part 2

2.5K 268 2
                                    

Unicode

အပိုင်း(၂) တိုက်ရိုက် ထုတ်လွှင့်နိုင်သော ပလက်ဖောင်း အပိုင်းခွဲ တစ်

အနာဂတ် ကာလ၏ ဆေးဝါးဆိုင်ရာ နည်းပညာတွေက ဖွံ့ဖြိုး တိုးတက်လာသော်လည်း သည်ဆေးဝါးတွေက ရေတိုအတွက်သာ အဆင်ပြေသေးသည်။ သူ့တွင် မှတ်ဥာဏ်မေ့ပျောက်ခြင်းမှ လွဲပြီး အခြား ကြီးကြီးမားမား ရောဂါ မရှိတော့ပေ။ ကိုယ်ခံအားနည်းခြင်းနှင့် ကိုယ်လက် လှုပ်ရှားမှု နည်းခြင်းကြောင့် ဖြစ်သည့် ခန္ဓာကိုယ် အားပြတ်ခြင်းနှင့် ကြွက်သားအ လုပ်လုပ်နှေးနေခြင်းတို့မူကား စိုးရိမ်ရန် မရှိပေ။အိမ်တွင်ပြန်လည် အားမွေးလိုက်ရုံဖြင့် အဆင်ပြေပေသည်။

ထို့ကြောင့် ယွမ့်ထန်းက သတိရလာပြီးကတည်းက ဆေးရုံတွင် နောက်ထပ် တစ်ရက် ထပ်နေပြီးသည်နှင့် နောက်နေ့တွင် ဆင်းခဲ့လိုက်လေသည်။
ကံကောင်းသည်မှာ အနာဂတ်၏ သယ်ယူပို့ဆောင်ရေး နည်းစနစ်က အလွန်အဆင့်မြင့်လာကာ ပျံသန်းနိုင်သော ကားများကို နေရာအနှံ့ မြင်ရပေသည်။ အလင်းဦးနှောက်ကိုသာ အမိန့်ပေးလိုက်သည်နှင့် ချက်ချင်း ရောက်လာမည်ဖြစ်သည်။ အလင်းဦးနှောက်ဆိုသည်မှာ အနာဂတ်မှ လူတို့သည် ကွန်ပျူတာကို အခြေခံကာ တည်ဆောက်ထားသည့် ဖိုတွန်ဖြစ်သည်။ အရွယ်အစား သေးငယ်သည့်အပြင် သယ်ယူရလွယ်ပြီး ဖန်ရှင်အပြည့်ပါသည်။ ယွမ့်ထန်း၏ အလင်းဦးနှောက်က လက်ပတ်ပုံစံဖြင့် ရှိသည်။ ယင်းက ချောမွေ့ကာ သတ္တုဆန်သည့် အားကစား လက်ပတ်ကို အဆင့်မြှင့်ထားပုံနှင့် တူသည်။
သူက အလင်းဦးနှောက်ကို အောင်အောင်မြင်မြင့် အမိန့်ပေးပြီး ငါး မိနစ်အကြာတွင် သေးငယ်ကာ ချစ်စဖွယ်ကောင်းသော လေထဲပေါလောပေါ်နေသည့် ကားတစ်စီးက သူ့ရှေ့ ရောက်လာသည်။ ထိုကားတွင် မောင်းသူ မပါပေ။ သို့သော်လျင်မြန်စွာ ပျံသန်းနိုင်ပြီး မသက်မသာ ခံစားရတာမျိုး မရှိပေ။ ထို့ကြောင့် လုံခြုံ ဘေးကင်းသည့်အပြင် အလွန်သွားလာရ လွယ်ကူပေသည်။
၁၅မိနစ် ကြာပြီးနောက် ယွမ့်ထန်းသည် ၂၅ထပ်မြင့် အဆောက်အဦရှေ့သို့ ရောက်လာသည်။ သူက တံခါးလက်ကိုင်ဖုကို ကိုင်ထားသည်။ သူ့ခြေထောက်များက တုန်နေ၏။
