Part 62

1.2K 211 2
                                    


Unicode

အပိုင်း ၆၂
စတားနက်ဝေါ့က ချက်ချင်းဆိုသလို ပွက်လောရိုက်သွားတော့သည်။ လူအများစု၏ တမင်ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားသော အကွက်များအောက်တွင် စတားနက်ဝေါ့ တစ်ခုလုံး၏ စိတ်ဝင်စားမှုအများဆုံးကို သိမ်းကြုံး ယူသွားတော့သည်။ အကြောင်းမူကား ယွမ့်ထန်းက အခုတလော မကြာခဏ ထင်ပေါ်ကျော်ကြားနေပြီး သူ့အကြောင်းသတင်းများကလည်း မကြာခဏ ပါနေသည်။ သည်တစ်ကြိမ်ကိစ္စက ယခင်တစ်ခေါက်ထက်ပို၍ ပြင်းထန်သည်။ သို့ရာတွင် ကီးဘုတ်စစ်သည်တော်များကဲ့သို့ သူတို့၏ဖြောင့်မတ်မှန်ကန်သော စိတ်သဘောထားကို ပြသသည်ဆိုသော အမူအရာမျိုးကို လုပ်နေသူများမှ လွဲလျှင် ပြည်သူပြည်သားအများစုက ဆင်ခြင်သုံးသပ်နိုင်စွမ်း ရှိကြသည်။ နောက်ဆုံးသင်ခန်းစာအရ ပြည်သူများအားလုံးက လေသံကြားတိုင်း မိုးရွာမည်ဟု မယုံကြည်ရဲကြချေ။ သူတို့က ရေတပ်၏ဦးဆောင်မှု သို့မဟုတ် လူအများ၏ တမင်ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပေးမှုများ၏အောက်တွင် နစ်မြောပါသွားမည်ကို စိုးရိမ်နေကြလေသည်။ ထို့အစား သူတို့က သူတို့၏ကိုယ်ပိုင်မေးခွန်းများကိုသာ ထုတ်ဖော်ကြသည်။
[အချစ်ဆေးရည် .. အမျိုးသမီးခိုင်က အရင်နှစ်တွေအတွင်းမှာ ခါးသီးတဲ့ဘဝကို ပိုင်ဆိုင်ခဲ့တယ်ဆိုကတည်းက ဘာလို့ သူမရဲ့လက်တွေက အရမ်းကို ကြည်လင်ဖျော့တော့နူးညံ့မယ့်ပုံစံ ပေါ်နေတာလဲ]
[ယောင်ကွမ်း .. ဗီဒီယိုကိုပြင်ဆင်ထားတဲ့ အက်ဖက်တွေကြောင့်လား]
[ဆားစိမ်ငါးကလည်းငါးပါပဲ .. အပေါ်က ကွန်မန့်ပေးတဲ့တစ်ယောက် ဒီခွေးကောင်ကျိုးက ဗျူးတီးအက်ဖက်တွေ မဖွင့်ထားဘူးဆိုတာ သေချာကြည့်ရုံနဲ့ သိနိုင်တယ် မဟုတ်ဘူးလား၊ သတင်းထောက်ရဲ့လက်ကို မမြင်ဘူးလား]
[လေတိုက်နေပြီ .. ငါလည်းတင်ဆက်သူက ဒီလိုလူမျိုးမဟုတ်ဘူးလို့ ထင်တယ်၊ အကြောင်းပြချက်တစ်ခုခုတော့ ရှိနေမှာပဲ]
[ဝူမင် .. တင်ဆက်သူက လိုအပ်တဲ့နေရာတွေမှာ ကူညီဖို့တောင် အများကြီး လှူဒါန်းခဲ့တာ၊ သူက ကိုယ်ပိုင်မိသားစုအတွက် ကပ်စေးနည်းမယ့်လူမျိုးမှ မဟုတ်တာ၊ ငါ့အထင် တစ်ခုခုတော့ မှားနေပြီ]
