part 3

2K 289 3
                                    

Unicode

အပိုင်း (၃) တိုက်ရိုက် ထုတ်လွှင့်နိုင်သော ပလက်ဖောင်း အပိုင်းခွဲ နှစ်
ယွမ့်ထန်းသည် လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် ယခုချက်ချင်း ထလုပ်တတ်သူ ဖြစ်သည်။ ထို့ကြောင့် သူက ကျင်းကျန်းတွင် ဖုချန်နယ်မှ အစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ် ဖောင်တင်သည်။ သူ၏ ကိုယ်ရေး အချက်အလက်များသည် ကြယ် နက်ဝေါ့တွင် ရှိပြီးသားဖြစ်သဖြင့် ကိုယ်ရေး အချက်အလက်ပါဝင်သော ဖောင်က အလိုအလျောက် လုပ်ဆောင်ပြီးသား ရလာသည်။ သူ လုပ်ရသည်မှာ အချက်အလက်တွေက မှန်ကန်ကြောင်း အတည်ပြုပေးပြီး ပို့ကာ စီစစ်ခြင်းကို စောင့်ဆိုင်းရန်သာ လိုသည်။ တစ်ဖက်က လက်ခံလိုက်သည်နှင့် သူက တရားဝင် အစီအစဉ် တင်ဆက်သူ ဖြစ်လေပြီ။
တစ်ဖက်မှ အသိအမှတ်ပြုပေးခြင်းကို စောင့်နေချိန်တွင် သူက စျေးဝယ်ရန်ဆိုဒ်သို့ ပြန်သွားကာ စျေးခြင်းတောင်းထဲ ရှိသမျှကို ရှင်းလိုက်ကာ အာလူး၊ အသီးအရွက်၊ ၀က်သား၊ဆန်၊ ကြက်ဥတွေနှင့် ဆီနှင့်ဆားကိုသာ ချန်ထားလိုက်သည်။ ထိုပစ္စည်းတွေအတွက် ဂျီအန် ၁၅၀ပေးရသည်။
(ဂျီအမ်ကို ဘယ်လိုပြန်ရမလဲ မသိလို့၊ ဒါက ငွေပြားကိုပဲ ပြောတာ၊ ဒီထဲမှာ ဂျီအမ်ပဲ သုံးတယ်။)
ပစ္စည်းတွေကို စကြ၀ဠာလုံးဆိုင်ရာ ကူးသန်းဆက်သွယ်ပေးနိုင်သော အဆင့်မြင့် နည်းပညာဖြင့် ၁၅မိနစ်အတွင်း ပို့ဆောင်ရေး ကားဖြင့် လာပို့ပေးပေလိမ့်မည်။
သူ့အကောင့်ထဲ ကျန်ခဲ့သည့် ၅၀ကို ကြည့်ပြီး သူ ရင်နာလာသည်။ သူ ပိုက်ဆံကို အရေးတကြီး ရှာရန် လိုအပ်လာသည်။
ထိုအခိုက် သူ့လက်ကောက်မှ 'ဘိ' မြည်သံ ထွက်လာကာ လေးထောင့်ကွက်လေး ပေါ်လာပြီး သူ အစီအစဉ်တင်ဆက်သူ အဖြစ် ဖောင်တင်ထားခြင်းကို လက်ခံကြောင်း အတည်ပြုပေးသည်။ သူသည် ကိုယ်ပိုင် ချန်နယ် စာမျက်နှာ တစ်ခု ရရှိကာ သူ တိုက်ရိုက် ထုတ်လွှင့်ရန် လိုအပ်သည့် ပစ္စည်းကိရိယာများကလည်း သူ့ဆီ လာပို့နေသည့် လမ်းတွင် ရောက်နေပြီဖြစ်ကြောင်း အကြောင်းကြားလာသည်။ သူတို့က အစမ်းကြည့်နိုင်ရန် သရုပ်ပြထားသော ဗီဒီယိုပါ ပို့ပေးလာသည်။
ထိုဗီဒီယို ကျူတိုရီယယ်အရ ခက်ခဲမည့်ပုံမရပေ။ ဖန်ရှင်တွေက ယခင်ဘ၀မှ တိုက်ရိုက်ထုတ်လွှင့်လျှင် ပြုလုပ်ပုံနှင့် အတူတူသာ ဖြစ်သည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သုံးဖက်မြင် နည်းပညာဖြင့် အဆင့်မြင့် လုပ်ဆောင်နိုင်စွမ်းဖြစ်သည်။
စကြ၀ဠာလုံး ချိတ်ဆက် ပို့ဆောင်ပေးသော ပစ္စည်းပို့ဆောင်ရေးက အလွန် မြန်ဆန်သည်။ အချိန်တိုအတွင်းမှာပင်ပါကင်နှစ်ခုလုံး တစ်ချိန်တည်းနီးပါး ရောက်လာ၏။ ယွမ့်ထန်းက စမတ် အိမ်တော်ထိန်းကို လက်မှတ်ထိုးကာ ပစ္စည်းယူလိုက်သည်။ သူကိုယ်တိုင်က တိုက်ရိုက် ထုတ်လွှင့်သည့် ပစ္စည်းများပါသော ပါကင်ကို ဖောက်ပြီး အိမ်တော်ထိန်းကမူ ရှော့ပင်းမောလ်က ၀ယ်ထားသော ပစ္စည်းများကို မီးဖိုခန်းထဲသို့ ယူသွားစေလိုက်သည်။