အနာဂတ်တွင် လှေကားနှင့် ဓာတ်လှေကားများ မရှိပေ။ ပြတင်းပေါက်များက တံခါးတွေအဖြစ် ပြောင်းကာ ၀င်နိုင်ပြီး ထိုနေရာတွင် အဆင့်မြင့် ခံနိုင်ရည်ရှိ ပလက်ဖောင်းများရှိကာ ထိုနေရာများပေါ်၌ ကားတွေ ရပ်နားနိုင်ပေသည်။ အောက်ထပ်သို့ ဆင်းလိုလျှင် ပလက်ဖောင်းဘေးတွင် လေထဲ ပေါလောပေါ်နေမည့် ဘုတ်ပြားလေးကို နှိပ်ရန်သာ လို၏။ အလွန် လွယ်ကူ လုံခြုံကာ အဆင်ပြေပေသည်။
ယွမ့်ထန်းက အမြင့်ကို အနည်းငယ် ကြောက်သဖြင့် အောက်သို့ ငုံ့မကြည့်ရဲပေ။ သူ တံခါးလက်ကိုင်တွင်သာ လက်ဗွေရာ ဖတ်စေပြီးနောက် တံခါးကို ဖွင့်လိုက်သည်။
သူ တံခါးကို ဖွင့်လိုက်သည်နှင့် အဖြူရောင် ဖိနပ်ပါးကို ကိုင်ထားသော သူ့လောက်နီးနီး အရပ်ရှည်သည့် စက်ရုပ်က သူ့ကို နှုတ်ဆက်လာသည်။
" သခင် ပြန်လာတာ ကြိုဆိုပါတယ်"
သူ မနေ့က ကွေ့လိုင်ပြောတာကို သတိရလိုက်သည်။ သူ ကုမ္ပဏီနှင့် စာချုပ်တွင် လက်မှတ်ထိုးပြီးချိန်တွင် ကုမ္ပဏီက သူ့ကို မဟာ စမတ် အိမ်တော်ထိန်းကို ပေးခဲ့သည်။ သန့်ရှင်းခြင်း၊ ချက်ပြုတ်ခြင်း၊ နှိပ်နယ်ခြင်း စသဖြင့် လုပ်ဆောင်ချက်များကို လုပ်ပေးနိုင်၏။သူက ကုမ္ပဏီနှင့် စာချုပ်ဖျက်လိုက်သော်လညး စက်ရုပ်ကို ပိုင်ဆိုင်ခွင့်က သူ့နာမည်နှင့် ဖြစ်သည်။ ထို့အပြင် ဆေးရုံမှ ဆင်းခါစ သူ့အတွက် အသေးစိတ် အိမ်ကိစ္စတွေအတွက် ဒီလို အိမ်တော်ထိန်းလေးက လိုပေသည်။
သူ သက်ပြင်းချမိသည်။
ဒီကုမ္ပဏီက တကယ် ကောင်းတဲ့ ကုမ္ပဏီပဲ။
ယွမ့်ထန်း အလွန် ကျေးဇူးတင်မိပေသည်။ အနာဂတ်တွင်သူ နည်းလမ်းရှာကာ ပြန်ပေးဆပ်ရမည်။
" ကျေးဇူးပါပဲရှောင်ပိုင်"
သူက စက်ရုပ်ကမ်းပေးသာ ဖိနပ်ပါးကို စီးလိုက်သည်။ ကွေ့လိုင်၏ ပြောပြချက်အရ နဂိုပိုင်ရှင်က စက်ရုပ်ကို ရှောင်ပိုင်ဟု နာမည်ပေးခဲ့၏။
" ရပါတယ် သခင်။ သခင် အခု တစ်ခုခု စားဖို့ လိုအပ်ပါပြီလား"
ယွမ့်ထန်းလည်း ဗိုက်ကို ပွတ်ကြည့်လိုက်သည်။ သူ ဗိုက်ဆာသလို ခံစားရ၏။
" အင်း"
ထိုအခါရှောင်ပိုင်က အားဖြည့် ဆေးရည် တစ်ပုလင်း ထုတ်ပေးလာသည်။
ယွမ့်ထန်း မျက်မှောင် ကြုတ်လိုက်သည်။ သူ ဆေးရုံတွင်လည်း ထိုအရာများသာ သောက်ခဲ့ရသည်။ စမ်းသပ်ဖန်ပြွန်နှင့်တူသော ထိုပုလင်းများထဲတွင် လူတစ်ယောက်၏ ခန္ဓာကိုယ်မှ လိုအပ်သော ကာဘွန် ဟိုက်ဒရိတ်၊ ပရိုတိန်းတွေနှင့် အမျိုးမျိုးသော မိုက်ခရို အားဖြည့်ဓာတ်များပါသည်။ သယ်ရလွယ်ကာ အဆင်ပြေသည်။ အားနည်းချက်မှာ အရသာ မရှိခြင်းဖြစ်သည်။ ဗိုက်ပြည့်စေသော်လည်း စားချင်စိတ်ကို မပြည့်ဝစေနိုင်ေ။ အထူးသဖြင့် ယွမ့်ထန်းကဲ့သို့ အစားအသောက်ကို ဖက်ကာ ကြီးပျင်းလာသူအတွက် ဗိုက်ဆာတာထက်ပင် မပျော်မရွှင်ဖြစ်စေလေသည်။
