part 6

1.8K 276 0
                                    

Unicode

အပိုင်း (၆) ဝက်ဗိုက်သား အာလူး ခေါက်ဆွဲ
မိနစ်ပိုင်းအတွင်းတင် အွန်လိုင်းမှ ကြည့်ရှုသူ အရေအတွက်က ဆက်တိုက် တိုးတက်လာခဲ့ကာ ဂဏန်းလေးလုံး ကျော်သွားသည်။ ထိုသို့တိုင် ဆက်လက် တိုးနေသေးပေ၏။
ယွမ့်ထန်း နည်းနည်း အံ့သြသွားသည်။ သူပျော်လည်း ပျော်၏။ ထိုတိုးတက်နှုန်းသည် သူ့ယခင်ဘ၀ အစပိုင်းထက်ပင် ကောင်းမွန်နေသေး၏။ သို့သော် သည်ခေတ်က မြေကမ္ဘာခေတ်ထက် ဘီလီယမ် ဆယ်ဆကျော် များပေသည်။ ကြည့်ရှုသူ အရေအတွက်မှာ ပင်လယ်ထဲမှ ရေတစ်စက်စာသာ ရှိပေသည်။
တိုက်ရိုက် ထုတ်လွှင့်မှု ဖွင့်လိုက်သည်နှင့် ကြည့်ရှုသူများ၏ စိတ်လှုပ်ရှား တက်ကြွစွာ ဆွေးနွေးသံများ ပြည့်နှက်သွားပေသည်။
[ID72648: ကျေးဇူးတင်ပါတယ် တင်ဆက်သူ။ ကြက်ဥကိတ်က မတရား အရသာရှိတယ်။ ဒီသလင်းပန်းကို ဆုချပြီး ငါ့အချစ်တွေကို ပြသလိုက်ပါတယ်]
[ရတနာ ခုနှစ်သွယ်: ဟူး ဟူး ဟူး ငါ ကြက်ဥကိတ်ကို တစ်ဝက်ပဲ ကိုက်လိုက်ရတယ် ငါ့အစ်ကိုက လုသွားတယ်။ ငါ တစ်ဝက်ပဲ စားလိုက်ရတယ်။ တင်ဆက်သူရေ ကျေးဇူပြုပြီး အချစ်တွေ ထပ်ပို့လိုက်ပါဦး။ ဒီသလင်းပန်းကို ပေးပြီး ငါ့အချစ်တွေကို သက်သေပြလိုက်ပါတယ်]
[ ဖြတ်လျှောက်: .... ငါ တစ်လုတ်တောင် မစားလိုက်ရဘူး ....]
[ ဖြတ်လျှောက်: နောက်တစ်ခေါက်ကျရင် တင်ဆက်သူက စစ်ပါဆယ်ဘူးနဲ့ ထည့်ပေးလို့ရမလား။ အဲဒါက ပိုထူတယ်။ ငါ မင်းကို ပို့ပေးလို့ရတယ်]
မနေ့က မဲပေါက်သွားသည့် သုံးယောက်၏ ကျေးဇူးတင်ကြောင်း ဖော်ပြသည့် စာများအပြင် ကျန်သည့်သူများ၏ သည်ညနေခင်း ဟင်းပွဲအပေါ် စိတ်လှုပ်ရှားနေမှုများကိုလည်း တွေ့ရသည်။
အများစုဟာ တင်ဆက်သူ၏ ကိုယ်ပိုင် ချန်နယ်သို့ သွားကာ ယခင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သော ဗီဒီယို အဟောင်း နှစ်ခုကို ပြန်ကြည့်ခဲ့ပေသည်။ တင်ဆက်သူသည် သိပ်မကြာခင်ကမှ မိတ်ဆက်ထားသော အာလူးကို ချက်ပြခဲ့ရုံသာမက အများက စားရခက်သည်ဟု လက်ခံထားသော ငါးကို ချက်ပြခဲ့ပုံများကို မြင်ပြီး သူတို့၏ တင်ဆက်သူအပေါ် ယုံကြည်မှုမှာ ယွမ့်ထန်းကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားတာထက်ပင် သာလွန်သွားတော့သည်။
[ မြောင်ကြောင့် ဒေါသထွက်ပြီး နှစ်သိမ့်မှု ခံယူနေရသူ: ငါ အမီ ရောက်လာပြီကွ.... အာလူးနဲ့ ဝက်ဗိုက်သား ခေါက်ဆွဲဟုတ်လား နားထောင်ရတာနဲ့တင် စားကောင်းမဲ့ပုံပဲ]