တိုက်ရိုက် ထုတ်လွှင့်ခြင်း ပလက်ဖောင်းက မျက်ကပ်မှန် တစ်စုံနှင့် တိုက်ရိုက် ထုတ်လွင့်နိုင်သော ကင်မရာကို ပို့ပေးလိုက်သည်။ မျက်ကပ်မှန်သာ တပ်ထားမည်ဆိုလျှင် ကြည့်ရှုသူတွေက အစီအစဉ် တင်ဆက်သူ နေရာမှ ၀င်ခံစားနိုင်မည် ဖြစ်သည်။တိုက်ရိုက် ထုတ်လွှင့်ခြင်း ကင်မရာကမူ အသေတပ်ဆင်မှုဖြင့်သာ သုံးနိုင်မည် ဖြစ်သည်။ နှစ်ခုလုံးက သုံးဖက်မြင် ပုံရိပ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်နိုင်ကာ ချန်နယ်တွင် ကိုယ်ရေးအချက်အလက်တွေကို လုံခြုံစွာ ထိန်းသိမ်းသည့် အနေအထားဖြင့် ပေါ်မည်ဖြစ်သည်။
မျက်ကပ်မှန်၏ လုပ်ဆောင်ပုံအဆင့်ဆင့်ကို ကြည့်လိုက်သည့်နောက် ဒါက တင်ဆက်သူနှင့် ပရိသတ်ကြား အပြန်အလှန် ဆက်သွယ်မှုကို တိုးမြှင့်ပေးနိုင်ကြောင်း တွေ့လိုက်ရလေသည်။ ဆိုးကျိုးမူကား တင်ဆက်သူ၏ မျက်နှာက ပေါ်လိမ့်မည် မဟုတ်ပေ။မနေ့က တင်ထားသော စားသောက်ဆိုင်တွင် အစီအစဉ် ထုတ်လွှင့်သည့် တင်ဆက်သူကမူ ကင်မရာဖြင့်သာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ရပေမည်။
( ဆိုလိုတာက မျက်ကပ်မှန်နဲ့ဆို ကြည့်တဲ့သူက ချက်တဲ့သူနေရာက ၀င်ခံစားပြီး မြင်နေရမှာဆိုတော့ ရုပ်ပြန် မမြင်ရဘူး၊ ကင်မရာနဲ့ကျ ဒီအတိုင်း မြင်နေရမှာ ကိုယ်တိုင် ချက်နေသလို ခံစားရမှာ မဟုတ်သလို အရမ်းအနီးကပ်လည်း မမြင်ရဘူး၊ ဒါပေမဲ့ တင်ဆက်သူရဲ့ မျက်နှာကအစ တစ်ကိုယ်လုံး မြင်ရတယ်။ အဲလိုပါ....)
ယွမ့်ထန်းက မျက်ကပ်မှန်ကို ကောက်တပ်လိုက်သည်။ ရုပ်မမြင်ရခြင်းက သူ လိုချင်သည့် သက်ရောက်မှု ဖြစ်သည်။
သူ၏ လက်ရှိ အသားအရေနှင့် အရိုးတည်ဆောက်ပုံသည် လူမြင်ကွင်းထွက်ရန် မသင့်တော်ပေ။ သူ့ကိုယ်ပေါ် ၀တ်ထားသည့် အ၀တ်တွေကမူ အဆင်ပြေသေးပေ၏။ ရုပ်ရည်ကသာ လက်ခံရန် အဆင်မပြေခြင်း ဖြစ်သည်။ သူ့ပါးရိုးများက ငေါထွက်နေပြီး အသားက အလွန်ဖြူစုတ်နေသည်။ မည်သည့်ရှုထောင့်က ကြည့်ကြည့် လူမမာရုပ်ကြီး ဖြစ်နေ၏။
ဒီလို လူမျိုး ချက်တဲ့ဟင်းကို ကြည့်တဲ့သူတွေက ဘယ်လို ယုံကြည်ပြီး စားမလဲ။
မျက်ကပ်မှန်တွေက အလွန် ပေ့ါပါးကာ ကောင်းမွန်သည်။ တပ်လိုက်သည့်အခါ အမှိုက်ဝင်နေသလို၊ ၀န်ပိုသလို ခံစားချက်မျိုး မဖြစ်စေပေ။ မျက်ကပ်မှန် တပ်လိုက်သည့်အခါ သူ့ရှေ့တွင် သုံးဖက်မြင် ဖန်သားပြင်ကို အကွက်လေးကို မြင်ရလေသည်။ ထိုအကွက်တွင် ကြည့်ရှုနေသူများ၏ မှတ်ချက်တွေ၊ နိုတီတွေ ပေါ်မည်ဖြစ်ပြီး တင်ဆက်သူက ကြည့်ရှုသူတွေနှင့် ဆက်သွယ်ရ လွယ်ကူစေပေသည်။
တစ်ချိန်တည်းမှာပင် မျက်ကပ်မှန်တွေက အလင်းဦးနှောက်ဖြင့် ဆက်သွယ်ပြီးသား ဖြစ်သဖြင့် သူက တိုက်ရိုက် ညွှန်ကြားနိုင်သည်။