[ကြင်နာစမ်းပါ .. ငါတို့က ငါတို့ချည်းပဲ သီးသန့် အနှစ်မချုပ်သင့်သေးဘူး၊ တင်ဆက်သူကိုယ်တိုင် ရှင်းပြချက် ထုတ်လာတာကို စောင့်သင့်တယ်၊ အက်ယွမ့်ထန်းဗွီ]
ယွမ့်ထန်းမှ အင်တာနက်ပေါ်တွင် ထိပ်ဆုံးသို့ရောက်နေမည်ဟု မထင်ထားပြန်ချေ။ သူ ချက်ချင်း သိသွားသည့်အချိန်တွင် သူ၏ပရိတ်သတ်အများစုက သူ့အကြောင်း ထောက်ခံသည့်စာ အရှည်ကြီးများကို တင်ပေးနေပြီဖြစ်သည်။
“ယွမ့်ထန်းရဲ့နိုင်ငံတကာအဆင့် အထောက်အပံ့အဖွဲ့အစည်းဗွီ .. ငါတို့က အရင်ဆုံးပြည်သူပြည်သားတွေနဲ့ ဂျယ်လီပျော့တွေအားလုံးကို တည်တည်ငြိမ်ငြိမ်နေကြဖို့ ပြောချင်တယ်၊ ဒီကိစ္စက အမှန်လား အမှားလားဆိုတာ ငါတို့ မသိနိုင်သေးဘူး၊ ဒါ့အပြင် အခုလက်ရှိအနေအထားအရ တစ်ဖက်သူရဲ့မျက်မြင်သက်သေတွေနဲ့ ပစ္စည်းသက်သေတွေက မလုံလောက်ဘူး[ပုံ ၁][ပုံ ၂][ပုံ ၃]”
“ပထမဦးဆုံးအနေနဲ့ ဝေ့ကျိုးက အရင်က ယွမ့်ထန်းကို အသရေဖျက်ဖို့ ကြိုးစားခဲ့သေးတယ်၊ နောက်တော့ လျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှုနဲ့ တရားစွဲခံလိုက် ရတယ်၊ ဒါပေမယ့် သူက သူ့ရဲ့ကျန်းမာရေး အကြောင်းပြချက်ကြောင့် အခုအချိန်အထိ အမိန့်ချမခံရသေးဘူး၊ အသေးစိတ် အချက်အလက်တွေကို ဒီပုံ ၁ မှာပဲ ကြည့်၊ ဒုတိယတစ်ချက်အနေနဲ့ အမျိုးသမီးခိုင်က သူ့ရဲ့ကလေးနှစ်ယောက်ကို ထောက်ပံ့ဖို့ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရတယ်လို့ ပြောထားတယ်၊ ဒါပေမယ့် ဗီဒီယိုထဲက သူ့ရဲ့လက်တွေက အသားမာတစ်ခုတောင် မရှိနေတာကိုမြင်နေရတာပဲ၊ ရှင်းလင်းပြီး နူးညံ့နေတာ အသိသာကြီး၊ ငါဆိုရင် အိမ်အလုပ်လုပ်ခဲတဲ့ သာမန်ရုံးဝန်ထမ်း တစ်ယောက်ပါ၊ ဒါပေမယ့် ငါ့မှာ အသားမာအနည်းငယ် ရှိတယ်၊ အနှစ်ချုပ်က ပုံ ၂ မှာပြထားတဲ့ ဒီဇယားကိုကြည့်၊ တတိယတစ်ချက်အနေနဲ့ ယွမ့်ထန်းက ဘယ်လိုလူလည်း ဆိုတာ ငါတို့ ရှင်းရှင်းလင်းလင်း သိနေတယ်၊ အားလုံးခြုံပြောရရင် သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရထားပြီး ဆေးရုံမှာ ကိုမာဝင်နေခဲ့တာ ငါးနှစ်တောင် ကြာသွားခဲ့တယ်၊ သူ ငါးနှစ်ကြာပြီးတဲ့နောက်မှာ ပြန်နိုးထလာတဲ့အချိန်မှာ အများပြည်သူအတွက် ဝန်ဆောင်မှုတွေပေးဖို့ စိတ်ထားထက်သန်နေတုန်းပဲ၊ ပုံ ၃ မှာ ပြထားတဲ့ဆေးရုံမှတ်တမ်းတွေနဲ့ အလှူမှတ်တမ်းတွေမှာဆိုရင် အမျိုးမျိုးသော အဖွဲ့အစည်းတွေရဲ့ အသေးစိတ် အချက်အလက် တရားဝင် လွှဲပြောင်းပေးစာတမ်းတွေ တရားဝင်ပါနေတယ်”