[ မြောင်မြောင်က ငါး ကြိုက်တယ်: တင်ဆက်သူ တိုက်ရိုက် ထုတ်လွှင့်မှန်း သိတာနဲ့ ငါ အပြေးလာခဲ့တာ။ တင်ဆက်သူသာ ဆိုင်ဖွင့်ရင် သိပ်ကောင်းမှာပဲ]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: ဟုတ်တယ်။ တင်ဆက်သူကို ဆိုင်ဖွင့်ဖို့ တောင်းဆိုပါတယ်။ နေ့တိုင်း တောင်းဆိုနေမှာပဲ]
[နွေဦး ပျားရည်: တင်ဆက်သူသာ ဆိုင်ဖွင့်ရင် ငါ လာအားပေးမယ်]
သလင်းပန်းများ ပွင့်လန်းလာသည့်အခါ ယွမ့်ထန်းသည် သူတို့ကို ပြန်ဖြေရတော့သည်။
" စိတ်မကောင်းပါဘူး ကိုယ့်မှာ စားဖိုမှူးလိုင်စင် မရှိလို့ ဆိုင်ဖွင့်ဖို့ မဖြစ်နိုင်ဘူး"
သူ့မှာ လိုင်စင်ရှိလည်း မဖွင့်ပါဘူး။ ဖွင့်ချင်စိတ်သာ ရှိနေခဲ့ရင် အရင်ဘဝက ဘလော့ဂါလုပ်မဲ့အစား ကြယ်ငါးပွင့် ဟိုတယ်မှာ သာသာယာယာ စားဖိုမှူး လုပ်နေတော့မှာပေါ့။
နားထောင်ရတော့ဆိုးပေမဲ့ သူ စတင် ချက်ပြုတ်ခဲ့ဖြစ်တာက သူ့ရဲ့ စားချင်စိတ်ကြောင့်ပဲ။ သူ့ကိုယ်သူ စိတ်ကျေနပ်စေဖို့ အကောင်းဆုံး ကြိုးစားခဲ့တာ။ သူ့မိဘတွေလို မနက်မိုးလင်းကနေ ညအထိ မီးဖိုရှေ့မှာတော့ မနေချင်ပါဘူး။ သူ့ရဲ့ လက်ရှိ အစားအသောက် တင်ဆက်သူ တစ်ယောက်အဖြစ် နေရတဲ့ ဘဝကို သူ ကျေနပ်တယ်။ သူက အရမ်း ပျင်းလို့ ပင်ပန်းရတာကို သဘောမကျဘူး။ မနက် အစောကြီးလည်း မထချင်ဘူး။ အခုလိုမျိုး သူ အိပ်ရာနိုးရင် စားဖို့ ပြင်ရင်းနဲ့ တိုက်ရိုက် ထုတ်လွှင့်မယ်။ ကိုယ်စားဖို့ ကိုယ်ချက်ရင်း ပိုက်ဆံက ရနေတယ်... ဘယ်လောက် မိုက်လဲ
ဒါပေမဲ့ တစ်ခုတော့ သူ ယူထားချင်တယ်။ ဘာပဲဖြစ်ဖြစ် မဖြစ်သေးခင် ကာကွယ်မှု အပြည့်ရှိဖို့ လက်မှတ်တော့ ရှိထားသင့်တာပေါ့။
" ကောင်းပြီ အရင်ဆုံး ဂျုံကို ညက်အောင် နယ်မယ်"
သူ သည်စကားဝိုင်းကို ဆက်မနေစေချင်တော့သဖြင့် အကြောင်းအရာ ခေါင်းစဉ် ပြောင်းလိုက်တော့သည်။
ဉာဏ်အကောင်းဆုံး အိမ်ရှင်မဆိုရင်တောင် ဆန်မရှိဘဲ ထမင်း မချက်နိုင်ဘူး...။ဒီခေတ်မှာ ခေါက်ဆွဲမရှိမှတော့ တိုက်ရိုက် ထုတ်လွှင့်ရင်း ခေါက်ဆွဲ လုပ်တဲ့ ဖြစ်စဉ်ကိုပါ တင်ဆက်လိုက်တာက အကောင်းဆုံးပဲ။ ဒါက ဗီဒီယိုကို ပိုကြာစေပေမဲ့ သူသာ မလုပ်ပြရင် သူ့ရဲ့ ကြည့်ရှုသူလေးတွေက ဒီအရသာရှိတဲ့ ခေါက်ဆွဲတွေ ဘယ်လိုဖြစ်လာသလဲဆိုတာကို သိမှာ မဟုတ်ဘူး။
ကံကောင်းတာက ခေါက်ဆွဲလုပ်ရင် တဆေးထည့်လိုက်တာနဲ့ အဆင်ပြေနေတာပဲ။ အချဉ်ဖောက်ဖို့လည်း မလိုသလို အကြာကြီးလည်း ထားစရာ မလိုဘူး။