" တခြား စားစရာ မရှိတော့ဘူးလား"
သူ ဒါတွေ ထပ်မစားနိုင်တော့ပါပေ။
ရှောင်ပိုင်၏ မျက်ဝန်းထဲ အလင်းရောင်များ လက်သွားပြီးနောက် ပြောလာသည်။
" ဆေးရုံက ရတဲ့ အချက်အလက်အရ သခင်ရဲ့ ခန္ဓာကိုယ်က အားနည်းနေပြီး မစားမသောက်တာ ကြာနေတဲ့အတွက် အရည်ပဲ ခံနိုင်ရည် ရှိပါသေးတယ်။ အိမ်မှာ ဆေးရည်တွေပဲရှိလို့ ဒီတစ်ခုကပဲ ကိုက်ညီပါတယ်။ သခင် နက်ဝေါ့ထဲ ၀င်ပြီး ဟင်းအမယ်တွေ ၀ယ်ချင်ပါသလား။ ဒါမှမဟုတ် ဟင်းတွေပဲ တိုက်ရိုက်လာပို့ခိုင်းစေချင်ပါသလား"
တွေးကြည့်လိုက်မှ ဖြစ်နိုင်သားပဲ။ သူက ငါးနှစ်လောက် မေ့နေတာလေ။ ဆိုတော့ အိမ်မှာ ချက်စရာ မရှိတာက ဖြစ်နိုင်ပါတယ်။ နောက်ပြီးရှောင်ပိုင်က အိမ်တော်ထန်းလေးဆိုပေမဲ့ ပိုင်ရှင်ရဲ့ ခွင့်ပြုချက် မရှိဘဲ ပိုက်ဆံ ဘယ်သုံးလို့ရမလဲ။
အလင်းဦးနှောက်ကို ဖွင့်လိုက်သည့်အခါ သူ့အရှေ့တွင် အလင်းဖန်သားပြင်လေး ပေါ်လာသည်။ ဒါက ယခင်ဘ၀မှ ရှာဖွေနိုင်သော အင်ဂျင်ပုံစံနှင့် တူသည်။ အပေါ်ဆုံးတွင် ရှာဖွေနိုင်သော ဘားတန်းကို မြင်ရကာ အောက်ဆုံးတွင် အမျိုးမျိုးသော ရွေးချယ်နိုင်သည့် နာမည်များကို မြင်ရသည်။ မာရှ်၊ ဈေးဝယ်ထွက်ခြင်း၊ ရုပ်ရှင် ၊ ဂိမ်း၊ တိုက်ရိုက် ထုတ်လွှင့်ခြင်း၊ ပုံရိပ်ယောင် တိုက်ပွဲ စသဖြင့် ရှိပေသည်။
ယွမ့်ထန်းက ဈေးဝယ်ထွက်ခြင်းဆိုသော စာတန်းကို နှိပ်လိုက်ကာ အလင်းဖန်သားပြင်ရှိ စာမျက်နှာက ဈေးဝယ်ထွက်သည့် ဘက်သို့ ခုန်ပေါက်ကာ ရောက်သွားသည်။ သူ၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အခြေအနေဖြင့်ဆိုလျှင် သူ ရိုးရှင်းကာ အရသာရှိသည့် ဆေးဘဲဥ ဆန်ပြုတ်သာ လုပ်ရန် တွေးထားသည်။ သို့သော် သူ ဆေးဘဲဥကို ရှာလိုက်သည့်အခါ စစ်စတမ်က မရှိကြောင်း ပြန်ဖြေလာသည်။