“ထပ်ပြောရရင် ငါ မေးချင်တာက အမျိုးသမီးခိုင်က ကလေးတွေကို အဲဒီလောက်အထိ ဂရုစိုက်တဲ့အမေမျိုးဆိုရင် ဒီငါးနှစ်အတွင် ယွမ့်ထန်း ဆေးရုံတက်နေတုန်းက သူက ဘယ်ကိုရောက်နေတာလဲ”
ဝေ့ပေါ်ရှိပုံများက ရှင်းလင်းပြတ်သား လွန်းသည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် ကြီးမားသော ရိုက်ချက်ကြီး ဖြစ်နိုင်သည်။ ထိုအချက်က ယွမ့်ထန်း၏ပရိတ်သတ်များကို ရူးသွပ်သွားစေလုနီးပါး ဖြစ်သည်။ နေ့တစ်ဝက်တည်းနှင့်ပင် ထိုပိုစ့်ကို ဝေမျှသူက သန်းငါးဆယ်ကျော်သွားသည်။
သူ၏အလင်းဦးနှောက်က တုန်ခါလာသည့်အခါ ရဲ့သခင်လေး၏အသံက ထွက်လာသည်။
“အရူး ဒါက အရူးလို သက်သေပြချက်တွေပဲ မဟုတ်လား၊ မင်းကို ဘယ်သူက ဒါသုံးဖို့ပြောလဲ”
“ရဲ့သခင်လေး စိတ်အေးအေးထားပါ”
သူ၏မျက်ဝန်းတွင် အေးစက်သောအလင်းက လက်နေသော်လည်း အဆိပ်ပြင်းသော လေသံမျိုးဖြင့် ပြောလိုက်သည်။
“ဒါက ပထမအဆင့်ခြေလှမ်းပဲ ရှိပါသေးတယ်၊ ခိုင်ရှင်းက ယွမ့်ထန်းရဲ့ အမေအရင်းပါ၊ ဒီလိုအမေမျိုးက ကိုယ့်သားကို ဒုက္ခပေးမယ်လို့ ဘယ်သူက ယုံမှာလဲ၊ ယွမ့်ထန်းက သူ့ကိုယ်သူ ဘယ်လိုဖုံးကွယ်ထားသလဲ ဆိုတာကို မသိပေမယ့် သူ့ရဲ့မျက်နှာအစစ်အမှန်ကို ဖော်ထုတ်ဖို့ အချိန်အနည်းငယ် လိုအပ်နေတာပါ”
“ဟမ့် အဲဒီလိုဆိုရင်ကောင်းမယ်”
ရဲ့သခင်လေးက နှာခေါင်းရှုံ့သည်။
“မင်းဒီတစ်ကြိမ် ဒီကိစ္စကိုလည်း ထပ်ပြီးဖျက်ဆီးမယ်ဆိုရင် အကျိုးဆက်ကို ကိုယ့်ဘာသာ တာဝန်ယူ”
“ဟုတ်ကဲ့”
ထိုသို့ယဉ်ကျေးစွာ တုံ့ပြန်လိုက်သော်လည်း ဝေ့ကျိုး၏မျက်ဝန်းများတွင်မူ မုန်းတီးမှုများက ပြည့်နှက်နေသည်။

ဝေ့ကျိုးက သူနှင့်ပတ်သက်သောဗီဒီယိုကို တင်လိုက်ခြင်းအား ရှာတွေ့သွားသည့်နောက်တွင် ယွမ့်ထန်း၏ ပထမဆုံးတုံ့ပြန်မှုက ထိတ်လန့်ခြင်းလည်း မရှိသလို ဒေါသလည်း မထွက်ချေ။ ထို့အစား ကူကယ်ရာမဲ့သွားသည်။ သူက ဝေ့ကျိုးကိုပင် သွားနှုတ်ဆက်ချင်သေးသည်။
“မင်းက အသက်ဘယ်နှစ်နှစ်လဲ”
ဗီဒီယိုထဲတွင် သူ၏အမေဟု ပြောသော သရုပ်ဆောင်ပြနေသည့် အမျိုးသမီးသရုပ်ဆောင်မှုကို ကြည့်ပြီးနောက်တွင် သူ ဒေါသထွက်လွန်းသဖြင့် ရယ်ချင်သွားသည်။