သူက ပထမဦးစွာ ဂျုံမှုန့်အိတ်လေးထဲမှ တစ်ဝက်ခန့်ကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။ ကြက်ဥ တစ်လုံး ဖောက်ထည့်ကာ မွှေသည်။
ထို့နောက် ရေတစ်ခွက်နှင့် ဆားဇွန်းတစ်ဇွန်း အပြည့်ထည့်လိုက်သည်။ ဆားက ပျော်သွားပြီထင်တဲ့အခါ သူက ဂျုံမှုန့်တွေ ထည့်နယ်သည်။ လက်တစ်ဖက်က ရေထည့်နေပြီး အခြားတစ်ဖက်က ဆက်နယ်သည်။
သူ ရှင်းပြလိုက်သည်။
"ဆားထည့်တာက ခေါက်ဆွဲကို ပိုမာစေတယ်။ ဒါကြောင့် ရေထည့်တဲ့အခါ မြန်မြန်မထည့်မိဖို့ အာရုံစိုက်ပါ။ မင်းတို့ ရေကို ဖြည်းဖြည်းချင်း ထည့်နေရင်း တစ်ဆက်တည်း နယ်နေဖို့ကိုလည်း သတိထားရမယ်။ ရေနည်းရင် ခေါက်ဆွဲက မာသွားပြီး ရေများရင် ခေါက်ဆွဲက ပြဲသွားလိမ့်မယ်။ ဒါကြောင့် ရေကို ထိန်းထည့်နိုင်ဖို့က အရေးကြီးတယ်"
[တိုက်ရိုက် ထုတ်လွင့်မှုတွေထဲ အရသာ လိုက်မြည်းရင်း ပိတ်မိနေသောငါ: လက်နဲ့ တိုက်ရိုက်လုပ်လိုက်တာက ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အိုက်ယား စစလာတည်းက တင်ဆက်သူ လက်ဆေးနေတာကို မမြင်လိုက်ဘူးလား၊ ညစ်ပတ်တယ်ထင်ရင် မစားနဲ့လေ၊ ဘယ်သူက အတင်းကျွေးနေလဲ]
[ တိုက်ရိုက် ထုတ်လွင့်မှုတွေထဲ အရသာ လိုက်မြည်းရင်း ပိတ်မိနေသောငါ: ငါ ဒီအတိုင်း မေးကြည့်တာပါ]
ယွမ့်ထန်းသည် ဆယ်မိနစ်လောက် မရပ်မနား နယ်လိုက်ရသည်။ အဆင်ပြေပြီထင်မှ သူ ရပ်သည်။
"ဂျုံမှုန့်တွေ ချောမွေ့ပြီး လက်ကို ကပ်မနေတော့ဘူးဆိုမှ အနည်းနဲ့အများ ပြီးတယ်လို့ ပြောလို့ရတယ်။ စိတ်ဝင်စားတဲ့သူတွေ တစ်ချက်တော့ ထိကြည့်ကြ"
[ မြောင်မြောင်က ငါးကြိုက်တယ်: ဝိုး ပျော့ပျော့လေး၊ နူးနူးညံ့ညံ့နဲ့ ကိုင်လို့ ကောင်းတာပဲ]
[ကိုးသွယ်လမင်း: ဟုတ်တယ် ဟုတ်တယ်။ ကိုယ့်မျက်နှာကို ပြန်ကိုင်နေရသလိုပဲ။ ဒါကို ခေါက်ဆွဲအဖြစ် ပြောင်းတော့မှာလား]
" ကောင်းပြီ အခု ဂျုံတွေကို ခဏထားပြီး ခေါက်ဆွဲ လုပ်ဖို့ ပြင်ကြမယ်"
ယွမ့်ထန်းက အခြားသူများ ဂျုံ ကိုင်ကြည့်နေခြင်းကို ခဏ စောင့်ပြီးသည်နှင့် ဘေးသို့ ချထားလိုက်သည်။ သူ့အနေဖြင့် အောက်မှခံမည့် ဖလင် မရှိသည့်အခါ ဘူးတစ်ခုတည်း ထည့်ပြီး လုံခြုံစွာသာ ပိတ်ရန် တတ်နိုင်လေသည်။ မည်သို့ပင်ဆိုစေ သည်နည်းကလည်း ကောင်းမွန်သည့် ရလဒ်ကို ရစေပေလိမ့်မည်။
ယွမ့်ထန်းက အာလူး၊ မုန်လာဥနီနှင့် ကြက်သွန်နီတို့ကို ထုတ်ကာအခွံခွာပြီး လှီးသည်။
လက်ရှိ ကြည့်ရှုသူတိုင်းက ယွမ့်ထန်း၏ ယခင် အာလူးကိတ်ကို မြင်ပြီးသား ဖြစ်သည့်တိုင် ယွမ့်ထန်း၏ မှော်ဆန်သော လှီးဖြတ်သည့် စကေးကို မင်သက်နေသေးပေသည်။