သူက စားစရာကဏ္ဍကို ပြန်သွားလိုက်မှ အမျိုးအမည် အနည်းငယ်သာ ရွေးနိုင်ကြောင်း တွေ့လိုက်ရသည်။ ရိုးရှင်းစွာပင် အသားနှင့် ဟင်းသီးဟင်းရွက်ဆိုပြီး နှစ်ပိုင်း ခွဲထားသည်။ အမျိုးအမည်တစ်ခုစီ၏ အောက်တွင် အမျိုးအစားများ ပါသော စာမျက်နှာ တစ်မျက်နှာ နှစ်မျက်နှာခန့်သာ ရှိသည်။ အသားက ပိုပြီး အ၀ယ်များ၏။ ငါးမျိုးစိတ်လည်း ထည့်သွင်းထားသော်လည်း အမျိုးအစား နှစ်ဆယ်ခန့်သာ ရှိသည်။ ဟင်းရွက်ဘက်ခြမ်းတွင် သစ်သီးများ၊ ဂျုံနှင့် အခြားအရာများ ရှိသည်။ အမျိုးအစား နှစ်ဆယ်သုံးဆယ်ခန့် ရှိကာ အားလုံးက အစိမ်းများသာ ဖြစ်ပြီး ဘာမှမပြင်ဆင်ထားချေ။
အစားအစာတိုင်းတွင် လုံခြုံသည်မည်သော အစိမ်းရောင်တံဆိပ်ပါသည်။ ယွမ်ထန်းလည်း သိချင်လာပြီး စတားနက်ဝေါ့တွင် ဟင်းအမယ်နှင့် ပတ်သက်သည့် အချက်အလက်များကို ရှာလိုက်သည်။ ထိုအခါမှ လူသားများသည် မြေကမ္ဘာမှ ထွက်ပြေးလာရချိန်ကစပြီး တော်ဝင်ကျမ်းစာထဲမှ နော့ကဲ့သို့ ပုံပြင်မျိုး ဖြစ်လာကြောင်း သိလာရသည်။ သူတို့ စထွက်လာချိန်ကမူ အသက်ရှင် နေထိုင်ရန် လိုအပ်သော ပစ္စည်းများနှင့် မျိုးစေ့များ အကုန်ယူခဲ့ကြသည်။ ဂြိုဟ်တစ်ခုကို ရှာတွေ့သည့်အခါ အပင်များ စိုက်ပျိုးကာ တိရိစ္ဆာန်များ မွေးမြူသည်။ သို့သော် ဂြိုဟ်သားတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ထို့အပြင် စစ်ကလည်း နှစ်တစ်ထောင်ကျော်ဖြစ်ခဲ့၏။ ထို့ကြောင့် လူသားတိုင်း တိုက်ပွဲဝင်ခဲ့ရကာ အခြားနယ်ပယ်များကို လျစ်လျူရှုခဲ့ရသည်။ တိုးတက်လာသည့်အခါ သယ်ယူရလွယ်ကူသည့် အားဖြည့် ဆေးရည်များကိုသာ သောက်ကြတော့သည်။
စစ်ပြီးသွားပြီး ငြိမ်းချမ်းသွားမှသာ သိပ္ပံ အကယ်ဒမီက မြေအောက်တွင် အေးခဲထားသည့် သည်အရာတွေကို မျိုးရိုးဗီဇ နည်းပညာဖြင့် ပြန်လည်ထုတ်ယူကာ ပြောင်းလဲခဲ့ရသည်။ အပြင်ဘက် အာကာသပြင်က မြေကမ္ဘာကဲ့သို့ မဟုတ်လေဘဲ အဆိပ်ဓာတ်များ ရှိနေသည့်အတွက် သိပ္ပံ အကယ်ဒမီမှာ ထပ်ခါတလဲလဲ စမ်းသပ်မှုတွေ လုပ်ပြီးမှသာ ထိုလုပ်ပြီးသား ပစ္စည်းတွေထဲ အဆိပ်မပါကြောင်း စားသောက်နိုင်ကြောင်း ထုတ်ပြန် ကြေညာသည်။
ယခုအခါတွင် ရှော့ပင်းမောလ် ဆိုက်၌ သိပ္ပံ အကယ်ဒမီမှာ အတည်ပြုပေးထားသော ဟင်းအမယ် ပစ္စည်း ရ၄မျိုးကိုသာ တွေ့ရ၏။ သူ ဆေးဘဲဥကို မတွေ့သဖြင့် ထိုအမျိုးအစားကို မသိုလှောင်ရသေးခြင်း၊ သို့မဟုတ် မစမ်းသပ်ရသေးခြင်းဟု ဆိုလိုသည်။ သူ စောင့်ရဦးမည့်ပုံ ရသည်။
