Part 76

1.4K 234 1
                                    

Unicode
အပိုင်း  ၇၆
အမျိုးမျိုးသော ရေမကောင်းဆိုးဝါးဂဏာန်းများက အလွန်အမင်း ကြီးမားလွန်းသည်။ သူတို့အားလုံးကိုသာ ပြုတ်မည်ဆိုလျှင် သီးသန့်ထုတ်လုပ်ထားသည့် ဒယ်စောက်အိုးကဲ့သို့ ကြီးမားသည့် ဒယ်အိုးကြီးများကို အသုံးပြုရပေလိမ့်မည်။ ထို့ကြောင့် ကိုင်တွယ်ရ ခက်ခဲနိုင်သည်။ ထို့ကြောင့် ဂဏာန်းအစပ်လုပ်ရန်အတွက် တိုက်ရိုက်ပင် ခုတ်ပိုင်းလိုက်ခြင်းက ပို၍ပင်ကောင်းသည်။
ဂြိုလ်နံပါတ် ၁၉ မှ ရေ၏အရည်အသွေးက အလွန်ကောင်းမွန်လောက်သည်။ ထိုရေမကောင်းဆိုးဝါးဂဏာန်းများ၏ ကိုယ်ထည်များက ယခင် မြေကမ္ဘာခေတ်ကကဲ့သို့ အညစ်အကြေးများ ရှိနေခြင်းမရှိဘဲ သူတို့၏ အစာခြေဖျက်သည့်စနစ်ကပင် အတန်ငယ် သန့်ရှင်းလွန်းနေသည်။ ကမ်းစပ်တွင် ဂဏာန်းများကို စမ်းသပ်ခဲ့ချိန်က ထိုဂဏာန်းများ၏အတွင်းတွင် အညစ်အကြေးများပင်ဖြစ်စေ၊ မသန့်စင်သောအရာများပင် ဖြစ်စေ မရှိကြောင်း ရှာတွေ့ခဲ့ကြသေးလေသည်။ ထို့ကြောင့် ရိုးရှင်းစွာ ဆေးကြောသန့်ရှင်းလိုက်ရုံမျှဖြင့် တိုက်ရိုက်ပြုတ်ရန် အဆင်သင့်ဖြစ်လေသည်။ သူ၏ယခင်ဘဝကဲ့သို့ ရေထဲသို့ ဦးစွာထည့်စိမ်ထားရန်လည်း မလိုအပ်ပြန်ချေ။
ယွမ့်ထန်းက အလွန်အမင်း ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသည့် ရေမကောင်းဆိုးဝါးများကို ထုတ်လိုက်ကြောင်း မြင်သောအခါ ကြည့်ရှုနေသူများ အားလုံးက ထိတ်လန့်နေကြသည်။ သူတို့က ဂြိုလ်နံပါတ် ၁၉ မှနေထိုင်သူများကဲ့သို့ ထိုရေမကောင်းဆိုးဝါးအပေါ် နက်ရှိုင်းသည့် ကြောက်လန့်သည့်ခံစားချက်မျိုး မရှိနေသော်လည်း ထိုအကောင်များကို မြင်ရုံဖြင့်ပင် မစားနိုင်လောက်အောင် ထိတ်လန့်မိကြသည်။
[မြစ်ကမ်းဘေးမှာ လမ်းလျှောက်နေတဲ့ ၂၃၃ .. ဒါကြီးက ရုပ်ဆိုးလွန်းမနေဘူးလား၊ စားလို့ရပါ့မလား]
[ကြောင်ကြယ် .. တင်ဆက်သူကို ယုံကြည်ထားရအောင် တင်ဆက်သူက ဒါကို စားလို့ရတယ်ဆိုမှတော့ စားလို့ရလို့ပေါ့၊ အရင်က ငါးကလည်း အရမ်းရုပ်ဆိုးတာပဲ မဟုတ်ဘူးလား၊ နောက်တော့ အရမ်းအရသာရှိတယ်လေ ဟုတ်ပြီလား]
[အိုင်တီ ၁၈၂၂၀၁၀၂ .. အပေါ်က ကွန့်မန့်ကပြောတဲ့စကားက လက်ခံနိုင်စရာပဲ]
ယွမ့်ထန်းက ဂဏာန်းခွံကိုခွဲပြီး အတွင်းမှ သည်းခြေနှင့်ဝမ်းဗိုက်နေရာမှ အညစ်အကြေးများကို ဖယ်ရှားလိုက်သည်။ ထို့နောက် အထူးပြုလုပ်ထားသည့် မီးဖိုချောင်သုံးဓါးကို ကောက်ကိုင်လိုက်ကာ ခန္ဓာကိုယ်ကို ရှစ်ပိုင်းလှီးဖြတ်လိုက်တော့ သည်။ ခြေထောက်ရှစ်ဖက်ကို တစ်ခုချင်းစီ လှီးဖြတ်လိုက်ပြီး ကြီးမားသည့် လက်မကြီးကိုလည်း တစ်ခုချင်းစီ ခုတ်ဖြတ်လိုက်သည်။ သူက သေးငယ်သည့် အထူးပြုလုပ်ထားသည့် သွားပွတ်တံတစ်ခုကိုယူလိုက်ကာ ထိုရေမကောင်းဆိုးဝါးများကို ဂရုတစိုက် ပွတ်တိုက်တော့သည်။ ထိုရေမကောင်းဆိုးဝါးဂဏာန်းက အမဖြစ်နေသည်။ ထို့ကြောင့် ဗိုက်ကို ဖွင့်လိုက်သည့်အခါ အနီရောင်ဂဏာန်းဆီများကို မြင်လိုက်ရသည်။ ပမာဏက အလွန်များနေသည်။ ယွမ့်ထန်းကလည်း ထိုဂဏာန်းဆီများက ချက်ပြီးလျှင် မည်မျှအရသာရှိမည်ဖြစ်ကြောင်း တွေးတောကာ သွားရည်ကျလာတော့သည်။
