part 12

1.7K 289 2
                                    

Unicode
အပိုင်း (၁၂) စားဖိုမှူး အစည်းအရုံးမှ ဖိတ်ကြားလွှာ
ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ခြင်းက မြန်ဆန်လွန်းလှပေသည်။ သို့သော် သူက  အခြားသူများနှင့် စကားဆက်မပြောချင်တော့၍ မဟုတ်လေဘဲ အလင်းဦးနှောက်ထံ ဖုန်းဝင်လာ၍ ဖြစ်သည်။
နံပါတ်က မရင်းနှီးသည့်အတွက် ယွမ့်ထန်း တုံ့ဆိုင်းသွားသည်။ သို့သော် သူ လက်ခံ လိုက်၏။
" ဟယ်လို"
" ဟယ်လို လူကြီးမင်း ယွမ့်ထန်းပါလား"
တစ်ဖက်မှ ချိုမြိန်သည့် အမျိုးသမီးတစ်ယောက်၏ အသံ ထွက်လာသည်။
ယွမ့်ထန်း: "ဟုတ်ပါတယ် "
" ဟယ်လို လူကြီးမင်း ယွမ်ထန်း။ ကျွန်မက ဝမ်ရှားပါ။ ကျွန်မက ကျင်းကျန်း တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းက ဝန်ထမ်းပါ။ကျွန်မရဲ့ ဝန်ထမ်းနံပါတ်က ၂၄၇၄၅၄ပါ"
" ဒီလိုပါ။ စားဖိုမှူး အစည်းအရုံးက ရှင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ တောင်းခံလာပါတယ်။ ဒါပေမဲ့ ရှင်က ကျွန်မတို့ ပလက်ဖောင်းနဲ့ စာချုပ် ချုပ်ဆိုထားတာဆိုတော့ ရှင့်ဆန္ဒမပါဘဲ အခြားတစ်ဖက်ကို ရှင့်ရဲ့ အချက်အလက်တွေ ပို့ပေးလို့ အဆင်မပြေပါဘူး။ ဒါကြောင့် ရှင့် ခွင့်ပြုချက်ကို တောင်းခံတာပါ"
ဝမ်ရှားက သူမတို့ဘက်မှ အခြေအနေကို ပြောပြသည်။
" ရှင့်ရဲ့ ကိုယ်ပိုင် ဖုန်းနံပါတ်ကို တစ်ဖက်သူကို ပေးစေချင်ပါသလား"
" ဟုတ်ကဲ့ ဒါပေမဲ့ ဖုန်းနံပါတ်က လွဲပြီး ကျန်တဲ့ ကိုယ်ရေး အချက်အလက်တွေကိုတော့ ပလက်ဖောင်းက မထုတ်ဖော်ဖို့ မျှော်လင့်ပါတယ်"
ယွမ့်ထန်း ဖုန်းချပြီး ငါးမိနစ်တောင် မကြာသေးခင်အချိန်တွင် စားဖိုမှူး အစည်းအရုံးမှ ဖုန်းဝင်လာလေသည်။
" ဟယ်လို ကျွန်တော်က စားဖိုမှူး အစည်းအရုံးက ကျောက်ပင်းပါ။ ကျွန်တော်တို့ လူကြီးမင်းရဲ့ ကျင်းကျန်း ပလက်ဖောင်းပေါ်က တိုက်ရိုက် ထုတ်လွှင့်မှုတွေကတဆင့် လူကြီးမင်းရဲ့ ထူးချွန်ပြောင်မြောက်တဲ့ ချက်ပြုတ်တဲ့ နည်းစနစ်တွေကို သိခဲ့ရပါတယ်။ လူကြီးမင်းကို ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌက အများကြီး သဘောကျနေပါတယ်။ ဒါကြောင့် လူကြီးမင်းကို စားဖိုမှူး အစည်းအရုံးထဲ ဝင်ဖို့ ဖိတ်ခေါ်ချင်လို့ပါ။ လူကြီးမင်းမှာ လက်မှတ် မရှိသေးရင်တော့ အရင် ယူထားစေချင်ပါတယ်"