“ဟုတ်တယ်၊ ဒါက သရုပ်ဆောင်ထားတာပဲ”
မူလပိုင်ရှင်၏မှတ်ဉာဏ်တွေ မရှိဘဲနဲ့တောင် သူကိုယ်တိုင်က ရုပ်ရှင်ဧကရာဇ်တစ်ပါး မဟုတ်ဘဲနဲ့တောင်မှ ဘယ်လိုတောင် သရုပ်ဆောင်ထားသလဲဆိုတာ သိသာနေတာပဲ၊ ဒီမိန်းမက ဒီလောက်အထိ အသည်းအသန် အော်ငိုနေပေမယ့် မျက်လုံးတွေက မနီရဲနေဘူး၊ ရဲနေတာက အရောင်ဆိုးထားတာပဲ၊ နောက်ပြီး မျက်ရည်တွေက မနည်းညှစ်ထုတ် နေရသေးတယ်၊ နောက်ဆုံးမှပဲ လက်ကို တဖျန်းဖျန်း ရိုက်ပြီး သနားစရာကောင်းအောင် ဟန်ဆောင်နေခဲ့တာ။
အရာအားလုံးကို ကြည့်လိုက်ခြင်းအားဖြင့် သူမက ယွမ့်ထန်းကို သေချာဂရုစိုက်ခြင်း မရှိကြောင်း သိသာနေသည်။
ထိုအမျိုးသမီးက ယခင်ယွမ့်ထန်း၏အမေ ဖြစ်လောက်ကြောင်း သတိထားမိသောအခါ ထိုစကားလုံးသုံးခြင်းကပင် ရွံစရာကောင်းနေပြီဟု ခံစားရသည်။
ထိုသို့သနားစရာကောင်းအောင် ဟန်ဆောင်ပြပြီး သူ့အား ငွေညှစ်ချင်သည့်ဖြစ်စဉ်နှင့် ရင်ဆိုင်ရသောအချိန်တွင် သူ၏နှလုံးသားထဲတွင် မသက်မသာ ဖြစ်လာသည်။ ထိုခံစားချက်က သူ၏ကိုယ်ပိုင်ခံစားချက် မဟုတ်ချေ။ သူနှင့်ခိုင်ရှင်းက ပြောရလျှင်သူစိမ်းများ ဖြစ်ကြသည်။ ထို့ကြောင့် ထိုမသက်မသာဖြစ်သော ခံစားချက်များနှင့် အလိုအလျောက် ဖြစ်ပေါ်လာသည့်ဒေါသများက နဂိုမူလပိုင်ရှင်၏ ကျန်ရစ်နေသေးသော စိတ်ဆန္ဒများ ဖြစ်လောက်လေသည်။ သူက ထိုအမျိုးသမီးကို မြင်ချိန်တွင် မသိစိတ်အရ အလိုလို ထိုခံစားချက်များက ထွက်ပေါ်လာခြင်းဖြစ်သည်။
သူက ယွမ့်ယွီ အိပ်ယာကုတင်ပေါ်တွင် လဲလျောင်းနေသော ပုံစံကို မြင်ချိန်တွင်မူ ဝမ်းနည်းကာ စိတ်ဓါတ်ကျသွားရသည်။
ယွမ့်ထန်းအနေဖြင့် တစ်ဖက်သူများနှင့် သိရခြင်းက နောက်ကျသော်လည်း သူ၏စိတ်အခြေအနေကမူ ထိုသို့မဟုတ်ချေ။ ဟော်ယွန်ရီကလည်း ပထမဆုံးအကြိမ် မတော်တဆမှုကို ရှာတွေ့ခဲ့ခြင်းဖြစ်လေရာ ချက်ချင်းဆိုသလို သူ၏ညီငယ်ဖြစ်သူကို အကြောင်းကြားလိုက်သည်။ သူတို့က ယွမ့်ထန်းထံသို့သွားကာ ထိုကိစ္စကို ဆွေးနွေးနိုင်သည့်တိုင်အောင် ကြိုတင်ပြင်ဆင်မှုများကို အရင်တုံ့ပြန်ရမည်ပေ။
ဟော်ယွန်ချန်းက ထိုဖြစ်စဉ်အားလုံးကို သေချာဂရုစိုက် စစ်ဆေးသည်။ သို့သော် သူက ကိုယ်ပိုင် လိုအပ်ချက်ကြောင့်နှင့် သူ၏ရာထူးအာဏာကို ထုတ်မသုံးချင်သည့်အတွက် သူ၏ရှာဖွေမှုလမ်းကြောင်းက ပြောင်းထားရသည်။ သိပ်မကြာခင်အချိန်တွင် ခိုင်ရှင်းနှင့် ပတ်သက်သော အကြောင်းအရာများကို သူ သိလိုက်ရသည်။ ခိုင်ရှင်း၏ စတားနက်ဝေါ့အကောင့်ကို သူသိလိုက်ရသည်။