သူ မီးဖိုခန်းထဲသို့ ၀င်သွားလိုက်သည်။ မီးဖိုချောင်ပစ္စည်းတွေ၊ စားပွဲတင် ပစ္စည်းတွေ အကုန် ရှိနေသော်လည်း ဒယ်အိုးတွေနှင့် ဒယ်ပြားတွေက ပါကင်ပင် မဖောက်ရသေးကြောင်း တွေ့လိုက်ရသည်။ ကြည့်ရသည်မှာ မူလပိုင်ရှင်က အိမ်တွင် ချက်လေ့ရှိပုံ မရပေ။
သူ ပါဆယ်ထုတ်ကို ဖွင့်ကာ ဟင်းအမယ်များကို အပြင်သို့ ထုတ်သည်။ သူ စစ်ကြည့်လိုက်ရာ အားလုံးသည် လတ်ဆတ်လွန်းကြောင်း တွေ့လိုက်ရ၏။ ထိုပစ္စည်းများကို ကောင်တာပေါ် တင်ထားလိုက်သည်။
ယွမ့်ထန်းသည် သူ အသုံးပြုမည့် အိုးတွေ၊ ဓားတွေကို ထုတ်ယူကာ ဆေးကြောသည်။ ပြီးမှသာ အလင်းဦးနှောက်ကို အမိန့်ပေးကာ တိုက်ရိုက် ထုတ်လွှင့်စေလိုက်သည်။
" ဟယ်လို အားလုံးပဲ ကိုယ်က မင်းတို့ရဲ့ တင်ဆက်သူ ယွမ့်ထန်းပါ။ ကိုယ် ဒီနေ့ ချက်ပြမှာက အသားယာဂုပါ။ ဒါက လုပ်ရလွယ်ပြီး အာဟာရဓာတ်လည်း အပြည့်ပါတယ်"
ရိုးရှင်းသည့် မိတ်ဆက်ခြင်းပြီးသည့်နောက် သူက စတင် ချက်ပြုတ်တော့လေသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ မည်သူမှ မရှိနေသည့်တိုင်သူက စောင့်မနေပေ။ ထို့အပြင် ကြယ်နက်ဝေါ့မှ တိုက်ရိုက် ထုတ်လွှင့်ခြင်းတွင် အလိုလျောက် မှတ်တမ်းယူသည့် စနစ်ပါသည်။ တင်ဆက်မှုပြီးသည်နှင့် စနစ်က အလိုအလျောက် ဗီဒီယိုကို ထိုတင်ဆက်သူ၏ ချန်နယ်တွင် ပြန်တင်ပေးမည် ဖြစ်သည်။ ပရိသတ်များကလည်း ရီပလဲ လုပ်ကာ ပြန်ကြည့်နိုင်မည်ဖြစ်သလို ဗီဒီယိုကိုသာ စကြည့်မည့်သူတွေအတွက်လည်း အရသာကို ခံစားနိုင်ဦးမည်ဖြစ်သည်။
( ဟင်းအရသာပါ)
အခြားနည်းဖြင့်ဆိုရသော် မည်သူမှ ကြည့်မနေလျှင်ပင် အွန်လိုင်းပေါ် ကြော်ငြာပိုစ့်တင်နိုင်ပေသည်။ သက်ရောက်မှုက အတူတူသာ ဖြစ်သည်။
သူသည် ဟင်းရွက်စိမ်းများ ယူကာ ချွေပြီး ရေဆေးကာ ခပ်ပါးပါး တစောင်း လှီးသည်။
သူ ရွေးထားသည့် ၀က်သားသည် အသားသီးသန့်ဖြစ်ကာ သူက မိုးခိုသားကို ရွေးထားသည်။ ထိုအပိုင်းကို သုံးလျှင် ယာဂုကို အကောင်းဆုံး အရသာ ပေးနိုင်လိမ့်မည်။
သူသည် အသားကို အတုံးသေးသေးလေးများဖြစ်အောင် တုံးပြီးနောက် ဒယ်ပြားကို အပူပေးကာ ဆီအချိုးအဆ မှန်မှန်ထည့်သည်။ အနာဂတ်၏ မီးဖိုများသည် အလိုအလျောက် ထိန်းချုပ်နိုင်လာကာ မီးလောင်သည့် မတော်တဆမှုမျိုး ရှိလာမည် မဟုတ်သည့်အပြင် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပေသည်။ အပူချိန်ကလည်း ချိန်ပြီးသားဖြစ်ကာ ဆီက ချက်ချင်း ပူလာသည်။ ထို့အပြင် အလိုအလျောက် ထိန်းချုပ်နိုင်စွမ်းရှိသဖြင့် တူးသွားသည့် ကိစ္စများရှိလာမည် မဟုတ်ပေ။
ငါးစက္ကန့် ကြာပြီးနောက် ဒယ်ပြားက ပူလာသည်။
သူက ၀က်သားမျှင်နှင့် အတုံးငယ်လေးများကို ထည့်လိုက်သည့်အခါ ရှဲခနဲ အသံထွက်လာသည်။ တစ်ချိန်တည်းမှာပင် မွှေးရနံ့ကလည်း သင်းပျံ့လာပေသည်။
[ မြောင်မြောင်က ငါးမစားဘူး: ဟေး ဒီတင်ဆက်သူက ဘာတွေ လုပ်နေတာလဲ။ အနံ့က မွှေးလိုက်တာ။ အမေးဇင်း..]