ဂျင်း၊ ကြက်သွန်ဖြူနှင့် အနီရဲရဲငရုတ်ပွတောင့်များကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် ခုတ်ပိုင်းလိုက်သည်။
သူက ခုတ်ပိုင်းထားပြီးသား မကောင်းဆိုးဝါးဂဏာန်းကြီးကို အထူးပြင်ဆင်ကာ ဒီဇိုင်းဆွဲထားသော ပြုတ်အိုးထဲသို့ ထည့်လိုက်ပြီး ဆယ်မိနစ်ကြာ ပြုတ်ထားလိုက်သည်။ အပူချိန်က မြှင့်ထားသောကြောင့် ထိုဂဏာန်းကစတင်ပြီး လျင်မြန်သော အရှိန်နှုန်းဖြင့် အရောင်ပြောင်းလာတော့သည်။ ရေမကောင်းဆိုးဝါးဂဏာန်းကို ပြုတ်ထားပြီးနောက် ယွမ့်ထန်းက ဂဏာန်းခြေထောက်ကို အလယ်မှ မာကြောကြီးမားသည့် ကတ်ကြေး တစ်စုံဖြင့် ညှပ်ဖြတ်လိုက်သည်။ သူတို့က နောက်ပိုင်းတွင် မွှေကာကြော်မည် ဖြစ်သောကြောင့် အရသာပို၍ စုပ်ယူနိုင်ရန် လိုအပ်လေသည်။
နောက်တစ်ဆင့်အနေနှင့် သူက ဒယ်ပြားကို ထုတ်လိုက်ပြီး သူ ကြိတ်ချေထားပြီးသား ဖြစ်သည့် ဂျင်းနှင့်ကြက်သွန်ဖြူတို့ကို အတူရောကာ မွှေသည်။ ထို့နောက် ငရုတ်ပွအနီတောင့်များနှင့် ငရုတ်ကောင်းမှုန့်များကို ထည့်သည်။ အလွန်ပြင်းထန်သည့် အစပ်ရနံ့က ဂျင်းနှင့်ကြက်သွန်ဖြူရနံ့တို့နှင့်အတူ ပေါင်းကာ ပျံ့နှံ့ထွက်လာတော့သည်။ ဟော်ညီအစ်ကိုက သွားရည်ကျမတတ် ဖြစ်လာသည်။ သို့ရာတွင် ပတ်ဝန်းကျင်ရှိလူများနှင့် စစ်တန်းလျားမှ တပ်ဖွဲ့ဝင်များကမူ သဘာဝအရသာများကို အရသာမခံဖူးသည့်အလျောက် ပြင်းထန်သည့်ရနံ့ကြောင့် ကျင့်သားမရလေဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိကြသည်။ အချို့လူများဆိုလျှင် နှာချေနေကြလေသည်။
ယွမ့်ထန်းက ဒယ်ပြားထဲသို့ ရေမကောင်းဆိုးဝါးဂဏာန်းကို လောင်းထည့်လိုက်ပြီး စတင်ကာ ခပ်ကြမ်းကြမ်း မွှေကြော်တော့သည်။ အချိန်တစ်ခု ကြာပြီးနောက်တွင် သူ၏နဖူးတွင်ပင် ချွေးစက်များ တွဲလွဲခိုလာသည်။ ထိုမကောင်းဆိုးဝါးဂဏာန်းက အလွန်အမင်း ကြီးမားသောကြောင့် ကြော်သည့်အခါ အားအင်စိုက်ထုတ်ရသည်။ သို့သော် သူက မွှေကြော်နေသောကြောင့် အဓိပ္ပါယ်ဖော်ပြ၍မရသော ချိုမြိန်သည့်ရနံ့နှင့်အတူ အစိမ့်ရနံ့ကတွဲလျက် ထွက်ပေါ်နေလေတော့သည်။
ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများက တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်ကြပြီး တံထွေးမြိုချ နေကြသည်။ ထိုအသံက အံ့အားသင့်စရာ ကောင်းလောက်အောင် ကျယ်နေလေသည်။