စားဖိုမှူး အစည်းအရုံးက ဤလောကမှ စားဖိုမှူးများ အားလုံး၏ ကောင်းကင်ဘုံဖြစ်သည်။ ဒီနှစ်အတွင်း ေပြောင်မြောက်သည့် ရလဒ်တွေ မထုတ်နိုင်သည့်တိုင်အောင် သူတို့၏ အဆင့်အတန်းက မြင့်မားသည်။ သိပ္ပံ အကယ်ဒမီက ပစ္စည်းအသစ်များစွာ ထုတ်ပြန်နေသည့်အတွက် အင်ပါယာနှင့် ဗဟိုအစိုးရက စားဖိုမှူး အစည်းအရုံးအတွက် ရန်ပုံငွေ များစွာ ပေးထားသည်။ ထို့ကြောင့် စားဖိုမှူးတိုင်းက ထိုနေရာသို့ ဝင်နိုင်ရန် မျှော်လင့်ကြတော့သည်။
မင်းသာ ကြယ်အဆင့် လက်မှတ် ရသွားမည်ဆိုလျှင် စားဖိုမှူးတစ်ယောက်အဖြစ် ဂုဏ်အဆင့်အတန်းက မြင့်မားသွားတော့မည် ဖြစ်သည်။
စားဖိုမှူး လက်မှတ်အတွက်မူကား ယွမ့်ထန်းက နဂိုကတည်းက သွားယူရန် အစီအစဉ် ရှိပြီးသားဖြစ်သည်။သို့သော် စားဖိုမှူး အစည်းအရုံးထဲသို့ ဝင်ရန်အတွက်ကား အစီအစဉ် မရှိပေ။ သူ့ခန္ဓာကိုယ်က အပြည့်အ၀ မသက်သာသေးသည့်အပြင် အခြားအကြောင်းပြချက်ကလည်း ရှိသေးသည်။ ဒါက မူလပိုင်ရှင်၏ အဆင့်အတန်းကြောင့် ဖြစ်သည်။ သူက ငါးနှစ်ခန့် ကိုမာ ဝင်ခဲ့ပြီး ဖျော်ဖြေရေး နယ်ပယ်မှ ထွက်ခဲ့ပြီး ဖြစ်သည့်တိုင် သူက တစ်ချိန်က ရုပ်ရှင်ဧကရာဇ် တစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် လူရှေ့ ကြိမ်ဖန်များစွာ ထွက်ခဲ့ရ၏။ ထို့ကြောင့် သူ့ကို မှတ်မိသွားနိုင်၏။ သူ၏ အနာဂတ်အတွက် သက်ရောက်မှုရှိသွားမည်ကို သူ စိုးရိမ်ပေသည်။
တွေးတောပြီးသည့်နောက် သူ ချင့်ချိန်ကာ နောင်တအပြည့်ဖြင့် ပြန်ဖြေလိုက်သည်။
"စိတ်မကောင်းပါဘူး ကျွန်တော် လောလောဆယ်တော့ စားဖိုမှူး အစည်းအရုံးထဲ ဝင်ဖို့ စိတ်ကူးမရှိသေးဘူး။ လက်မှတ်အတွက်ကတော့ ကျွန်တော် အချိန်ရှိမှပဲ လာဖြေပါ့မယ်"
" ကောင်းပါပြီ၊ ကျွန်တော် စောင့်မျှော်နေပါ့မယ်"
တစ်ဖက်က စိတ်ပျက်သွားဟန် မရှိဘဲ ဆက်မေးလာသည်။
" နောက်အပတ် ဗုဒ္ဓဟူးနေ့ကျရင် စားဖိုမှူး အစည်းအရုံးက ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။ အဲဒီနေ့မှာ စားဖိုမှူး အများအပြား ရောက်လာပြီး အချင်းချင်း တိုင်ပင် ဆွေးနွေးကြမှာပါ။ လူကြီးမင်း စိတ်ဝင်စားရင် ကျွန်တော်တို့ ဖိတ်စာ ပို့ပေးလိုက်ပါမယ်။ လူကြီးမင်း အချိန်အားပါသလား"