သူ့ရှေ့တွင် ဖောက်ထွင်းမြင်ရမတတ် ကြည်လင်သော ဖန်သားပြင်ပေါ်လာသည်။ ထိုပေါ်တွင် တိုက်ရိုက် မှတ်ချက်တစ်ခု ပေါ်လာသည်။ ဘယ်ဘက် အောက်ဆုံးထောင့်တွင် ကြည့်ရှုသူအရေအတွက်ကို မြင်နိုင်ကာ အရေအတွက်သည် သုညမှ သုံးသို့ ရောက်သွားကြောင်း တွေ့လိုက်ရလေသည်။ ထိုအခြင်းအရာက သူ့ကို အနည်းငယ် ယုံကြည်မှုရှိလာစေသည်။
" ကိုယ် အခု လုပ်နေတာက အရွက်စိမ်းနဲ့ အသားယာဂုပါ။ ဟိုနားက အစိမ်းရောင်တွေက ဟင်းရွက်စိမ်းတွေကို ခပ်သေးသေး လှီးထားတာတွေပဲ။ ဒီအိုးထဲကတော့ ၀က်သားမျှင်တုံးတွေပေ့ါ"
ထို့နောက် သူက ကျက်နေပြီဖြစ်သော ၀က်သားတွေကို ပန်းကန်ပြားထဲ ယူထည့်လိုက်သည်။
[ သစ်ပင် ဖက်တာကို မရပ်နိုင်ဘူး: အား...အား...အား... ပူတယ်]
ထိုကွန်းမန့်ကို မြင်သည့်အခါ တစ်စုံတစ်ယောက်က အနံ့ကို မခံစားနိုင်တော့ဘဲ ၀က်သားကြော်ကို ခိုးယူစားလိုက်ကြောင်း သူ သိလိုက်သည်။ သူ ရယ်လိုက်သည်။
" ဒယ်အိုးထဲက ချခါစ ဟင်းတွေက ပူတယ်လေ။ နောက်ပြီး ဒါက ချက်လို့မှ မပြီးသေးဘဲ၊ ခဏတော့ စောင့်ပါ"
[ သစ်ပင် ဖက်တာကို မရပ်နိုင်ဘူး: အိုခေ.....]
ထို့နောက် အိုးထဲ ဆန်ထည့်ကာ ရေဖြင့် နှစ်ကြိမ် ဆေး၏။ ပြီးနောက် ရေပမာဏ အနေတော်ထည့်ကာ စချက်တော့၏။
ပရိသတ်လည်း ရှိနေသဖြင့် ယွမ့်ထန်းက ရှင်းပြနေလိုက်သည်။
"အခု ကိုယ်တို့ ယာဂု စချက်ရအောင်။ ယာဂုကို အချိန်ခဏ စောင့်ရမှာဆိုတော့ ကိုယ်တို့ စောင့်နေရင်းနဲ့ ရိုးရှင်းတဲ့ အာလူးကိတ်ကြော်လေး လုပ်ထားလို့ရတယ်"
ချက်ပြုတ်သင့်သည့် အချိန်ကို သတ်မှတ်ပေးပြီးနောက် သူ ယာဂုကို စိတ်ထဲ ထားရန် မလိုတော့ပေ။သူက ဘေးဖက်မှ အာလူး နှစ်လုံးကို ယူလိုက်ကာ ရေဖြင့် ဆေးလိုက်သည်။
[ မြောင်မြောင်က ငါးမစားဘူး: ဒါက လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ဘေးကင်းစွာ စားသုံးနိုင်တယ်ဆိုပြီး သိပ္ပံ အကယ်ဒမီက တင်ထားတဲ့ အာလူးတွေ မဟုတ်လား။ တင်ဆက်သူက ဒါနဲ့တောင် ချက်ပြုတ်နိုင်ပြီလား ကောင်းလိုက်တာ]
ယွမ်ထန်းလည်း ယခုမှသာ သည်အာလူးက သိပ်မကြာခင်ကမှ ဘေးကင်းစွာ စားနိုင်ကြောင်း စမ်းသပ်ပြီးစီးပြီးသဖြင့် တင်ထားသည့် ပစ္စည်းဖြစ်ကြောင်းသိလိုက်သည်။ ထို့ကြောင့်သာ ဈေးပေါနေခြင်း ဖြစ်လောက်သည်။
သူက အာလူးကို လက်တစ်ဖက်က ကိုင်ကာ နောက်တစ်ဖက်က ဓားကိုင်ပြီး အခွံနွှာသည်။ သူက တစ်ချက်ထဲဖြင့် အခွံကို အရှည်လိုက် နွှာပြလိုက်ခြင်းဖြစ်ကာ ကြည့်ရှုသူလေးတွေကို အံ့သြသွားစေပေသည်။
ထိုအခိုက် ထူးခြားသည့် အခြေအနေက ဖြစ်လာ၏။
[နွေဦး ပျားရည်: စားဖိုမှူး အစည်းအရုံးကတောင် အာလူးကို ချက်နည်း မထုတ်ရသေးဘူး။ အစားအသောက် ချက်ပြုတ် တင်ဆက်သူ အသစ်လေးက သာမန်ကာလျှံကာ ချက်ပြရဲတယ်ပေါ့။နင့်မှာ လက်မှတ်ရော ရှိရဲ့လား။ ငါ စားလိုက်လို့ တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ]