ရေမကောင်းဆိုးဝါးဂဏာန်းက ပြုတ်၍ပြီးတော့မည် ဖြစ်ကြောင်း မြင်သောအခါ ယွမ့်ထန်းကလည်း ပဲငန်ပြာရည်အချို့ကို လောင်းထည့် လိုက်တော့သည်။ ထို့အပြင် အချဉ်ရည်နှင့် သုန့်ပန်းကျန်းတို့ကို လောင်းထည့်ကာ အချိန်အတန်ကြာသည်အထိ ဆက်တိုက်မွှေပေးနေလိုက်သည်။ အလွန်ပြင်းထန်သည့်ရနံ့များ ထွက်ပေါ်နေသော ပန်းကန်ပြားအပြည့်ရှိနေသည်။ ကြည့်၍ကောင်းသလို အစပ်အရသာကလည်းရှိပြီး ချိုမြိန်မှုကို ခံစားရစေမည့် ဂဏာန်းအစပ်က ပြီးဆုံးသွားလေသည်။
“ဂဏာန်းအစပ်ကတော့ အဆင်သင့်ပါပဲ စားကြည့်ရအောင်”
[ရှီကျိုမော့ရန် .. ဒါကို ဘယ်လိုစားရမှာလဲ]
[ဧပရယ်လရဲ့သားမွှေးလည်ပင်းထောင်က အမွှေးလေးတွေက လည်ပင်းကို ပွတ်သပ်ကျီစယ်နေပြီ .. ငါတို့ အတွင်းသားကို စားရမှာလား၊ ဒါပေမယ့် အခွံက အရမ်းမာလွန်းတယ်လေ အား အခွံအပေါ်မှာ ဆူးချွန်တွေလည်း ရှိနေသေးတယ်]
[မြောင်မြောင်က တင်ဆက်သူချက်သမျှ ဟင်းလျာတိုင်းကိုကြိုက်တယ် .. ငါ့ရဲ့သွားက ကျွတ်သွားလိမ့်မယ် .. ]
ယွမ့်ထန်း၏ပရိတ်သတ်များက အစားကြူးသောလူများ ဖြစ်နေသော်လည်း သူတို့က သည်လိုမကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ရသည့်အခါ မည်သို့စားရမည်မှန်း မသိကြတော့ချေ။ ယွမ့်ထန်းက ထိုအခြေအနေကို မြင်သောအခါ ဂဏာန်းခြေထောက်တစ်ခုကို ကောက်ကိုင်လိုက်ပြီးနောက်တွင် သေးငယ်သော ဂဏာန်းအလေးအဖြစ် အခွံကို နည်းနည်းဆီခွာသည်။ ထို့နောက် ဂဏာန်းအသားကို အပြင်သို့ ယူထုတ်လိုက်တော့သည်။ အနီရောင်နှင့်အဖြူရောင်ရောယှက်နေသည့် ထိုဂဏာန်းအသားက ပန်းကန်ပြားပေါ်သို့ ညင်သာစွာဖြင့် အတင်ခံရသည်။ ထိပ်တန်းအဆင့် လိုင်ချီးသီးလိုမျိုး ချောမွေ့ကာ တောက်ပနေသေးသည်။ ပြုတ်ထားသောကြောင့် အရသာရှိသည့်ရနံ့ကလည်း သိပ်သည်းစွာ ထွက်ပေါ်နေတော့သည်။ ထို့ကြောင့် အဝေးမှ ကြည့်ရှုနေသူများကိုပင် ဆွဲဆောင်သွားသည်။ သည်တစ်ကြိမ်တွင် ယွမ့်ထန်းက သူတို့ကို ညွှန်ကြားရန် မလိုတော့လေဘဲ အပြေးအလွှား စားကြတော့သည်။
[ငါက စတော်ဘယ်ရီသီးမဟုတ်ဘူး .. သေစမ်း အသားက နူးအိလတ်ဆတ် နေတာပဲ၊ အရသာအရမ်းရှိပြီး မွှေးတယ်]
[အဖွားပေါင်လျန် .. ဟုတ်တယ်ဟုတ်တယ် အသားက မတရားကို အရသာရှိလွန်းပြီး တအားလည်းစပ်တယ်၊ ဒါက ဘယ်လိုပါဝင်ပစ္စည်းလဲ၊ ဘာလို့ဒီလောက်အထိ အရသာရှိနေရတာလဲ]
[ဘယ်သူကမှ ငါနဲ့အတူ ဒီခုံမှာမရပ်ရဲဘူး .. သူက ကြည့်ရဆိုးပေမယ့် အရသာက သောက်ရမ်းရှိတယ် ဟား ဟား ဟား ဟား]
ယွမ့်ထန်းက အစပ်အချည်ရည်အစပ်ဆီဖြင့် ကြော်ထားသည့် ထိုဂဏာန်းက အလွန်အမင်း တောက်ပလွန်းနေသည်။ အခွံက သိပ်သည်းသော အနှစ်များကြားသို့ ရောက်နေလေပြီး ထိုအခွံကို ခွာလိုက်ချိန်တွင် အလွန်အမင်း အရသာရှိသည့် ဂဏာန်းအသားက ထွက်ပေါ်လာမည်ဖြစ်သည်။ ယွမ့်ထန်းကလည်း ထိုဂဏာန်းကို အပူချိန်မြင့်မြင့်ဖြင့် ကြော်ထားသောကြောင့် အရသာကို အပြည့်အဝ စုပ်ယူထားပြီးသားလည်း ဖြစ်သည်။ အစပ်အရသာနှင့်အချိုအရသာက ပေါင်းစပ်နေပြီး အလွန်အရသာ ရှိလွန်းသည်။ သူက ဂဏာန်းအရှင်ကိုထည့်ကာ ချက်ခဲ့သောကြောင့် အသားက အပြည့်ရှိနေခဲ့ကာ နူးညံ့ချောမွေ့လွန်းနေလေသည်။ အသား၏နူးညံ့မှုဟာ အလွန်အမင်း ကောင်းမွန်လွန်းနေသည်။ ထို့ကြောင့် မည်သူကမျှ စားသောက်ခြင်းကို မရပ်တန့်နိုင်ကြတော့ချေ။