ခိုင်ရှင်းက ဗီဒီယိုထဲတွင် သူမ အဓိကတာဝန်ယူရလောက်သော အကြောင်းအရာများကို ဖယ်ခွာလျက် အခြားသော အကြောင်းအရာများကိုသာ ရွေးချယ်ပြောပြထားသည်။ သူမက ယွမ့်ထန်းဟာ ရုပ်ရှင်ရိုက်နေကျ ဖြစ်ပြီး သူမနှင့်ယွမ့်ယွီထံ မကြာခဏပိုက်ဆံအနည်းငယ်ပို့ လေ့ရှိသည်ဟု ဆိုထားသော်လည်း သူကိုယ်တိုင်အတွက်ကမူ နေထိုင်စရိတ်နှင့် အသုံးစရိတ်များအတွက် တစ်သောင်းနှစ်သောင်းခန့်သာ ချန်ပြီး ကျန်သောအရာအားလုံးကို လွှဲပြောင်းပေးခဲ့သည့် ဖြစ်စဉ်ကို ဖယ်ချန်ထားခဲ့သည်။ သည်နှစ်များအတွင် သူ ပို့ပေးခဲ့သော ပိုက်ဆံများက မနည်းပါးတော့ချေ။ လတိုင်းလိုလို သူက သန်းနှင့်ချီ ပို့ဆောင်ပေးနေခဲ့ခြင်း ဖြစ်သည်။ ထိုပိုက်ဆံများနှင့် သာမန်မိသားစုတွင် တစ်ဘဝလုံး နေထိုင်သွားရန် လုံလောက်လေသည်။ သူ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဒဏ်ရာရပြီး ကိုမာဝင်နေခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် ယခုအချိန်အထိ ထပ်ပို့ပေးနေခဲ့အုံးမည်မှာ သေချာသည်။ သူ၏ဦးနှောက်မှ ဒဏ်ရာက ပြင်းထန်သောကြောင့် သူ အတိတ်က မှတ်ဉာဏ်ကို မေ့သွားခဲ့ပြီး သည်အမေနှင့်ကလေးကို သတိမရတော့သည့်အတွက်သာလျှင် ပိုက်ဆံကို မလွှဲပြောင်းနိုင်တော့ခြင်းလည်း ဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့် ခိုင်ရှင်းက သတင်းရပြီးသည်နှင့် ပိုက်ဆံတောင်းရန် ယခုကဲ့သို့သရုပ်ဆောင်ခြင်း ဖြစ်လောက်သည်။
အကောင်းဆုံးနည်းလမ်းနှင့် ပြန်လည်တိုက်ခိုက်နိုင်ရန်အလို့ငှာ ကိုယ့်ကိုယ်ကိုနှင့် ရန်သူကို အကောင်းဆုံး သိထားရပေမည်။ ထို့ကြောင့် ဟော်ယွန်ချန်းက ယွမ့်ထန်း၏ယခင် ဖျော်ဖြေရေးကုမ္ပဏီသို့ ဆက်သွယ်လိုက်သည်။ သူက ယွမ့်ထန်း၏အိမ်အခြေအနေကို မေးမြန်းချင်သည်။ ယွမ့်ထန်းက ကုမ္ပဏီနှင့် စတင်ပွဲဦးထွက်ကတည်းက စာချုပ်ချုပ်ဆိုခဲ့သောကြောင့် နှစ်ပေါင်းများစွာကြာ အလုပ်လုပ်ခဲ့လေရာ ကုမ္ပဏီကလည်း တစ်စုံတစ်ရာ သိထားလောက်လေသည်။