ယွမ့်ထန်း အာလူး နွှာနေရာက ဖျတ်ခနဲ ကြည့်လိုက်ရာ ထိုကွန်းမန့်ကို တွေ့လိုက်ရလေသည်။ သူ ဘာမှ မပြောနိုင်သေးခင်မှာပင် မတိုင်မီက ၀က်သားကြော် ခိုးစားခဲ့သည့် ကြည့်ရှုသူလေးက ၀ိုင်းကူပြောပေးလေသည်။
[ သစ်ပင် ဖက်တာကို မရပ်နိုင်ဘူး: ဟေ့ဟေ့ အပေါ်က တစ်ယောက် နင် ဘာလာဖြစ်နေတာလဲ။ စားဖိုမှူး အစည်းအရုံးက အမြဲတမ်း နှေးကွေးနေတာလေ။ ပြီးတော့ သိပ္ပံ အကယ်ဒမီက စားနိုင်တယ်လို့ ထုတ်ပြန်ကြေညာလိုက်တာနဲ့ ဘယ်သူမဆို ကြိုက်သလို သုံးလို့ရပြီးသား။ မစောင့်နိုင်ရင် ကိုယ့်ဘာသာ ချက်ကြည့်လို့ရတယ်လေ အိုခေလား]
ထိုနှစ်ယောက် ချက်ခန်းထဲ စကားနိုင်လုနေခြင်းကို မြင်ရသည့်အခါ ယွမ့်ထန်း ၀င်မေးလိုက်လေသည်။
" စားဖိုမှူး အစည်းအရုံးက ဘာလဲ"
[ နွေဦး ပျားရည်: နင် ဘယ်လို ချောင်ကြိုချောင်ကြား ဂြိုဟ်က လာတာလဲ။ စားဖိုမှူး အစည်းအရုံးတောင် မသိဘူးလား]
[ သစ်ပင် ဖက်တာ မရပ်နိုင်ဘူး: စားဖိုမှူး အစည်းအရုံးဆိုတာက တရားဝင် သင်တန်းကျောင်း တစ်ခုလိုပါပဲ။ ပုံမှန်အားဖြင့် သိပ္ပံ အကယ်ဒမီက အသစ် ထုတ်ပြန်ကြေညာလိုက်တဲ့ ဟင်းအမယ်တွေဆိုရင် စားဖိုမှူး အစည်းအရုံးကပဲ လေ့လာပြီး ချက်နည်းကို ထုတ်ပြန်ကြတယ်လေ။ ပြောရရင်တော့ အဲဒီက လက်မှတ်ရထားတဲ့သူတွေကပဲ စားသောက်ဆိုင်တွေမှာ အလုပ်လုပ်လို့ရတယ်။ ဒါပေမဲ့ တိုက်ရိုက် ထုတ်လွှင့်ဖို့အတွက်တော့ လက်မှတ်တွေ မလိုပါဘူး။ အစိုးရကတော့ အားလုံးကို ချက်ပြုတ်နည်းတွေ ကိုယ်တိုင် ကြိုးစားဖို့ ဖိတ်ခေါ်ထားတာပဲ]
" အာ ဒီလိုကိုး။ လက်မှတ်ရအောင် ဘယ်လို သွားရမလဲ "
ယွမ့်ထန်း ခေါင်းညိတ်နေလိုက်သည်။ သူက ဆက်ပြော၏။
" ကိုယ် အားရင် တစ်ချက်သွားလိုက်မယ်"
နွေဦး ပျားရည်လည်း မနေနိုင်တော့ဘဲ သူ့ကို ၀င်ဆူပြန်သည်။
[ နွေဦး ပျားရည်: လက်မှတ်ရဖို့က ဒီလောက် လွယ်မယ် ထင်လို့လား။ နင် အနိမ့်အဆုံး ကြယ်တစ်ပွင့် စားဖိုမှူး လက်မှတ် လိုချင်ရင်တောင် အနည်းဆုံး ဟင်းအမယ် ငါးမျိုးကို ချက်ပြနိုင်မှ ရမှာ။ အရသာကလည်း ကောင်းရမှာပေါ့။ နောက်ထပ် ကြယ်အဆင့်တွေ ထပ်လိုချင်ရင် ပိုခက်ခဲလာပြီပဲ။ နင် ဘာမှန်း ငါ သိတယ်။ နင်က ကလေးတွေကို လာညှပ်ချချင်နေတာ မဟုတ်လား"
သူမ၏ စကားတွေက ရိုင်းလာသဖြင့် အခြားကြည့်နေသူ နှစ်ယောက်ကို မကျေမနပ် ဖြစ်လာစေပသည်။
ယွမ့်ထန်းက သူတို့ကို ထိန်းလိုက်သည်။ ပြောရလျှင် သူ ဂရုမစိုက်ပါပေ။ မည်သို့ပင်ဆိုစေ သူ့ယခင်ဘ၀တွင်ဆိုလျှင် ဖန် သန်းကျော်ရှိသဖြင့် ကီးဘုတ် စစ်သည်တော်များစွာ ကြုံခဲ့ဖူးပေသည်။
သူ မကြုံဖူးသေးတာ ဘာရှိမှာလဲ။
သူသည် အခွံနွှာပြီးသား အာလူးတွေကို ခပ်ထူထူ အတုံးလေးတွေ လှီးကာ အခြားအိုးထဲ ထည့်ပြီး ပြုတ်လိုက်သည်။ တူဖြင့် ထိုးကြည့်လျှင် ပေါက်ထွက်သွားသည့် အနေအထား ရောက်လာသည့်အခါ ဆယ်ထုတ်ပြီး ယောက်မဖြင့် ဖိချေလိုက်သည်။
ချေထားသည့် အာလူးတွေက အနည်းငယ် ခြောက်သည်။ ထို့ကြောင့် နို့အနည်းငယ် ထည့်လိုက်၏။ ထို့အပြင် နို့မှုန့် အနည်းငယ်ထည့်လိုက်သည်။