ယွမ့်ထန်းက ဂဏာန်း၏အဓိကအပိုင်းကို ထုတ်လိုက်ပြီးနောက် အစိတ်စိတ်အပိုင်းပိုင်း ပိုင်းဖြတ်လိုက်ပြန်သည်။ အထဲတွင်လည်း လိမ္မော်နီရောင် ဂဏာန်းဆီက အပြည့်ရှိနေသည်။ အနီရဲရဲအချဉ်ရည်က ရောယှက်နေသည့်အခါ တောက်ပသည့် နေရောင်အောက်တွင်ပင် တလက်လက် တောက်ပနေတော့သည်။
“ဒါက ဂဏာန်းဆီပဲ၊ ဂဏာန်းရဲ့အကောင်းဆုံးအပိုင်းပေါ့၊ စားကြည့်ကြပါ”
[အချစ်ဆေးရည် .. အိုးအရသာရှိတယ် အရသာရှိတယ် အရသာရှိတယ် အရမ်းအရမ်းကောင်းတယ်]
ဂဏာန်းအသားကဲ့သို့ ကြည်လင်ကာ ချိုမြိန်သောအရသာမျိုးနှင့် နှိုင်းယှဉ်သော် ဂဏာန်းဝါရောင်အသား၏ အရသာက အနည်းငယ်မာကြောပြီး ခပ်ထုတ်ထုတ်အရသာမျိုး ဖြစ်နေသေးသည်။ သို့သော် အရသာက လေးသည်။ တစ်ချက်ကိုက်လိုက်ရုံမျှဖြင့် ပါးစပ်အပြည့်ကောင်းမွန်လွန်းသည့် ထိုအသားအရသာက ပြည့်နှက်လွှမ်းခြုံသွားမည် ဖြစ်သည်။ ထိုအရသာက အကျက်ပြုတ်ထားသော ကြက်ဥအနှစ်အရသာနှင့်ပင် တူနေသေးလေသည်။ သို့သော် ခြောက်ကပ်မှု မရှိချေ။ ကိုက်ချလိုက်ပြီးနောက်တွင် အရည်က အထဲမှ စိမ့်ထွက်လာမည်ဖြစ်ကာ ထိုအရသာကသာ လျှာပေါ်ပျံ့လွင့် သွားတော့သည်။ အလွန်အမင်း အရသာရှိလွန်းလှ၏။
[သစ်ပင်မဖက်ဘဲမနေနိုင်ဘူး .. အားအား အား ငါ သေပြီ၊ ငါ သေသွားပြီ၊ ဘယ်လိုတောင် ဒဏ္ဍာရီဝင်တဲ့ပါဝင်ပစ္စည်းလဲ၊ ဒီဂဏာန်းဆီက အရမ်းကောင်းတယ်]
သူတို့က ထိုမကောင်းဆိုးဝါးဂဏာန်း၏ အကျိုးရလဒ်များကို နားလည်လိုက်ပြီ ဖြစ်သောကြောင့် ဂဏာန်းများကို ကြည့်သောအကြည့်ထဲတွင်ပင် ရင်းနှီးကျွမ်းဝင်သလို ဖြစ်သွားကြလေသည်။ အတန်ငယ်ထူးဆန်းသည်ဟု ခံစားရသည့်တိုင်အောင် ထိုဂဏာန်းများက ချစ်စရာကောင်းလွန်းနေသည်ဟု သူတို့က ခံစားမိသွားကြသည်။
[ဆားစိမ်ငါးကလည်းငါးပါပဲ .. ငါ အစက သူ့ကိုကြည့်တာ ရုပ်ဆိုးတယ်ပေါ့၊ ဒါပေမယ့် အနီးကပ်ကြည့်လိုက်တော့မှ တော်တော်လေးကိုကြည့်ကောင်းတာပဲ]
[ပေပီယွမ် .. အခွံက တော်တော်လေးမာတယ်ဆိုပေမယ့်လည်း အထဲမှာအသားတွေက အပြည့်ပဲ၊ ဒီအတိုင်း အပေါ်ယံကြည့်ပြီး အရာအားလုံးကို ဆုံးဖြတ်လို့မရဘူးဆိုတာ ငါတို့ကို ပြသသွားတာပဲ တင်ဆက်သူ တင်ဆက်သူ ဒီဂဏာန်းက အကယ်ဒမီသိပ္ပံက ပြန်လည်ထုတ်လုပ်ပေးနိုင်မယ့် ပါဝင်ပစ္စည်းအသစ် မဟုတ်လား၊ ငါ ရှော့ပင်းဆိုက်မှာ သွားကြည့်ထားပေမယ့် မမြင်ရသေးဘူး]
“မင်းတို့အနေနဲ့ ဒီပါဝင်ပစ္စည်းအသစ်ကို အကယ်ဒမီသိပ္ပံက ထုတ်လုပ်ထားတယ်လို့ သတ်မှတ်လို့ရပေမယ့် အတိအကျ ထုတ်လုပ်ထားတာတော့ မဟုတ်ဘူး၊ ဒါက ဂြိုလ်နံပါတ် ၁၉ ရဲ့ ထူးခြားတဲ့ထုတ်ကုန်တစ်ခုလို့ပဲ သတ်မှတ်သင့်တယ်”
ယွမ့်ထန်းက အပြုံးနှင့်ပြောသည်။