ကံကောင်းသည်မှာ အမဲသား၊ ၀က်သား၊ ကြက်ဥ၊ ဆန်၊ဂျုံ၊ အစိမ်းရောင် အသီးအရွက်များနှင့် အခြား အခြေခံ လိုအပ်သော ပစ္စည်းများက ရှိနေသည်။ သူ အရွက်ဆန်ပြုတ်၊ သို့မဟုတ် ကြက်ဥ ၀က်သားဆန်ပြုတ် လုပ်၍ရနိုင်သည်။ ဈေးတွေကလည်း မကြီးပေ။ ၀က်သားကပင် ဂျီအမ် ၂၀မကျော်ပေ။ ထို့ကြောင့် သူက အများအပြားဝယ်ရန် ဆုံးဖြတ်လိုက်သည်။ သူ ဆိုင်မှ အမျိုးအစား နှစ်ဆယ်ကျော်ခန့် ဝယ်ရန် ပြင်လိုက်သည်။ အထူးသဖြင့် အာလူးဖြစ်သည်။
လျှော့ဈေးတွေများ ရှိမလား မသိဘူး။
တစ်လုံးကို ၂ပြားနှုန်းဖြင့် သူ အလုံးနှစ်ဆယ်လောက်ဝယ်လိုက်သည်။ မည်သို့ပင်ဆိုစေ နည်းပညာက မြင့်မားနေသည့်အတွက် ကြာရှည်ခံပေလိမ့်မည်။
သို့ရာတွင်ပိုက်ဆံရှင်းချိန်မှ အလင်းဦးနှောက်က အချက်ပြလာသည်။ သူ့တွင်လက်ကျန်ငွေ မလုံလောက်ပေ။
ယွမ့်ထန်းလည်း သူ့အကောင့်ထဲ အမြန် စစ်ကြည့်လိုက်ရာ နှစ်ရာရှိကြောင်း တွေ့လိုက်ရလေသည်။
သမိုင်းမှာ အဆင်းရဲဆုံး ရုပ်ရှင်ဧကရာဇ်များ ဖြစ်နေမလား။
သူလည်း ငွေပေးချေသည့် ကဏ္ဍထဲ ၀င်ကာ စစ်ကြည့်လိုက်ရာ လွန်ခဲ့ ငါးနှစ်လောက်တွင် မူလပိုင်ရှင်က တစ်နေရာသို့ လတိုင်း ပိုက်ဆံ ပမာဏများပြားစွာ ထောက်ပံ့ပေးနေကြောင်း တွေ့ရလေသည်။ ထိုသို့ ထောက်ပံ့နေသည်မှာ မတော်တဆမှု ဖြစ်သည်အထိ ဖြစ်သည်။ ထို့အပြင် သည်အိမ်ခန်းငှားခလည်း ရှိသေးသည်။ အစကတည်းက အကောင့်ထဲမှ တစ်လလျှင် ၂၅၀၀နှင့် သုံးနှစ်စာ ပေးချေခဲ့သည်။ နောက်ပိုင်းတွင် ပိုက်ဆံ မလုံလောက်တော့သဖြင့် ကွေ့လိုင်ကို ဆက်သွယ်ခဲ့ပုံရသည်။ ထိုအချိန်မှသာ ဆက်ပေးခဲ့ပုံရ၏။ ထို့အပြင် အိမ်သို့ ပြန်လာရန် သည်နေ့ ၅၀ပေးခဲ့ရသဖြင့် ၂၀၀သာ ကျန်တော့ခြင်းဖြစ်သည်။
သာမန် လူတစ်ယောက်၏ သာမန် လုပ်အားခပင် တစ်လလျှင် ၅၀၀၀ခန့် ရသည်။ ထို့ကြောင့် သူ၏ လက်ရှိအခြေအနေက အလွန် ဆင်းရဲမွဲတေနေသည်ဟု ဆိုသင့်၏။
ကြည့်ရတာ သူ ပိုက်ဆံရနိုင်မဲ့ နည်းလမ်းကို ရှာမှပဲ မဟုတ်ရင် ထမင်းတောင် စားစရာ ရှိတော့မှာ မဟုတ်ဘူး။
မူလပိုင်ရှင်က ရုပ်ချောပြီး သရုပ်ဆောင် စွမ်းရည်ကောင်းတယ်။ သူကတော့ သရုပ်မဆောင်တတ်တဲ့အပြင် နေမကောင်းဖြစ်နေတော့ ဒီအရိုးခြောက် ခန္ဓာကိုယ်က ဘယ်လို ဆွဲဆောင်မှုရှိတော့မှာလဲ။
သူ လုပ်တတ်တဲ့ တစ်ခုတည်းသော အရာက ချက်ပြုတ်တာပဲ။ ဒါပေမဲ့ ဒီလို ခန္ဓာကိုယ် အခြေအနေနဲ့ သူ ဘယ်လို အပြင်ထွက်ရမှာလဲ။