ယွမ့်ထန်းသည် ဆားအနည်းငယ်ထည့်လိုက်သည်။ ထိုသို့ထည့်နေသည့်တိုင် ရောမွှေနေခြင်းကို ရပ်မထားပေ။ သူက လက်ဖြင့် ထိုအားလူးများကို အလုံးလေးတွေဖြစ်အောင် လုံးလိုက်သည်။ အာလူးကိတ်သည် တင်းနစ် ဘောလုံး အရွယ်အစားရှိ၏။ ထို့ကြောင့် အာလူးနှစ်လုံးဟာ ပန်းကန်တစ်ချပ်စာ အာလူးကိတ်များ ရနိုင်သည်။
ယွမ့်ထန်းက ၀က်သားကြော်ထားသည့် ဒယ်ပြားထဲတွင်သာ အာလူးကို ထပ်ကြော်လိုက်သည်။ ထိုနည်းဖြင့် အာလူးကိတ်တွင်လည်း အသားအရသာရပေလိမ့်မည်။
သူက တစ်လုံးချင်းထည့်ကာ ယောက်မဖြင့် လေးထောင့်ဖြစ်အောင် ဖိလိုက်သည်။ ထိုနည်းဖြင့် ခပ်ထူထူ ကိတ်သားပုံစံ ဖြစ်သွားပေလိမ့်မည်။ သူက အာလူး လေးထောင့်တုံးများကို ကျွမ်းကျင်စွာ တစ်ဖက်လှန်သည်။ ထိုအခါ အာလူးကိတ်သည် ရွှေရောင်သန်းကာ ကြွပ်ရွလာ၏။ သူ ချက်ချင်းယူကာ ပန်းကန်ပြားပေါ် တင်လိုက်သည်။
ကြည့်ရှုသူလေးများလည်း ဝရုန်းသုန်းကား ဖြစ်ချင်လာတော့သည်။ သူတို့ ရသည့် အနံ့က မွှေးသထက် မွှေးလာ၏။ နို့နံ့ရောနေသော ချိုမြိန်သော အနံ့အပြင် အသားနံ့မွှေးမွှေးလည်း ရသည်။ အမည်မသိ အကြောင်းပြချက်ကြောင့် သူတို့ပါးစပ်မှ သွားရည် ဆက်တိုက် ကျလာ၏။ အားဖြည် ဆေးရည်အပြည့် သောက်ထားသည့် သူတို့၏ အစာအိမ်သည် ချက်ချင်း ဟောင်းလောင်းဖြစ်သွားကာ တစ်ခုခု ချက်ချင်း ဖြည့်ပေးရန် တောင်းဆိုလာလေသည်။
သူတို့၏ အကြည့်များက အနံ့နောက်သို့ လိုက်သည်။ ကြွေပန်းကန်းပြားဟာ ရွှေရောင် လေးထောင့်ကိတ်လေးများဖြင့် ပြည့်နေသည်။ ကြော်ထားသဖြင့် အရောင်က အနည်းငယ် အညိုဘက် သန်းသယောင် ရှိသည်။ဆီဖြင့် ကြော်ထားသောကြောင့် တောက်ပြောင်ကာ ကြွပ်ရွမည့်ပုံ ရှိသည်။ အိုးထဲမှ ထုတ်ထားခါစ ဖြစ်သဖြင့် တစ်ခါတစ်ခါ ဆီပူဖောင်း သေးသေးလေးများ ပွက်ခနဲ ပွက်ခနဲ ဖြစ်နေသည်။
သစ်ပင် မဖက်ဘဲ မနေနိုင်ဘူးက မနေနိုင်တော့ဘဲ လက်လှမ်းလာလေသည်။ ဒါကို နားလည်သည့် တင်ဆက်သူကလည်း ချက်ချင်း သတိပေးလာ၏။
" အာလူးကိတ်က ပူနေသေးတယ်။ မစားခင် အအေးခံသင့်တယ်"
ထို့နောက် နောက်လှည့်သွားကာ အာလူးကိတ်ကို စိတ်ထဲ မထားတော့ပေ။ သူက အိုးအဖုံးကို ဖွင့်လိုက်သည်။ ထိုအခါ ပွက်နေသည့် ယာဂုများကို မြင်လိုက်ရသည်။ သူသည် အိုးထဲသို့ ဟင်းရွက်များနှင့် ၀က်သားကြော်များ ထည့်လိုက်သည်။ ထို့ကြောင့် ဆားပမာဏ အတိအကျ ခတ်သည်။ ထို့နောက် ဆက်ချက်စေရန် အဖုံး အုပ်ထားလိုက်သည်။
" နောက် ငါးမိနစ်လောက်ဆို ပြီးပြီ"
သူက အာလူးကိတ်ဘက် ပြန်လှည့်လိုက်ကာ ပြောသည်။
" ကဲ အာလူး ကိတ်တွေ စားလို့ရပြီ"
သူ ပြောပြီးသည်နှင့် သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး...က မစောင့်နိုင်တော့ချေ။ သူမက လက်လေးထုတ်ကာ ကိတ်တစ်ခုကို ဆတ်ခနဲ ယူသည်။ အနည်းငယ် ပူနေသေးသော်လည်း သူမက လက်ဖြင့် ရုန်းကန်ကာ ထိန်းထားပြီး တစ်ချက် ကိုက်သည်။
လက်အမြန်ဆုံးသော ကြည့်ရှုသူလေးက အရသာ ခံပြီးလေကာ ကွန်းမန့်မန့်လလာသည်။
[ နွေဦး ပျားရည်:!!!!!!!!]