[ရန်ကျင်း .. ထူးခြားတဲ့ထုတ်ကုန်ဟုတ်လား၊ ဂြိုလ်နံပါတ် ၁၉ က အရမ်းချောင်ကျပြီး ခေတ်နောက်ပြန်ဆွဲနေတာ မဟုတ်ဘူးလား]
[အထီးကျန်တောင်တန်းရဲ့ရှောင်း .. ချောင်ကျတဲ့နေရာမှာ ထူးခြားတဲ့ပစ္စည်းတွေ မရှိနိုင်တော့ဘူးလား လက်မြှောက်နေတဲ့ပုံ၊ ဒီဂဏာန်းကိုသာ အနာဂတ်မှာ ရှော့ပင်းဆိုက်မှာ ရောင်းမရောင်းဆိုတာကို ပိုပြီးစိတ်ဝင်စားတယ်၊ ဒီလိုအရသာရှိတဲ့ စားစရာမျိုးကို တစ်ကြိမ်တည်း စားဖူးလို့တော့မဖြစ်ဘူးပဲ]
“ဟုတ်တယ် အားလုံးပဲ စိတ်အေးအေးထားကြပါ၊ ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်ပြသွားတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးက ဂြိုလ်နံပါတ် ၁၉ က သီးသန့်ထွက်တဲ့ ထုတ်ကုန်တွေပါပဲ၊ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးရင် ရှော့ပင်းဆိုက်မှာ တင်ရောင်းနိုင်မှာပါ၊ အားလုံးပဲ စိတ်ရှည်ရှည် စောင့်ပေးကြပါ”
ယွမ့်ထန်းက ကြည့်ရှုသူများကို ဖြေသည်။ ထို့နောက် သူက နောက်ထပ်ဟင်းလျာတစ်ခုကို စတင်ပြင်ဆင်တော့သည်။
“ကိုယ် နောက်ထပ်လုပ်ပြမှာကတော့ ချိစ်ကျောက်ပုစွန်ပဲ”
ကျောက်ပုစွန်များက ဂဏာန်းများထက် ပို၍ ကိုင်တွယ်ရ လွယ်ကူလေသည်။ သွားပွတ်တံကဲ့သို့ ပစ္စည်းလေးဖြင့် ဂရုတစိုက် ဆေးကြောသန့်ရှင်းပြီးနောက်တွင် သူက အလယ်မှ ခွဲလိုက်သည်။ ထို့နောက် လက်မများကိုလည်း ညှပ်ထုတ်လိုက်ပြီးသည်နှင့် ထိုအခွံများကိုခွဲ၍ ရသွားလေသည်။
ကျောက်ပုစွန်၏ပုံပန်းသွင်ပြင်က ဂဏာန်းထက်ပို၍ ရုပ်ဆိုးသည်။ မျက်နှာကလည်း ကြောက်မက်ဖွယ်ကောင်းပြီး အခွံများကလည်း အနီရင့်ရောင်ဖြစ်ကာ အနီရင့်လွန်းသဖြင့် မဲလုမတတ် ဖြစ်နေလေပြီ။ ထို့ကြောင့် ပို၍ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းလွန်း နေလေရာ ကြည့်ရှုသူများက ကြက်သီးထသွားကြသည်။
[ပန်းတွေကလည်း စိတ်ရှုပ်နေပြီ .. ဒီပါဝင်ပစ္စည်းတွေက ဘာလို့ ရုပ်ဆိုးသထက် ရုပ်ဆိုးလာတာလဲ]
[ယောဂကိုပဲ အာရုံစိုက်နေတဲ့သခင်မရှင်း .. ဒါပေမယ့် သူတို့က အရသာရှိတယ်၊ သူတို့က စကြာဝဠာကြီးရဲ့နတ်ဘုရားက တံခါးကိုပိတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ တင်ဆက်သူက တံခါးကို ဖွင့်ပေးလိုက်သလိုမျိုးပဲ လေးစားဖို့ကောင်းလွန်းပါတယ် အဟားအဟား]
ယွမ့်ထန်းက ထိုကွန်မန့်ကို မြင်လိုက်သောအခါ ရယ်တော့သည်။ သူက ကျောက်ပုစွန်၏ကိုယ်အနှံ့ကို ဆားအတန်ငယ် ဖြူးလိုက်သည်။ သွားပွတ်တံလေးကိုသုံးပြီး ကြိတ်‌ခြေထားသော ဂျင်းနှင့်ဆီကို ရောနှောလိုက်တော့သည်။ ထို့နောက် သူက ချိစ်များကို အပေါ်မှ ခပ်ထူထူ စမ်းလိုက်ပြီးနောက် အိုဗန်ထဲ ထည့်လိုက်ပြီးနောက် ဆယ်မိနစ်ဖုတ်ထားလိုက်သည်။