[ နေ့တိုင်း အမှားများစွာ စားသုံးနေသော ငါ: တင်ဆက်သူက အံ့သြဖို့ ကောင်းလိုက်တာ။ ငါ အရင် ဗီဒီယိုကို ကြည့်ပြီး ငါ့ဘာသာ လှီးကြည့်တာ လက် ပြတ်မလိုတောင် ဖြစ်သွားတယ် ဝူး ဝူး ဝူး]
[ ရတနာ ခုနှစ်သွယ်: အတူတူပဲ 〒▽〒 ]
ယွမ့်ထန်းလည်း ရယ်မိသည်။ သူ ပြောလိုက်၏။
"မင်းတို့ ဓားသုံးတာ ကျင့်သား မရသေးရင် ဖြည်းဖြည်းပဲ လှီးသင့်တယ်။ မင်းတို့ ကျင့်သားရလာတော့မှ အရှိန်ကို မြန်လိုက်”
သူက ကြက်သွန်နီကို ကိုင်တွယ်လေသည်။ ကြက်သွန်နီ၏ အနံ့က ပြင်းထန်ကာ မွှန်သည်။ အခွံခွာထားသဖြင့် ပုံစံကမူ ကြည့်လှနေ၏။ အချို့သူများဆိုလျှင် သူ၏ လှုပ်ရှားမှုများကို မြင်ရရန် အနီးကပ်လာကြပေသည်။
ထိပ်လေး ဖြတ်လိုက်တာနဲ့ ပန်းပွင့်သလို လှလာတာပါလား။
သူတို့ စိတ်လှုပ်ရှားသွားကြပြီး အသားကုန် ကပ်လာတော့ပေ၏။ ထိုသို့ဖြင့် ကြက်သွန်နီငွေ့များ ရိုက်ကုန်တော့သည်။
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အား.. ငါ့ မျက်လုံး]
[ မြောင်မြောင်က ငါးကြိုက်တယ်:အာ ဘာတွေ ဖြစ်ကုန်တာလဲ။ ငါ့ မျက်လုံးတွေ နာပြီး မျက်ရည်တွေ ကျလာပြီ]
" ကြက်သွန်နီ အနံ့က ပြင်းလို့ အနားကပ်မိရင် မျက်လုံးကို မွှန်ပြီး မျက်ရည်ကျစေနိုင်တယ်။ အားလုံးပဲ နောက်ဆုတ်ပြီး ကြည့်ကြပါ"
ယွမ့်ထန်း သတိပေးလိုက်သည်။ သူ ရယ်နေမိ၏။
ဒီနှစ်ယောက်က သူ့ရဲ့ ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်မှုမှာကတည်းက အထောက်အပံ့ ပေးခဲ့ကြတဲ့ သူတွေပဲ။ သူတို့တွေကိုတောင် သူ တော်တော် သတိထားမိနေပြီ။
ထို့ကြောင့် ထိုနှစ်ယောက်က အလွန် စိတ်လောကာ အစာလောဘကြီးတတ်ကြောင်း နားလည်နေလေသည်။ သူတို့က အမြဲ အခုလိုဖြစ်တတ်သဖြင့် ရယ်စရာ ဖြစ်နေတော့၏။
" မင်းတို့နှစ်ယောက် ဘာလို့ အခုထိ သင်ခန်းစာ မရသေးတာလဲ"
သူ့နှုတ်ခမ်းများက ကော့တက်သွားကာ ခေါင်းကို ညင်သာစွာ ခါသည်။ သူ၏ အမူအရာကို သူတို့ မမြင်ရသည့်တိုင် လူတိုင်းက သံလိုက်လို ဆွဲဆောင်အား ပြင်းသည့် အလိုလိုက် အကြိုက်ဆောင်တော့မည့်ပုံရသော အသံကို ခံစားမိကြလေသည်။
[ ဝေး.. ဝေးကွာလွန်းသော နဂါးငွေ့တန်း နယ်မြေကြီးမှာ: ရုတ်တရက် ငါ့နှလုံးခုန်သံ ရပ်သွားသလိုပဲ]
[ငါ့မွေးရပ်မြေရဲ့ မင်သက်ဖွယ် အလှတရား: ငါ တင်ဆက်သူနဲ့ လက်ထပ်ချင်တယ်]
[ သစ်ပင် မဖက်ဘဲ မနေနိုင်ဘူး: အရေးပေါ် သတိပေးချက်၊ ဒီတစ်ယောက်ကို မောင်းထုတ်ပေးပါ... ထွက်သွားစမ်း တင်ဆက်သူက ငါ့အပိုင်ပဲ]