သူ တစ်ချက် တွေးကြည့်လိုက်ပြီးနောက် ငြင်းလိုက်သည်။
"စိတ်မကောင်းပါဘူး။ အမှန်အတိုင်း ပြောရရင် ကျွန်တော် ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်ပြီး ပြန်ကောင်းခါစ ဖြစ်နေလို့ပါ။ ကျွန်တော် အပြင်ထွက်ဖို့ အဆင်မပြေသေးလို့ပါ။ စိတ်မကောင်းပါဘူး ကျွန်တော် လာနိုင်မှာ မဟုတ်ဘူး"
" တကယ် ကံဆိုးတာပါပဲ"
နှစ်ကြိမ်တိုင်တိုင် အငြင်းခံရသည့်တိုင် ကျောက်ပင်း၏ လေသံက မပြောင်းပေ။
" လူကြီးမင်း အမြန်ဆုံး ပြန်သက်သာလာဖို့ မျှော်လင့်ပါတယ်။ အခုလို ဆွေးနွေးပွဲကလည်း လတိုင်း ကျင်းပတာဖြစ်လို့ နောက်အကြိမ်တွေမှာ လူကြီးမင်း လာရောက်နိုင်ဖို့ မျှော်လင့်ပါတယ်"
" ဟုတ်ကဲ့ ကျေးဇူးပါပဲ"
နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးနောက် ဖုန်း ချလိုက်သည်။
စားဖိုမှူး အစည်းအရုံးနှင့် ဆက်သွယ်လိုက်ရခြင်းက သူ့ကို မူလပိုင်ရှင်အကြောင်း ပိုသိချင်လာစေသည်။
သူ ထိုပွဲကို မတက်ရသည့် အဓိက အကြောင်းပြချက်က မကျန်းမာသေးသည့် ခန္ဓာကြောင့်ဟု ဆိုသော်လည်း အခြားအကြောင်းပြချက်မှာ သူဟာ ဒီခန္ဓာကိုယ် ပိုင်ရှင်အကြောင်း သေချာ မသိသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် မမျှော်လင့်ထားသည့် ပြဿနာတွေ ဖြစ်လာမှာ စိုးရသည်။
သို့သော် တိုက်ခန်းထဲတွင်သာ နေပြီး တစ်ချိန်လုံး တိုက်ရိုက် ထုတ်လွှင့်ပြီး ဘဝကို နစ်မြုပ်ထားမည်တော့ မဟုတ်ပေ။ အချိန်ကျလာသည့်အခါ သူ့အကြောင်းက ပေါ်သွားလိမ့်မည်။ သူက မူလပိုင်ရှင်၏ ဘဝအကြောင်းနှင့် အတိတ်အကြောင်းများကို မသိသည့်အတွက် မည်သို့သော အခြေအနေမျိုးကို ကြုံရမည်ကို မသိနိုင်ပေ။
ဒီလောကကို ပြောင်းလာပြီးနောက် ဆေးရုံတွင် ရှိနေစဉ်က ဆက်သွယ်လာသူက ရှားပေသည်။သူ ယခင် ပိုင်ရှင်အကြောင်း သိထားသမျှကလည်း ယခင် အေးဂျင့်ဟောင်း ကွေ့လိုင်ထံမှသာ ဖြစ်သည်။သို့သော် ကွေ့လိုင်ကလည်း ယခင်ပိုင်ရှင် ဖျော်ဖြေရေး လောကထဲသို့ မဝင်ခင်က အကြောင်းအရာတွေကို သေချာ မသိထားပေ။
