ခံလိုက်ရမည်ဟု လောင်းကြသည်။
လက်ရှိတွင် လောင်းထားသည့် ငွေကြေးက ဘီလီယံ ငါးဆယ်ကျော်အထိ ရှိလာပြီး အားလုံးက ယဲ့ဖန် တစ်ကွက်ပင် တောင့်မခံနိုင်ဟု လောင်းကြသည်။ နှစ်ဆယ်ရာခိုင်နှုန်းက ယဲ့ဖန် ပေါ်မလာနိုင်သောဘက်မှ လောင်းကြလေသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သာ ဦးနှောက်ပျက်မနေပါက ပေါ်လာရန် မဖြစ်နိုင်ဟု တွက်ထားသည်။ ပုရွက်ဆိတ် တစ်ကောင်က ဘုရင်ငယ်လေးကို ဆန့်ကျင်သည့် ရလဒ်က သိသာလွန်းပေ၏။
သိုင်းကွက်တစ်ကွက်ကို တောင့်ခံနိုင်မည်ဟု လောင်းသည့်ဘက်၌ ငွေနှစ်ဘီလီယံ မြင့်တက်လာသည်။ လောင်းကစား ကုမ္ပဏီများ၏ ရုံးတွင်း ဝန်ထမ်းများနှင့် စီနီယာ စီမံခန့်ခွဲရေးသမားများပင် ယဲ့ဖန် သေမည့်ဘက်မှ ခိုး၍ လောင်းကြသည်။
ဤသည်က သူတို့အတွက် ကောင်းကင်မှ ရွှေမိုးငွေမိုး ကျဆင်းလာသလိုပင်။ သူတို့ မည်မျှ တွေးတောပါစေ အမည်မဲ့ လူကြီးမင်းဟူသော ယဲ့ဖန်က ယဲ့ယွင်ထျန်း၏ ပြိုင်ဘက် မဖြစ်နိုင်မှန်း သိထားကြသည်။
ဤလောင်းကစား၌ ယဲ့ဖန် မလွဲမသွေ သေမည်ဟု ယူဆထားသဖြင့် ဆန့်ကျင်ဘက်မှ လောင်းသူဟူ၍ မရှိပေ။ ထို့ကြောင့် ယဲ့ဖန် နိုင်မည်ဟူသောဘက်၌ ဘယ်သူမှ မလောင်းကြချေ။
ကိန်းဂဏန်းများက တစ်မဲလောင်းလျင် တစ်သောင်း ပြန်ရမည်ဟူသည်အထိ မြင့်တက်နေသော်လည်း ယဲ့ဖန် နိုင်မည် ဟူသောဘက်မှ မည်သူမှ မလောင်းကြပေ။
စီရင်စုတစ်ခုလုံး ယဲ့ဖန်ကို အလွန်အမင်း အထင်သေးကြသည်။ လောင်းကစား ကုမ္ပဏီများ၏ ပိုင်ရှင်များအားလုံး အပျော်လွန်နေလေသည်။ လက်ရှိ၌ သူတို့အားလုံး စုဝေး၍ အောင်ပွဲအတွက် ရှန်ပိန်ဖောက်ရန်ပင် ပြင်နေကြသည်။
"အဲ့အမှိုက်ကောင်က မသေခင် ငါတို့ကို ပွပေါက်တိုးအောင် လုပ်ပေးလိမ့်မယ်လို့ ထင်မထားမိဘူး၊ သူတို့ အရူးမျိုး နောက်ထပ် နည်းနည်းလောက် ထပ်ရှိမယ်ဆိုရင် ငါတို့အားလုံး ကျုံးကျိုး အင်ပါယာမှာ အချမ်းသာဆုံးတွေ ဖြစ်လာမှာပဲ၊ ဟားဟားဟား ..."