သေချာစွာပင် သူတို့က ယွမ့်ထန်း၏ယခင်အေးဂျင့်နှင့် ဆက်သွယ်ရရှိခဲ့သည်။ ယွမ့်ထန်းက သူ၏မိသားစုအကြောင်း တစ်ကြိမ်သော်မျှ ထုတ်ပြောဖူးခြင်းမရှိခဲ့ပေ။ ထို့ကြောင့် ထိုအေးဂျင့်အနေနှင့် မိသားစုထံသို့ ပိုက်ဆံပို့သည့်ကိစ္စကို မသိထားချေ။
သူက လူသစ်ဖြစ်ခဲ့ချိန်က ထိုအေးဂျင့်က သူ၏လက်အောက်တွင် အနုပညာရှင်အများစုကို ကိုင်တွယ်ထားသည်။ ထို့ကြောင့် ယွမ့်ထန်းတစ်ယောက်တည်းကို အာရုံမစိုက်နိုင်ခဲ့ချေ။ သူ၏သိနားလည်နိုင်စွမ်းက အကန့်အသတ် ရှိနေသည်။ ယွမ့်ထန်း၏လုပ်ဆောင်နိုင်စွမ်းအားက တိုးမြင့်လာပြီး တက်ကြွကြောင်းသာလျှင် သူက သိရှိထားသည်။ လေ့ကျင့်ခြင်းတွင်ဖြစ်စေ၊ အလုပ်လုပ်ခြင်းတွင်ဖြစ်စေ သူက ဘယ်တော့မှ တစ်နေ့မှ အနားမယူခဲ့ဖူးချေ။ သူက ပိုက်ဆံရနိုင်သည့် အခွင့်အရေးတိုင်းကို ဖမ်းဆုပ်ကိုင်လေ့ရှိကာ လက်လျှော့လေ့ မရှိခဲ့ချေ။ ထို့ကြောင့် ထိုမျှ ကြိုးစားတက်ကြွသော အနုပညာရှင်မျိုးက ရှားပါးလွန်းသည်။ ယွမ့်ထန်း၏ အခြေအနေက ကောင်းမွန်ခြင်း မရှိသည့်အတွက် ထိုအေးဂျင့်အနေနှင့် သူ့အား အခွင့်အရေးပေါင်းများစွာကို ပေးအပ်လိုခဲ့လေသည်။
သို့သော် ဗီဒီယိုထဲတွင် ခိုင်ရှင်းပြောထားသည့်အတိုင်းဆိုလျှင် သူမက မမျှမတ ဆက်ဆံခံရကာ ဆက်သွယ်၍ မရအောင်ကိုပင် ဖုန်းနံပါတ်ကို ပိတ်ဆို့ထားသည်ဟု ဆိုခဲ့သည်။ ထိုအခါ အေးဂျင့်က ဒေါသထွက်သွားတော့သည်။ ယွမ့်ထန်းက မတော်တဆ ဖြစ်ပြီးကတည်းက ထိုမိန်းမက တစ်ခါမျှပင် မဆက်သွယ်လာခဲ့ဖူးခြင်း မရှိခဲ့ချေ။ တစ်ကြိမ်က ဆက်သွယ်လာခဲ့သော်လည်း သူက ဖုန်းကို လက်ခံဖြေဆိုပြီး ယွမ့်ထန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ကာ ကိုမာဝင်သွားကြောင်း သိသည်နှင့် ထပ်မခေါ်တော့ချေ။ ထို့အစား မည်သည့်အချိန်က ကုမ္ပဏီနှင့် ဆက်သွယ်ပြီး ဖုန်းပိတ်ထားသည်ဟု ပြောလာကြောင်းကို သူတို့ နားမလည်ကြတော့ချေ။
ထို့အပြင် သူမ ဖုန်းဆက်ခဲ့ချိန်ကလည်း ယွမ့်ထန်းအတွက် လျော်ကြေးတောင်းခဲ့သေးသည်။ ထိုအချိန်က ယွမ့်ထန်းက ကိုမာဝင်ခဲ့ရုံမျှသာလျှင်ဖြစ်ပြီး သေဆုံးခဲ့ခြင်း မရှိသေးပေ။ ထို့အပြင် သူ့အတွက်လည်း ကုသစရိုက်များစွာက လိုအပ်နေသေးလေရာ သူက ကုမ္ပဏီမှ သက်တမ်းရှည်အလုပ်သမားတစ်ယောက် ဖြစ်သည့်အတွက် ရုပ်ရှင်ဧကရာဇ်ဘွဲ့ကိုလည်း ရထားခဲ့သေးလေရာ ကုမ္ပဏီက