တကယ်ပဲ သူ့မိသားစုက ဘာလဲ။ လတိုင်း ပိုက်ဆံ အများကြီး လွှဲနေတာက ဘယ်သူ့ဆီကိုလဲ။ သူ ဒါတွေကို သေချာပေါက် သိအောင် လုပ်ရမယ်။
အတိတ်မေ့နေခြင်းက ဖြေရှင်းချက် တစ်ခုဖြစ်ပြီး ဆေးရုံက အတည်ပြုပေးနိုင်သည့်တိုင် သူက ထိုနည်းကို မသုံးချင်ပေ။ ဒါက အချို့သောသူတွေ သူ့ကို အခွင်အရေးယူခွင့် ပေးလိုက်သလို ဖြစ်နေလိမ့်မည်။
သူ ခေါင်းခါလိုက်ကာ မီးဖိုခန်းဘက် ပြန်လှည့်လိုက်သည်။
ရှောင်ပိုင်က မဲပေါက်သူတွေအတွက် ပါဆယ် ဘူးနှစ်ဆယ်ကိုတောင် ထုတ်ထားပြီးကာ ပစ္စည်းပို့ရန် ၀န်ဆောင်မှု ဌာနကို ခေါ်ရန်ပင် ပြင်နေလေပြီ။ လူတစ်ယောက်လျှင် ကြက်တောင်ပံ နှစ်ခုစီပါပြီး အာလူး ဇွန်းကြီး တစ်ဇွန်းစာ အပြည့် ထည့်ပေးထားသည့်အတွက် ထမင်းနှင့် ဗိုက်အပြည့်စားရန် လုံလောက်ပေသည်။
ကျန်သော ကြက်တောင်ပံ ဆယ်ခုအတွက်ကား ယွမ့်ထန်းက သူ့အတွက် လေးခုသာ ချန်ထားလိုက်ပြီး ကျန်သော ခြောက်ခုကို ဘူးထဲ ထည့်ကာ ဟော်အကောင့်ပိုင်ရှင်ထံ ပို့ရန် ဆုံးဖြတ်လိုက်သည်။
အဲဒီ အာဏာရှင်ကြီး မဲမပေါက်သွားဘူးပဲ။ နောက်ပြီး မနက်က ကိစ္စကလည်း သူ့အကူအညီကြောင့် အဆင်ပြေသွားတာ။ ဒါ့အပြင် အခု ကြက်တောင်ပံတွေကိုလည်း သူ့ပိုက်ဆံနဲ့ပဲ ဝယ်ထားတာဆိုတော့ သူ့ကို ပေးတာက ပုံမှန်ပါပဲလေ။
ယွမ့်ထန်းလည်း တစ်ဖက်သူက တိုက်ရိုက် ထုတ်လွှင့်မှု ပိတ်ကာနီးမှ ဥက္ကာပျံမိုးကို ပို့လိုက်သေးကြောင်း သတိရသွားသည်။ သို့သော် သူ လိုချင်သည့် အဖြေကို ယွမ့်ထန်းက မ ပေးခဲ့ပေ။ တစ်ဖက်သူ၏ စွန့်ပစ်ခံရသလို ခံစားချက်ကို တွေးမိကာ ယွမ့်ထန်း ရယ်ချင်သွားသည်။
အင်း အရမ်း ချစ်ဖို့ ကောင်းနေမလား။
-----
ကိုင်တွယ်ရမည့် အလုပ်များ ပြီးသွားသည့်အခါ ဟော်ယွင်ချန်းလည်း အားလပ်သွားတော့သည်။ ကောင်းကင်က မှောင်နေလေပြီ။ သူသည် နဂိုက ညနေတွင် တင်ဆက်သူထံမှ ပို့ပေးတာကိုပဲ စားမည်ဟု တွေးထားခြင်းဖြစ်သည်။ ထို့ကြောင့် အားဖြည့် ဆေးရည်တောင် မပြင်ထားမိပေ။ ယခုအခါတွင်မူ သူ့ဗိုက်က ဆာလောင်နေလေပြီ။
သေချာပေါက်ကို အဲဒီ သဘာ၀ ထုတ်ကုန် စားစရာတွေက လူတစ်ယောက်ရဲ့စိတ်အင်အားကို ပျက်ပြားစေတာပဲ။
ဟော်ယွင်ချန်း အေးစက်စွာ တွေးလိုက်သည်။
သူ ဓာတ်လှေကားထဲမှ ထွက်ပြီး စစ်တပ်ထဲမှ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် လုံခြုံရေး ဌာနမှ အရာရှိက ခေါ်လာသည်။