စောင့်ဆိုင်းနေရင်းမှ ယွမ့်ထန်းက ပင်လယ်ကမာများကို ယူပြီး စတင်ကာ ပြင်ဆင်တော့သည်။ ထိုပင်လယ်ကမာများက အရွယ်ရောက်ပြီး လူတစ်ယောက်၏ လက်ဝါးနှစ်ဖက်စာမျှကြီးသည်။ ထို့ကြောင့် မြေကမ္ဘာခေတ်မှ ကမာဘုရင်ထက်ပင် ပို၍ကြီးမားနေပေတော့သည်။ ထို့ကြောင့် အစစ်အမှန် ကမာဘုရင်များဟုပင် ခေါ်သင့်သည်။
ယွမ့်ထန်းက သေးငယ်သော သွားပွတ်တံလေးကိုယူပြန်ကာ အခွံများကို ဆေးကြောပြန်သည်။ ထို့နောက် ဓါးကိုသုံးပြီးဖွင့်ရန် ကြိုးစားသည်။ သူက သည်ခေတ်ကမာကောင်၏ခွန်အားကို လျှော့တွတ်သွားမိဟန် ရသည်။ သူက အားအင်အားလုံး ကုန်ဆုံးသွားလုနီးပါးခံစားရပြီး ဆက်တိုက်ကြိုးစားသည့်တိုင်အောင် ကမာကိုခွဲ၍မရချေ။
[အမြဲတမ်း .. တင်ဆက်သူရဲ့မျက်နှာက နီရဲနေပြီ သနားစရာကောင်းလိုက်တာ၊ ဟား ဟား ဟား ဟား ဟား]
[အားချွမ် .. ဟား ဟား ဟား ငါ မရယ်သင့်မှန်း ငါ သိပါတယ်၊ ဒါပေမယ့် မနေနိုင်ဘူး]
[ကေကေချီ .. တင်ဆက်သူ လာပါ၊ ကြိုးစားထား ဟား ဟား ဟား ဟား ဟား]
ပရိတ်သတ်များ၏စနောက်မှုကိုမြင်ရသောအခါ ယွမ့်ထန်း၏မျက်နှာက ပို၍ပင်နီရဲလာတော့သည်။ ထို့ကြောင့် ကွန့်မန့်များကလည်း ဟား ဟား ဟားနှင့်သာ ပြည့်နှက်သွားတော့သည်။
ဒါက သိပ္ပံနည်းမကျဘူး …
သူတို့ ကမ်းစပ်တွင်စစ်ဆေးခဲ့ချိန်က ဟော်ယွန်ချန်းက အသာအယာလက်ဖြင့် ဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သေချာနေသည်။ သို့သော် ကြည့်ရှုသူများက လှောင်ရယ်နေကြချိန်မှာပင် ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်သည့် ဖန်သားပြင်ထဲသို့ လက်တစ်စုံက ဝင်ရောက်လာကြောင်းကို ကြည့်ရှုသူများက မြင်လိုက်ရသည်။ ထိုလက်က ယွမ့်ထန်း၏လက်ထဲမှ ဓါးနှင့်ကမာကောင်ကို ယူသွားပြီး ယွမ့်ထန်းနည်းတူ လုပ်လိုက်သည်။ ယွမ့်ထန်း၏လက်ထဲတွင် အလွန်ရုန်းကန်နေရသည့် ထိုကမာခွံက အသာအယာ ပွင့်ထွက်သွားသည်။
[ဂြိုလ်သား .. အံ့ဩစရာကောင်းလိုက်တာ၊ ငါတို့ရဲ့ တင်ဆက်သူကို ဆိုးရွားတဲ့အခြေအနေကနေ ကယ်ဆယ်လိုက်တဲ့ သူရဲကောင်းကယ်တင်ရှင်က ဘယ်သူလဲ]
[တောင်ပိုင်းက အာဘော် .. အလွယ်တကူဖွင့်လို့ရသားပဲ နောက်ဆုံးတော့ အသုံးပြုလို့ရသွားပြီ ဟား ဟား]
ယွမ့်ထန်းကလည်း မျက်နှာကို တင်းထားသည်။ သူက ဟော်ယွန်ချန်း၏လက်ထဲမှ ဖွင့်ပြီးသား ပင်လယ်ကမာကို ယူလိုက်သည်။ သူက အသားတစ်ဝက်ကို ယူပြီးသည်နှင့် အခွံကို ဖယ်ရှားလိုက်သည်။ သူက ကမာကျောဘက်ပေါ်မှ မျက်တောင်ပုံသဏ္ဍာန်ရှိသည့် ဂဏာန်းများနှင့် အခြားသောအနက်ရောင်အရာများကို ဖယ်ရှားလိုက်သည်။ သူက ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းတို့ကြိတ်ခြေပြီးလုပ်ထားသည့်အရည်ဖြင့် အပေါ်မှစမ်းပြီးနောက်တွင် အချိန်အတန်ကြာနှပ်ထားလိုက်သည်။
သူက ဒယ်ပြားကို ယူထုတ်လိုက်ပြီးသည်နှင့် မွှေးပျံ့သည့်ရနံ့ထွက်လာသည်အထိ ကြက်သွန်ဖြူကို ထည့်ကာ ဆီသပ်ထားလိုက်သည်။ ထို့နောက် ခပ်ထုတ်လိုက်ပြီး ဘေးဘက်တွင် ထားထားလိုက်ပြန်သည်။