[ မြောင်မြောင်က ငါးကြိုက်တယ်:ငါ ... ငါ့နားတွေတောင် ကိုယ်ဝန်ရတော့မယ်လို့ ခံစားနေရပြီ]
ကွန်းမန့်များက မူလ ရည်ရွယ်ချက်မှ သွေဖည်သွားတော့ကာ တစ်ယောက်ပြီး တစ်ယောက် ယွမ့်ထန်းကို စနောက်နေတော့သည်။ သူက သူတို့ကို မမြင်ချင်ယောင် ဆောင်ကာ ဒယ်ပြားကို အပူပေးသည်။ ခပ်မြန်မြန် ကြက်သွန်နီ၊ မုန်လာဥနီနှင့် အာလူးတွေကို ထည့်ကာ မွှေလိုက်သဖြင့် မွှေးပျံ့သော ရနံ့က သင်းထွက်လာတော့သည်။
[ ရတနာ ခုနှစ်သွယ်: မွှေးလိုက်တာ]
[ထရန်စပါးရန့်လေး: ငါ့ပါးစပ်က အရည်တွေ ကျနေပြီ]
ယွမ့်ထန်းသည် အပူကို လျှော့ကာ အသားကို ကိုင်တွယ်တော့သည်။
သူက အသားကို အပိုင်းလေးများ တုံးကာ အိုးထဲ ထည့်သည်။ ထို့နောက် ရေများများ ထည့်ကာ မီးပြင်းပြင်း ထားပြီး ဆူလာစေသည်။ ထိုနည်းဖြင့် အသားထဲမှ အဆီများက စိမ့်ထွက်လာတော့၏။
အသားထဲမှ အဆီများ ခြောက်ပြီဟု ထင်သည့်အခါ ပြန်ဆယ်ပြီး အခြောက်ခံသည်။ ပြီးမှသာ ဒယ်ပြားထဲ ထည့်ကာ ရောမွှေပြီး ကြော်သည်။ ထိုအခါ အနံ့က ပိုပြင်းလာတော့သည်။
ကြော်နေရင်းမှ အိုးထဲသို့ ရေထည့်သည်။ ထိုရေက ပါဝင်ပစ္စည်းများကို မြုပ်ခါနီး အနေအထားထိ ရောက်မှ ရပ်လိုက်၏။
" အခု ကိုယ်တို့ ခရမ်းချဉ်သီး အချဉ်ရည်ကို ထည့်လို့ရပြီ"
အနာဂတ် ကာလမှ စားသောက်ကုန်ပစ္စည်းများကို အဆင့်မြင့် နည်းပညာဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်ကာ မြေကမ္ဘာခေတ်နှင့် နှိုင်းယှဉ်လျှင် ညစ်ညမ်းမှု နည်းပါးပြီး အကောင်းဆုံးကိုသာ ပေးစွမ်းနိုင်လေသည်။ ထို့ကြောင့် အရသာကို ပိုကောင်းစေနိုင်၏။ ထို့ကြောင့်သာလျှင် အခြားသော ဟင်းခတ်ပစ္စည်းများအစား သူ ဒါကို သုံးရဲခြင်းဖြစ်သည်။
ပွက်ပွက် ဆူလာသည့်အခါ အပေါ်ယံ ဝေ့လာသည့် အဖတ်လေးတွေကို ဖယ်ထုတ်ပစ်လိုက်သည်။ ထို့နောက် မီးကို လျှော့ကာ ဆက်ချက်ထားလိုက်သည်။
ထိုအဆင့်ပြီးသည့်နောက် ဂျုံကလည်း အဆင်သင့်ဖြစ်နေလောက်လေပြီ။
မိနစ် နှစ်ဆယ်လောက် ထားထားခဲ့သည့် ဂျုံကို သူ ထုတ်ယူလိုက်သည်။သူက တစ်ဝက်လောက်မှ လှီးလိုက်ကာ အရှည်လို အတုံးပုံစံ ဆက်လှီးသည်။ ပြီးနောက် ခေါက်ဆွဲပုံစံ ဖော်တော့၏။
သူက အမြဲတမ်း ခေါက်ဆွဲကို လက်ဖြင့် ရှည်ထွက်အောင် ဆွဲသည့်နည်းဖြင့်သာ ပုံဖော်လေ့ရှိသည်။ သူက သူ အရှည်လိုက်ပုံစံဖော်ကာ တုံးထားသည့် အတုံးလေးတွေကို လက်ဖြင့် တစ်ဖက်တချက်ဆီမှ ကိုင်ကာ ဆွဲဆန့်သည်။ လုံလောက်သည့် အရှည်ရသည့်အခါ တစ်ဝက်မှ ထပ်လှီးသည်။ ထို့နောက် ထပ်ဆွဲဆန့်သည်၊ လှီးသည်....ထိုသို့ဖြင့် ခေါက်ဆွဲများ ရလာ၏။