" မာရှယ် ပါဆယ် ရောက်နေပါတယ်"
သူ ဘူးကို ကြောင်အစွာ ယူလိုက်သည်။ သို့သော် ဘူးအဖုံးတွင် စားစရာဆိုသည့် စကားလုံးကို မြင်လိုက်သည်နှင့် သူ၏ မျက်ခုံးထောင့်က ကော့တက်သွားလေသည်။
" ကျေးဇူးပါပဲ"
သူက လုံခြုံရေး အရာရှိကို ခေါင်းတစ်ချက် ညိတ်ပြပြီး စစ်တပ်ထဲမှ ထွက်ကာ ကားပျံပေါ် တက်လိုက်လေသည်။
( ဘာလို့ ကားပျံလဲဆိုတော့ မြေကို မထိလို့ ၊ အထပ်တွေကလည်း မြင့်တော့ ဝရူးဝရူးဆို လေထဲ ပျံတက်ပြီး ကိုယ်နေတဲ့ အထပ်ထိ လိုက်ပို့ပေးနိုင်တယ်။ ကိုယ့်အထပ်ကို ရောက်မှ ကားက ပြတင်းနားမှာ ရပ်ပေးလိမ့်မယ်။ အဲဒီအခါ ပြတင်း တံခါးက ဝင်လိုက်ရုံပဲ။ ကဲ ဘယ်လောက်မိုက်သလဲ)
၁၅မိနစ်ခန့် ကြာပြီးနောက် ဟော်မိသားစုပိုင် စံအိမ်သို့ ရောက်သည်။
တံခါးကို ဖွင့်လိုက်သည်နှင့် မနှစ်မြို့ချင်စရာ အနံ့မျိုးကို ရလိုက်သည်။ သို့သော် ဘာကြောင့်ရယ်မသိ ရင်းနှီးသည် အနံ့ကိုလည်း ရလိုက်သေး၏။ ဒါက သူ့ကို မသက်မသာဖြစ်စေကာ ခံ့ညားသော မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားတော့သည်။
" ရှောင်ချန်းလား"
ရုတ်ရုတ်သဲသဲ ဖြစ်သံကို ကြားသည့်အခါ မီးဖိုခန်းမှ အေပရွန်ဝတ်ထားသည့် ရန်ကျင်းက ထွက်လာသည်။
" မားက သားစောစော ပြန်လာမယ် မထင်ထားဘူး။ မား အခု ရှောင်ရီအတွက် ချက်ပေးနေတာလေ။ သား သဘောမကျရင် အပေါ်ထပ် တက် နားပါလား"
ရန်ကျင်းက သူမ၏ သားငယ်ကို သေချာ လိုက်ကြည့်သည်။ အမေတစ်ယောက်ဖြစ်နေသဖြင့် သားငယ်က သဘာ၀ စားစရာများကို မည်မျှ မနှစ်မြို့ကြောင်း သေချာ နားလည်နေသည်။သူမ၏ ယောင်္ကျားလည်း အလားတူ ဖြစ်သဖြင့် အိမ်တွင် ချက်ခဲပေသည်။
သို့သော် ဒီနေ့က ပိတ်ရက်ဖြစ်ကာ သူမနှင့် သားကြီးတို့ အိမ်သို့ စောစောပြန်လာဖြစ်သဖြင့် ရိုးရှင်းတာလေးတွေ ချက်စားရန် တွေးထားခြင်းဖြစ်သည်။ ဒါကလည်း သားကြီးက တောင်းဆိုသဖြင့်သာ သူမ စီစဉ်မိခြင်းပါပေ။ သို့သော် မထင်ထားသည်မှာ သားငယ်ကလည်း စောစောပြန်လာသည်။
" ကိစ္စ မရှိပါဘူး။ ကျွန်တော်လည်း စားစရာ ယူလာတယ်"
ဟော်ယွင်ချန်းက မုန့်ဘူး၏ အပြင်မှ အိတ်ကို ဖယ်ပြလိုက်သည်။