ယွမ့်ထန်းက ပဲငန်ပြာရည်နှင့်ကြော်ထားသော ကြက်သွန်ဖြူအရည်နှင့် ကမာကောင်များကို စိမ်ထားလိုက်သည်။ ထို့နောက် ပြုတ်အိုးထဲသို့ထည့်လိုက်ပြီး ငါးမိနစ်ကြာအောင် အပူချိန်မြင့်မြင့်ဖြင့် ပြုတ်တော့သည်။ တောက်ပနေသည့် အစိမ်းရောင်ကြက်သွန်နီများ ဖြူးပြီးနောက်တွင် ကြက်သွန်ဖြူကမာက ပြီးပြည့်စုံသွားလေပြီ။ အကယ်ဒမီသိပ္ပံက လိုက်ဖက်သည့်ခေါက်ဆွဲတစ်မျိုးကို မလေ့လာရသေးသည်မှာ နှမြောစရာကောင်းသည်။ မဟုတ်လျှင် သည်နှစ်ခုက အလွန်အမင်း လိုက်ဖက်ပြီး အရသာအလွန်ရှိနေတော့မည်ဖြစ်သည်။
ကမာကောင်များ၏အရွယ်အစား ကြီးမားလွန်းသောကြောင့် သီးသန့်ပြင်ဆင်ထားသည့် ပြုတ်အိုးတစ်ခုတွင် ကမာနှစ်ကောင်သာလျှင် ထည့်လိုက်နိုင်လေသည်။ အလယ်ဗဟိုတွင် မီးခိုးဖျော့ရောင်အခွံများနှင့် ဖြူဖွေးပြီး လတ်ဆတ်သည့် ပင်လယ်စာအသားများက အပြည့်ရှိနေသည်။ ထို့ကြောင့် အညိုရောင်အချဉ်ထဲတွင် တိမ်စင်များ ရစ်သိုင်းလာသည်နှင့်ပင် တူနေတော့လေသည်။ ဘေးဘက်မှ အစိမ်းရောင်ကြက်သွန်နီများနှင့် ကြက်သွန်ဖြူများ၊ ဂျင်းများ ဝန်းရံထားသည့်အခါ အလွန်အမင်းဆွဲဆောင်မှု ပြင်းထန်နေတော့သည်။
ယွမ့်ထန်းက အသားကိုသေးငယ်သော လေးပိုင်းပိုင်းပြီးနောက်တွင် ကြည့်ရှုသူများကို မြည်းစမ်းခိုင်းလိုက်သည်။
[အန်းရှီရုန့်ချန် .. အရသာရှိတယ် အရသာရှိတယ် အရသာရှိတယ်၊ ဘာလို့ ဒီကမာက အရမ်းအရသာရှိနေရပြန်တာလဲ]
[ညနေဆည်းဆာအရက်သမား .. အဓိကသော့ချက်ကတော့ မခက်ခဲတာပဲ၊ ငါ့လို မီးဖိုချောင် လူသတ်သမားတောင်မှ စမ်းကြည့်နိုင်လောက်တယ်]
ကမာကောင်များ၏အရသာက အလွန်အမင်း စား၍ကောင်းသည်။ မှိုများနှင့်အတူ ကြွပ်ဆတ်နေသော်လည်း ဝါး၍ အလွန်ကောင်းသည့်အပြင် ချိုမြိန်မှုကလည်း တစွန်းတစ ပါနေလေသည်။ ထို့အပြင် ပင်လယ်စာအတွက် လိုက်ဖက်သည့် အငန်ဓါတ်အရသာကလည်းပါသည်။
[ပါးပါးပါး .. ဂြိုလ်နံပါတ် ၁၉ မှာ ဒီလောက်အရသာရှိတဲ့ ပါဝင်ပစ္စည်းတွေရှိမယ်လို့ ငါ လုံးဝ မထင်ထားမိဘူး၊ ငါက ဂြိုလ်နံပါတ် ၁၉ နားမှာနေတာ၊ ငါ ရုတ်တရက် အဲ့ဒီနေရာကို အာကာသသင်္ဘောစီးသွားပြီး သွားဝယ်ချင်နေပြီ]
[ကျောင်ချွိုင် .. အပေါ်က ကွန်မန့်မန့်သွားတဲ့တစ်ယောက် မင်းက အိပ်မက်ကနေ နိုးအောင် ငါ့ကိုလုပ်ထားတာပဲ၊ ငါ ဂြိုလ်နံပါတ် ၂၃ မှာနေတာ၊ ငါ ဒီနေရာကနေ အာကာသသင်္ဘောစီးသွားရင် နာရီဝက်တောင်မကြာဘူး၊ ငါ အခုပဲ လက်မှတ်ပြေးဝယ်တော့မယ်၊ ငါ ကမာကောင်အများကြီးဝယ်ပြီး အိမ်မှာချက်စားမယ်]
ယွမ့်ထန်းက ရယ်ရခက်ငိုရခက် ဖြစ်သွားသည်။
“ဒီပါဝင်ပစ္စည်းတွေက အခုမှ လုံခြုံကြောင်း စစ်ဆေးပြီးကာစဖြစ်လို့ တရားဝင်ရောင်းချလို့ မရသေးပါဘူး၊ ဂြိုလ်နံပါတ် ၁၉ ကိုလာမယ်ဆိုရင်တောင်မှ စားလို့ရအုံးမယ်မထင်ဘူး၊ ဒီတော့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပေးကြပါအုံး ..”