ကြည့်ရတာ အွန်လိုင်းကပဲ ပစ္စည်းတွေ ရောင်းရတော့မယ် ထင်တယ်။
သူ စတားနက်ဝေါ့သို့ ပြန်သွားပြီး အစားကောင်းအသောက်ကောင်း ကြိုက်သူဟု ရှာလိုက်ရာ ဦစွာ ပေါ်လာသည်မှာ ကျင်းကျန်းဖြစ်သည်။
ကျင်းကျန်းသည် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းတစ်ခုဖြစ်ကာ စတားနက်ဝေါ့တွင် လူသုံး အများဆုံးဖြစ်ပြီး လက်ရှိရေ လူဦးရေ ဘီလီယမ် ၂၀အထိ အသုံးပြုလျက်ရှိသည်။ နည်းပညာကို ကျေးဇူးတင်ရမည်။ ဖျော်ဖြေရေး ကဏ္ဍက လွန်စွာ တွင်ကျယ်လာကာ လျင်မြန်သည့် စတားနက်ဝေါ့က လိုင်းထစ်ခြင်း ကြန့်ကြားခြင်း လုံးဝမရှိလေဘဲ မည်သည့်အချိန်တွင်မဆို လျင်မြန်စွာ တုံ့ပြန်နိုင်သည့်အတွက် အကောင်းဆုံး ကြော်ငြာတင်ရာ နေရာကြီးတစ်ခု ဖြစ်နေပေသည်။
သူ့မျက်ဝန်းတွေ တောက်ပသွားကာ သူ ချက်ချင်း ၀င်ကြည့်လိုက်သည်။ ထိုအခါ ကျင်းကျန်းတွင် တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ် သန်းကျော်ရှိပြီး လူကြည့်အများဆုံးက မာရှ့်နှင့် ဂိမ်းနယ်ပယ် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ချန်နယ်များစွာ၏ တစ်ဝက်ခန့်ကိုတောင် သိမ်းပိုက်ထားသည်။ သူ အောက်သို့ဆွဲကာ ရှာနေလိုက်သည်။ နောက်ဆုံးတွင် အစားအသောက်ကဏ္ဍကို တွေ့လိုက်ရသည်။ ထိုနေရာတွင် လူပမာဏများစွာ တိုက်ရိုက်ထုတ်လွှင့်တတ်ကြောင်း တွေ့လိုက်ရလေသည်။ သို့သော် အရေအတွက်ဟာ မာရှ့်နှင့် ဂိမ်းတို့နှင့် ယှဉ်နိုင်စွမ်း မရှိပေ။
ယွမ့်ထန်းလည်း အွန်လိုင်းမှ ကြည့်ရှုသူ များစွာ ပိုင်ဆိုင်ထားသည့် အစားအသောက်အကြောင်း တိုက်ရိုက် ထုတ်လွှင့်သူကို ရှာလိုက်သည်။ အစီအစဉ် တင်ဆက်သူက အနည်းငယ် ၀သည့် ဆယ်ကျော်သက်ဖြစ်ကာ သူ စားသည့် ဆိုင်တွင် တိုက်ရိုက် ထုတ်လွှင့်နေသည်။ နည်းပညာမြင့် စနစ်ကို အသုံးပြုလာသည့်အတွက် တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းက အိမ်တွင်သာ ရှိနေသည့် ယွမ့်ထန်းကိုယ်တိုင်ပင် ဆိုင်ထဲ ရောက်သွားသည့်ပမာ ခံစားမှုကို ပေးလေသည်။