[ မြောင်မြောင်က ငါးကြိုက်တယ်: အိုးမိုင်ဂေါ့ တင်ဆက်သူက မှော်ပညာ သုံးလိုက်သလိုပဲ]
[ထရန်စပါးရန့်လေး: အမေးဇင်း]
ယွမ့်ထန်းသည် အသားပြုတ်ခဲ့သော အိုးကို ယူကာ ဆေးလိုက်ပြီး ရေအပြည့်ဖြည့်ကာ မီးဖိုပေါ် ပြန်တင်သည်။ ထို့နောက် ခေါက်ဆွဲများကို ပစ်ထည့်လိုက်တော့သည်။
"ခေါက်ဆွဲက ကျက်တာမြန်တယ်။ ဒါကြောင့် ရေနွေးဆူလာတာနဲ့ ဆယ်လိုက်ရင် အကောင်းဆုံးပဲ။ ပိုပျော့တာ စားချင်ရင်တော့ နည်းနည်း ထပ်ထားပေါ့"
ခေါက်ဆွဲ တည်ထားချိန်တွင် ယွမ့်ထန်းက အခြေခံ စွပ်ပြုတ်လေး လုပ်ရန် တွေးလိုက်သည်။ သူ ရေနှင့ ဆားကိုသာ ထည့်မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဓိက အရသာမှာ ခရမ်းချဉ်သီး အချဉ်နှင့် ဝက်ဗိုက်သားအပေါ်သာ မူတည်မည်ဖြစ်သည်။ ထို့ကြောင့် စွပ်ပြုတ်သီးသန့် လုပ်မနေတော့ပေ။ အချိန်မရသည်ထက် အဓိက ဇာတ်ကောင် ဖြစ်သော ဟင်းပွဲကို ပျက်စီးစေနိုင်သောကြောင့် ဖြစ်သည်။
ခေါက်ဆွဲ ကျက်သည့်အခါ သူက ဆယ်ယူလိုက်ကာ ပန်းကန်လုံးကြီးထဲ ထည့်လိုက်သည်။
" ကဲ အာလူးနဲ့ ဝက်ဗိုက်သားနှပ်ရဲ့ အခြေအနေကို ကြည့်ရအောင်"
ယွမ့်ထန်းက အဖုံးကို ဖွင့်လိုက်သည့်အခါ မွှေးပျံ့သည့် ရနံ့က ကြိုင်လာလေသည်။ သူက တူဖြင့် တစ်ဖက်ကို တို့ကြည့်ကာ နူးမနူး ကြည့်သည်။ သေချာစွာပင် နူးညံ့နေပေ၏။ သူက အရသာ ကဲစေရန် အပူကို အနည်းငယ် မြှင့်လိုက်လေသည်။ အနံ့ကို မခံစားနိုင်တော့သည့် ကြည့်ရှုသူများမှာ လက်တပြင်ပြင် ဖြစ်နေလေပြီ။ သူတို့ နှိုက်စားချင်နေ၏။
ယွမ့်ထန်းသည် အာလူးနှင့် ဝက်သားများကို ဆယ်ကာ ခေါက်ဆွဲပေါ် ဖြန့်တင်သည်။
" ကောင်းပြီ အားလုံးပဲ မြည်းလို့ရပြီ"
ခေါက်ဆွဲများဖြင့် လှပနေသော ပန်းကန်နားသို့ အားလုံး ပျော်ရွှင်စွာ အုံလာတော့ပေ၏။
[ သစ်ပင် ဖက်တာ မရပ်နိုင်ဘူး: ကောင်းလိုက်တာ ဘာလို့ ဒီလောက်တောင် အရသာ ရှိနေရတာလဲ]
[ မြောင်မြောင်က ငါးကြိုက်တယ်: မားက မေးနေတယ် ဘာလို့ ငိုနေတာလဲတဲ့]
[ဖြတ်လျှောက်: အရသာ ရှိလိုက်တာ]
[ ကိုးသွယ် လမင်း: အိုး အိုး အိုး ငါ တစ်ခါမှ ဒီလောက် အရသာရှိတာမျိုး မစားဖူးဘူး]
[လေပန်းနှင်းလ: တင်ဆက်သူရေ ဒီနေ့ရော မဲနှိုက်ပေးမှာလား]
ဒီအာလူး ဝက်ဗိုက်သား ခေါက်ဆွဲက ကြည့်လို့လည်း လှတယ်။ အနံ့ကလည်း တအားမွှေးတယ်။ အရသာလည်း ကောင်းတယ်။ အသားနံ့က ပိုကဲတော့ တစ်ချက် ရှူမိတာနဲ့ သွားရည် တောက်တောက် ကျစေတယ်။ ရွှေရောင်သန်းနေတဲ့ အာလူးတွေဆိုရင် နူးအိတဲ့အထိ ချက်ခံထားရပြီး အသားနဲ့ ပေါင်းလိုက်တဲ့အခါ လျှာကိုတောင် မျိုချမိမတတ် ကောင်းမွန်တဲ့ အရသာကို ပေးတယ်။