ထိုမကောင်းဆိုးဝါးများကို စားလို့ရပြီး လုံခြုံသော ပါဝင်ပစ္စည်းများဖြစ်ကြောင်း စမ်းသပ်ပြီးနောက် ဟော်ယွန်ရီက ပြည်တွင်းအစိုးရနှင့်ဆက်သွယ်ကာ အင်ပါယာ၏ကိုယ်စား ပြည်တွင်း ထူးခြားထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် ဆွေးနွေးရအုံးမည် ဖြစ်သည်။ ထိုရေမကောင်းဆိုးဝါးများက သည်ပြည်တွင်းအစိုးရကို နှစ်ပေါင်းများစွာ ဒုက္ခပေးလာခဲ့ကြခြင်းဖြစ်ကာ သူတို့က ဖြေရှင်းချက် ရသွားသည်သာမကလေဘဲ သည်ဂြိုလ်၏ ဝင်ငွေအရင်းအမြစ်လည်း ဖြစ်လာသေးသည်။ သဘာဝကျကျပင် တစ်ဖက်က အပြင်းအထန် ထောက်ပံ့ပေးတော့သည်။ သို့ရာတွင် အချို့သော အသေးစိတ် လုပ်ဆောင်ရမည့်ကိစ္စများက ဆွေးနွေးရန် လိုအပ်နေသေးသည်။ ထို့ကြောင့် ရက်အနည်းငယ်ကြာပြီးမှသာလျှင် အများပြည်သူ ဝယ်ယူနိုင်ရန် ရောင်းချနိုင်လောက်သည်။
ဂြိုလ်နံပါတ် ၁၉ က အမြဲတစေ ပြဿနာကြီးကို ရင်ဆိုင်နေရပြီး ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကောင်းမွန်သော လူငယ်များကလည်း သည်နေရာတွင် အသက်အရွယ်ကြီးသည်အထိ မနေနိုင်ကြဘဲ အခြားနေရာတွင်သာ အလုပ်သွားရှာခဲ့ရသည်။ လူအနည်းစုသာ သည်နေရာသို့ ပြန်လာရန် ဆန္ဒရှိကြသည်။ ထို့ကြောင့် သူတို့ ဂြိုလ်နံပါတ်၁၉မှ ကျော်ကြားသူများကို မွေးထုတ်ပေးသည့်တိုင်အောင် သည်ဂြိုလ်က စွန့်ပစ်နယ်မြေတစ်ခု ဖြစ်နေပြီး နောက်ပြန်ဆွဲနေခြင်း ဖြစ်သည်။
ထိုရေမကောင်းဆိုးဝါးများထုတ်ကုန်ကို ထုတ်လုပ်ရန်အတွက် သဘောတူညီမှု ပြီးဆုံးသွားပြီးသည်နှင့် လုပ်စရာကိစ္စများစွာက ရှိနေသေးသည်။ အကြောင်းမူကား ထိုမကောင်းဆိုးဝါးများကို ဖမ်းယူရန်ကိစ္စက သာမန်လူများ မလုပ်နိုင်ချေ။ အရည်အသွေးရှိ ပါရမီကြီးသောလူများကို လိုအပ်နေပြန်သည်။ ထိုအချက်များအပြင် ထိုသတ္တဝါများက ဂြိုလ်နံပါတ်၁၉မှ သီးသန့်တည်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် တန်ကြေးကြီးကြီးဖြင့် ဝယ်ယူရန် လိုအပ်နေလေပြီး ထိုတန်ကြေးကြီးလေလေ တစ်ဖက်က အကျိုးအမြတ်များများ ပေးနိုင်လေလေဖြစ်ကာ သည်ဂြိုလ်က ဖွံ့ဖြိုးတိုးတက်လာတော့မည်မှာ သေချာသည်။ ထိုနည်းအားဖြင့် ပါရမီကြီးသောလူများကလည်း သည်နေရာတွင် ဆက်နေလောက်သည်။
သူတို့ကသာ သည်ဂြိုလ်နံပါတ်၁၉မှ ထုတ်ကုန်ကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်သမျှ ကာလပတ်လုံး အောင်မြင်သည့်လမ်းကြောင်းသို့ ရောက်သွားပေလိမ့်မည်။
ပြည်တွင်းအစိုးရမှ ခေါင်းဆောင်များ၏ မျက်ဝန်းကမူ တောက်လောင်သထက် တောက်လောင်လာတော့သည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now