သုံးဖက်မြင် ဖန်သားပြင် ပုံရိပ်က လေးစားဖွယ်ကောင်းလှကာ သူကိုယ်တိုင် ထိုင်ပြီး စားရန် စောင့်နေသလို ခံစားရစေသည်။ အစစ်အမှန်ဟု ထင်မြင်စေသော ပုံရိပ်ယောင် နည်းပညာက အထွတ်အထိပ်ထိ ရောက်နေလေပြီ။ အရွယ်အစား၊ အသံ၊ အနံ့၊ ပုံပန်းသွင်ပြင်၊ အထိအတွေ့အပြင် ရာသီဥတု အပူချိန်ကတောင် အစစ်အမှန်ကဲ့သို့ ခံစားရသည်။ ယွမ့်ထန်းအတွက် အလွန် ခံစားချက်ကောင်းနေတော့သည်။
ထိုဖက်တီးလေးက သည်ဆိုင်၏ ဟင်းပွဲတွေက မည်မျှကောင်းကြောင်း ပြောနေသည့်အတွက် ယွမ့်ထန်းကိုယ်တိုင်ပင် သည်ခေတ်၏ ဟင်းလျာကို သိချင်စိတ် ပြင်းပြလာခဲ့သည်။
ဟင်းပွဲတွေ ရောက်လာသည်။ အငွေ့တထောင်းထောင်း ထနေသော ခရမ်းသီးနှင့် ကြက်ကင်ဖြစ်သည်။ အနံ့ကမူ စားချင်စဖွယ်ပင်။
ဒါပေမဲ့ အရသာကရော။
ဖက်တီးက သွားရည်ပင် ကျမတတ်ဖြစ်နေလေသည်။ သူက ကြည့်ရှုသူတွေကို ဦးစွာ စားစေသည်။ ယွမ့်ထန်းအတွက် သုံးဖက်မြင် ဖန်သားပြင်ပုံရိပ်ဖြင့် ပထမဆုံးအကြိမ်စားကြည့်ရမည့် အချိန်ဖြစ်သည်။သူ အလွန် စိတ်လှုပ်ရှားနေသည်။ သူ တူကို ကောက်ကိုင်ကာ ခရမ်းသီးတစ်ဖတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။
ခရမ်းသီးကို ပြုတ်ထားပုံရကာ ထည့်ထားသော အဆာပလာက ဆားသာရှိသည်။ သူ စစားစားချင်း အိစက်မှုကိုသာ ခံစားရသည်။ ခရမ်းသီးကို အနေတော်ပြုတ်ထားပုံရသည်။ နူးညံ့နေ၏။သူ့ပါးစပ်ထဲ ပျော်ဝင်သွားကာ ခရမ်းသီးမှ ချိုမြိန်မှုကို ရသည်။ သူ့စိတ်ထဲ ဒါကို ရ၀ လောက်သာ အမှတ်ပေးချင်သည်။ တစ်ချိန်တည်းမှာပင် နှမြောမိသည်။ ပဲငံပြာရည်သာ ထည့်လိုက်မည်ဆိုလျှင် အရသာက ထိပ်တန်းဖြစ်နိုင်သည်။
သို့သော် သုံးဖက်မြင် ဖန်သားပြင် ဒေတာက ဒေတာမျှသာ ဖြစ်ကာ အသုံးပြုသူက အရသာခံနိုင်သည်၊ ၀ါးနိုင်သည်။ သို့သော်မျိုချ၍ မရပေ။ ထို့ကြောင့် ယွမ့်ထန်းက အခြားဟင်းတွေကိုသာ လိုက်ကြည့်လိုက်သည်။
သူ ကြက်ကင်ကို ကြည့်လိုက်သည်။ ခရမ်းသီးနှင့် ယှဉ်လျှင် ဒါက ပိုကောင်းသည်။ ငရုတ်ကောင်းများ ပေါပေါသီသီ ထည့်ထား၏။ သို့သော် အရသာကမူ လက်ခံနိုင်ရုံမျှသာ ဖြစ်သည်။ ကြမ်းတမ်းကာ မာကျောပြီး ဖယောင်းကို ၀ါးနေရသည့်နှယ် ဖြစ်နေသည်။ ပြောရလျှင် အဆင့်မမီပေ။
ကြက်တစ်ကောင်လုံးတွင် ရင်ပုံက ချက်ရ အခက်ဆုံးအပိုင်းဖြစ်သည်။ ထိုနေရာကလည်း လူ့ကိုယ်က စုပ်ယူသင့်သော ပရိုတင်းဓာတ် အများဆုံးရှိသည့်နေရာ ဖြစ်သည်။ ထိုနေရာကို ချက်ရန် ဟင်းချက်အရည်အချင်း ကောင်းမွန်ရန် လိုအပ်ကာ အပူချိန်ကို သေချာ ဂရုစိုက်ရသည်။ ထို့ကြောင့် ရင်ပုံဟာ ကင်ခြင်းနှင့် ပြုတ်ခြင်းအတွက် မသင့်တော်ပေ။