ဖောက်မြင်နေရသည့် ဘူးထဲမှ အရာကို မြင်လိုက်ရသည့်အခါ သူမ အံံ့သြသွားတော့ပေသည်။ သူမ၏ သားငယ်ဟာ တစ်နေ့တွင် သဘာ၀ စားစရာကို အိမ်သို့ ပြန်ယူလာမည်ဟု တစ်ခါမှပင် မတွေးထားဘူးပါပေ။
ထိုအချိန်တွင် ဟော်ယွင်ရီကလည်း ညအိပ်ဝတ်စုလဲကာ အောက်ထပ်သို့ ဆင်းလာသည်။သူ့ညီလက်ထဲမှ ဘူးကို မြင်သည့်အခါ အံ့သြသွားတော့သည်။
"အိုး ဒါကြက်တောင်ပံနဲ့ အားလူးနှပ် မဟုတ်လား။ ဘာလို့ ဒီလောက် များနေတာလဲ။ မင်း ဘယ်ဆိုင်က ဝယ်လာတာလဲ။ အဲဒီဆိုင်တွေက ဘယ်တော့မှ အသစ်အဆန်းတွေ မချက်နိုင်ကြဘူး။ ငါတို့လို သိပ္ပံပညာရှင်တွေထက်တောင် သူတို့က နှေးကွေးနေကြသေးတယ်"
" ဝယ်လာတာ မဟုတ်ဘူး"
ဟော်ယွင်ချန်းက မုန့်ဘူးကို စားပွဲပေါ် တင်ရင်း ခပ်တိုးတိုး ပြောသည်။
" အတူ စားကြတာပေါ့"
" ဝယ်လာတာ မဟုတ်ဘူးလား။ တစ်ယောက်ယောက်က ပို့လိုက်တာလား"
ဟော်ယွင်ရီကမူ ဟော်ယွင်ချန်း၏ ပရိသတ်များက ပို့လိုက်တာဟု ထင်လိုက်ပြီး ခေါင်းကို ခါသည်။
" ညီလေး မင်း ဒါကို မစားနဲ့ ။ လာ မင်းအစ်ကို ယူလာတာကို မြည်းကြည့်လိုက်"
ဟော်ယွင်ချန်းလည်း သူ့အစ်ကိုက ဖောက်မြင်နေရသော မုန့်ဘူးကို ရတနာ တစ်ပါးလို ကိုင်တွယ်နေခြင်းအား မြင်လိုက်လေသည်။ ထိုဘူးကလည်း သူ့ဘူးနှင့် တူသည်။ အထဲတွင်လည်း ကြက်တောင်ပံနှင့် အာလူးနှပ်ဖြစ်သည်။
"အခု နောက်ပိုင်း ပလက်ဖောင်းပေါ်မှာ အရမ်း ခေတ်စားနေတဲ့ တင်ဆက်သူ တစ်ယောက် ရှိတယ်။ ရှားမိသားစုက မင်းသမီးလေးကို သိတယ် မဟုတ်လား။ သူမက အခုတလော ဒီတင်ဆက်သူကို တော်တော် သဘောကျနေတယ်။ အချိန်တိုင်း ပိုင်ချီကို ဒီအကြောင်းတွေပဲ ပြောပြနေတာတဲ့။ သူမက အဲဒီ တင်ဆက်သူက ငါတို့ သိပ္ပံ အကယ်ဒမီက လူလို့တောင် ထင်နေတာလေ"
ဟော်ယွင်ရီက ခေါင်းခါကာ ကူကယ်ရာမဲ့စွာ ပြုံးသည်။
" ဒါပေမဲ့ ပြောရရင် အဲဒီ တင်ဆက်သူက စားဖိုမှူး အစည်းအရုံးက လူတွေထက်တောင် သဘောကျဖို့ ကောင်းနေသေးတယ်။ အဲဒီက စားဖိုမှူးတွေက ငါတို့ထဲက အတွင်းလူရဲ့ အကူအညီနဲ့ ထုတ်ပြန်မဲ့ပစ္စည်းတွေကို ကြိုသိနေကြတယ်။ ဒါပေမဲ့ သူတို့ မထင်ထားတာက အဲဒီတင်ဆက်သူက သူတို့ထက် စောပြီး ထွက်လာပြီး နှစ်နာရီအတွင်းမှာကို အကောင်းဆုံး အရသာထွက်အောင် ချက်ပြနိုင်လိုက်တာကိုပဲ"
ဟော်ယွင်ချန်း:"...."