အနီရဲရဲ အချဉ်ရည်ကလည်း ကြက်သွေးရောင် ပြောင်းသွားသည်။ အာလူးနှင့် အသားတို့နှင့်အတူ ခေါက်ဆွဲပေါ် အတင်ခံလိုက်ရသည့်အခါ ထိုဟင်းပွဲဟာ မထင်ထားလောက်အောင် တောက်ပနေလေတော့သည်။
ပါးစပ်အပြည့် တစ်လုတ် စားလိုက်မည်ဆိုလျှင် ပထမဆုံး အရသာခံမိမည်မှာ အသားဓာတ်ဖြစ်သည်။ ထိုထဲတွင် ချိုမြိန်သော်လည်း မအီသည့်အရသာကိုသာ ရမည်ဖြစ်ကာ လတ်ဆက်မှုကိုလည်း ခံစားရမည်ဖြစ်ပြီး နူးညံ့မှုက နှစ်ခြိုက်ဖွယ်ဖြစ်သည်။ ထို့နောက် သွားထဲသို့ နူးညံ့သော အာလူးနှင့် အိနေပြီဖြစ်သော မုန်လာဥနီတို့က အတူ ဝင်ရောက်လာကာ ကွဲပြားသည့် ချိုမြိန်မှုကို ပေးသည်။ တစ်လုတ်အပြည့်ဟာ ချက်ချင်းလိုလို ပါးစပ်ထဲ ပျော်ဝင်သွားသည်။ နောက်ဆုံးမှ ခေါက်ဆွဲကို မြည်းကြည့်ကြသည်။ မပျော့လွန်းမအိလွန်းသည့် အနေအထားဖြင့် ကောင်းမွန်သည့် ခေါက်ဆွဲအရသာကို ပါးစပ်ပြည့် အလုတ်ကြီး တစ်လုတ်စားလိုက်ရတာကိုပင် မကျေမနပ် ခံစားမိစေသေးသည်။
ဟင်းပွဲ၏ ပါဝင်ပစ္စည်းများက ဂျီအမ် အနည်းငယ်သာ ပေးရကာ လုပ်ရလည်း လွယ်ကူသည်။ သို့သော် ထွက်လာသည့် အရသာဟာ သူတို့ သွားစားနေကြ ကြယ်ငါးပွင့် ဟိုတယ်များမှ စားဖွယ်တွေထက်ပင် ကောင်းမွန်လွန်းနေပေ၏။ ထို့ကြောင့် ကြည့်ရှုနေသူများက တင်ဆက်သူကို ဆက်တိုက် ချီးမွမ်းကြတော့ပေသည်။
[ နွေဦး ပျားရည်: အရမ်း အရသာ ရှိတယ်..... တင်ဆက်သူကို ရောင်စုံ မီးပန်းတွေ ဆုချမယ်]
သစ္စာရှိ ကြည့်ရှုသူ နွေဦး ပျားရည်မှာ ရောင်စုံမီးပန်းများ ပို့လာလေသည်။ သူမသည် အရသာကို အလွန် သဘောကျသွားပုံရသည်။
ဖန်သားပြင်တွင် ရောင်စုံမီးပန်းများ ထွက်ပေါ်လာသည်နှင့် ကြေညာစာက ထွက်လာသည်။
"အသုံးပြုသူ နွေဦး ပျားရည်က တင်ဆက်သူကို ရောင်စုံ မီးပန်း ဆုချလိုက်ပြီ။ အားလုံးပဲ တိုက်ရိုက်ထုတ်လွှင့်မှုခန်းထဲ ဝင်ပြီး သလင်းတုံးတွေ ကောက်ကြပါစို့"
သို့ရာတွင် ထိုကြေညာချက်ကြောင့် ဆွဲဆောင်ခံရပြီး ဝင်လာသည့် ကြည့်ရှုသူတွေမှာ နှာခေါင်းကို လာရောက်ကျီဆယ်သည့် မွှေးပျံ့သည့် ရနံ့ကြောင့် အံ့သြကုန်ကြတော့သည်။ သူတို့က မြေပြင်မှ သလင်းတုံးများကို ဂရုမစိုက်တော့ဘဲ အနံ့နောက်သာ လိုက်ကြတော့သည်။
[ ညလယ်ခေါက်မှာ ရေနွေးကျိုသောက်နေသော ငါ: ဝိုး အဲဒါဘာလဲ ကောင်းမဲ့ပုံပဲ]
[အသည်း: ကောင်းလိုက်တာ... အိုး.....]