သို့ရာတွင် ယွမ့်ထန်းနှင့် ကွာခြားသည်မှာ ကြည့်ရှုသူများက ပျော်ရွှင်ကာ ကျေနပ်နေကြပေသည်။
[ မဟာ လူလိမ်: ၀ိုး အရသာရှိလိုက်တာ။ ဒီဟင်းနှစ်ပွဲနဲ့သာဆိုရင် ငါ တစ်ထိုင်တည်း အားဖြည့် ဆေးရည် နှစ်ပုလင်း သောက်နိုင်တယ်]
[စူပါမန်း ဗားရှင်း ၉.၀: ငါတော့ ခရမ်းသီးပဲ ကြိုက်တယ်။ ပြုတ်ထားတဲ့ပုံမရဘူး။ ဒါနဲ့တင် သူ့စကေးကို သက်သေပြပြီးသား ဖြစ်နေပြီ။..... ကြည့်နေရင်း သွားရည်ဆက်တိုက်ကျ အီမိုဂျီ]
ယွမ့်ထန်း မျက်ခုံးပင့်လိုက်သည်။ အနာဂတ်က စားဖိုမှူးတွေက လက်မှတ်လိုတယ်လား။
[ မ၀ပါဘူး: အစီအစဉ် တင်ဆက်သူကို လိုက်ခ်တွေ ပေးလိုက်မယ်။ ဟဲဟဲ ဒီဟင်းတွေက ဈေးကြီးလား.... ရယ်နေသော ပုံ]
[ ဟီးဟီးဟီး: အစီအစဉ် တင်ဆက်သူကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးနဲ့ အရသာရှိတာလေးကို မြည်းခွင့်ရသွားပြီ။ တစ်ယောက်က သီချင်းဆိုချင်စိတ်သာ ရှိမယ်ဆိုရင် တစ်လောကလုံး မင်သက်သွားအောင် သူ့ရဲ့ ပွဲဦးထွက် သီချင်းနဲ့တင် လုပ်နိုင်လိမ့်မယ်။ ဒီကြယ်ပန်းက ငါ့ရဲ့ ချစ်ခြင်းတွေကို ပြတာပဲ]
ကြယ်ပန်းသုံးပွင့်က ဖန်သားပြင်တွင် တစ်ပွင့်ပြီးတစ်ပွင့် ပွင့်လန်းလာလေသည်။ ပန်းများက ကြီးကာ အသက်ဝင်နေသည့်ပမာ ထင်ရပြီး တစ်ချက်ထိရုံဖြင့် သင်းပျံ့သည့် ရနံ့ကို ရသည်။ ယင်းက ကြည့်ရှုသူမှ အစီအစဥ်တင်ဆက်သူကို ပေးခြင်းဖြစ်ပြီး ကြယ်ပန်းတစ်ပွင့်ကို ၁၀၀ဖြစ်သည်။ ဒါက ထုတ်လွှင့်သူတွေ၏ ၀င်ငွေလည်း ဖြစ်သည်။
ယခု ပေးလိုက်သည်မှာ ၃၀၀မျှသာ ဖြစ်သော်လည်း ယွမ့်ထန်း၏ နှလုံးသားကို အနိုင်ယူနိုင်သွားသည်။ ယခင်ဘ၀တွင် ပရိသတ်ဦးရေသန်းကျော် ပိုင်ဆိုင်ခဲ့သည့် ဖုဘလော့ဂါတစ်ယောက်အနေနနှင့် သူ၏ ဟင်းချက်လက်ရာက ထိုစားဖိုမှူးများထက် အဆများစွာ သာသည်။ သူ ပိုက်ဆံတွေ အများကြီး ရှာနိုင်တောမည်။ အထူးသဖြင့် သူ ယခင်ဘ၀တွင် တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ် များစွာ လုပ်ဖူးသည်။ထိုအရာက သူ့ကျွမ်းကျင်မှုလည်း ဖြစ်၏။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now