ရွှေရောင်အသားက ကြွပ်ရွနေကာ ကိုက်လိုက်သည့်အချိန်တွင် တကြွပ်ကြွပ် အသံက ထွက်သည်။ ထို့နောက် အတွင်းသားထံ ရောက်သည်။ ထိုအခါ ဂွမ်းသားကဲ့သို့ နူးညံ့မှုကို ခံစားရလေသည်။ ယင်းကို အသားဆီနှင့် ဆားကိုပါ ခတ်ကာ ကြော်ထားသောကြောင့် အာလူးသီးသန့် အရသာထက် ပြီးပြည့်စုံသော အာလူးနှင့် အသားအရသာကို ပေါင်းစပ်ကာ ခံစားရပေသည်။
လျှာနှင့်သွားက ပူကာ ထုံလာသော်လည်း ဦးနှောက်က ခြေလှမ်းစောကာ တစ်ကိုက်ပြီး တစ်ကိုက် စားစေသည်။သူတို့မှာ မရပ်နိုင်တော့လေဘဲ ဆက်တိုက်ပင် ပါးစပ်ထဲ ထိုးထည့်ကုန်တော့သည်။
အာ မရပ်နိုင်တော့တဲ့ ခံစားချက်မျိုးပဲ
[ သစ်ပင် ဖက်တာ မရပ်နိုင်ဘူး: ငါ ဒီကိတ်ကို စွဲလန်းသွားပြီ။ ဘာလို့ ငါ့လက်ကိုပါ ၀ါးစားလိုက်လို့ မရတာလဲ]
[ မြောင်မြောင်က ငါးမစားဘူး: တကယ် အရသာရှိလိုက်တာ။ ကြွပ်ရွနေတာပဲ။ ငါလေ အခု တစ်ရာဆိုလည်း စားနိုင်တယ်သိလား]
[ နွေဦး ပျားရည်: စက်တင်ဘာမှာ နှင်းဆီပန်း ပွင့်တယ်..... ဒီသလင်းပန်း နှစ်ပွင့်က နင့်အတွက်ပဲ]
လှပသော သလင်းပန်း နှစ်ပွင့်က ဖန်သားပြင်တွင် ပေါ်လာသည်။ ထိုအခါ ဖန်သားပြင် အလယ်ဗဟိုတွင်အကြောင်းကြားစာ ပေါ်လာ၏။
" အသုံးပြူသူ နွေဦး ပျားရည်က သင့်ကို သလင်းပန်း နှစ်ပွင့် ပေးလိုက်ပါတယ်"
ဂျီအမ် ၂၀၀ပဲ။
ယွမ့်ထန်း၏ မျက်ဝန်းတွေက တဖျတ်ဖျတ် လက်သွားသည်။
" ကျေးဇူးတင်ပါတယ် အသုံးပြုသူ နွေဦး ပျားရည်။ ကြည့်ရှုသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ကိုယ်လုပ်ထားတဲ့ အာလူးကိတ်သုံးခုကို ပြန်လည် မဲနှိုက်ပြီး ပို့ပေးမှာပါ"
ထို့နောက် သူရှောင်ပိုင့်ကို မေးကာ အာလူးကိတ်များကို ဘူးသုံးဘူးထဲ ခွဲထည့်ပြီး ထိုအကောင့်ပိုင်ရှင်များထံသို့ ပို့ပေးရန် ပစ္စည်းပို့ဆောင်ရေး စနစ်သို့ ဆက်သွယ်ခိုင်းလိုက်သည်။
သူ နဂိုကတည်းက အာလူးကိတ်ကို လက်ဆောင်ပေးရန် စဉ်းစားထားပြီးသား ဖြစ်သည်။ ယင်းသည် ဈေးပေါသည့်အပြင် လူအများထံမှ အမြင်ကောင်းရရန်လည်း လုပ်နိုင်သည်။
" ဂုဏ်ယူပါတယ် မြောင်မြောင်က ငါးမစားဘူး၊ နွေဦး ပျားရည်နဲ့ သစ်ပင်ကို မဖက်ဘဲ မနေနိုင်ဘူးတို့ မဲပေါက်ပါတယ်။ ကျေးဇူးပြုပြီး ပစ္စည်းလာပို့တဲ့အခါ ဂရုစိုက်ပေးဖို့ သတိရပေးပါ"
[မြောင်မြောင်က ငါးမစားဘူး: ၀ိုး ငါ တကယ် အာလူးကိတ်စားရမယ် မထင်ထားဘူး။ ကျေးဇူးတင်ပါတယ် တင်ဆက်သူ ဝေါ် အိုက် နီ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: တင်ဆက်သူ ချစ်တယ်နော်]
နွေဦး ပျားရည်က ရှက်နေသေးပုံရကာ ဆူလာ၏။
[ နွေဦး ပျားရည်: ကောင်းပြီ၊ ဘာပဲဖြစ်ဖြစ် လူက သုံးယောက်ပဲ ရှိတာလေ။ အဟမ်း အာလူးကိတ်က စားကောင်းတယ်။ ကျေးဇူးပါပဲ]