သူက အရေးမပါတာတွေကို ဖယ်ပြီး အဓိက အချက်ကို ကောက်မေးလိုက်သည်။
" စားဖိုမှူး အစည်းအရုံးက သိပ္ပံ အကယ်ဒမီမှာ အတွင်းလူ ထည့်ထားတာလား"
" သူက အရေးပါတဲ့ အေးဂျင့်တော့ မဟုတ်ပါဘူး။ ရက်နည်းနည်းလောက် ကြိုပြီး ဘာထွက်လာမယ်ဆိုတာနဲ့ နမူနာ နည်းနည်းလောက် ပို့ပေးနိုင်ရုံပါပဲ"
ဟော်ယွင်ရီက လက် ရမ်းပြသည်။
သူ့အစ်ကို၏ မြေခွေးလို အပြုံးကို မြင်ပြီး ဟော်ယွင်ချန်း ပြောလိုက်သည်။
" အဲဒီ အတွင်းလူဆိုတာကလည်း အစ်ကိုကြီးရဲ့ လူပဲ မဟုတ်လား"
ညီငယ်က သိသွားသည့်အတွက်လည်း ဟော်ယွင်ရီက စိတ်ထဲ မထားပေ။
" ငါတို့ သိပ္ပံ အကယ်ဒမီကလည်း ဝင်ငွေလိုတယ်လေကွာ ဒီလောက်ပါပဲ"
ညီအစ်ကိုနှစ်ယောက် စကားပြောစဉ်မှာပင် ရန်ကျင်းက ချက်ပြီးသား ဟင်းပွဲတွေနှင့် အတူထွက်လာသည်။ သူမက သူတို့နှစ်ယောက်၏ စကားကို ကြားပြီး မေးလာသည်။
" သားတို့ ဘာတွေ လျှို့ဝှက်ပြီး ပြောနေကြတာလဲ"
ဟော်ယွင်ရီက အမေဖြစ်သူထံမှ ပန်းကန်ကို ကူသယ်ပေးကာ စားပွဲပေါ် တင်ပေးသည်။ သူမအတွက် ခုံကိုပင် ဆွဲထုတ်ပေးကာ ထိုင်စေ၏။
" ကျွန်တော်တို့ လျှို့ဝှက်ပြီး ပြောနေကြတာ မဟုတ်ပါဘူး။ အခုနောက်ပိုင်း စားဖိုမှူး အစည်းအရုံးက တအား ဆိုးရွားလာတာလေ။ ဒါပေမဲ့ မနေ့တစ်နေ့ကပဲ တင်ဆက်သူ တစ်ယောက်ပေါ်လာတော့ သူတို့ကို ပါးဖြတ်ရိုက်သလို ဖြစ်သွားတာပေါ့"
သူက စားပွဲပေါ်ရှိ ကြက်တောင်ပံကို လက်ညှိုး ထိုးပြသည်။
"ဒါက ကျွန်တော် ဒီနေ့ တင်ဆက်သူဆီကနေ မဲပေါက်လာတာ။ မားလည်း မြည်းကြည့်ပါလား။ ကြိုက်မကြိုက် သိရတာပေါ့"
ထို့နောက် ဟော်ယွင်ချန်း၏ ဘူးကို ထိုးပြသည်။
" ဟိုမှာက ယွင်ချန်း ယူလာတာ။ အဲဒါက ကူးထားတဲ့ ဗားရှင်းကြီး"
ဟော်ယွင်ရီ သူ့ညီကို ကြည့်လိုက်ကာ ပြောလိုက်သည်။
" မင်းက တစ်ခါမှ ဖျော်ဖြေရေး အစီအစဉ်တွေ မကြည့်ဘူး။ အခု အဲဒါကြောင့် မင်း ခံလိုက်ရပြီ။ မင်း ယူလာတာ အတုကြီး သိလား"
" မဟုတ်ဘူး"
သူက ခပ်တိုးတိုး ပြောရင်း အစ်ကိုဖြစ်သူ၏ ရှေ့တွင် ဝင်လိုက်သည်။ သူ့ခါးက မတ်နေ၏။
"ဒါကလည်း အဲဒီ တင်ဆက်သူ ဆီကပဲ"
ဟော်ယွင်ရီ၏ ရှေ့တွင်ပင် နှုတ်ခမ်းတွေ ကော့တက်ကာဖြင့် အေးချမ်းနေသော ဝန်းကျင်နှင့်အညီ မုန့်ဘူးကို ခပ်ဖြည်းဖြည်း ဖွင့်ပြလိုက်လေသည်။ မွှေးကြိုင်သိပ်သည်းသည့် ရနံ့တို့က ပျံ့နှံ့ လာတော့သည်။
" ကျွန်တော်က တင်ဆက်သူရဲ့ အခန်း မန်နေဂျာလေ"
-----------
စာရေးသူမှာ ပြောစရာ ရှိပါတယ်
ပြဇာတ် ငယ်လေး
ဟော်ယွင်ချန်း : ကျွန်တော့်မိန်းမက တကယ် တော်တာ။ ဒီ gongက တကယ် ဂုဏ်ယူနေရပြီ
ဟော်ယွင်ရီ : အိုး ဟုတ်လား သူက မင်းကို သိတောင် သိလို့လား
...

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now