သူ့အတွက် ကုသစရိတ်ကို ပေးအပ်ခဲ့သည်။ သို့သော် မိသားစုက ထိုသို့ လာရောက်တောင်းခံခြင်းကို သူတို့က လက်မခံနိုင်ချေ။ ထိုအေးဂျင့်က ထိုမိန်းမက သူ့သား၏သေခြင်း ရှင်ခြင်းကို ဂရုမစိုက်ကြောင်း နားလည်ထားသဖြင့် မိထွေးတစ်ယောက်ဟုသာ ထင်သည်။ ထို့ကြောင့် ယွမ့်ထန်း၏ အလင်းဦးနှောက်မှတစ်ဆင့် ဖုန်းကို ပိတ်ဆို့ထားခဲ့ခြင်းလည်း ဖြစ်သည်။ ငါးနှစ်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည့်တိုင်အောင် ထိုမိန်းမက နတ်ဆိုးမတစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသေးလေရာ သူက အလွန်ဆွံ့အ မိနေလေတော့သည်။
အခြေအနေအရပ်ရပ်နှင့် ယွမ့်ထန်းနှင့်မိသားစုမှ ဆက်ဆံရေးက အလွန်အမင်း အားနည်းကြောင်း စုံစမ်းခဲ့ပြီးနောက်တွင် ထိုခိုင်ရှင်းအမည်ရသော အမျိုးသမီးက ယွမ့်ထန်း၏အမေအရင်း ဖြစ်သည့်တိုင်အောင် ပိုက်ဆံကိုသာလျှင် အသိအမှတ်ပြုပြီး သူ့ကိုယ်သူလည်း အသိအမှတ်ပြုထားခြင်း မရှိခဲ့ချေ။ ထိုမိန်းမက နှစ်တိုင်းလိုလို ပိုက်ဆံကိုသာ တောင်းခံနေလေ့ ရှိသည်။ မတော်တဆမှု ဖြစ်ပြီးနောက်တွင် သူမ ပထမဆုံး စိုးရိမ်သည်က သူ့သား၏အသက်ဆိုသည်ထက် ယွမ့်ထန်းနှင့် သက်ဆိုင်သော မှန်ကန်စွာ ရရှိရမည့်လျော်ကြေး ဖြစ်သည်။
ဟော်ညီအစ်ကိုများက ထိုကဲ့သို့သောမိခင်မျိုးကို တတ်နိုင်သမျှ မြန်မြန် သံယောဇဉ် ဖြတ်တောက်လိုသည်။ သို့ရာတွင် အခြေအနေက ယခင်နှင့် ကွာခြားသွားသည်။ မည်သို့ပင်ဆိုစေ ဒါက မိသားစုကိစ္စဖြစ်သည်။ သူတို့ညီအစ်ကိုအပြင် လူနှစ်ယောက်က ဝင်ရောက် မစွက်ဖက်သင့်ချေ။ ထို့ကြောင့် ဘောင်ကျော်သလို ဖြစ်သွားမည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သက်သေများကိုသာ မှတ်တမ်းတင်နိုင်ခဲ့သည်။ အရာအားလုံးကို ယူဆောင်လာပြီးနောက်တွင် သူတို့က ယွမ့်ထန်း၏အိမ်သို့ ထွက်လာခဲ့လိုက်သည်။
“ဥက္ကဌဟော်၊ မာရှယ်ဟော်”
ယွမ့်ထန်း၏စိတ်အခြေအနေကမူ တည်ငြိမ်သည်။ သူက ထိုလူများကိုပင် အအေးဖျော်ပေးသေးကာ သုံးယောက်အတူ ဆိုဖာတွင် ဝင်ထိုင်လိုက်ကြသည်။
“ကျွန်တော့်အမေဆိုတဲ့ တစ်ယောက်ကိစ္စကြောင့် ရောက်လာခဲ့တာလား”
ဟော်ယွန်ချန်းက ခေါင်းညိတ်ပြီးနောက် စိုးရိမ်တကြီးကြည့်သည်။ ယွမ့်ထန်းကမူ နွေးထွေးသွားသလို ခံစားလိုက်ရပြီးပြုံးလိုက်သည်။