ထို့နောက် သူမက ကြယ်ပန်းများစွာ ပို့ပေးလာသည်။ အခြားနှစ်ယောက်ကလည်း ပို့ပေးလာကြ၏။ ဖန်သားပြင်တွင် ကြယ်ပန်းများဖြင့် ပြည့်သွားတော့သည်။
ယွမ့်ထန်း ပြုံးလိုက်သည်။
" မင်းတို့ ပစ္စည်းရောက်မှာကို စောင့်နေတဲ့အချိန်မှာ ကိုယ်တို့တွေ အရွက်စိမ်း အသား ယာဂုလေး မြည်းကြရအောင်လား"
သူက ပြောပြီးသည်နှင့် အဖုံးကို ဖွင့်လိုက်သည်။ ထိုအခါ အပူရှိန်နှင့်အတူ မွှေးပျံ့သည့် ရနံ့က ပျံ့လွင့်လာလေသည်။ ယာရုပျစ်ပျစ်ဟာ တောက်ပနေသော အရွက်စိမ်းလေးများ၊ နှင်းဆီရောင်သန်းသော ၀က်သားကြော်တို့ဖြင့် လှပနေသည်။ ကြည့်လိုက်ရုံဖြင့် စားချင်စိတ်ကို ဖြစ်လာစေသည်။
[ မြောင်မြောင်က ငါးမစားဘူး: မွှေးလိုက်တာ မွှေးလိုက်တာ ငါ သွားရည် ကျနေပြီ]
ယွမ့်ထန်းက ယာဂုကို ပန်းကန်းလုံးငယ်လေးထဲ ခွဲထည့်သည်။ ထို့နောက် အတန်ကြာ မွှေလိုက်ကာ ကြည့်နေသူတွေကို မြည်းချိန်ပေးသည်။
အာလူးကိတ်ကို မြည်းပြီးကတည်းက တင်ဆက်သူ၏ လက်ရာကို သည်ကြည့်ရှုသူတွေက အထင်မသေးကြတော့ပေ။ ထို့ကြောင့် ဇွန်းအပြည့် ပါးစပ်ထဲ ထိုးထည့်ကြတော့၏။
[ သစ်ပင်ကို မဖက်ဘဲ မနေနိုင်ဘူး: အရမ်းကောင်းတယ် ပူတယ်]
[ မြောင်မြောင်က ငါးမစားဘူး: ပူတယ်... ဒါပေမဲ့ အရမ်း ကောင်းတယ်]
အားလုံး မြည်းပြီးပြီဟု ယူဆရသည့်အခါ သူက အနည်းငယ် အေးလာသည့် ယာဂုကို ချကာ ပြောလိုက်သည်။
" ဒီနေ့ရဲ့ တိုက်ရိုက် ထုတ်လွင့်မှုကတော့ ဒီနေရာမှာ ပြီးဆုံးပါပြီ။ မနက်ဖြန်မှ ထပ်တွေ့ကြတာပေါ့"
ထိုသို့ပြောပြီးသည်နှင့် သူက ချက်ချင်းပိတ်ကာ ဧည့်ခန်းထဲသွားပြီး စားတော့သည်။
[မြောင်မြောင်က ငါးမစားဘူး: အာ တစ်မိနစ်လောက် နေပါဦး။ မနက်ဖြန် ဘယ်အချိန် တွေ့မှာလဲလို့!!!!!!]
သို့ရာတွင် တိုက်ရိုက် ထုတ်လွှင့်မှုခန်းက မည်းမှောင်သွားခဲ့ချေပြီ။
ပူပူနွေးနွေး ယာဂုလေးကြောင့် ယွမ့်ထန်း ကျေနပ်သွားသည်။
ရှောင်ပိုင်က ပန်းကန်များကို ဆေးကာ မီးဖိုခန်းကို သန့်ရှင်းသည်။ ဒါက ယွမ့်ထန်းကို ပိုပြီးကျေနပ်စေ၏။
သူက အလင်းဦးနှောက်ကို ဖွင့်လိုက်ကာ တိုက်ရိုက် ထုတ်လွှင့်မှုမှ ရသည့် ပိုက်ဆံတွေကို ကြည့်လိုက်သည်။ သူဒီနေ့ ၈၀၀ရကာ ၆၀၀က အစပိုင်းတွင် သူ့ကို ဆူပူခဲ့သည့် နွေဦး ပျားရည်ထံမှ ဖြစ်သည်။
သူ ပလက်ဖောင်းကို ၄၀၀ပေးရသော်လည်း နောက်ထပ် ၄၀၀ကျန်သေးသည်။ သူ ဟင်းအမယ်ဈေး အပြင် နှစ်ဆပင် ပြန်ရလိုက်သေးသည်။
" တကယ် ကောင်းတာပဲ"
ယွမ့်ထန်း ပြုံးလိုက်သည်။ထို့နောက် သူ ကြယ်နက်ဝေါ့ကို ပိတ်လိုက်၏။ အလွန် ပင်ပန်းနေသဖြင့် သူ အိပ်လိုက်တော့သည်။ သို့သော် သူမသိသည်မှာ ထိုအချိန်တွင် ကြယ်နက်ဝေါ့တွင်မူ သူ၏ တိုက်ရိုက် ထုတ်လွင့်သည့် ဗီဒီယိုက မယုံနိုင်စရာ အရှိန်နှုန်းဖြင့် ပျံ့နှံ့သွားလေပြီ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now