[ အမြဲတမ်း ပျင်းတဲ့ လူကြီးမင်း အပျင်း: ဘာ.... နောက်ဆုံးတော့ ပြည်သူတွေအတွက် တိုက်ရိုက်ထုတ်လွှင့်ပေးတဲ့ ကြယ်ငါးပွင့် စားဖိုမှူးတစ်ယောက် ပေါ်လာပြီလား]
အသစ်လေးများမှာ အနံ့၏ ဆွဲဆောင်မှုကို ခံရလေပြီး ချက်ချင်းပင် မင်သက်ကုန်ကြတော့သည်။
"ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ သုံးယောက်ကို ရွေးချယ်ပြီး အာလူးနဲ့ ဝက်ဗိုက်သား ခေါက်ဆွဲနည်းနည်းစီ ရမှာပါ။ ဒါပေမဲ့ အားလုံးပဲ ပါဆယ်ကို ရတာနဲ့ ချက်ချင်း စားဖို့ သတိရကြပါ။ မဟုတ်ရင် ခေါက်ဆွဲက ပွကုန်ပြီး အရသာ မကောင်းဘဲ နေလိမ့်မယ်"
ထိုချစ်စရာကောင်းပြီး ကြောင်တောင်တောင် လုပ်တတ်သော ကြည့်ရှုသူများကို သူ့မှာ သေချာ မှာရသည်။
[ မြောင်မြောင်က ငါးကြိုက်တယ်: သလင်းပန်း ငါးပွင့်နဲ့ နတ်ဘုရားတွေထံက ကံကောင်းမှုကို ကမ်းလှမ်းပါတယ်]
[သစ်ပင်ကို မဖက်ဘဲ မနေနိုင်ဘူး: တစ်လစာ ဘောနပ်နဲ့ ဆုကို တောင်းခံပါတယ်]
[နေ့တိုင်း ညဆိုင်း ဆင်းနေရတဲ့ငါ: ငါ့ကို ကြည်ပါဦး နေ့တိုင်း ညဆိုင်းဆင်းနေရတာ တအား သနားဖို့ကောင်းတာပဲ။ ဟင့် မဲပေါက်ပါစေ]
ဖန်သားပြင်တွင် ပန်းတွေ ဆုတွေ ပြည့်သွားချိန်တွင် ယွမ့်ထန်းက မဲနှိုက်ပေးရန် ပြင်လိုက်သည်။
"ဂုဏ်ယူပါတယ် နွေဦးပျားရည်၊ ညတိုင်း ညဆိုင်းဆင်းနေရတဲ့ ငါနဲ့ ဖြတ်လျှောက်တို့က မဲပေါက်ပါတယ်။ ကျေးဇူးပြုပြီး ပါဆယ် ရောက်မရောက် စစ်ဖို့ သတိရပါ"
------------
စာရေးသူမှာ ပြောစရာ ရှိပါတယ်
လီခိုင်: နှစ်များစွာ ကွဲထွက်နေခဲ့ပြီးတဲ့နောက်မှာ အဆိုးရွားဆုံးကာလတွေက ကုန်လွန်ပြီး ကောင်းမွန်မှုတွေ ရောက်ရှိလာခဲ့ပြီ
ဟော်ယွင်ချန်း( ခပ်ဖျော့ဖျော့ပြုံး): ဖြူစင်လိုက်တာ
( လီခိုင်က လိုင်းတက်လာပါပြီ ကျေးဇူးပြုပြီး ဆင်ဂယ်ခွေးလေးကို ညှာတာပေးပါ)

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ် ပြုတ်မယ် အစီအစဉ်Where stories live. Discover now