"သူက လှည့်ကွက်နည်းနည်း လုပ်တတ်တယ်ဆိုတော့ ပေါ်မလာလောက်ဘူးလို့ ငါ ထင်တယ်၊ ဒါပေမဲ့ သူ မလာလည်း သေမှာပဲကို၊ ငါသာ အမြတ် အကြီးအကျယ်ရရင် သူ့အတွက် ရွှေချထားတဲ့ အုတ်ဂူလေး ဆောက်ပေးဦးမယ်"
"မသေခင် သူက ငါတို့အားလုံး တောက်ပချမ်းသာအောင် လုပ်ပေးတာဆိုတော့ အဲ့ယဲ့ဖန်က လူကောင်းပဲ"
"လာကြ လာကြ၊ ငါတို့ ယဲ့ဖန်အတွက် ဂုဏ်ပြုပေးရအောင် သူက တုံးအလွန်းလို့ သူ့သေခြင်းက ငါတို့ကို ပိုက်ဆံ ရအောင် လုပ်ပေးတာပဲ"
လောင်းကစား ကုမ္ပဏီသူဌေးများက ပြိုင်တူ ရယ်မောလေသည်။
"သူဌေး ရုတ်တရက်ကြီး ကုမ္ပဏီကို ပိုက်ဆံ အများကြီး ဝင်လာပါတယ်၊ အဲ့ပမာဏ အားလုံးက ယဲ့ဖန် နိုင်မယ် ဆိုတဲ့ဘက်က လောင်းထားတာပါ"
"နောက်ကြောင်းကို မင်း စုံစမ်းပြီးပြီလား"
သူဌေးများအားလုံး ကွန်ပျူတာရှေ့သို့ စုဝေးလာသည်။
"သူတို့က ဖျင်အန်းမြို့က အဓိက မိသားစုကြီး နှစ်ခုနဲ့ ပထမအဆင့် မိသားစု ခြောက်ခုက လူတွေပါ"
"ဖျင်အန်းမြို့က မိသားစုတွေ ဟုတ်လား"
ထိုစကားကြောင့် သူတို့၏ မျက်နှာထက်တွင် အထင်သေး လှောင်ပြောင်ဟန်များ ထင်ဟပ်လာသည်။
"လက်စသတ်တော့ ထန်မင်လီနဲ့ အခြားအရူးတွေ ဖြစ်နေတာကိုး"
"ယဲ့ဖန် နောက်ထပ် ဆန်းကြယ်မှုတစ်ခုကို ဖန်တီးနိုင်မယ်လို့ သူတို့ ထင်နေတာ ဖြစ်မယ်၊ တစ်မိသားစုလုံးရဲ့ စည်းစိမ်ကိုပါ ပုံအောပြီး လောင်းနေကြတယ် ထင်တယ်"
"ကြည့်ရတာ ယဲ့ယွင်ထျန်း အပြစ်ပေးတာက သူတို့အတွက် မလုံလောက်ဘူးနဲ့ တူတယ်၊ သူတို့ သင်ခန်းစာ နည်းနည်းလေးတောင် မရဘဲ ယဲ့ယွင်ထျန်းကို ဆန့်ကျင်လိမ့်မယ်လို့ ထင်မထားမိဘူး၊ ဒါ သေတွင်းတူးတာပဲ"
အဓိက မိသားစုကြီး နှစ်ခုနှင့် ပထမအဆင့် မိသားစု ခြောက်ခု၏ လောင်းကြေးများ စုစည်းလိုက်သောအခါ ဘီလီယံ ငါးရာအထိ ရှိသွားလေသည်။ အားလုံးက ယဲ့ဖန်နိုင်မည့်ဘက်မှ လောင်းထားခြင်း ဖြစ်သည်။
ယဲ့ဖန်နိုင်လျင် သူတို့ ယဲ့ဖန်ဘက်မှနေ၍ အရာအားလုံးကို အပိုင်သိမ်းနိုင်မည် ဖြစ်သည်။ ယဲ့ဖန် ရှုံးသွားပါက သူတို့ ယဲ့ဖန်ကို အဝီစိအထိ လိုက်အဖော်ပြရပေတော့မည်။
"ဟားဟားဟား ... ဒီအရူးတွေ ဘာလုပ်နေတာလဲ၊ သူတို့ ပိုလောင်းလေ ငါတို့ ပိုရလေပဲ၊ ဒီအရူးတွေ ထပ်ပေးမှာကို ငါ မစောင့်နိုင်တော့ဘူး"
"ဝိုး ... ငါတို့ နောက်ထပ် ဘီလီယံ ငါးရာ ရလာပြီ၊ တကယ် မိုက်တယ်ဟ"
"ယဲ့ဖန်တင် ရူးနေတာ မဟုတ်ဘဲ သူ့နောက်လိုက် ခွေးတွေပါ အရူးဖြစ်နေလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ သူတို့ သေရွာသွားရပြီးတော့ ငါတို့က ချမ်းသာလာတော့မှာပဲ၊ ငါ ရယ်ရလွန်းလို့ အူတောင် နာပြီ"
"လောင်းလိုက်၊ မင်းတို့ ကြိုက်သလောက် လောင်းလိုက်၊ ဦးနှောက်ပျက်နေတဲ့ကောင်တွေက သူတို့မှာ ပိုက်ဆံ များများ ရှိနေတယ် ထင်နေမှတော့ ငါတို့ကလည်း လောင်းကစားအတွက် လက်ခံပေးရမှာပေါ့"
ဘီလီယံ ငါးရာနှင့် လောင်းကြေးဆငွေပါ ပေါင်းလိုက်လျင် ယဲ့ဖန်သာ နိုင်သွားပါက လောင်းကစား ကုမ္ပဏီများ အားလုံး ပိုင်ဆိုင်မှုများ ရောင်း၍ ပေးလျင်တောင်မှ ပေး၍ကုန်နိုင်မည် မဟုတ်ပါ။ သို့သော် သူတို့က သူတို့ ရှုံးလိမ့်မည်ဟု မထင်ကြချေ။
*အဲ့ယဲ့ဖန်က ဘာလို့ သူ နိုင်မယ် ထင်နေတာလဲ*
*ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိတဲ့ အောက်တန်းစားက ယဲ့ယွင်ထျန်းလို ပါရမီရှင်နဲ့ ဘယ်လိုတောင် ပြိုင်ရဲတာလဲ*
*ဟာသပဲ*

ငရဲမှလာသောသူ (Chapter 1001-1200)Where stories live. Discover now