စာစဉ် 79 Chapter 1182 ငါတို့ကို သတ်မယ်ပေါ့လေ
*ဘာ*
လူတိုင်း တစ်ခဏမျှ အံ့ဩသွားပြီးနောက် ဟားတိုက်ရယ်မောလေသည်။
*ဒီလို အခြေအနေမျိုးမှာတောင် ယဲ့ဖန်က သူတို့ကို သေဖို့ ပြောတာလား*
*ယဲ့ဖန် ရူးများနေသလား*
*သူတစ်ယောက်တည်းနဲ့ ကျင်းကျန်းတစ်မြို့လုံးရဲ့ အင်အားကို ယှဉ်နိုင်မယ် ထင်နေတာလား*
*ဒါမှမဟုတ် ယွမ်ပမ်းရှီ ရှိနေလို့လား*
*ဟာသပဲ*
"ဒီတော့ မင်းက ငြင်းမယ်ပေါ့လေ"
တကုန်းဖုန့်က အေးစက်စွာ ပြန်ခနဲ့လိုက်ပြီး ယဲ့ဖန်အား အထင်သေးစွာ ကြည့်လေသည်။
*မင်း ငြင်းရဲမှတော့ သေရမှာပေါ့ကွာ*
"တကုန်းဖုန့် ဘာလို့ သူ့ကို အရေးမပါတာတွေ သွားပြောနေတာလဲ၊ သူ့လိုကောင်မျိုးက မိုးကောင်းကင် ဘယ်လောက် ကြီးမြတ်တယ်ဆိုတာကို မသိတဲ့ လူစားမျိုး၊ သူ့ခြေလက်တွေကို တန်းဖြတ်လိုက်ပါ၊ နောက်မှ အေးဆေး စာရင်းရှင်းတာပေါ့"
ရဲ့ထျန်းရှင်းက မချိပြုံး ပြုံးနေသည်။
"အချိန်ကျလာရင် ကျုပ် သူ့ကို အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ခုတ်ပိုင်းပစ်မှာ၊ သူ ဆေးဖော်စပ်နည်းကို ကျိုးကျိုးနွံနွံ မပေးဘဲ နေမယ်လို့ ကျုပ် မထင်ဘူး"
"အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ခုတ်ပိုင်းမယ်ဟုတ်လား၊ ကောင်းတယ်၊ သိပ်ကောင်းတယ်"
ယဲ့ဖန်က ဒေါသဖြင့် ရယ်မောလိုက်သည်။ ဤသည်က သူ့အား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်မှတ်နေခြင်း မဟုတ်ပါလော။ သူ ဘယ်လိုလုပ် တစ်ခြားသူ စိတ်တိုင်းကျ လှောင်ပြောင် စော်ကားခြင်း ခံရပါမည်နည်။
"ဒါဆိုလည်း အပိုင်း တစ်ရာ့ရှစ်ဆယ်တိတိ ခုတ်ပေးရတာပေါ့"
ယဲ့ဖန်၏ မျက်နှာထား မည်းမှောင်နေပြီးနောက် ရုတ်တရက် လက်ကို မြှောက်လိုက်သည်။ ထိုအခါ မြေကြီးပေါ်သို့ မိုးကြိုး ပစ်ချလာသကဲ့သို့ ဖြစ်လာပြီး လေပြင်း တိုက်ခတ်လာသည်။ ထိုလေပြင်းက ဓားတစ်လက်ကဲ့သို့ ထက်ရှလှသည်။