“ကျွန်တော် အဆင်ပြေပါတယ်၊ ကျွန်တော် သူမကိုလည်း မမှတ်မိဘူးလေ၊ ဒီတော့ ဘယ်လိုမှ မခံစားရဘူး၊ နောက်ပြီး ကျွန်တော့်ပရိတ်သတ်တွေက ကျွန်တော့်အတွက် ထုတ်ဖော်ပြောဆို ပေးကြတဲ့အပြင် ကျွန်တော့်ကိုလည်း ယုံကြည်ကြတယ်၊ သူတို့က ကျွန်တော့်ကို ထောက်ပံ့ကြတဲ့အတွက် တကယ့်ကို ပျော်ရွှင်မိပါတယ်”
မည်သို့ပင်ဆိုစေ ကိုယ်ပိုင်မိသားစုကိစ္စနှင့်ပတ်သက်၍ အထင်လွဲခံရသော ကိစ္စများက အများပြည်သူသိသည်အထိ တရားဝင်ဖြစ်သွားလျှင် ရှင်းရမလွယ်ကူတော့ချေ။
ဟော်ယွန်ရီက အနည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။
“မင်းအနေနဲ့ ဆေးရုံက မင်း မှတ်ဉာဏ်ပျောက်နေတယ်ဆိုတဲ့ အကြောင်းအရာ တရားဝင် ထုတ်ပေးထားတဲ့ ဆေးစာရွက်ကို ဝေ့ပေါ်မှာ တင်သင့်တယ်လို့ ထင်တယ်၊ ငါတို့ကလည်း မင်းရဲ့မိသားစုအခြေအနေတွေ အားလုံးကို စုံစမ်းစစ်ဆေးခဲ့ပြီးပြီ၊ ဒီတော့ အတည်ပြုပေးနိုင်တယ်၊ နောက်ပြီး မင်းအနေနဲ့ နှစ်ပေါင်းများစွာ တိုင်အောင် လတိုင်းနီးပါး ပိုက်ဆံအားလုံးနီးပါးကို အဲဒီမိန်းမဆီကို ပို့ပေးခဲ့တဲ့သက်သေကတင် ဒီလိုလူမျိုးက ဘယ်လိုလူမျိုးလဲဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီ၊ အဲဒီအချိန်က မင်းက ဒဏ်ရာရသွားခဲ့တော့ အဲဒီမိန်းမက မင်းရဲ့ဖျော်ဖြေရေးကုမ္ပဏီကို ဆက်သွယ်လာခဲ့ပြီး ပိုက်ဆံတောင်းခဲ့တယ်၊ သူတို့ကိုတောင် တရားစွဲချင်ခဲ့သေးတယ်၊ နောက်ဆုံးအနေနဲ့ ဒီကိစ္စတွေအားလုံးကို မှတ်တမ်းတင်နိုင်ခဲ့တယ်၊ ဒီတော့ ငါတို့အားလုံးမှာ သက်သေရှိတယ်လို့ပြောနိုင်တယ်”
“ကျေးဇူးတင်ပါတယ်”
ယွမ့်ထန်းက ထိုနှစ်ယောက်ကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။ ထိုလူများက သူ့အား အလွန်ကူညီကြသည်။
ဟော်ယွန်ချန်းကပြောသည်။
“ဒီကိစ္စကို တရားဝင်ဖြေရှင်းချင်လား၊ ဘယ်အချိန်ဖြေရှင်းချင်လဲ”
သူက မျက်လွှာချလိုက်ပြီးနောက် အတန်ငယ်တွေးတောသည်။ ထို့နောက် ခေါင်းပြန်မော့ကာ ဖြည်းညင်းစွာ ခေါင်းခါလိုက်သည်။
“ကျွန်တော် အချိန်တစ်ခုကြာတဲ့အထိ မဖြေရှင်းချင်သေးဘူး၊ ကျွန်တော် မွေးရပ်မြေဂြိုလ်ကို သွားပြီး ကိစ္စတွေအားလုံးကို အတည်ပြုချင်တယ်”

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now